ဤ၀တ္တုကြီးမှာ လွန်စွာမှ လျှို့ဝှက်ဆန်းကြယ်၏။
ထို့အတူ လွန်စွာမှ အံသြဖွယ်ကောင်း၏။ ထို့အတူ
ပါဝင်ပတ်သတ်သူများလည်း လွန်စွာများပြား၏။ ထိုအတူ
အဖြစ်အပျက်တို့မှလည်း လျှင်မြန်စွာ ပြောင်းလည်းသွားရကား စာဖတ်သူတို့ မယုံကြည်နိုင်အောင်
အံသြမှင်သက်ဖွယ်ရာများနှင့် ပြည်နှက်နေသည်။
ထိုသို့ လျှို့ဝှက်လှသော အဖြစ်အပျက်ကြီးကို တစ်သက်လုံး ထိန်းသိမ်းမည်ဟု ကျွန်ုပ်
သံဓိဋ္ဌာန်ချထားသော်လည်း နှောင်းလူတို့ ဤအဖြစ်အပျက်ကို မသိတော့မည်ကို စိုးသဖြင့် ဤအဖြစ်အပျက်ကြီးကို
ဝတ္တုတစ်ပုဒ်အဖြစ် အသက်သွင်းလိုက်ပေတော့သည်။
******************************************
တနေ့သ၌ ကျွန်ုပ် ဆားပုလင်းအောင်ထွဋ်သည် လကုန်ရက်ဖြစ်သည့်
အားလျှော်စွာ ဘိုင်ကြသဖြင့် အိမ်တွင် ရေနွေးကြမ်းနှင့် ပဲကြီးလှော်ကို နေ့လည်စာအမှတ်ဖြင့်
စားသောက်နေသည့် အချိန်တွင် ကျွန်ုပ်တို့ ဘလော့ဂ်ဂါရပ်ကွက်ရှိ နတ်ကတော်ကြီး အပါမှာ ငိုမဲ့မဲ့ဖြင့်
ရောက်လာလေတော့သည် တမုံ။
“အလို… နတ်ကတော်ကြီး တယ်လည်း ထူးထူးခြားခြား
မလာစဖူး အရောက်ထူးလှချည်လား ခင်ဗျားဆီက ကျုပ်ဘာမှ ချေးထားတာမရှိတော့ အကြွေးတောင်းဖို့လာတာတော့
မဟုတ်တန်ပေဘူး” ဟု ကျွန်ုပ်လည်း ခပ်လန့်လန့်ဖြင့် အကြွေးရှင်မဟုတ်တန်ငြား ဧည့်ခံစကားဆိုရလေတော့သည်။
“အို… ထူးဆို
စုံထောက်ကြီးရယ်…ဘယ်ကလာ အကြွေးတောင်းရမှာတုန်း…. အရေးကြီးလွန်းလို့ပါ စုံထောက်ကြီးရယ်။
အခု ပါပါ့ရဲ့ ဘိုးစဉ်ဘောင်ဆက်က ထိန်းသိမ်းလာတဲ့ နတ်ရုပ်ကြီး ပျောက်သွားလို့ ပါ စုံထောက်ကြီးရယ်”
နတ်ကတော်ကြီးပါပုမှာ မျက်ရည်တစ်ဖက် နှပ်တစ်ဖက်ဖြင့် ပြောလေတော့သည်။
“သြော်… ဘယ့်နှယ်ပျောက်သွားရတာတုန်း
နတ်ကတော်ကြီးရဲ့”
“အမယ်မင်းရယ်နဲ့…
ပြောရချည်…. ဒီလိုပါ စုံထောက်ကြီးရယ် ပါပါ့မှာလည်း ခုတလော နတ်ပွဲမကရတာကြာပြီဆိုတော့
ဘိုင်ကကျ၊ ဒါနဲ့ နောက်ဆုံး ကြံရာမရ ဟိုဘက်ရပ်ကွက်ထဲက အပေါင်ခံတဲ့ ကို8ယာ ဆိုတဲ့ တရုတ်ကြီးဆီမှာ
အပေါင်သွားထားပါတယ်။
အခု ပွဲကလေးရှိလာတာနဲ့
ကို8ရာကို အချင်းချင်းတွေပဲ အပေါင်တော့ မဆုံးစေရပါဘူး… ၃၇ မင်း ပွဲခင်းတာမှာ တစ်ရုပ်လိုရင်တော့ဖြင့်
ပွဲမဖြစ်လို့ နတ်ရုပ်ကြီးကိုဖြင့် ခဏလောက် ပြန်ငှားပါ ကို8ယာရယ်၊ ပွဲပြီးလို့ ပွဲကြေးရရင်
အတိုးရော အရင်းပါပေါင်းပြီး အရုပ်ကြီးကို တစ်ခါထဲ ပြန်ရွေးပါ့မယ် ဆိုပြီး အရုပ်ကြီး
ပြန်ယူတုန်းမှာ ကို8ယာဆီမှာ အရုပ်ကြီး မတွေ့တော့ဘူး စုံထောက်ကြီးရယ်…” ဟု နတ်သံနှောပြီး
ပြောလေတော့သည်။
