ကော့သောင်းသို့ ဆိုက်ရောက်ခြင်း
ကိုလံဘတ်စ် အမေရိကတိုက်ကိုတွေ့တော့ ဘယ်လိုနေသလဲမသိပါဘူး။ ကျွန်တော်ကတော့ ကော့သောင်း ဆိပ်ကမ်းကို လှမ်းမြင်ကထည်းက
အကျီရေစိုတွေကို ရေညှစ်၊ ဘောင်းဘီတွေ ကျွပ်ကျွပ်အိတ်ထဲကထုတ် အသစ်လဲ ကုန်းပေါ်ဆင်းဖို့ပြင်ကြတာပါပဲ။ အရင်ဆုံး မေးဖြစ်တာက ကျွန်တော်တို့ သင်္ဘော ဘယ်တော့
ပြန်ထွက်ဖြစ်မလဲဆိုတာကိုပါ။ သင်္ဘောက မုန်တိုင်းလျော့မှ
ပြန်ထွက်မယ်ဆိုလေတော့ ဘယ်ရက်ဆိုတာမသေချာ။ မသေချာတဲ့တူတူတော့
ကော့သောင်းမှာ တည်းခိုခန်းငှားကြမယ်ဆိုပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ တည်းခိုခန်း
ငှားကြတယ်။ မှတ်မိတယ် တည်းခိုခန်းနာမည်က ပင်ဂွင်းတဲ့။ အဲ့ဒီကို ဆိုင်ကယ် ကယ်ရီတွေနဲ့ ဒိုးကြ ပြီတော့ ဟိုရောက်တော့
အ၀တ်အစားတွေက စိုနေတာနဲ့ စောင်ပတ်ပြီး အိပ်ကျပါတော့တယ်။ နိုးတော့မှ ဆရာဝန်ဆီ ပြေးတဲ့လူကပြေး၊ ပုလင်းဇောက်ထိုးချိတ်တဲ့
လူကချိတ်၊ ကျွန်တော်ကတော့ ဟိုတယ်လည်းရောက်
အရင်ဆုံးပြေးတာက အိမ်သာ၊ သန့်သန့်ရှင်းရှင်းလေးနဲ့
ဆိုတော့ အားရပါရကို လွှတ်တော့တာ…. လွှတ်လိုက်ထဲကနေ လျှောလိုက်တာ ဆေးတွေဘာတွေသောက်နဲ့
နောက်တစ်နေ့ကျတော့ ရပ်သွားပါတယ်။ ရောက်ပြီးဆိုတော့
ဟိုတယ်ကနေထွက် ဖုန်းပြောလို့ရတဲ့နေရာ၊ ဈေးဝယ်လို့ရမယ့်နေရာ၊ စားသောက်ဆိုင်၊ ဆိုင်ကယ်ဂိတ်
စတာတွေကို လှည့်ပတ်ရှာကြရပါတယ်။
အဲ့ရောက်ပြီး ညကျတော့ မိုးတွေကရွာ၊ မုန်တိုင်းက
တိုက်နဲ့ ဘယ်ကိုမှ ဖုန်းကလည်း ခေါ်လို့မရပါဘူး။
လူတွေကလည်း နုန်းချိနေတော့ ဟိုတယ်မှာပဲ ကွေးနေကြတာပါပဲ။ နောက်တစ်နေ့ နေလည်း နည်းနည်းပွင့်တော့မှ ရန်ကုန်ကို
ဖုန်းပြန်ခေါ် မွေးသမိခင် နေကောင်းလား၊ သား အလတ်ကြီး ရှိသေးကြောင်း၊ အချစ် နေကောင်းလား၊ ဒီမှာတော့ အလွမ်းတွေ မိုးနှင့်အတူစွေနေကြောင်း
သာကြောင်းမာကြောင်း သတင်းပို့လို့ရပါတယ်။ နေပွင့်တော့
