စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, August 17, 2012

Heat Stroke & Urine Chart


          နွေသည် ပူ၏။  လေသည် ပူ၏။  သံသည် ပူ၏။  သံနှင့်ဆောက်ထားသော သင်္ဘောထဲသို့ ၀င်လျှင်ပိုပူ၏။  ပူသော် ချွေးထွက်၏။  ချွေးထွက်သော် ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံး၏။  ရေဓာတ်လို့ အလွယ်ပြောသော်လည်း ရေသာမဟုတ်၊ ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ဆိုဒီယမ်၊ electrolytes တွေ ဆုံးရှုံးသည်။  လောလောဆယ်တော့ Urine Chart ကို ကြည့်ပြီး ရှုးရှုးပေါက်နေရသည်။  ဒါလေးက အတော် အသုံးဝင်သည်။  သင့်ရဲ့ ဆီးအရောင်ကို ကြည့်ပြီးတော့ ရေဓာတ်ဆုံးရှုံးမှု့ပမာဏကို မှန်းနိုင်သည်။  ချွေးအရမ်းထွက်လျှင် ကော်ဖီ၊ ကဖင်းဓာတ်ပါသော အရည်၊ သကြားတွေက ရေဓာတ်ပိုမို ဆုံးရှုံးစေသည်ဟုဆိုသည်။  အိမ်ကရှု့မငြီးကတော့ ပြောသည်၊ Dehydrate ရလျှင် ရေသောက်လျှင် ပိုဆိုးသည်၊ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားတွေနည်းနေရတဲ့အထဲ ရေထပ်သွင်းတော့ ဓာတ်ဆားပိုကျဲသွားပြီး Dehydration ပိုရသည်ဟုဆိုသည်။  သူ့လို ဆရာဝန်မဟုတ်တော့ သူပြောသမျှ Medical Terms တွေ တစ်လုံးမှ နားမလည်။  ဓာတ်ဆားသောက်ရမည်တဲ့။  ကျင်းကတော့ ဓာတ်ဆားရေပုလင်းတွေပေးသည်။  သောက်ကောင်းကောင်းနှင့် တစ်နေ့ကို ၆ ပုလင်း ၇ပုလင်းလောက်သောက်သည်။  သွေးတိုးမည်ဟု ပြောပြန်သည်။  ဘာလုပ်ရမှန်းမသိ။  ရေတစ်ပုလင်း၊ ဓာတ်ဆားတစ်ပုလင်း တစ်လှည့်စီ သောက်ရမလိုဖြစ်နေသည်။  မနေ့ကတော့ တစ်ခြားနယ်က သင်္ဘောကျင်းမှာ အရှင်လတ်လတ် နှစ်ယောက် အပူရှပ်လို့ ဘ၀ပြောင်းသွားသည်ကြားသည်။  အနည်းငယ် လန့်သွားသည်။  အပူမရှပ်ချင်ရင် အပူ၊ အအေးမျှအောင်နေ။  ကိုယ့်အသက်ကိုယ်နှမျောရင် ကိုယ့်ဟာကိုယ် ကြည့်ထိန်း။  သူတို့ဆီက လမ်းညွှတ်ကတော့ ဟုတ်နေတာပဲ။  တစ်ခြား ဘာမှ ထွေထွေထူးထူး လျှောက်မပြော။  သေချင်လျှင် အပူထဲက ပြန်လာပြီးပြီးချင်း ရေချိုး။  သေချင်လျှင် နွေရာသီ ညဖက် ဖျာကိုရေဆွတ်၊ ၀ရံတာထွက်အိပ်၊ အနည်းဆုံးတော့ ကိုယ်တစ်ခြမ်းလောက် လှုပ်မရတာ အဖတ်တင်နိုင်သည်။


          ရေငတ်လျှင် ကိုကာကိုလာလို၊ ကျွဲရိုင်းလို၊ အရောင်ဆိုးဆေးတွေပါတာကိုတော့ ကျွန်တော် မသောက်။  ဟုတ်သည် မဟုတ်သည်တော့မသိ၊  ဆိုးဆေးသည် ဘယ်ကျန်းမာရေးဋ္ဌာနက ခွင့်ပြုပြု ဆိုးဆေးသာဖြစ်သည်။  ရေလိုနေတဲ့ အချိန်မှာ ဂလု၊ ဂလုနဲ့ သောက်ချလိုက်လျှင် ကျောက်ကပ်ထဲကို ဆိုးဆေးအတောင့်လိုက် ၀င်သွားသည်ဟု ကျွန်တော်က မြင်သည်။  မိန်းမကို မေးကြည့်တော့ ရယ်သည်။  ဟုတ်ဟုတ်မဟုတ်ဟုတ်၊  ကိုယ်ထင်တာ ကိုမှန်သည်ဟုယူဆသည်။  မိန်းမက မငြင်းချင်သောကြောင့်ထင်သည် အဲ့ဒါဆို မသောက်နဲ့ပေါ့တဲ့။  အဲ့ဒီတော့လည်း မသောက်ဘူးပေါ့။  အဲ.. အခုလုပ်နေတဲ့ သင်္ဘောကျင်းကတော့ စဉ်းစားလို့ကိုမရ အကုန်ထုတ်သည်။  ရေဘူးလည်းထုတ်သည်၊ ဓာတ်ဆားရည်ဘူးလည်းထုတ်သည်၊ သင်္ဘောလည်းဆောက်သည်၊ ကရိန်းလည်းဆောက်သည်၊ သင်္ဘောဆေးလည်း ထုတ်သည်၊ ဆပ်ပြာလည်းသူ့တံဆိပ်တွေ့သည်။  တစ်ကျင်းလုံး ဘယ်ကြည့်ကြည့်သူ့တံဆိပ်တွေသာဖြစ်သည်။  ကြည့်သောသူ မူး၏။  ဓာတ်ဆားရေ သောက်လိုက်ဦးမည်။


4 comments:

  1. မှတ်သားစရာပါ...
    အခုလောလောဆည် ဒီမှာတော့ မိုးအေးအေးနဲ့ ကွေးနေရတယ်။

    ReplyDelete
  2. ကိုကာကိုလာလို၊ ကျွဲရိုင်းလို မသောက်တာကောင်းတယ် ဂျက်လဲရှောင်တယ်
    သောက်ချင်ရင် သစ်သီးဖျော်ရည်သောက်တာပဲကောင်းတယ်
ျွမှတ်သားစရာတွေပေါ့နော်

    ReplyDelete
  3. ချွေးထွက်များရင် ဓာတ်ဆားရေသောက်ရတယ်ဆိုပေမယ့် သွေးတိုးရှိတဲ့သူအနေနဲ့တော့
    ရေပဲအစားထိုးပြီး များများသောက်သင့်တာပေါ့နော်။ တီတင့်ကတော့အချိုရည်ကို သောက်လေ့မရှိဘူး။
    ပညာပေးလေးဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဖတ်သွား မှတ်သွားပါတယ် ။ အများကြီး ဆက်ရေးနိုင်ပါစေ ...

    ReplyDelete