စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, July 29, 2012

Stability of damaged ships


             ကျွန်ုပ်တို့သည် သင်္ဘောကို ခွက်ပုံစံရေပေါ်ပေါ်နေသော အရာတစ်ခုဟု ယူဆကြည့်ပါ။  လည်းကောင်းသင်္ဘောတွင် အလျှားလိုက်သော်လည်းကောင်း၊ ဒေါင်လိုက်သော်လည်းကောင်း ရေလုံးခန်းစည်းများ မရှိဟုယူဆပါ။  ထိုသင်္ဘော၏၀မ်းတွင်ရှိသော အပေါက်တစ်ခုမှ ရေများဝင်လာသည်ဆိုပါစို့။  လည်းကောင်းသင်္ဘောသည် အရှေ့အနောက် တိမ်းစောင်းခြင်း (Trim)၊ ဘေးဘက်သို့တိမ်းစောင်းခြင်း (List) မရှိဘဲ တည့်မတ်သော အခြေအနေဖြင့် တစ်ဖြည်းဖြည်း နစ်မြုတ်သွားမည်ဖြစ်သည်။  ဤအခြေအနေတွင် ပတ်ဝန်းကျင်မှ ဥပမာ- လှိုင်းကြောင့် သင်္ဘောတိမ်းစောင်းမှု့ စသည် စသည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုပါနှင့်။  ထိုအချိန်အတွင်တွင် ခရီးသည်များ သင်္ဘောသားများသည် သင်္ဘောကို စွန့်ခွာပြီး ဘေးကင်းရာသို့ ထွက်ပြေးနိုင်ရန် အချိန်အနည်းငယ်ရသည်။
          သို့သော် ကျွန်ုပ်တို့ လက်တွေ့၌ သင်္ဘောများတွင် ဒေါင်လိုက် နှင့် အလျှားလိုက် ရေလုံခန်းစည်းများဖြင့် (Longitudinal and Transverse Bulkheads) တည်ဆောက်ထားသည်။  ထို့ကြောင့် အဆိုပါ Bulkheads များအကြားရှိ Tanks များသို့ ရေများယိုစိမ့် ၀င်ရောက်ပါက သင်္ဘောသည် ထို ရေ၀င်သော Tanks များရှိရာဘက်သို့ တိမ်းစောင်းသွားသည်။ အကယ်၍ အဆိုပါ Tanks or Compartments (ရေလုံခန်းများ) ၏ ပမာဏသည် သင်္ဘောတစ်စီးကို တိမ်းမှောက်စေသော ပမာဏ အထိကြီးမားပြီး ရေများအလျှင်အမြန်ဝင်ရောက်လာပါက အဆိုပါ သင်္ဘောကို ဆွဲလှဲသကဲ့သို့ဖြစ်စေပြီး မိနစ်အနည်းငယ်အတွင်း တိမ်းမှောက်စေသည်။  ထို့ကြောင့် တည်ဆောက်သော သင်္ဘောများတွင် ရေလုံခန်းများ၏ ပမာဏ Permeability ကို ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။
          Permeability ဆိုသည်မှာ သင်္ဘောတစ်စီးတွင်ရှိသော ရေလုံခန်းတစ်ခုတွင် အများဆုံးရေ၀င်နိုင်သော ပမာဏကို ဆိုလိုသည်။  Stability တွက်ချက်ရာတွင် ၀င်လာသောရေ၏ ပမာဏပေါ်မူတည်၍ Permeability ကို သုည သို့မဟုတ် ၁ ဟု သတ်မှတ်သည်။  အကယ်၍ အဆိုပါရေလုံခန်းကို ရေလုံးဝ မ၀င်သော အခြေအနေ သို့ အခန်းလွတ်ဟု ယူဆပါက Permeability ကို ၁ ဟုသတ်မှတ်သည်။  ခန်းလုံးပြည့်ရေပြည့်နေသောအခြေအနေကို Permeability တန်ဖိုး သုည ဟု ယူဆသည်။  သင်္ဘောတစ်စီးရှိ အင်ဂျင်ခန်းတစ်ခုအတွက် Permeability၏ တန်ဖိုးကို ကို ယေဘုယအားဖြင့် 0.85 ဟု သတ်မှတ်သည်။  ဆိုလိုသည်မှာ အဆိုပါ အင်ဂျင်ခန်းအတွင်းသို့ ရေ သို့မဟုတ် အခြားသော အရည် 0.15% အထိဝင်ရောက်သော်လည်း ထိုသင်္ဘော၏ Buoyance သည် လုံလောက်နေသေးပြီး မနစ်မြုတ်နိုင်သေးဟု ဆိုလိုသည်။  ထို့ကြောင့် Permeability တန်ဖိုးများပြားသော အခန်းများသည် ထိခိုက်မှု့များကြောင့် ရေယိုစိမ့်မှု့များစွာဖြစ်ပေါ်သော်လည်း Stabitily ကို ထိန်းထားနိုင်သည်။  Permeability ကိန်းညွှန်းတစ်ခု ဖြစ်သော permissible length နှင့် ပတ်သတ်သည့် Freeboard အကြောင်း၊ ပလင်းဆိုး (Plimsoll) mark အကြောင်းကို Load Line အကြောင်းရေးဖြစ်ရင် ဖော်ပြသွားပါမည်။