“အင်း ကို8ယာ
ဆိုရင်တော့ အချင်းချင်းမလုပ်လောက်ပါဘူး နတ်ကတော်ကြီးရဲ့ ဘယ့်နှယ်ဘယ်ပုံပျောက်သွားရတာတုန်း”
ဟု ကျွန်ုပ်က ပြောလေလျှင်…
“အမလေး စုံထောက်ကြီးရယ်… ဟိုတလောက အဲ့ဒီ အပေါင်ဆိုင်ပိုင်ရှင်ကြီးက
Nikon ကင်မလောင် အသစ်ကြီးဝယ်ပြီးတော့ ဘက်တမ်ဘက်ထွက် ဓာတ်ပုံတွေ ဘာတွေ ရိုက်လိုက်သေးတာ
စုံထောက်ကြီးလည်း သိတဲ့ အတိုင်းပဲ…. မဟုတ်မှ လွဲရော ဒင်း ပါပါ့ရဲ့ ဘိုးစဉ်ဘောင်ဆက်
အရုပ်ကြီးကို ရောင်းစားပြီး အဲ့ဒီ ကချပ် ကချပ် ကင်မလောင်ကြီးကို ၀ယ်ပြီးဟိုသွား လက်ဆော့နေတာ
နေမှာပေါ့” ဟု ပေါက်ပေါက်ဖောက်သလို ပလွတ် ပလွတ်ဖြင့် ပြောလေတော့သည်။
“သြော်… နတ်ကတော်ကြီးရယ်…
ဒီလိုမျိုး သက်သေ မခိုင်လုံးဘဲနဲ့တော့ စွပ်စွဲလို့ ဘယ်ရပါ့မတုန်း၊ ကဲ အခု စုံထောက်ကြီး
ကျွန်ုပ်ကိုယ်တိုင် ဒီအမှု့ကို ကိုင်ပြီဆိုတော့ မပူနဲ့တော့၊ သို့ပေမယ့်လည်း လောလောဆယ်
ကျုပ်လည်း ဘိုင်ကျလို့ နေ့လည်စာတောင် မစားရသေးဘူး နတ်ကတော်ကြီးရဲ့ ဒီတော့ အမှု့လိုက်ခ
စရံအဖြစ် ထမင်းလေးဘာလေး လိုက်ကျွေးဦးလေဗျာ…” ဟု ကျွန်ုပ်က စကားလမ်းခင်းလေတော့မှ “ဟင်း
ဘူဘူချင်းကိုမှ တစ်နဲ့လာပွတ်နေသေးတယ်… ဒီမှာလည်း နတ်မကရလို့ ပိုက်ဆံရှိတာမဟုတ်ဘူး”
ဟု ကျွန်ုပ်အား သဒ္ဒါ တရားရက်ရောစွာဖြင့် ပြောလေပြီးသကာလ “သက်နန္ဒာ” ထမင်းဆိုင်သို့ ခေါ်ကာ
လိုက်၍ကျွေးတော့သည်။ အဆိုပါ သက်နန္ဒာ ထမင်းဆိုင်မှာ
လက်ရာအလွန်မှ ကောင်းမွန်လေ၏။ ထို့ကြောင့်ပင်လျှင်
စားသုံးသူများနှင့် ပြည်လျှံကာ နေလေရာ ကျွန်ုပ်တို့ပင် အတန်ကြာ စောင့်ယူရသည်။
သို့နှင့်ပင် ထမင်းစားရင်း နတ်ကတော်ကြီးက
ကျွန်ုပ်အား “ဒီမယ် စုံထောက်ကြီးရဲ့ ဒီ နတ်ရုပ်ကြီးဟာ ရိုးရိုး သာမန် နတ်ရုပ်ကြီးတော့
မဟုတ်ပေဘူး။ ကျွန်ုပ်ရဲ့ ဘိုးဘေး ဘီဘင် အဆက်ဆက်ကထည်းက
လက်ဆင့်ကမ်းလာတဲ့ နတ်ရုပ်ကြီး။ ဒီနတ်ရုပ်ကြီးရဲ့
ဗိုက်ထဲမှာ အလွန့်ကို အဖိုးတန်ပြီး၊ အလွန်ရှေးကျတဲ့ ပုရပိုဒ်တွေ ရှိတယ်လို့ အဖေက ပြောဖူးတယ်။ ဒီတော့ ဒီလို နတ်ရုပ်ကြီး ပျောက်ပျက်သွားရင် ပါပါ
ဟာ မျိုးရိုးစဉ်ဆက် အမွေကို ဖျောက်ဖျက်သူဖြစ်သွားလိမ့်မယ် ဒီတော့ ဒီ နတ်ရုပ်ကြီးကိုဖြင့်
မရ, ရ အောင် ပြန်ရှာပေးပါ စုံထောက်ကြီး”
ဟု အားကိုးစွာ ပြောလေ၏။ ကျွန်ုပ်လည်း နတ်ကတော်ကြီး၏ အားကိုးတကြီး မျှော်လင့်မှု့ကို
အားတက်စေရန် “စိတ်ချပါ နတ်ကတော်ကြီး ကျုပ် နတ်ရုပ်ကြီးပြန်ရဖို့ကို ရဲရဲကြီး အာမခံပါတယ်”
