စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, February 15, 2013

ဟာသတိုလေးများ ၁၀


ကောင်းမှု့တော့ လုပ်ခဲ့တယ် 
          စိန့်ပီတာသည် ပုလဲတံခါးဝတွင် ရပ်နေသည်။  လူငယ်တစ်ယောက်လျှောက်လာသည်။ 
“သူငယ် သင်လူ့ပြည်မှာတုန်းက ဘာကုသိုလ်ကောင်းမှု့တွေ လုပ်ခဲ့လဲ?”
“အင်း…. ကျွန်တော်တစ်ခုတော့ သတိရတယ်… ကျွန်တော်ခရီးသွားတုန်းကပေါ့။  လမ်းမှာ ကောင်မလေးတစ်ယောကို လူဆိုးတွေ ၀ိုင်ပြီးတော့ နှောက်ယှက်နေကြတာ။  ကျွန်တော်လည်း အဲ့ဒီလူဆိုးတွေဆီလျှောက်သွားတယ်။  ကောင်မလေးကို လွှတ်ဖို့ပြောတယ်။  အံမယ်.. ဒီကောင်တွေက ဂရုတောင် မစိုက်ဘူး။  ဒါနဲ့ အဲ့ဒီ လူဆိုးခေါင်းဆောင်ဆီကိုသွားပြီးတော့ အဲ့ဒီကောင်ရဲ့ မျက်နှာတည့်တည့်ကို လက်သီးနဲ့ထိုးပစ်လိုက်တယ်။  ပြီးတော့ အဲ့ဒီကောင်ရဲ့ ဆိုင်ကယ်ကို ကန်ပြီးတော့ လှဲပစ်လိုက်တယ်။  နောက်ပြီးတော့ အဲ့ဒီကောင်ကို နားရွက်ဆွဲပြီးတော့ ဟေ့ကောင်တွေ မင်းတို့ ကောင်မလေးကို လွှတ်လိုက်လို့ ပြောနေတာ မကြားဘူးလားလို့” ကျွန်တော်ပြောလိုက်တယ်။
စိန့်ပီတာ ထိုသူငယ်ကို အတော်လေးစားသွားသည်
“အင်းပြီးတော့ရော ဘာဖြစ်သေးတုန်း ဆက်ပါဦး”
“အင်း ပြီးတော့ မိနစ်ပိုင်းအတွင်း ကျွန်တော် ဒီကို ရောက်လာတာပဲလေ”

အရှုံးပေးပါပြီ
          သင်္ဘောတစ်စီးပေါ်တွင်ဖြစ်သည်။  မျက်လှည့်သမားတစ်ယောက်သည် မျက်လှည့်ပြကွက် အမျိုးမျိုးကို ခင်းကျင်းပြသနေသည်။  ကြာလာလေသော် ကပ္ပတိန်မွေးထားသော ကြက်တူရွေးမှာ မျက်လှည့်ဆရာ၏ ပြကွက်များကို သိရှိလာ၏။ 
          “ဟော.. ဦးထုပ်က တစ်ခြားဦးထုပ်နဲ့ လဲလိုက်တာ….”
          “အဲဒီ စားပွဲအောက်မှာ ပန်းတွေကို ဖွက်ထားတာ….”
          “ဟော ဟော… ဖဲချပ်တွေကို လက်ထဲကနေ လွှတ်ချလိုက်ပြီ…”
စသည်ဖြင့် မျက်လှည့်ဆရာ၏ လှည့်ကွက်တွေအားလုံးကို ပွဲတိုင်းမှာ ဘေးနားကနေ အော်နေသည်။  ဤသို့နှင့် ပွဲပျက်သည့်နေ့မှာလည်း မနည်းမနော။
          ဒီလိုနှင့် တနေ့တော့ သင်္ဘောမှောက်သည်။  မျက်လှည်ဆရာလဲ ပျဉ်ချပ်ကလေးကို ဖက်ပြီး ပင်လယ်ထဲမျောနေသည်။  ကြက်တူရွေးကတော့ သူ့ဘေးမှာ ပါလာသည်။  ဒီလိုနှင့် ပင်လယ်ထဲမှာ တစ်ရက်ပြီး တစ်ရက်…..။  နောက်ဆုံးတော့ ကြက်တူရွေးက မျက်လှည့်ဆရာကိုပြောသည်….
          “ကဲ.. ကျုပ်အရှုံးပေးပါပြီဗျာ….  သင်္ဘောကို ဘယ်လိုဖွက်လိုက်သလဲဆိုတာ ကျွန်တော့်ကို ပြောပြ”