          လွန်ခဲ့သောနှစ်အနည်းအငယ်အတွင်း အဆိုပါ ဖြစ်ရပ်များကြောင့် Ro-Ro carriers ခေါ် ခရီးသည်နှင့် ကားများတင်ဆောင်သော သင်္ဘောများတိမ်းမှောက်သော သာဓက များစွာရှိသည်။  Ro-Ro (Roll on- Roll off) carrier များသည် ကားများ ၀င်/ထွက် တင်ဆောင်နိုင်ရန် အဖွင့်အပိတ် တံခါးများတပ်ဆင်ထားသည်။  အဆိုပါ တံခါးများသည် ကြမ်းတမ်းလှသော ပင်လယ်ပြင်၏ ရာသီဥတု အခြေအနေတွင် ပျက်စီး ပြုတ်ထွက်သွားပြီး ရေများ အလုံးအရင်းဖြင့် ၀င်ရောက်လာမှု့ကြောင့် သင်္ဘောကို ဆွဲလှဲသကဲ့သို့ဖြစ်စေပြီး အထူးသဖြင့် (Free surface effect)၊ (ကျွန်တော်က “ဗူးလေးရာ ဖရုံဆင့် သက်ရောက်မှု့” ဟုခေါ်သည်) ကြောင့် နစ်မှုတ်မှု့များ ဖြစ်ပွားခဲ့သည်။
          ထိုရေများဝင်ရောက်လာမှု့ကြောင့် သင်္ဘောကို ဆွဲလှဲသကဲ့သို့ နစ်မြုတ်စေခြင်းကို Turn over moment ကြောင့်ဖြစ်သည်။  မြင်သာစေရန် ရိုးရှင်းသော ဥပမာ တစ်ခုဖြင့် နှိုင်းယှဉ်ပြပါမည်။  မောင်မောင်နှင့် သူ့၏ ဖခင်သည် စီးဆော (seesaw) တစ်ခုကို စီးနေသည်ဟုယူဆပါ။  မောင်မောင်၏ အလေးချိန်သည် ပေါင် ၅၀ လေးပြီး သူ၏ ဖခင်မှာ ပေါင် ၁၀၀လေးသည်ဟုယူဆပါ။  မောင်မောင်သည် စီးဆော၏ ဆုံချက်မှ ၂ မီတာ အကွာဝေးတွင် ထိုင်နေပြီး၊ သူ့ဖခင်သည် ၁မီတာအကွာအဝေးတွင် ထိုင်နေသည်ဟု ယူဆပါ။  အလေးချိန်ကွာခြားသော်လည်း ဆုံချက်မှ သက်ဆိုင်ရာ လူတစ်ဦးစီ၏ အကွာဝေးကြောင့် ထိုစီးဆောသည် မည့်သည်ဘက်သို့မျှ တိမ်းစောင်းသည် အခြေအနေမဖြစ်ဘဲ တည်ငြိမ်သည့် အခြေအနေ (Equilibrium) ဖြစ်ပေါ်နေမည်ဖြစ်သည်။
          ၅၀ x ၂ = ၁၀၀ x ၁