ဟု ရင်ဘတ်ကြီးကို တစ်ဘုန်းဘုန်းပုတ်ကာ နတ်ကတော်ကြီးကျွေးသော သက်နန္ဒာ ထမင်းဆိုင်မှ ဟင်းများကို
တ၀ကြီး ငတ်ကြီးကျစွာ စားသောက်လေတော့သည်။
ထိုသို့ ကျွန်တော်တို့ စားသောက်နေသော ထမင်းဝိုင်း၏
ဘေးတွင် စိတ်ပုတီးကြီးကို လည်ပင်းဆွဲကာ ဘိုးသူတော်ဝတ်စုံကြီးဖြင့် ဂိုက်ပေးကြမ်းနေသော
လူထူးလူဆန်းကြီးတစ်ယောက်ကို ကျွန်ုပ် သတိထားမိလေသည်။ ထိုလူကြီးသည် ဆရာ မင်းသုဝဏ်၏ သပြေညို ကဗျာကို သည်းကြီးမည်းကြီး
ဖတ်ဟန်ဆောင်ကာ ကျွန်ုပ်တို့ ထမင်းဝိုင်းသို့ အကဲခတ်နေသည်ကို သတိထားမိရကား ထို သပြေညိုကဗျာကိုပွား၍ ကဗျာ ၇ပုဒ် ရအောင် စပ်သော တုန်းဖလားရွာသူကြီး ကိုကိုမောင်ပင် ဖြစ်ပေလိမ့်မည်ဟု
ကျွန်ုပ်လည်း စုံထောက်ဥာဏ်ဖြင့် အတပ်သိလိုက်လေတော့သည်။ ထို ကိုကိုမောင် ဆိုသော လူကြီးသည် ဆေးကျမ်း၊ နက္ခတ်ပညာတို့ကိုလည်း
အတန်အသင့် လိုက်စားပေရကား ယခု ဆိုက်ဆိုက်မြိုက်မြိုက် ထမင်းဆိုင်သို့ရောက်လာသည်မှာ
နတ်ရုပ်ကြီးနှင့် တနည်းတဖုံ စပ်ဆက်ပေလိမ့်မည်။ ထိုမျှသာမကသေး
ကျွန်ုပ်တို့ ထမင်းဝိုင်း၏ ရှေ့ဘက်ဝိုင်းတွင်ကား သကြားလုံးငုံလျှက် ကန်ဒီ နှင့် ပူးပူးတို့ပါ
မသိမသာနှင့် တစ်စွန်းတစ်စ နားထောင်နေကြသည်ကိုတွေ့ရလေတော့သည်။ ကျွန်ုပ်လည်း နတ်ကတော်ကြီးဘက်သို့လှည့်ကာ “ဒီမှာ
နတ်ကတော်ကြီး ဒီ နတ်ရုပ်ကြီး ပျောက်သွားတဲ့ အမှု့ဟာ နယ်နယ်ရရ အမှု့ကြီးတော့ မဟုတ်ပေဘူး။ ခုတောင် ဘလော့ဂ်လောကထဲလူတွေ ခင်ဗျားကို စောင့်ကြည့်နေကြပြီ။ ကျုပ်တို့ သတိထားပြီး ဒီအမှု့ကို ကိုင်တွယ်မှ ဖြစ်တော့မယ်….. သို့ပေမယ့်လည်း ဒီလို နတ်ရုပ်ပျောက်တာကို ဘယ့်နှယ်လူတွေ
ဒီလောက် သိသွားကြလည်း ကျုပ်စဉ်းစားလို့ကို မရဘူး။
ခင်ဗျား ကျုပ်ဆီလာပြီး အမှု့မဖွင့်ခင် တစ်ယောက်ယောက်ကိုများ ပြောခဲ့သေးလား” ဟု
စကားတောက်ကြည့်လိုက်ရာ “အင်း ပါပါလည်း ကြံရာမရတော့ စုံထောက်ကြီးဆီမလာခင် ကိုမောင်သန့်ဆီကို
သွားပြီးတော့ ရင်ဖွင့်ဖြစ်ပါတယ်… သိတဲ့အတိုင်း ကိုမောင်သန့်က များတို့နဲ့ ရေစက်ပါတော့
သူဆိုရင်တော့ ကူညီနိုင်ကောင်းပါလေရဲ့ဆိုပြီး ရင်ဖွင့်မိတာပါ” ဟု ပြောလေတော့သည်။
“အင်း… ရှိစေတော့ ရှိစေတော့… သြော်.. ဘယ့်နှယ်
ကိုမောင်သန့်ရယ်… ဒီလို အမှု့မျိုးကိုများ စင်ကာပူ ပရိုမိုးရှင်းတွေနဲ့ မှားပြီးတော့
ကြော်ငြာစရာလား… ခုတော့ တစ်လောကလုံးသိကုန်ပြီ” ဟု ငြီးတွားမိလေသတည်း။
သို့နှင့်ထမင်းစားပြီးနောက် ကျွန်ုပ်နှင့်
နတ်ကတော်ကြီးလည်း ကို8ယာဆီသို့ ချီတက်ကြလေသတည်း။
“ဒီမှာ ကို8ယာ၊ ခင်ဗျားဆီမှာ ဟောဒီ နတ်ကတော်ကြီး ပါပုက နတ်ရုပ်ကြီးတစ်ရုပ် အပ်ထားတယ်ဆိုတာ