ဆိုင်ကယ် ကို ပုတ်ပြတ်ငှား ကော့သောင်းတစ်ပတ်ပတ်၊ အမှတ်မရှိ ပင်လယ်စာ ဟော့ပေါ့တွေသွားစားနဲ့
တစ်နေ့ကုန်ပြန်ပါတယ်။ ကော့သောင်းဈေးလည်းရောက်ရဲ့။ ဈေးကလည်း ကျောင်းသားတွေ သင်္ဘောနဲ့ ပါလာမှန်းသိလို့ရယ်လားမသိဘူး
ရိတ်တာ ရိတ်တာဆိုတာ မေးလိုက်တိုင်း ဘတ်ငွေနဲ့ ပြီးရင် မြန်မာငွေနဲ့ မြှောက်ပြီးရှင်းရတယ်။ ကျွန်တော်တို့ကတော့ ရောက်စမို့လို့ ဈေးတင်မှန်းသိတော့
ဘာမှ မ၀ယ်ကြဘူး။ နောက်တစ်နေ့ကျတော့ မိုးကသည်းပြန်တာပဲ၊
ဘာမှ လုပ်စရာမရှိတာနဲ့ ဟိုတယ်မှာ ပိုကာပဲ ထိုင်ဆွဲ ညပိုင်းကျတော့မှ ထမင်းလေးဘာလေးသွားစား
ဒါနဲ့ တစ်ရက်က ကုန်ပြန်ရော။
သုံးရက်လောက် နေတော့မှ ကော့သောင်းတစ်မြို့လုံး
လျှောက်ကြည့်မိတော့တယ်။ ကော့သောင်းဆိုတာက လူပေါင်းစုံပဲကိုဗျ။ ရန်ကုန်က လူတွေလည်းရှိရဲ့၊ အညာကလူတွေလည်း ရှိရဲ့၊
မြို့ခံ ထားဝယ်၊ ဘိတ် ကလူတွေလည်းရှိရဲ့။ ယိုးဒယား
ပစ္စည်းတွေကတော့ အတော်ပေါ သကိုး။ မှတ်မှတ်ရရ
ကျွဲရိုင်းအချိုရေက အတော်ပေါတာ။ နောက် ဓားတို့၊
မီးဖိုချောင်သုံး ပစ္စည်းတွေလည်း အတော်ပေါ။
အဲ တစ်မြို့လုံး တရုတ်ထုတ် ဆိုင်ကယ်တစ်စီးမှ မရှိဘူး။ အားလုံး ဟွန်ဒါ ကျောက်စိမ်း၊ ဟွန်ဒါ ဒရင်း၊ ဒို
ဒါတွေပဲ စီးကြတာများတယ်။ လမ်းတွေက မြို့ပြင်ရောက်ရင်
ဖြူးနေတာပဲ။ လမ်းနာမည်တွေတော့ မမှတ်မိတော့ဘူး၊
ဒါပေမယ့် ဟိုတယ်ကို ဘယ်လိုပြန်ရမယ်မှန်းတော့ သိတယ်။ အဲ့ဒါနဲ့ လျှောက်သွားနေကြတာပါပဲ။
သူငယ်ချင်းတစ်ယောက်က ဘဏ့်ပေါက်တဲ့ ပိုက်ဆံနဲ့
ဟယ်လီကော်ပတာ တစ်စီးကို သုံးသောင်းခွဲလား ငါးသောင်းနဲ့လားမသိဘူး ၀ယ်သဗျ။ အဲ့ဒါကို ဟော်တယ်ရောက်တော့ စမ်းကြသပေါ့။ ဟယ်လီကော်ပတာက ပျံတော့ပျံတယ်၊ ဒါပေမယ့် ထိန်းရ အတော်ခက်သဗျ။ ဒါပေမယ့် လေပေါ်တက်သွားလေတော့ ၀ိုင်းထိန်းကြရင်နဲ့
ဟိုတယ် အပြင်ဘက် လမ်းပေါ်သွားကျ၊ ကျလည်းကျရော ဆိုင်ကယ်သမားတစ်ယောက်က မပြီး ပြေးပါလေရော။ အဲ့ဒါနဲ့ ဆိုင်ကယ် ကယ်ရီတစ်စီးကို မြန်မြန်လှမ်းတား၊