          ထို့နည်းတူ သင်္ဘောပေါ်တွင် တန် ၁၀၀ လေးသော ကုန်တစ်ခုကို သင်္ဘော၏ centre of gravity (G) တည်ရှိရာနေရာမှ ၁ မီတာအကွာအဝေးသို့ ရွေ့လိုက်ပါ။  ထိုသင်္ဘောသည် ကုန်ရှိရာဘက်သို့ Turn over moment ၁၀၀ tm ဖြင့် တိမ်းစောင်းသွားမည်ဖြစ်သည်။  ထိုသို့တိမ်းစောင်းမှု့ကို ၁ တန်လေးသော အရာတစ်ခုကို “G” အမှတ်မှ ၁၀၀ မီတာကွာဝေးသော နေရာတစ်ခုတွင် ထားရှိခြင်းဖြင့် တည်ငြိမ်မှု့ (Equilibrium) ကို ထိန်းနိုင်သည်။

          အောက်ပါပုံများကို နှိုင်းယှဉ်ကြည့်ပါ။ Free surface effect ၏ သက်ရောက်မှု့ကို တွေ့မြင်နိုင်သည်။





အထက်ပါပုံတွင်ဖော်ပြထားသော သင်္ကေတများမှာ
G        =       Centre of gravity
B0       =       Centre of buoyancy (no list)
Bφ      =       Buoyancy by heel to port or starboard (external force)
Bφ      =       Buoyancy by list to port to starboard (internal force)
M0      =       Initial metacenter
GM     =       Metacentric height
KM     =       The height of initial metacenter above the keel
K        =       Keel
D        =       Displacement (D)
F        =       -Displacement (-D)
φ        =       heeling angle
G0G”   =       virtual loss of GM
GZ      =       lever GZ, righting lever, the horizontal distance between the center of gravity and the vertical through the centre of buoyancy.




Centre of gravity (G) ၏ ရွှေ့လျှားမှု့သည်
  • -       ရေလွှမ်းခံရသော Tank or compartment ၏ အလျှား
  • -       ရေလွှမ်းခံရသော Tank or compartment ၏ အနံ စသည်တို့ပေါ်တွင် မူတည်သည်။


ပုံနံပါတ် ၄ ကို ကြည့်ပါ ရေလွှမ်းခံရသော Tank ၂ ခု အကြားတွင် ရေလုံခန်းစည်း ပိုင်းခြားထားသောကြောင့် negative influence of stability (အနှုတ်ဆောင်သော Stability ၏ လွှမ်းမိုးမှု့)ကို သိသာစွာလျှော့ချပေးနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပုံ၎ တွင်တွေ့ရသော center of gravity (G) ၏ ရွှေ့လျှားမှု့သည် ပုံ၃ နှင့်နှိုင်းယှဉ်ပါက ၄ ပုံ ၁ ပုံခန်းသာရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ GG1 ၏ တန်ဖို့ကို အောက်ပါ ညီမျှခြင်းဖြင့် တွက်ချက်နိုင်သည်။


         



Moment of static stability = D x GZ = D x GM sin φ
အထက်ပါပုံများကို ကြည့်ခြင်းအားဖြင့် သင်္ဘောအတွင်းသို့ ပမာဏ အနည်းငယ်မျှသော ရေ၀င်ရောက်လာပြီး ထိုရေများသည် သင်္ဘောဗျက်တစ်ခုလုံး၏ ဘယ်ဘက်၊ညာဘက်သို့ အတာအဆီးမရှိ လွတ်လပ်စွာ စီးဆင်းနိုင်ပါက သင်္ဘောအပေါ် ကြီးမားသော moment တစ်ခုအဖြစ်သက်ရောက်နိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
     အထက်ပါ ညီမျှခြင်းသည် သင်္ဘောတွင်းသို့ မည်မျှများပြားသော ရေပမာဏ၀င်ရောက်လာမှု့ကို အဓိကမထားဘဲ ထိုဝင်ရောက်လာသောရေကြောင့် ဖြစ်ပေါ်လာမည့် moment arm ကို ဖော်ပြသော ညီမျှခြင်းဖြစ်သည်။

    တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော အခန်းများ (compartment)များသို့ ရေ၀င်ရောက်လာခြင်းဖြင့် သင်္ဘောကို ဖော်ပြပါ အကျိုးဆက်များ ဖြစ်ပွားစေသည်။
  • သင်္ဘော၏ ရေစူး ပိုမိုများပြားလာခြင်း (Buoyancy limit ထက်ကျော်လွန်ပါက သင်္ဘော နစ်မြုတ်သွားမည်ဖြစ်သည်)
  • သင်္ဘောသည် ရေ၀င်ရာဘေးဘက်သို့ တိမ်းစောင်းသွားမည်
  • ထိုနည်းတူ သင်္ဘောသည် အရှေ့သို့မဟုတ် အနောက်ဘက်သို့လည်း တိမ်းစောင်းသွားနိုင်သည်
  • Stability ပြောင်းလဲသွားမည်။