ဟုတ်ပါသလား?” ဟု ကျွန်ုပ်လည်း မေးခွန်းထုတ်လေသည်။
သို့သော် ကို8ယာမှာ ကျွန်ုပ်၏ စကားကို မကြား၍ပေလော၊ သို့မဟုတ် ဈာန်ဝင်နေသောကြောင့်ပေလော
မသိပေ၊ သူ၏ ကင်မလာကြီးနှင့် ကျွန်ုပ်တို့ နှစ်ယောက်အား ကချပ် ကချပ် ဟုရိုက်ကာ သူကင်မလာကို
သူပြန်ကြည်၍ ပြုံးကာ ခေါင်းညှိမ့်၍ နေလေ၏။
ထိုကြောင့်ပင် ကျွန်ုပ်လည်း “ဗျို့ ကို8ယာ… ဒီမှာ ခင်ဗျားကို ခေါ်နေတာ.. မေးစရာလေးရှိလို့ဗျို့”
ဟု အသံမြှင့်၍ပြောလေတော့မှ “ကလူ ကလူ အမလေး ၀ လန့်လိုက်တာနော်… ဖြေးဖြေးပြောပါ ၀ ကြားလယ်…
ပြော ဘာကိစ္စရှိလို့တုန်း”
“ဟုတ်လယ်.. ဟုတ်လယ်… တူ ဘိုင်ကျနေတယ်ဆိုလို့ ၀လည်း အဲ့ဒီ နတ်ရုပ်ကြီးကို လက်ခံထားလယ်… ဒါပေမယ့်
ခုတော့ ၀ဆီမှာ ထားရင်းပျောက်တွားပီ… မချိတော့ဝူး၊ ၀လည်း အတိုးရော၊ အရင်းပါ ဆုံးပြီဆိုပြီး
ချိတ်ညစ်နေတာ၊ ခုချိတ်ညစ်ရထဲအထဲ ခင်ဗျားတို့တွေ
ဘာလာလုပ်ပြန်တာတုန်း”
“၀လည်း မတိဝူးကွယ်…
အဲ… ဟိုနေ့တုန်းကတော့ ချဉ်ပေါင်ခြံပိုင်ရှင်ကြီး မောင်ဘကြိုင်ဆိုသူ တော့လာသွားသေးတယ်၊ ပစ္စည်းပဲပေါင်တော့မလိုလိုဘာလိုလိုနဲ့ တောင်ကြည့်မြောက်ကြည့်ကြည့်ပြီး
ဝ အပေါ့သွားဖို့ နောက်ဖေးသွားပြီးတော့ ပြန်လာတော့ မောင်ဘကြိုင်လည်း မတွေ့တော့ဘူး၊ နတ်ရုပ်ကြီးလည်း
မတွေ့တော့ဘူး” ဟုဆိုလေတော့သည်။
ထိုသို့ ကျွန်ုပ်တို့ အချီအချပြောနေသည့်အချိန်တွင်
“နိပ်ဟ… သဲလွန်စတွေ့ပြီ” ဟု ပုတီးကြီးကို လည်ပင်းဆွဲကာ တုန်းဖလား သူကြီးမင်း ကိုကိုမောင်မှာ
တစ်ချိုးထဲ ချဉ်ပေါင်ခြံဘက်သို့ တစ်ချိုးထဲပြေးသွားလေတော့သည်။ သူကြီးမင်း ပြေးသွားသည့်နောက်သို့ ကန်ဒီ နှင့် ပူးပူးပါ
လှစ်ခနဲ လိုက်ကြလေတော့သည်။ ကျွန်ုပ်လည်း မောင်ဘကြိုင်၏
ချဉ်ပေါင်ခြံဘက်သို့ လိုက်လေတော့သည်။ သူကြီးမင်း၊
ကန်ဒီနှင့် ပူးပူးတို့မှာ ကိုယ်ဖော့ပညာ အလွန်ကောင်းသူများ ဖြစ်တန်ရာ၏ ကျွန်ုပ် ချဉ်ပေါင်ခြံသို့
ရောက်ချိန်တွင် အခြေအနေမှာ အတော့်ကို ရှုပ်ထွေ၍နေပြီဖြစ်လေသည်။
“ဟိတ် ဒီမှာ
မောင်ဘကြိုင်… နတ်ရုပ်ကြီးကို အခုချက်ချင်းထုတ်ပေးလိုက်စမ်းဘာ…. ဒီလိုမျိုး တစ်ယောက်ထဲ
အပျောက်ရိုက်လို့ရနိုင်ရိုးလားဗျ… ဒီမှာ ကျုပ်နတ်ရုပ်ကြီးနဲ့ ပါတ်သတ်တဲ့ သတင်း အကုန်ရပြီးသား၊
ဒီထဲမှာ ကျုပ်လိုချင်တဲ့ အာယုဒီဝ အသက်ရှည်ဆေးကျမ်းပေါင်းချုပ်ကြီးရှိတယ် ဒီအတွက် ကျုပ်ဒီကို
တုန်းဖလားရွာကနေ အပင်ပန်းခံပြီး လိုက်လာရတာ” ဟု တုန်းဖလား သူကြီးမင်းက ဆိုလေလျှင်….