နောက်ကနေ အမှီလိုက်တော့မှ ဟယ်လီကော်ပတာပြန်ရတယ်။
ဟောဒါက ၁၀ မိုင် ကမ်းခြေတဲ့ခင်ဗျ
ကမ်းခြေမှာ ဘောလုံးကန်နေကြသော သူငယ်ချင်းများ
နောက်တစ်နေ့ကျတော့ ၁၀ မိုင်ကမ်းခြေကို သွားကြတယ်။ တစ်ပျော်တစ်ပါးကြီးပေါ့။ ၁၀မိုင်ကမ်းခြေဆိုတော့ ကျွန်တော်တို့ ချောင်းသာလို၊
ငွေဆောင်လို လူစီမယ်မှတ်တာ ဟိုရောက်တော့ စားသောက်ဆိုင်လေး တစ်ဆိုင်ရယ်၊ ကမ်းခြေရယ်
ဒါပဲ ရှိတယ်။ ဘာထူးမှာလဲ ရှိသမျှ စားလို့ရတဲ့ဟာမှာ
ဘီယာနဲ့ သောက်ကျ၊ ပြီးတော့ ကမ်းခြေကို ဆင်းကြတယ်ပေါ့ဗျာ။ ကမ်းခြေသာဆိုတယ် လှိုင်းက တစ်ပေလောက်ရယ် ဘယ်လာ ရေကူးလို့ကောင်းမှာတုန်း၊
သဲကလည်း သဲကြမ်းကြီးတွေ စင်ကာပူ ဆန်တိုစာ ကမ်းခြေအတိုင်းပဲ။ ဘာမှ လုပ်လို့မရမယ့် တူတူတော့ ဘောလုံးကန်ကြသပေါ့ဗျာ။ မောတော့မှ ဟိုတယ်ပြန်အိပ်၊ ကျွန်တော်တို့ စီးတဲ့
သင်္ဘော တောင်ကြီး က ဘယ်ဆီနေမှန်းမသိ၊ ပစ္စည်းတွေက အဲ့ဒီပေါ်မှာ။ ဘယ်တတ်နိုင်မလဲ၊ သင်္ဘောပေါ်လည်း
ပြန်မတက်ချင်တော့ ဒီတိုင်းပဲ မုန်တိုင်းထဲ နေကြပေါ့။
နောက်တစ်ရက်ကျတော့ မလိဝမ်းရေတံခွန်ကို သွားကြသဗျ။ ရေတံခွန်ကတော့ မြိတ်ထက်ကြီးတယ်၊ တော်တော် ဆော့လို့ကောင်းသဗျ။ အဲ့ဒီမှာ ရေကူးကြ ရေချိုးကြပေါ့လေ။ အဲ နောက်ပိုင်း ဘုရင်နောင် ငူကိုလည်း ရောက်သေးရဲ့။ ဘုရင်နောင်ငူဆိုတာက ဘုရင့်နောင်မင်းတရားကြီး ရုပ်ထုကို
ကော့သောင်းအစွန် ထိုင်းဘက်ခြမ်း ရနောင်းနဲ့ ကပ်ရပ်မှာ ထုထားတာ။ မင်းတရားကြီးက ထိုင်းဘက်ကို လှည့်ပြီးတော့ ဓားထုတ်နေတဲ့
ရုပ်ထုခင်ဗျ။ ဒီရုပ်ထုကြီး ထုပြီးတော့ ထိုင်းဘက်ကလည်း
ကင်းမ လက်မဲ ရုပ်ထုကြီးကို ကော့သောင်းဘက်ခြမ်းလှည့်ပြီးတော့ ပြန်ထုတယ်ဆိုပဲ။ ရနောင်းဘက်ကို ကူးချင်ပေမယ့် သင်္ဘောက အချိန်မရွေး
ပြန်ခေါ်နိုင်တာကြောင့် စိတ်ချလက်ချ မသွားခဲ့ရပါဘူး။
ဘုရင့်နောင်ငူ (ကျောက်စာရိုက်တော့ရိုက်တယ် လူပုံတွေပါနေလို့ မတင်တော့ပါ)
ဒီလိုနဲ့ ကော့သောင်းမှာ နှစ်ပတ်လောက် သောင်တင်ပြီးသကာလမှာ