စသောအချက်များအားလုံးသည် ရေစတင်ဝင်ရောက်လာပြီး moment တစ်ခုအနေဖြင့် သင်္ဘောကို စတင်သက်ရောက်ချိန်မှ စတင်ဖြစ်ပွားမည်ဖြစ်သည်။

          သို့ရာတွင် သင်္ဘောပေါ်တွင် ရေလုံခန်းစည်းများ (watertight bulkheads)များတပ်ဆင်မှု့ကို စီးပွားရေး ရှု့ထောင့်ဖြင့် ကြည့်ရှု့နေကြဆဲဖြစ်သည်။  အချို့သော သင်္ဘောပိုင်ရှင်များသည် သင်္ဘောကုန်တင်/ကုန်ချလွယ်ကူစေရန် ရေလုံခန်းစည်းများကို မတပ်ဆင်လိုကြပေ။  ဥပမာ - ကားတင်သင်္ဘောများနှင့် ကြီးမားလေးလံသော ကုန်စည်များ တင်ဆောင်သော သင်္ဘောများတွင်ဖြစ်သည်။  ဆီတင်သင်္ဘောများ (Tankers)များတွင်မူ ရေလုံခန်းစည်းများကို အမျိုးအစားမတူသော ဆီများကို ခွဲယူတင်ဆောင်နိုင်ရန်အတွက် အသုံးပြုလိုကြသည်။  သင်္ဘောများတွင် သင်္ဘောအလယ်ခန်းစည်း(centre line bulkhead) သို့မဟုတ် ဒေါင်လိုက်ခန်းစည်း (transverse bulkheads) စသည်တို့ကို တပ်ဆင်ရန်ရွေးချယ်ရာတွင် ရေ၀င်နိုင်မှု့ပမာဏကို နည်းနိုင်/ လျှော့ချနိုင်မည့် မည်သည့် ရေလုံခန်းစည်းစနစ်ကို မဆို အသုံးပြုနိုင်သည်။

၎. Rules and Regulations.
          အထက်တွင် Free surface moment ၏ အရေးကြီးပုံကို ဖော်ပြခဲ့ပြီးဖြစ်သည်။  ထို moment ကို သင်္ဘောပေါ်တွင် လုံလောက်သော ရေလုံခန်းစည်းများ ဖွဲ့စည်းဖြင်းဖြင့် ထိန်းချုပ်နိုင်သည်။  ထို့ကြောင့် ရေလုံခန်းများ၏ ပမာဏကို SOLAS နှင့် IMO (International Marine Organization)မှ ပြဋ္ဌာန်းချက်များနှင့် အညီ တည်ဆောက်ရန်လိုအပ်သည်။  Demage Stability နှင့် ပတ်သတ်ပြီး Regulation (ပြဋ္ဌာန်းချက်) အဓိအားဖြင့် ၃ မျိုးရှိသည်။