“ဘာ အသက်ရှည်ဆေးကျမ်းကြီးကမှာလည်း
ဒီအထဲမှာ အရွယ်တင်စေတဲ့ ဆေးကျမ်းပေါင်းချုပ်ကြီးရှိတာ သူကြီးမင်းနဲ့ ဘာမှ မဆိုင်ဘူး.. ကဲ ကိုဘကြိုင် ရှင် ကောင်းကောင်းမွန်မွန်ပြောနေတုန်း နတ်ရုပ်ကြီးကို ထုတ်ပေးပါ” ကန်ဒီက
ပြောလေသည်။ ထိုသို့ ပြောသည်ကို ပူးပူးက “ဟုတ်တယ်
ဟုတ်တယ် မကန်ဒီပြောတာဟုတ်တယ်” ဟု ထောက်ခံလေသတည်း။
မောင်ဘကြိုင်က “ခင်ဗျားတို့ပြောနေတာ တစ်ခုမှ
မဟုတ်ဘူး ဒီနတ်ရုပ်ကြီးထဲမှာ ရှိတာက ချဉ်ပေါင်စိုက်ခင်း အောင်မြင်ရေးအတွက် ထူးခြားတဲ့
စိုက်ပျိုးရေးဖော်မြူလာ ရှိတာ… ကျုပ်သာ ဒီဖော်မြူလာရလို့ကတော့ ကျုပ်ချဉ်ပေါင်ပင်တွေ
ရက်ပိုင်းအတွင်း အောင်မြင်အောင် စိုက်နိုင်ပြီ… ဒါဆိုရင် ကျုပ်က ချဉ်ပေါင်ရွက်တွေ တစ်ကမ္ဘာလုံးကို
ဖြန့်ချီပြီးတော့ ဘီလျှံနာကြီးဖြစ်တော့မှာ.. ဟွား ဟွား ဟွား ဟွား” အာလုပ်သံကြီးဖြင့်
ခါးထောက်ပြီး ရယ်လေတော့သည်။
တုန်းဖလား
သူကြီမင်း ကိုကိုမောင်မှာ မောင်ဘကြိုင်၏ စကားများကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့လေကား
“ကဲ မရရင် ချမယ်ဟေ့” ကြိမ်းဝါးပြီး သကာလ ချဉ်ပေါင်ခြံတွင်းသို့ ဘိုးသူတော် ပုဆိုးကြီးကို
ခါးတောင်းကြိုက်ကာ လွှားခနဲ ခုန်ဝင်သွားလေတော့သည်။
မောင်ဘကြိုင်မှာလည်း ချဉ်ပေါင်ခင်းထဲသို့ ခုန်ဆင်းလိုက်ကာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော
ချဉ်ပေါင်ရွက်ချွေ သိုင်းကွက်ကို ထုတ်သုံးရန် သိုင်းကွက်ပြင်လိုက်လေတော့သည်။
ကိုကိုမောင်မှာလည်း တုန်းဖလားရွာ၏ သူကြီးမင်းဖြစ်လေရကား
သိုင်းပညာအရာတွင် မခေလှချေ။ သူ၏ လည်ပင်းမှ
ပုတီးကြီးကို ထုတ်ကာ မောင်ဘကြိုင်၏ ချဉ်ပေါင်ရွက်ချွေ တိုက်ကွက်ကို ရင်ဆိုင်လေတော့သည်။ မောင်ဘကြိုင်၏ ချဉ်ပေါင်ခင်းမှာကား အဆိုပါ သိုင်းပညာရှင်ကြီး
နှစ်ယောက် တိုက်ခိုက်မှု့များကြောင့် ချဉ်ပေါင်ရွက်များမှာ ဖွားခနဲ ဖွားခနဲ လေထဲမှာ
လွင့်ပျံနေလေတော့သည်။ ထိုစဉ် ရွှစ်.. ရွှစ်…
ရွှစ် ဟု အသံများကြားသဖြင့် မောင်ဘကြိုင် အသည်း အသန် ကာကွယ်လိုက်ရလေတော့သည်။ “ဟင်… သကြားလုံးတွေ”။ မှန်သည်
ကန်ဒီ က သကြားလုံးသိုင်းဖြင့် တိုက်ခိုက်ခါ ချဉ်ပေါင်ခင်းထဲသို့ ခုန်ဝင်လာခြင်းပင်ဖြစ်လေသည်။ ထိုသို့ပင်မက ထိုအချိန်တွင် ပူးပူးမှာ ပူးသိုင်းကွက်ဖြင့်
ပူးတုံ၊ ခွာတုံ လေထဲတွင် ပျံဝဲကာ တိုက်ခိုက်လေတော့သည်။ သူကြီးမင်း၏ ပုတီးသိုင်း၊ ကန်ဒီ၏ သကြားလုံးသိုင်း၊