လျှာနဲ့ သွား
သွားက လျှာကို ပြောလိုက်တယ်… “ဟေ့ကောင်.. ငါ နဲနဲလေး ပိုဖိကိုက်လိုက်တာနဲ့ မင်းပြတ်ထွက်သွားမယ် ဘာမှတ်လဲ”
လျှာက သွားကို ပြန်ပြောတယ်.. “သေချာစဉ်းစားဦးနော်… ငါ တစ်ခြားတစ်ယောက်ကို မခြေမငံပြောလိုက်တာနဲ့ မင်းရဲ့ ၃၂ ချောင်းလုံး အပြင်ကိုထွက်သွားမယ်.”



နေ့ခင်းမှာ ဘာလို့စာမကျက်တာလဲဟင်
          ဆရာမက စာမလုပ်သော ဆိုးပေကို ဆူနေသည်…
ဆရာမ။          ။“ဟင် ဆိုးပေ နင်ဟာလေ ဒီလောက်အခွင့်အရေးတွေရနေရဲ့သားနဲ့ စာကို ကောင်းကောင်းကို မလုပ်ချင်ဘူး။  အမေရိကန် သမ္မတဟောင်း အေဘရာဟမ်လင်ကွန်းကိုကြည့် သူ့ဟာ ငယ်ငယ်တုန်းက လမ်းမီးတိုင်အောက်မှာ စာကျက်ခဲ့ရတာ၊ အဲ့ဒီလို ကြိုးစားခဲ့လို့ နောင်တစ်ချိန်မှာ သမ္မတဖြစ်လာခဲ့တာ”
ဆိုးပေ။           ။“အေဘရာဟမ်လင်ကွန်းက နေ့ခင်းဘက်မှာ ဘာလို့ စာမကျက်တာလဲ ဆရာမ”



မပေးဘူးဆို မပေးဘူး
ဆရာမ။          ။ “ဆိုးပေ.. မင်းဆီမှာ ချော့ကလက် ၁၀ ခုရှိတယ်ဆိုပါစို့… ၂ ခုကို တစ်ယောက်ယောက်က ပေးဖို့ တောင်းမယ်။  အဲ့ဒါဆိုရင် ဘယ်နှစ်ခု မင်းဆီမှာ ကျန်မလဲ?”
ဆိုးပေ။           ။ “၁၀ ခု”
ဆရာမ။          ။ “အင်း… တစ်ခြားတစ်ယောက်က မင်းရဲ့ ချောကလက် ၁၀ ခုထဲက နှစ်ခုကို အတင်းလုယူမယ်ဆိုပါတော့… မင်းဆီမှာ ချောကလက် ဘယ်နှစ်ခုကျန်မလဲ”
ဆိုးပေ။           ။ “ချောကလက် ၁၀ခု နဲ့.. လုယူတဲ့ ကောင်ရဲ့ မျက်နှာမှာ မျက်ကွင်းညို ၂ခု”