က.  Submersion နှင့် Trim ကို တွက်ချက်ခြင်း
          အဆိုပါတွက်ချက်မှု့တွင် အဓိကကျသည့် အချက်မှာ အခန်းတစ်ခန်းလုံး* Demage ဖြစ်ပြီး ရေများပြည့်သွားသော်လည်း အဆိုပါသင်္ဘောတွင် လုံလောက်သော Buoyance ရှိနေသေးပြီး မနစ်မြုတ်နိုင်စေရန် တွက်ချက်မှု့ဖြစ်သည်။  တွက်ချက်မှု့တွင် သင်္ဘောရေ၀င်နိုင်သော ဖြစ်နိုင်ခြေကို maximum immersion line (အများဆုံး နစ်မြုတ်နိုင်သော လိုင်း) ထက်မပိုစေရန် တွက်ချက်သည်။  Maximum immersion line ဆိုသည်မှာ စိတ်ဖြင့် မှန်းဆကြည့်နိုင်သော သင်္ဘော၏ ၀မ်း(Hull) ရှိ အမှတ်အသား လိုင်းတစ်ခုဖြစ်သည်။  ၄င်းလိုင်းသည် ယေဘူယအားဖြင့် Bulkhead deck ၏ အောက် ၇၆ မီလီလီတာ အကွာအဝေးဖြင့် သတ်မှတ်သည်။  Bulkhead deck ဆိုသည်မှာ သင်္ဘော၏ ပထမထပ် (First deck)ဖြစ်ပြီး ၄င်း အထပ်၏ အပေါ်ထပ်အခန်းများရှိ ခန်းစီးများမှာ ရေလုံခန်းစီးများ တပ်ဆင်ထားခြင်းမရှိပေ။  ထို့First deckကို သင်္ဘောရှေ့/နောက် တစ်ပြေးထဲရှိနေသော ရေစူးလိုင်း၏ အထပ်တွင် demage ဖြစ်နေသော အခြေအနေတွင် တည်ရှိနေစေရန် တွက်ချက်ခြင်းဖြစ်သည်။  သင်္ဘောနစ်မြုတ်သောအခါ အဆိုပါအခန်းမှ အခြားသော အခန်းများသို့ ရေများ စိမ့်ဝင်မှု့မရှိစေရန် အတွက် အဓိကထားတွက်ချက်ခြင်းဖြစ်သည်။  သို့သော် အဆိုပါတွက်ချက်မှု့မှာ သင်္ဘော တည့်မတ်စွာ နစ်မြုတ်သော အခြေအနေကို မူတည်ကာတွက်ချက်ခြင်းဖြစ်ပြီး တိမ်းစောင်းနေသော အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမရှိပေ။
သင်္ဘောအမျိုးအစားပေါ် မူတည်၍ ရေလုံခန်း သတ်မှတ်မှု့မှာ ကွာခြားသည်။  ၀င်ရောက်လာသော aရများကြောင့် အကျိုးဆက်အဖြစ် သင်္ဘော၏ ရေစူး (Draught) များပြားလာမှု့ကို သင်္ဘော၏ အပိုရှိသော Buoyance (Spare buoyance)မှ ဆက်လက် ထိန်းပေးနိုင်မှု့ကို တွက်ချက်ခြင်းဖြစ်သည်။  သင်္ဘောပေါ်တွင်ရှိသော ရေလုံခန်းစီးများ၏ ရေအတွက်နှင့် နေရာချထားပုံသည် သင်္ဘော၏ Buoyance နှင့် spare buoyance တို့အပေါ် အကျိုးသက်ရောက်မှု့ များစွားဖြစ်ပေါ်စေသည်။  တိုင်တန်းနစ် (Titanic) သင်္ဘောနစ်မြုတ်မှု့ဖြစ်ပွားပြီးနောက်ပိုင်းတွင် အဆိုပါ တွက်ချက်မှု့များအားလုံးကို SOLAS မှ အကောင်အထည်ဖော်ကာ သင်္ဘောတိုင်းအတွက် မဖြစ်မနေ တွက်ချက်ရန် ထည့်သွင်းသည်။  သို့သော် ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် အဆိုပါတွက်ချက်မှု့တစ်ခုထဲဖြင့်မလုံလောက်ကြောင်း တွေ့ရှိလာကြသည်။  အဘယ်ကြောင့်ဆိုသော် သင်္ဘောများနစ်မြုတ်သောအခါ တည့်မတ်စွာ တစ်သမတ်ထဲ နစ်မြုတ်ခြင်းမဟုတ်ဘဲ အချို့သင်္ဘောများသည် အနစ်မြုတ်ခင် တစ်ဘက်သို့ တိမ်းစောင်းသွား၍ မှောက်သွား(Capsize) သည်ကို တွေ့ရှိလာရသောကြောင့်ဖြစ်သည်။
         