ပူးပူး၏ ပူးတုံ့၊ ခွာတုံ့ သိုင်းစွမ်းတို့ကြောင့် တိုက်ခိုက်မှု့ကြောင့် မောင်ဘကြိုင်မှာ
ချဉ်ပေါင်ရွက်ချွေသိုင်းကွက်ကို တွင်တွင်ထုတ်သုံးရင်း လက်ပန်းကျလာလေတော့သည်။ နောက်ဆုံး မောပန်းလွန်လှကား မောင်ဘကြိုင်မှ ဆောင့်ကြောင့်ကြီး
ငုတ်တုတ်ထိုင်လိုက်ကာ “၀ါး… အီး ဟီး ဟီး ချဉ်ပေါင်ခင်းကြီးတော့ ပျက်ပါဘီ… မတရားလုပ်ကြတယ်.. ဟင် သုံးယောက် တစ်ယောက်ဝိုင်းတိုက်ကြသတဲ့
အရပ်ကတို့ရဲ့…. ခုတော့ ဘီလျှံနာမပြောနဲ့ မနက်ဖြန်ရောင်းဖို့ ချဉ်ပေါင်ရွက်တောင် မရှိတော့ဘူး”
ဟု ခြေဆောင့်ကာ ငိုလေတော့သည်။
“ဟား ဟား ဟား ဟား……” သူကြီမင်းမှာ အောင်မြင်သော ရယ်သံကြီးဖြင့် ရယ်လိုက်ကာ
ကဲ မောင်ဘကြိုင် နတ်ရုပ်ကြီးကို ထုတ်ပေးပေတော့ဟု ဆိုလေရာ “ဒီမှာ သူကြီးမင်း ဒီလိုလုပ်လို့တော့
ဘယ်ရမလဲ၊ မောင်ဘကြိုင်ကို နိုင်တာ သူကြီးမင်း
တစ်ယောက်ထဲရဲ့ အစွမ်းကြောင့်မဟုတ်ဘူး၊ ဟော့ဒီက
ကန်ဒီတို့၊ ပူးပူးတို့နဲလည်း ဆိုင်တယ်” ဟု ပြောလေရာ သူကြီးမင်းက “ဖြစ်ရစေမပေါ့.. ကဲ
မောင်ဘကြိုင် ပေးစရာရှိတာသာ ထုတ်ပေးတော့” ဟုဆိုလေသည်။
“ဟင် သူများ ချဉ်ပေါင်ခင်းကြီးကိုလည်း ဖျက်လို
ဖျက်ဆီးလုပ်သေးတယ်၊ သူများ “မ”လာတဲ့ နတ်ရုပ်ကြီးကိုလည်း လိုချင်သေးတယ် ဘာလို့ ပေးရမှာဒုန်း
ယူချင်ရင် ကွကိုယ်ယူ” ဘုတောကာ လွှတ်လေသည်။ သို့နှင့်
သူကြီးမင်းတို့ တစ်သိုက်လည်း ၀ုန်းကနဲ ကိုယ်ဖော့သိုင်းဖြင့် မောင်ဘကြိုင်၏ အိမ်ထဲသို့ဝင်ကာ
နတ်ရုပ်ကြီးကို ရှာကြလေသည်။ သို့သော် နတ်ရုပ်ကြီးမပြောနှင့်
နတ်စ်ကော်ဖီမှုန့်ပင် မတွေ့။ “ဒီမှာ မောင်ဘကြိုင်
နတ်ရုပ်ကြီးဘယ်ရောက်သွားပြီတုန်း”
“ဟင် စောစောကပဲ
ဟော့ဒီ ခုံပေါ်မှာ တင်ထားတာ၊ ဗိုက်ထဲက ပုရပိုဒ်ကို ထုတ်မယ်လုပ်တုန်း ခင်ဗျားတို့ ရောက်လာတာပဲ၊
အခု ဘယ်ရောက်သွားပြီလည်းမသိဘူး” ဟု မောင်ဘကြိုင်မှာ ရှုံမဲ့မဲ့နှင့်ပြောလေတော့သည်။ “ဟား ဟား ဒီလို လုပ်လို့ဘယ်ရမလဲ နတ်ရုပ်ကြီးသာ ထုတ်ပေးလိုက်စမ်းဘာ”
“သြော်.. ချဉ်ပေါင် တစ်ခင်းလုံးတောင် ကုန်နေပြီ. ကျုပ်က ဘာညာပြောစရာရှိလို့တုန်း သူကြီးမင်း၊
ဒီမှာ ဘကြိုင်တို့က ပွင်းလင်းမှု့ကို မြတ်နိုးတယ်၊ ရှိရင်ရှိတယ်၊ မရှိရင် မရှိဘူး ဘွင်း
ဘွင်းရှင်းရှင်းပဲ၊ ဘယ်လောက်ပွင့်လင်းလည်းဆိုရင် အိမ်သာတက်ရင်တောင် တံခါးမပိတ်ဘူး”