အိမ်ကပေးလိုက်တဲ့ ပိုက်ပိုက်ရော၊ ဖဲနိုင်တာလေးတွေရော လုံးပါးပါးပြီးသကာလ အမေနေကောင်း
သားဆုတောင် ငွေငါးသောင်းလောက် ပို့လိုက်ပါဆိုတဲ့ အဖြစ်ကို ရောက်ပါတယ်။ မုန်တိုင်းလေးများ ပြီးမလား ပြီးမလားနဲ့ မုန်တိုင်းကလည်း
မစဲ၊ သင်္ဘောကလည်း မထွက်နဲ့ ဒုက္ခရောက်ပါလေရော။
လက်မှာ ၀တ်ထားတဲ့ လက်စွပ်ကလေးကတော့ လှုပ်တုတ် လှုပ်တုတ်နဲ့ အခြေအနေမကောင်းတဲ့အဆုံးတော့
ဒါကလေးနဲ့ ထမင်းစားရတော့မယ့် အခြေအနေကို ရောက်ရော။
သံလွင် သို့မဟုတ်
မျှော်လင့်ချက် အလင်းရောင်
ဒီလိုနဲ့ နှစ်ပတ်ကျော်ကြာလာတော့ လူတွေလဲ
ပိန်ခွေ၊ ၀ယ်ထားတဲ့ ရှန်ပူတို့၊ ပေါင်ဒါတို့၊ ဟင်းချက်ရင်သုံးတဲ့ ဓားမျိုးစုံ၊ ကျွန်တော်
မဟေသီအတွက် မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ဒါတွေက ပုံလို့ စားချင်ရင် အဲ့ဒါတွေ ဖောက်စားရမယ့်
အခြေအနေရောက်နေတဲ့အချိန်မှာ မျှော်လင့်ချက် အဖြစ် သံလွင်သင်္ဘော ထွက်မယ်ဆိုတဲ့ သတင်းကြားရပါတယ်။ ကျောင်းသားတွေကို အဲ့ဒီသင်္ဘောနဲ့ တင်ပေးလိုက်မယ်၊
တောင်ကြီးကတော့ ကုန်စောင့်မှာရယ်၊ မုန်တိုင်းကြောင့်ရယ် မထွက်ဖြစ်ပါဘူးတဲ့။ မထွက်တော့လည်း တောင်ကြီးကသင်္ဘောတွေကို သူငယ်ချင်းတွေက
လှေငှားပြီး သံလွင်ပေါ် တင်ကြပါတယ်။ သံလွင်ပေါ်ရောက်တော့မှ
သင်္ဘောကို အပြေးအလွှားသွားကြည့် ကိုယ်အထုပ်ကိုယ်ရွေး နေရာချ၊ နေရာချတယ်ဆိုတာ ၄ ယောက်ခန်းကို ၆ ယောက်ရတယ်၊ ကျွန်တော်တို့နေရာက သင်္ဘောဝမ်းထဲ လေမရ၊ နေမမြင် လူနေခန်း၊ သင်္ဘောကလည်း သန့်လေတော့ ဘာနံတွေမှန်းကို မသိတာ၊ လေကလည်း
သိပ်မရလေတော့ သင်္ဘောလည်းထွက် မူးတာပါပဲ။ တော်သေးတာက
ကော့သောင်းကနေ စားစရာ အပြည်အစုံတင်လာတာ။
သံလွင် သင်္ဘော
နေရစ်ခဲ့တော့ တောင်ကြီးရေ
အဲ့ဒီအချိန်မှာ
သိတာက ရန်ကုန်ကိုလွမ်းတယ်၊ အမေ့ကိုလည်းလွမ်းတယ်၊ အမေချက်တဲ့ ဟင်းကိုလည်း လွမ်းတယ်၊