နံပါတ် 
          ကာဆီနို လောင်းကစားဝိုင်းတစ်ခုတွင်ဖြစ်သည်။  အံစာတုံးခေါက်သော စားပွဲတွင် ငွေကိုင်နှစ်ယောက် ထိုင်နေသည်။  ထိုစဉ် မိန်းမချောလေးတစ်ယောက် စားပွဲသို့ဝင်လာသည်။  ဒေါ်လာ ၂ သောင်းဖိုးကို အံစာတုံး တစ်တုံးထဲခေါက်ပြီး လောင်းသည်။  သို့သော် မလောင်းခင် မိန်းမချောလေးက ငွေကိုင်နှစ်ယောက်ကို လှမ်းပြောသည်။
          “ဒီမယ်ရှင့် ကျွန်မကတော့ ကျွန်မ ဘာအ၀တ်အစားမှ မပါဘဲ အံစားတုံးလှိမ့်ရင် ကံကောင်းတတ်တယ်လို့ ယုံတယ်၊  ဒီတော့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ ဘာအ၀တ်အစားမှ မပါဘဲ အံစာတုံး လှိမ့်ပါရစေရှင်”
          ပြောပြောဆိုဆို မိန်းမချောကလေး သူမအ၀တ်အစားတွေအားလုံးကို ချွတ်ချလိုက်သည်။  ထို့နောက် အံစာတုံးကို လှိမ့်သည်။  အံစာတုံး… ရပ်သွားသည်၊ မိန်းမချောကလေးသည် သိမ့်သိမ့်တုန်အောင် ခုန်ပေါက်ပြီးတော့ “အို…. ကွက်တိပဲ… ကွက်တိပဲ…” ဟုဆိုကာ ငွေကိုင်နှစ်ယောက်ကို ပွေ့ဖက်နှုတ်ဆက်ပြီးတော့ လောင်းကြေးတွေယူက လစ်သွားတော့သည်။
     ငွေကိုင်နှစ်ယောက် ပါးစပ်ကြီးတွေဟပြီး ငုတ်တုတ်မေ့ကျန်ခဲ့သည်။  ခဏနေတော့ ငွေကိုင်တစ်ယောက်က တစ်ခြားတစ်ယောက်ကိုလှမ်းမေးသည်။ 
          “ဟေ့ကောင်… စောစောက ကောင်မလေး ဘာနံပါတ်ထိုးသွားတာလဲ”
          “ဟ… ငါလဲ ဘယ်သိမလဲ… မင်းကြည့်နေတယ်ထင်လို့”



အတွေးအခေါ်…. “ကြက်တစ်ကောင် လမ်းဖြတ်ကူးခြင်း”

အိုင်းစတိုင်း : ဒီကြက်ဟာ တစ်ကယ်ပဲ လမ်းဖြတ်ကူးခဲ့သလား.?  ဒါမှမဟုတ် လမ်းဟာ ကြက်ရဲ့အောက်က ဖြတ်သွားတာလား?

အိုဘားမား  :  ဒီကြက်တစ်ကောင်းလမ်းဖြတ်ကူးတဲ့ ကိစ္စမှ ဘာကြောင့် လမ်းဖြတ်ကူးသလဲဆိုတာက အဓိက မဟုတ်ဘူး။  အရေးကြီးတာက ဒီကြက်ဟာ ကျွန်တော်တို့လမ်းဘက်က ကူးသွားတာ ဟုတ်မဟုတ်ဆိုတာကိုပဲ။  နောက်တစ်ခုက ဒီကြက်ဟာ ကျွန်တော်တို့ရဲ့ ရန်သူလား မိတ်ဆွေလား?  ဒီနေရာမှာ “ကြားနေ” ဆိုတဲ့ ဝေါဟာရဆိုတာမရှိဘူး။

ပင်တာဂွန် စစ်ဋ္ဌာနချုပ် : ကဲ အခု မော်နီတာနဲ့ ဘယ်ဘက်ခြမ်းကိုကြည့်လိုက်၊  ခင်ဗျားတို့ ကြက်တစ်ကောင် လမ်းဖြတ်ကူးနေတာကို အသေးစိတ်ကို မြင်ရမယ်။

ဘီလ် ကလင်တန်  : ကျွန်တော့် အနေနဲ့ကတော့ ဒီကြက်နဲ့ ဘယ်တုန်းကမှ လမ်းဖြတ်မကူးခဲ့ဖူးပါဘူး။  ခင်ဗျားတို့ ပြောနေတဲ့ ကြက် ဆိုတဲ့အဓိပ္ပာယ်လေးကို ရှင်းစမ်းပါဦး…..