“ဟင် ဒါဆိုရင်
နတ်ရုပ်ကြီးက ခြေထောက်ပေါက်ပြီး လမ်းလျှောက်သွားရမှာလား” ဟု ပူးပူးက ၀င်ပြီးပြောလေတော့သည်။
“ဒါဆိုရင်တော့
ငါတို့ ချဉ်ပေါင်ခြံထဲမှာ တိုက်ခိုက်နေတုန်း တစ်ယောက်ယောက်က ၀င် “မ”သွားတာဖြစ်ရမယ်”
ဟု ကန်ဒီက သူ့အကြံဥာဏ်ကို ၀င်ပြောလေတော့သည်။
ထိုအချိန်တွင်
ကျွန်ုပ်လည်း မောင်ဘကြိုင် အိမ်ပေါ်သို့ ရောက်နေပြီဖြစ်ရကား နတ်ရုပ်ကြီး၏ ခုံပေါ်ကို
ကြည်လိုက်ရာ စံပယ်ပွင့် တစ်ပွင့်ကို တွေ့ရလေတော့သည်။ “မောင်ဘကြိုင် ခင်ဗျား ခြံထဲမှာ စံပယ်ပင်တွေ ဘာတွေ
စိုက်ထားသေးလား” ဟု ကျွန်ုပ်ကမေးလိုက်လေသည်။
“ဟင်.. စုံထောက်ကြီးရဲ့
ကျုပ်နာမည်ကိုက မောင်ဘကြိုင် (ချဉ်ပေါင်ခြံ)၊ တစ်သက်လုံး ချဉ်ပေါင်ပင်ပဲ စိုက်တာ၊ ဘာစံပယ်ပင်စိုက်ရမှာတုန်း”
“ဒါဆိုရင်
ဟောဒီ စံပယ်ပွင့်က ဟောဒီခုံပေါ်ကို ဘယ်နှယ်ရောက်နေတာတုန်း”
“ဟင် ဒါဆိုရင်
ဟိုစုံတွဲ လက်ချက်ပဲ ဖြစ်ရမယ်….”
“ဘယ်စုံတွဲတုန်း….”
“ဟုတ်လောက်တယ်
ခုတလော လွင်ပြင်ရွာမှာ ဂျက်စ်တစ်ယောက် စံပယ်ဂူအောင်းသိုင်း ကျင့်နေတယ်ဆိုပဲ အခု အဆင့်
၈ တောင် အောင်သွားပြီးတဲ့။ အဆင့် ၉ မှာ မအောင်ပဲဖြစ်နေတာ၊
ဧကန်န ဒီနတ်ရုပ်ကြီးထဲက လျှို့ဝှက်သိုင်ကျမ်းကြီးကို ကြည့်ချင်လို့ မသွားတာလားမှ မသိတာ”
ဟု ကျွန်ုပ်က မှတ်ချက်ပေးလိုက်လေသည်။
ထိုအချိန်တွင်
ကိုမောင်သန့်တစ်ယောက်မှာ မနက်စာ လက်ဖက်ရည်သောက်ပြီး မောင်ဘကြိုင်ခြံရှေ့ ဖြတ်လျှောက်သွားချိန်နှင့်
တိုက်ဆိုင်နေရကား “ဟ ဟုတ်ပြီ စင်ကာပူ ပရိုမိုးရှင်းတွေ ခဏထား ဒီသတင်းထူးတယ်” ဆိုပြီး
ပိုစ့်အသစ်တင်ရန် ခပ်သုတ်သုတ်နှင့် သူ့အိမ်သို့ ခပ်သုတ်သုတ်ပြန်သွားသည်ကိုကား ကျွန်ုပ်တို့
၎ ယောက်စလုံး မသိလိုက်ပါချေ။
အပိုင်း ၂ သို့.............
အပိုင်း ၂ သို့.............
(စကားချပ် - ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများအား ပျော်ရွှင်စေရန် ဟာသ အဖြစ် ရေးသားထားခြင်းဖြစ်ပါတယ်ခင်ဗျာ။ စိတ်ဆိုးတော် မမူကြပါရန်နှင့် အမိုက်အမဲကလေးများကို ခွင့်လွှတ်ပေးကြပါ....လို့ ကျွန်တော် AH မှအနူးအညွှတ် တောင်းပန်အပ်ပါတယ်။ ကျန်သော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမ များကိုလည်း နောင် အပိုင်း များကျတော့မှ ထည့်သွင်းရေးသားပါ့မယ်ခင်ဗျာ။ ဆက်လက် အားပေးတော်မူကြပါ။)
ဟား ဟား ဟား..