ကျွန်တော့် အခု ဇနီး အဲ့ဒီတုန်းကတော့ ချစ်သူပေါ့လေ သူ့ကိုလည်းလွမ်းတယ်။ သင်္ဘောစထွက်တော့ ရာသီဥတုက ကြည်ကြည်လင်လင်လေး၊ ညနေထမင်းစားတော့
ကြာဇံကြော်လေးနဲ့လွေးနေကြတာ၊ သဋ္ဌေးကျွန်းအကျော်နားလည်းရောက်ရော
လှိုင်းက စလာရော၊ စားနေတဲ့ ပန်းကန်၊ ခွက်၊ ဇွန်းတွေက
ရှလော…….ဆိုပြီးတော့ လွင့်ထွက်သွားတာ ခွမ်းဆိုပြီး စားလက်စ ကြာဇံကြော်လေးလည်း နတ္ထိတံသွားရှာတာပါပဲ။ အဲ့ဒီကနေ လှိုင်းကြမ်းပြီး ထမင်း ၃ ရက်ငတ်။
ငတ်ဆို ထမင်းချက်တွေလည်း ထမင်းမှ မချက်နိုင်တာ။
ကန်တင်းက ၃ ရက်လောက် ပိတ်ထားတာ။ ရှိသမျှ ပေါင်မုန့်လေး၊
ဘီစကွတ်လေးတွေကို၊ ရေနဲ့ ရောချ၊ အအေးနဲ့ ရောချ၊ အဲ့ဒီလို ရောချပြီးသကာလ မူးလိုက် ဝေါ့လိုက်၊
ဝေါ့လိုက် ထပ်ဖြည့်လိုက်နဲ့ အိပ်လို့လည်းမရ၊ သင်္ဘောဝမ်းထဲမှာလည်း မနေနိုင်လေတော့ ကုန်းပတ်ပေါ်တက်
လက်ရမ်းလေးကိုင်ပြီး မျောက်မှိုင်ကို မှိုင်နေရတော့တာ။ ညအိပ်တော့ တစ်ချို့သူငယ်ချင်းတွေက ထမင်းစားခန်းနဲ့
အသားငါး၊ ဟင်းသီးဟင်ရွက် ထားတဲ့ အခန်းမှာ အိပ်ကျရတာ၊ ညကျတော့ လှိုင်းကပုတ်၊ ရေခဲသေတ္တာတွေပွင့် ငါးတွေ
ကြက်သားတွေ၊ ဟင်းသီးဟင်းရွက်တွေက ဟိုကောင်တွေပေါ် မိုးရွာသလိုကျ၊ ကျတော့ ပြန်ထည့် တံခါးပြန်ပိတ်၊
ပြန်ပိတ်လိုက် လှိုင်းကပုတ်တော့ ပြန်ပွင့်လိုက်နဲ့၊ တစ်ညလုံး ရေခဲသတ္တာစောင့်ကို ဖြစ်ရော။ တီဗီတွေလည်း တိုးလိုးတွဲလောင်းတွေပေါ့။
သုံးရက်ကျော်တော့မှ လှိုင်းနဲနဲ ပြန်ငြိမ်သွားတော့
စားဖိုမှုးလည်း တိုင်ဖက်ပြီး ကြော်ပေးနိုင်ရှာပါတယ်။ ကြော်တယ်ဆိုတာက ကြာဇံကြော်တစ်မျိုးပဲရမယ်ဆိုပြီး
ဒယ်အိုးကို တစ်ယောက်ကကိုင်၊ ယောက်မကို တစ်ယောက်က ကိုင်ပြီး မွှေရတာ၊ မဟုတ်ရင် လှိုင်းကြားမှာ
ဒယ်အိုးရော၊ ကြာဇံကြော်ရော ပိုးလိုးပက်လက်တွေ လန်ကုန်တော့မှာကိုး။ အဲ့ဒီ ၃ ရက်အတွင်း ကြာဇံကြော်ပူပူလေးကို ပြန်စားရခြင်းပါ။
ပင်လယ်ရေ ပြာပြာကြီးကနေ စိမ်းစိမ်းလေးမြင်လာရလေ