ခ.  Calculation of floodable length (trim and stability in case of the leak, assuming certain well-defined types of damage)
          အထက်တွင်ဖော်ပြခဲ့သော ရေလုံခန်းများ၏ ပမာဏနှင့် နေရာချထားမှု့သည် သင်္ဘော၏ buoyancy အပေါ်အကျိုးသက်ရောက်မှု့ ရှိကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်။  ယခုအခန်းတွင် အဆိုပါရေလုံးခန်း (Watertight bulkheads) များကို Floodable length ဖြင့် ကန့်သတ်ပြီး သတ်မှတ်ထားပုံကို ဖော်ပြပါမည်။  Floodable length ကို တွက်ချက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ demage ဖြစ်ပွားသော်လည်း သင်္ဘော၏ effective longitudinal waterplane လုံလောက်နေစေရန်ဖြစ်သည်။ 
          Floodable length calculation တွက်ချက်ရာတွင် Rules and Regulations များမှ ပြဋ္ဌာန်းထားသော “factor of subdivision” ကို ထည့်သွင်းတွက်ချက်ရမည်။  အဆိုပါ factor သည် သင်္ဘော၏ စုစုပေါင်း အလျှားနှင့် အခြားသော စံနှုန်းများပေါ်တွင်မူတည်သည်။  ဥပမာ - သင်္ဘော၏ အမျိုးအစားနှင့် မည့်သည့်ဒေသသို့ သွားလာမည်၊ ထိုပြင် သင်္ဘော၏ စုစုပေါင်းထုထည်၊ အင်ဂျင်ခန်း၏ အကျယ်အ၀န်း၊ အခြားသော အခန်းများ၏ အကျယ်အ၀န်း နှင့် တင်ဆောင်မည့် ခရီးသည်/သင်္ဘောသား အရည်အတွက် စသည်တို့ ဖြစ်သည်။  Regulation များမှ ပြဋ္ဌာန်းချက်များအတိုင်း သင်္ဘောအရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ သင်္ဘော၏ compartment တစ်ခုဖြစ်စေ၊ ၂ ခုဖြစ်စေ သို့မဟုတ် အရွယ်အစားကြီးမားပါက ၃ ခုဖြစ်စေ demage condition အဖြစ် စဉ်းစားကာ Floodable length ကို တွက်ချက်ရမည်ဖြစ်သည်။  Floodable length တွက်ချက်မှု့မှ ရလာသော ရလဒ်များနှင့် factor of subdivision မှ ရရှိလာသော ရလဒ်များကို မူတည်ပြီး permissible length ကို ရရှိသည်။ 
          အကျဉ်းချုပ်အားဖြင့် Floodable length ကို အအောက်ပါအဆင့်များဖြင့် တွက်ချက်ရယူနိုင်သည်။
  • Bulkhead deck နှင့် margin line ကို သတ်မှတ်ခြင်း
  • Factor of subdivision တွက်ချက်ခြင်း
  •  Permissibility တွက်ချက်ခြင်း
  • Permissible lengths ကို ခန့်မှန်းခြင်း
  • Permissible lengths များကို plot ချကြည့်ခြင်း စသော သမားရိုးကျ နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။  
နည်းပညာများတိုးတက်လာသောအခါ Rules and Regulation များမှ စံနှုန်း criteria များကို ကွန်ပျူတာ ပရိုဂရမ်များဖြင့် ထည့်သွင်း စစ်ဆေးလာနိုင်သည်။  ထိုအခါ တွက်ချက်မှု့လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာပြီး အချိန်ကုန် သက်သာလာသည်။  ထိုအထဲမှ နည်းလမ်းတစ်မျိုးဖြစ်သော Drawback method ကို ဖော်ပြပေးပါမည်။  ၄င်း method သည်
က. သင်္ဘော ဘယ်ညာ တိမ်းစောင်းမှု့ (Listing) ကို ထည့်သွင်းတွက်ချက်ခြင်းမပြုပါ။
ခ. Demage ကြောင့် ရေစိမ့်ဝင်လာသော ရေလုံခန်းများနှင့် အဆိုပါရေလုံခန်းများကြောင့် အကျိုးဆက်ဖြစ်ပေါ်လာသော Stability ပြောင်းလဲမှု့များကို တွက်ချက်ပေးသည်။ အဆိုပါ တွက်ချက်မှု့ကို deterministic leakage calculation ဟုခေါ်သည်။
အဆိုပါ method သည် သင်္ဘောတစ်စီး demage ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းတွက်ချက်နိုင်သည်။  သို့သော် သင်ယူဆထားသော model တစ်ခုသည် အမှန်တကယ်ရှိသော သင်္ဘောထက် ၁ စင်တီမီတာခန့် သေးငယ်သွားပါက demage ဖြစ်လာချိန်တွင် အဆိုပါသင်္ဘော နစ်မြုတ်သွားမည်ဖြစ်သည်။  ထို့ကြောင့် computer aided programs များကို အသုံးချသောအခါ သတိကြီးစွာ ထားသင့်သည်။     