ReplyDeleteသဲထိတ်ရင်ဖို ရှိလိုက်ပါဘိ ဆားပုလင်းရယ်။ ဘယ့်နှယ် မောင်ဘကြိုင်နဲ့မှ ပြိုင်ပြီး ယှဉ်လုခိုင်းရအောင်လို့။ ခုဆို သူကြီးမင်းတစ်ယောက် သွားတွေ နင်းကန်ကျိန်းစပ်နေပြီ။ ချဉ်ပေါင်ခင်းထဲ တိုက်ရင်းခိုက်ရင်း ချဉ်ပေါင်ရွက်တွေ အအီပြေစားမိခဲ့လို့လေ။
စဉ်းလဲ စဉ်းစားတတ်ပါ့။ ဧကန္တကတော့ ဒီအမှုတွဲဟာ ဆားပုလင်းနဲ့ နတ်ကတော်တို့ လက်ဝါးချင်းရိုက်ပြီး နတ်ရုပ်ကို ဈေးကြီးကြီးနဲ့ ၀ယ်လာမဲ့သူရှိအောင် ကြံစည် လုပ်ဆောင်တာဘဲ ဖြစ်ရမယ်။ ဟုတ်စ။း)
မအားမလပ်နဲ့ လာဖတ်ပြီး တဟားဟား တဟတ်ဟတ် ရယ်မောသွားလိုက်မိတယ်။
ပျော်ရွှင်ပါစေ မောင်အွတ်ထောင်... အဲလေ...မောင်အောင်ထွဋ်။
အိုင်းဆေး ကိုအွတ်ထောင်....ဒီအမှုက နက်နဲသလောက်ရှုပ်ထွေးလှပါတကား....:P
ReplyDeleteလူကလေးမောင်အားထွောင်
Deleteဒီအမှု့ကို မြန်မြန်စုံစမ်းပါ..
CIA က Jerrypigpig မလာခင်
အမှု့မှန်ကိုအမြန်ဆုံးဖော်ထုတ်ပါ..
( ကဲ..ဘိုလုပ်ရမလဲမသိတော့ဘူးနော်..သများအရမ်းစိတ်ညစ်တယ်
ကောမက်ပေးဖို့နေရာမတွေ့လို့ Reply မှာဘဲ ရေးရေးနေရပါလား.. )
ဒီအမှုက ဘလော့ဂ်လောကကြီးကို ရိုက်ခတ်နိုင်တယ်။း)
ReplyDeleteဟားဟား ကောင်းတယ်ဗျာ
ReplyDeleteချဉ်ပေါင်ရွက်ချွေ သိုင်းကွက် က တော်တော်မိုက်မယ်နော်
စကားမစပ် နတ်ရုပ်ပျောက်သွားသလို လွင်ပြင့် လင့်လေးလဲ မပျောက်ပေမယ့် ပျက်သွားလို့
မယားသစ်လေး အဲ ဟုတ်ပါဘူး လင့် အသစ်လေးထားခဲ့တယ်နော်
http://lwinpyinhlaingngenge.blogspot.com/
အမလေး
ReplyDeleteရယ်ရတာနေမကောင်းဖြစ်နေတာပျောက်သွားပြီနော် ကျေးဇူးပါ
သူကြီးမင်း ထပ်ပြီး သွားကြိမ်းဦးမှာ........ နောက်အခန်းတွေကြရင် :)
ReplyDeleteကိုညိမ်းနိုင်၊ မပစ်ပစ် ကျေးဇူးပါခင်ဗျာ.. ကျွန်တော် CIA က စုံထောက်ကြီး မပစ်ပစ်မလာခင် ကြိုးစားဖော်ထုတ်ပေးပါ့မယ် :P
ကျေးဇူးပါ - မြန်မာမုဒိတာ လူငယ်များ အဖွဲ့ကြီး ခင်ဗျား
မဂျက်စ်နဲ့ ကိုလွင်ပြင်ကတော့ ဒုတိယပိုင်းကျတော့မှ ဆက်ဖတ်နော်....
သြော်... ကိုလွင်ပြင့် link လေးကို ပြောင်းချိတ်ပြီးပါကြောင်းခင်ဗျာ
ReplyDeleteကျေးဇူးပါဗျာ ပြောင်းချိတ်ပေးလို့
ReplyDeleteသကြားလုံးသိုင်းနော် အထင်မသေးနဲ့ ဟဟဟဟ
ReplyDeleteအစ်ကိုကတော့ ရေးလည်း ရေးတတ်တယ်
ရီရလွန်းလို့ အူတွေနာနေပြီ ဟီးဟီး xD
တစ်ကယ်ကို လေးစားစရာ ဘလော့ဂါတွေရဲ့ အစွမ်း ပါလား...:):)
ReplyDeleteအခန်းဆက်လေးတွေ စောင့်မျှော်နေပါတယ်ဗျို့....
တစ်ကယ်ကို လေးစားမိပါတယ်...ဆားပုလင်းကြီးရယ်...။
ReplyDelete