ပျော်လေ… ရေနောက်လာလေ ပိုပျော်လေနဲ့ သီလ၀ါကိုဖြတ် ရေတပ်သင်္ဘောတွေ ကျော်လာတော့ ပျော်လိုက်ရတဲ့ဖြစ်ခြင်း၊ အကုန်လုံး အင်္ကျီတွေပြန်လဲ၊ နံကထိုင်နဲ့၊ ဘောင်းဘီ
နက်ပြာနဲ့ ရှုးဖိနပ်နဲ့ မျောက်ခေါင်း ချောင်ကလောင်တွေနဲ့ပေါ့လေ။ မြစ်ထဲဝင်ဖို့ ပိုက်လော့ အလာကိုစောင့်တာနဲ့ ဘာနဲ့ဆိုတော့
မနက် ၆ နာရီလောက်ထဲက ဖင်တစ်ကြွကြွဖြစ်နေတာ၊
၂ ချက်တီးလောက်မှ သင်္ဘောပေါ်က ဆင်းရတော့တယ်။
ဆင်းရတော့ တက္ကစီငှား အိမ်ကိုပြန် အထုတ်တွေချ အရင်ဆုံး ဘယ်သွားလဲဆိုတော့
YKKO ကိုပြေး ကြေးအိုးဆီချက်ရယ် ဆိတ်သားကင်ရယ် အ၀သွားဆွဲတာပါ။ ပြီးတော့ အဆောင်ပြန် သင်ဖျူးဖျာလေးပေါ်မှာ ငြိမ်ငြိမ်းလေး
အိပ်လိုက်ရတာ အမလေး ဘယ်လောက်ကောင်းလိုက်တဲ့ အရသာမှန်းကို မသိတာ။ အဲဒီနေ့ကအိပ်လိုက်တာမှ
တစ်ရေးမမော တစ်ခေါခေါကို ကျလို့။ နောက်တစ်နေ့
ကျတော့ ချစ်သူဆီကိုပြေး အလွမ်းသယ်၊ လက်ဆောင်ပစ္စည်းလေးတွေပေး။
တစ်ခု သတိထားမိတာက ကော့သောင်းကပြန်လာပြီးထဲက
ဘာစားစား ၀မ်းမလျှောတော့တာပါ။ ကြည့်ရတာ ပိုးတွေနဲ့
ယဉ်သွားလို့လား ဘာလားတော့လားမသိဘူး ၀မ်းကို မလျှောတော့တာ။ ကျောင်းတော်ကြီးကိုလည်း ကျေးဇူးတင်လှပါတယ်။ ကျောင်းသားဘ၀ ရဲ့ ပျော်စရာအချိန်ကလေးတွေကိုလည်း
ပြည့်ပြည့်၀၀ ရသလို၊ ဒီလို အုပ်စုလိုက် အဖွဲ့လိုက်သွားရတော့ အလုပ်ခွင် မ၀င်ခင်လေးမှာ
လူမှု့ဆက်ဆံရေး၊ ပြသနာတွေကို ဘယ်လို ဖြေရှင်းရမယ်၊ မိမိကိုယ်မိမိ အားကိုးနိုင်စေဖို့၊
ဒါတွေအားလုံးကို လက်တွေ့ သင်ပေးလိုက်သလိုပါပဲ။
ဘ၀အတွက် အများကြီး အထောက်အကူ ဖြစ်စေတဲ့ ပညာရော၊ အတွေ့အကြုံပါ အများကြီးရတဲ့
ခရီးစဉ်လေးပါ။
ဒီခရီးစဉ်ထဲမှာ သူငယ်ချင်းတစ်ယောက်ချင်းစီရဲ့
ရယ်စရာ၊ မမေ့နိုင်စရာ အဖြစ်အပျက်ပေါင်း မြောက်များစွာရှိပေမယ့် ရေးလိုက်လျှင် ကျွန်တော့်ကို
ငယ်ကျိုးငယ်နာဖော်လှချည့်ဆိုပြီး ၀ိုင်းသတ်ကြမည်ဖြစ်ပါသောကြောင့် ထိုအမှတ်တရလေးများအားလုံးကို
ချန်လှပ်ထားခဲ့ရပါသဖြင့် ရေးသမျှပြန်ဖတ်လိုက်သော် ဆားမပါသောဟင်းကဲ့သို့ ပေါ့ပေါ့ကြီး