Maxsurf ၏ hydromax ကို အသုံးပြုပြီး floodable length တွက်ချက်မှု့ကို အောက်ပါ link ကို click လုပ်၍ လေ့လာနိုင်သည်။


ဂ. Probabilistic leakage calculation (Calculation of the chance of surviving in case of damage)
          အဆိုပါ Method သည် ကျွန်ုပ်တို့ ယူဆတွက်ချက်ထားသော Modelတစ်ခုပေါ် မူတည် တွက်ချက်ထားသည်ထက် ပိုမိုများပြားသော demage ဖြစ်ပွားလာပါက ဖြစ်နိုင်ခြေများကို လေ့လာသုံးသပ်နိုင်ရန် တွက်ချက်ခြင်းဖြစ်သည်။  မည့်သည့်နည်းနှင့်မဆို ဖြစ်နိုင်သော ဖြစ်နိုင်ခြေများကို ထည့်သွင်း စဉ်းစား တွက်ချက်ခြင်းဖြစ်သည်။  ရရှိလာသော ဖြစ်နိုင်ခြေများကို ၀ နှင့် ၁ ဂဏန်းများနှင့် သတ်မှတ်သည်။  Minimum survival chance အတွက် Ruegulation များသည် အဆိုပါ method ကို အသုံးပြုကြသည်။  ယခုလောလောဆယ်တွင် အဆိုပါတွက်ချက်မှု့ကို အောက်ပါ သင်္ဘောအမျိုးအစားများအတွက် အသုံးပြုသည်
၁. Passenger liners (IMO resolution A265) as an alternative to SOLAS rules (resolution A265 still encompasses some deterministic rules)
၂. Cargo ships with dry cargo, longer than 80 meters (measured over the closed hull).

          Damage ဖြစ်ပွားသောအခါ ၀င်ရောက်လာသော အရည်များ၏ center of gravity (G) ကို မှန်ကန်စွာ သတ်မှတ်နိုင်ရန် အရေးကြီးသည်။  ထိုပြင် မရေရာသော (Uncertain paramenters) များကို ခန့်မှန်းနိုင်ရန်မှာလည်း အလွန်အရေးကြီးသည်။  သာဓက အားဖြင့် ဆိုသော် -








  • -       မည်သည့်နေရာမျှ ရေ၀င်ရောက်လာမည်၊ အထူးသဖြင့် မညီညာသော ပုံစံရှိသည့် အခန်းများ။
  • -       မည့်မျှ Trim ဖြစ်သွားမည်၊ မည်မျှ List ဖြစ်သွားမည်။
  • - ၀င်ရောက်လာသောရေထဲတွင် လေမည့်မျှ ခိုအောင်းပါဝင်နိုင်မည် စသည် အချက်များကို ခန့်မှန်းနိုင်ရန် လိုအပ်သည်။

သင်္ဘောတစ်စီး၏ သွားလာမည့် လမ်းကြောင်းပေါ်မူတည်ပြီး Stability ကိုမဖြစ်မနေ တွက်ချက်ရမည်ဖြစ်သည်။  ထို့ပြင် အမျိုမျိုးသော Rules & Regulations များ၏ လိုအပ်ချက်များနှင့်လည်း ကိုက်ညီရမည်ဖြစ်သည်။  တင်ဆောင်မည့် ကုန်စည်များ၏ အလေးချိန်၊ အဆိုပါ ကုန်စည်များကို နေရာချထားမှု့သည်လည်း သင်္ဘော ခရီးစဉ် တစ်ခုနှင့် တစ်ခု တူညီနိုင်မည် မဟုတ်ပေ။  ထို့ပြင်အခြားသော အကြောင်းအရာများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။
          Damage Stability အတွက် အရေးကြီးသော ထည့်သွင်းစဉ်းစားရမည့် အရာများမှာ -
  • -       ကုန်စည်အမျိုးအစား (ရေစိမ့်ဝင်နိုင်မှု့)
  • -       Wing and Double Bottom tanks များ အခြေအနေ (အပြည့် သို့ အလွတ်)
  • -       အရည်များသည် tanks များအတွင်းမှ ယိုစိမ့်မှု့ ရှိ၊ မရှိ စသည် စသည်တို့ကို ထည့်သွင်းစဉ်းစားသင့်သည်။