CNN သတင်းဋ္ဌာန : ခုလောလောဆယ်အခြေအနေကတော့ လမ်းဖြတ်ကူးသွားတာဟာ ကြက်တစ်ကောင်ဖြစ်တယ်လို့ ယုံကြည်လို့ရပါတယ်။  ဒါပေမယ့် ဟိုဘက်က လမ်းဘက်ခြမ်းကိုတော့ သတင်းယူဖို့ ဖြတ်သန်းခွင့်မရသေးပါဘူး။  နောက်ထပ် အသေးစိတ်သတင်းတွေကိုတော့ အချိန်နှင့် တပြေးညီ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။


အော်ပရာ ၀င်ဖရေး (အမေရိကန် နိုင်ငံကျော် ရုပ်သံတင်ဆက်သူ) : ခုကျွန်မ နားလည်တာကတော့ ဒီကြက်မှာ ပြဿနာရှိတယ်ဆိုတာပါပဲ။  ဘာဖြစ်လို့ ဒီကြက်ဟာ ဆိုးဆိုးရွားရွားကို လမ်းဖြစ်ကူးချင်ရတာလဲ?  ဒီကြက်ဟာ သူ့ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ဒီလိုမျိုး အန္တရာယ်များလှတဲ့ လမ်းကို မကူးသင့်ဘူးလေ…  ဒီတော့ ကျွန်မ ဒီကြက်ကို ကားတစ်စီးနဲ့ ဒရိုင်ဘာတစ်ယောက်ပေးမယ်… ဒီတော့မှ ဒီကြက်ဟာ တခြားကြက်တွေလို မဟုတ်တော့ဘဲ အန္တရာယ်ကင်းကင်းနဲ့ လမ်းဖြတ်ကူးနိုင်မှာ။ (ဖြောင်း.. ဖြောင်း… ဖြောင်း… ဖြောင်း.. ပုရိတ်သတ် လက်ခုပ်သံများ)

ဂျွန်ကာရွိုင်း (လွှတ်တော်အမတ်) : ကျွန်တော် ဒီကြက်ကို လမ်းဖြတ်ကူးဖို့ မဲပေးခဲ့တယ်။  ဒါပေမယ့် ခုတော့ ဒီအဖြစ်အပျက်ကို လုံးဝ ဆန့်ကျင်ပါတယ်။  ဒီကြက်ဟာ လမ်းမှားကို ဖြတ်ကူးသွားခဲ့တယ်။  ဒီလိုမျိုး ကြက်ရဲ့ စိတ်ဓာတ်ကို လုံးဝ ရှုပ်ချပါတယ်။  ခုချိန်ကစပြီးတော့ ကျွန်တော်ဟာ လုံးဝ လုံးဝကို ဒီကြက် လမ်းဖြတ်ကူးတဲ့ ကိစ္စကို ဆန့်ကျင်သွားမှာဖြစ်ပါတယ်။

မာသာ စတီးဝပ်  (အမေရိကန် စီးပွားရေးလုပ်ငန်းရှင်) : ဒီကြက်နဲ့ ပါတ်သတ်တဲ့ ကိစ္စတွေနဲ့ ဒီကြက်ဘာဖြစ်သွားတယ်ဆိုတဲ့ ကိစ္စတွေအတွက် ကျွန်မကို ဘယ်သူမှ မေးမြန်းစုံစမ်းခြင်းမရှိသေးပါဘူး။  ဒါပေမဲ့ ကြက်ဥဈေးတွေ ထိုးကျမသွားခင် ကျွန်မရဲ့ ကြက်မွေးခြံထဲက ကြက်ဥတွေတော်တော်များများကို ထုတ်ရောင်းခိုင်းထားတယ်။