ဖြစ်နေပါသည် ခင်ဗျာ။ သို့သော်လည်း ဒီလောက်လေးကိုပဲ
သည်းခံပြီး ဖတ်ပေးကြတဲ့ ဘလော့ကြွလာ မိတ်သဟာ၊ သူငယ်ချင်းအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်
အပိုင်း ၁ မှ အပိုင်း ၄ တိုင်အောင် စိတ်ရှည်လက်ရှည်ဖတ်ရှု့ပေးကြသော စာဖတ်သူများအားလုံးကို
အထူးကျေးဇူးတင်ကြောင်း ပြောရင်း ဒီမှာတင် အဆုံးသတ်လိုက်ပါရစေခင်ဗျာ။
ကောင်းပါပြီးဗျာ... နောက်ဇတ်လမ်းတစ်ခု ထပ်ဆက်ပါ။
ReplyDeleteအော်...ဘာဖြစ်လဲ ငယ်ကျိုးငယ်နာကိုကြီးမှဖော်တာဘဲေ၇းပါ
ReplyDeleteအားပေးပါတယ်..ဖတ်ချင်ပါသေးတယ်..
တစ်ချိန်တုန်းက ကြမ်းတမ်းခက်ထန်တဲ့အတွေ့အကြုံတွေဟာ အခုအချိန်ပြန်တွေးရင် အမှတ်တရပျော်စရာလေးတွေပေါ့နော်။ ငယ်ဘဝဖြစ်စဉ်လေးတွေကို ဘယ်အချိန်ဖတ်ရဖတ်ရ ကြည်နူးစရာပါ။ ဆက်ရန်အပိုင်းလေးတွေ စောင့်ဖတ်အားပေးနေမယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမှတ်တရလေးတွေဖတ်ရတာတော့အလွန်ကောင်းပါတယ်ရှင်
ReplyDeleteငယ်ကျိုးငယ်နာကိုကြီးမှဖော်တာ လဲအားလုံးဖော်နော်
မဖော့် တစ်ဖော်တော့မလုပ်နဲ့ သူများတွေကိုပြန်မပြောပြပါဘူး
စိတ်ချနေပါ...၀င်ဖတ်တဲ့သူတွေလောက်ပဲသိမှာလေ..ဟီးဟီး
ခင်မင်တဲ့ jasmine
ဖြတ်သန်းခဲ့တဲ့ အတိတ်တွေက ဘယ်တော့မှ မအိုဟောင်းဘူးနော်။
ReplyDeleteအမှတ်တရဖြစ်စရာတွေပါ။ စိတ်ဝင်စားစွာဖတ်သွားပါတယ်။
ဟေ့ကောင် အာကြီးဘာကာကိုရှုံးတဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ကိုငါတို့ပင်ဂွင်းမှာကြည့်ကြတာမဟုတ်လား။ မင်းကျန်သွားတယ်ထင်တယ်။
ReplyDeleteငါတော့ မောင်သူရကြီး အသည်းကွဲတာမှတ်မိနေသေးတယ် ။ ဟေးဟေး။
သူရသိရင် သတ်လိမ့်မယ်... ဟား ဟား ဟား။
ReplyDeleteအားပေးကြတဲ့ ကိုမောင်သန့်၊ မပစ်ပစ်၊ အန်တီတင့်၊ မဂျက်စ် နဲ့ မမြသွေးနီတို့ကို အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ReplyDelete