အဆိုပါအချက်အလက်များ၏ အကျိုးသက်ရောက်မှု့များကို Rules and Regulations များအပေါ် နားလည်သဘောပေါက်မှု့နှင့် အတွေ့အကြုံများပေါ်မူတည်၍ တွက်ချက်မှု့များစွာ ပြုလုပ်ရန်လိုအပ်သည်။  ထို့ပြင် အရေးပေါ်အချိန်အတွက်၊ သင်္ဘောပေါ်များလူများ အသက်ဆက်လက်ရှင်သန်ရေးအတွက် (chance of survival) ဖြစ်နိုင်ခြေရှိသော တွက်ချက်မှု့များကိုလည်း အဆိုပါ တွက်ချက်မှု့များတွင် ထည့်သွင်းရန်လိုအပ်သည်။ လက်တွေ့တွင် အဆိုပါ တွက်ချက်မှု့များကို ကွန်ပျူတာမသုံးဘဲ တွက်ချက်ရန် မဖြစ်နိုင်ပေ။
     ထို့အတူ သင်္ဘောပေါ်တွင်လည်း ကုန်စည်အမျိုးမျိုးတင်ဆောင်မှု့ကို တွက်ချက်ရန် (Loading Program) ပါဝင်သော ကွန်ပျူတာ ထားရှိရန်လိုအပ်သည်။ တင်ဆောင်လိုသော ကုန်စည်များ၏ အလေးချိန်ကို ကွန်ပျူတာအတွင်းသို့ ထည့်သွင်းပြီးပါက အဆိုပါသင်္ဘော၏ Centre of gravity (G) တည်နေရာ၊  သင်္ဘော၏ Keel (K)မှ G အထိ အမြင့် စသည်တို့ကို တွက်ချက်ရယူနိုင်သည်။
     Rules and Regulations များမှ ပြဋ္ဌာန်းထားသော Demage Stability သည် အများဆုံး သတ်မှတ်ထားသည် သင်္ဘောတိမ်းစောင်းမှု့ ဒီဂရီ (Maximum allowed heeling degrees) ကို သတ်မှတ်ထားခြင်းဖြစ်သည်။  သို့သော်တစ်ခါတစ်ရံတွင် သင်္ဘောပေါ်သို့ လှိုင်းကြောင့် သော်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးကြောင့် ၀င်ရောက်နိုင်သော ရေပမာဏ (Flooding)ကိုပါ ထည့်သွင်းစဉ်းစားသည်။


     Counter flooding ဆိုသည်မှာ သင်္ဘောတိမ်းစောင်းရာဘက်မှ ဆန့်ကျင်ဘက်ရှိ Tanks များသို့ ရေဖြည့်သွင်းပြီး သင်္ဘောကို တည်ငြိမ်မှု့ရရှိစေခြင်းဖြစ်သည်။  ၄င်းစနစ်ကို အချို့သော ခရီးသည်တင်သင်္ဘောများတွင် အသုံးပြုသည်။ အချို့သင်္ဘောများတွင် ဤစနစ်ကို အလိုအလျှောက် စနစ် (Automatic systems)များဖြင့် တပ်ဆင်ထားကြသည်။

     Minimum KG (အနည်းဆုံးရှိရမည့် KG ပမာဏ)ဆိုသည်မှာ SOLAS (Safety of Life at Sea)မှ ပြဋ္ဌာန်းထားသော လိုအပ်ချက်များနှင့်အညီ သင်္ဘော၏ centre of gravity “G” နှင့် Keel “K” ကြားရှိအကွာအဝေးဖြစ်သည်။  Maximum KG သည် သင်္ဘော၏ Draught (အနက်)/ Displacement (ရေတွင်နစ်မြုတ်နေသော  အလေးချိန်) နှင့် အခြားသော သက်ရောက်မှု့များအပေါ်မူ

Reference : SHIP KNOWLEDGE (A Modern Encyclopedia), 
ကျွန်တော့်ရဲ့ ဟိုဘက် ဘလော့ဂ် ကို ပိတ်ဖို့  ကြံစဉ်နေတာကြောင့် နေရာလာရွှေ့ထားခြင်းဖြစ်ပါသည်။  ဘလော့ဂ် နှစ်ခုကြား ဗျာများနေသောကြောင့် ဘလော့ဂ် တစ်ခုသာ ထားရန် စဉ်းစားမိသောကြောင့်ပါ။

No comments:

Post a Comment