ဂျွန် လီနွန် (အင်္ဂလိပ် အဆိုကျော်နှင့် သီချင်းရေးဆရာ) : ခင်ဗျားတို့ မြင်ကြည့်လိုက်စမ်းပါ…. ဒီလိုမျိုး ကြက်တွေ လက်တွဲညီညီနဲ့ ငြိမ်းချမ်းစွာ အတူတစ်ကွ လမ်းဖြတ်ကူးနေတာ ဘယ်လောက်လှတဲ့ ရှု့ခင်းလဲလို့….

အဲရစ်တိုတယ် (ဂရိ အတွေအခေါ် ပညာရှင်ကြီး) :  ကြက်တစ်ကောင်ရဲ့ ဖြစ်တည်မှု့ထဲမှာ လမ်းဖြတ်ကူးဖို့လဲ ပါတယ်။

မိုက်ခရိုဆော့ဖ်  : ၂၀၁၃အတွက် eChicken 2013 ဆိုပြီး ခုမှထုတ်လိုက်တာ၊  ဒါပေမယ့် ဒီဆော့ဖ်ဝဲဟာ လမ်းမကူးပါဘူး။  ဒါပေမယ့် ခင်ဗျားတို့ရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ လုံခြုံရေးပိုင်းတွေအားလုံးအတွက် စိတ်ချလို့ရတယ်။  နောက်ပြီးတော့ Internet explorer ကိုလည်း အရင်အတိုင်းပဲ ဒီဆော့ဖ်ဝဲထဲမှာ တစ်ခါထဲ ထည့်ပေးထားတာပဲလေ။  နောက်ပြီးတော့ ဒီ Operation Platform က အရင်ဗားရှင်းတွေထက်စာရင်ပိုပြီးတော့ တည်ငြိမ်ပြီးတော့ ဘယ်တော့မှ ဟန်းးး…ဟန်း…ဟန်း…... #@&&)_** !@#$%^&
(C\..... reboot.


4 comments:

  1. ကဲ အရှုံးပေးပါပြီ--------သင်္ဘောကို ဘယ်လိုဖွက်လိုက်သလဲဆိုတာ ကျွန်တော့်ကို ပြောပြ===

    “သေချာစဉ်းစားဦးနော်… ငါ တစ်ခြားတစ်ယောက်ကို မခြေမငံပြောလိုက်တာနဲ့ မင်းရဲ့ ၃၂ ချောင်းလုံး အပြင်ကိုထွက်သွားမယ်.”

    သေချာဖတ်ပြီး ကောင်းကောင်းရယ်ခဲ့ပါတယ်ရှင်

    ReplyDelete
  2. wow !
    real smile smile that :)))
    i like it !
    thanks a lot :)

    ReplyDelete
  3. အဲဒီ လမ်းဖြတ်ကူးတဲ့ ကြက်။ ဖိနပ်စီးလား ဖိနပ်မစီးဘူးလားဆိုတာ ဘယ်ပညာရှိကမှ အသေးစိပ်တင်ပြထားခြင်းမရှိတာက ဒီနေရာမှာ ဂတ်(ပ်) ဖြစ်နေတယ်။း)

    ReplyDelete
  4. ကတောက်....ကိုအွတ်ထောင်ရာ......အဲ့ကြက်လမ်းဖြတ်မကူးခင်တွေ့လိုက်ချင်စမ်းပါဘိ....၊သင်း လမ်းမကူးလိုက်ရပဲ ကြက်ကင်ဖြစ်သွားစေရမယ်... :P

    ReplyDelete