စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 23, 2012

ရှန်ဟိုင်းရဲ့ The Bund သို့ တစ်ခေါက်

     ဒီနေ့ အလုပ်ပိနေတဲ့ ကျွန်တော်တို့ အဖွဲ့ ရှန်ဟိုင်းရဲ့ The Bund ကို တစ်ခေါက် စိတ်ထွက်ပေါက်လေးအနေနဲ့ ညစာသွားစားဖြစ်တယ်။  The Bund ကတော့ ရန်ကုန်က ကမ်းနားလမ်းလိုမျိုး၊  စင်ကာပူရဲ့ မာရီနာဘေး လိုမျိုး မြစ်ကမ်းဘေးက နေရာလေးပါ။  ကိုလိုနီခေတ်က အဆောက် အဦးတွေနဲ့ ခေတ်သစ် မိုးပျံ အဆောက်အဦးတွေ ကမ်းနဖူးမှာ စီစရီရှိနေတဲ့ နေရာလေးပေါ့။ နေသာတဲ့ နေ့မျိုးဆိုရင်တော့ လေညှင်းခံရင်း၊ ထွေလာသောင်းပြောင်းလေးတွေ ပြောရင်းနဲ့ အတော်လေး နေလို့ကောင်းမယ့်နေရာလေး။  ဒါပေမယ့် ရှန်ဟိုင်းမှာတော့ ခုရက်ပိုင်း မိုးအရွာစိပ်နေလေတော့ ဒီနေ့လည်း မိုးဖွဲဖွဲလေးကျနေပါတယ်။  

ရှစ်ခွင်လုံး မှိုင်းမှိုင်းမှုံလို့ ဘာမှန်းမသိ လွမ်းလှသည်....

Shanghai Science Park နားက အဆောက်အဦး ဘာမှန်းတော့မသိ လှမ်းရိုက်လိုက်သည်...

 Shanghai Science Park အ၀င်နားက ဘာမှန်းမသိတဲ့ ဟာကြီး ထောင်ထားတာ လှလို့ ရိုက်သည်...

တိုက်တွေကတော့ အပေါ်ပိုင်းကို မမြင်ရတော့ အကုန်လုံး တိမ်တွေကွယ်နေလို့...

စားသောက်ဆိုင်နားရောက်တော့ ရှန်ဟိုင်း ပုလဲတီဗီတာဝါနေရာလေးလှလို့ ရိုက်ပြန်သည်...
     
     လမ်းတစ်လျှောက်လုံးလည်း မိုးတိမ်တွေက အုံ့နေတာမို့ ဘယ်နေရာကြည့်ကြည့် မှိုင်းတိုင်းတိုင်းနဲ့ ကားပေါ်မှာတင် အိပ်ချင်လာတယ်။  ရွေးဖြစ်တဲ့ ဆိုင်လေးက RBT ဆိုတဲ့ဆိုင်လေးပါ။  သပ်သပ်ရပ်ရပ်လေးနဲ့ ကမ်းနဖူးပေါ်မှာဆိုတော့ မြစ်ပြင်ကျယ်ကြီးနဲ့ တိုက်တွေ၊ ရှု့ခင်းလှလှလေးတွေပါ ခံစားလို့ရပါတယ်။  ကြိုဖုန်းဆက်ရင် ၅ ရာခိုင်နှုန်း ဒစ်စကောင့်ဆိုတော့ လာထားပေါ့လေ...

ဆိုင်ထဲကိုမ၀င်ခင် ပုလဲ တာဝါကိုလှမ်းရိုက်သည်... အပေါ်ပိုင်း မပေါ်ခြေ.. တိမ်တွေက ကွယ်ထားသည်..

 RBT အ၀င်လမ်းကလေး...

ကဗျာဆန်သလို... ဘာလိုလိုပေါ့လေ... Carlsberg ကော်ဇော်ခင်းထားမှတော့ ကဗျာဆန်တော့မှပေါ့... 


ဆိုင်အ၀မှာသော ဟောဒီလို ဆိုင်းဘုတ်ထောင်ပြီး ကြိုနေသဗျား....

ကြိုနေတဲ့လူက ကြိုနေတော့ မှာတဲ့လူကလည်း မှာရမှာပေါ့လေ.. ကြုံတုန်းလေး ၀င်မော့သွားကြပါဦး... :P

ဘာရယ်မဟုတ်ဘူး ထမင်းစားပွဲခုံက နှင်းဆီပန်းလေးနဲ့ ဖယောင်းတိုင်မီးလေးနဲ့ ရိုမန်းတစ်ဆန်မလားလို့ ရိုက်ကြည့်တာ..

 Mushroom Soup ရယ်.. ချိစ်တွေများလွန်းတဲ့ ဘေကွန် ပတ်စတာရယ်... French Fires ရယ် မှာလိုက်တယ်... ဟိုချိစ်များလှတဲ့ဟာကြီးကတော့ ဘယ်လိုမှ စားရတာ မအပ်စပ်လို့ မစားတော့ဘူး... 


ဆိုင်အပြင်မှာတော့ ဒီလိုမျိုး ခုံလေးတွေခင်းထားတော့ The Bund ရဲ့ အလှအပကို တစ်ဝကြီး ခံစားလို့ ရနိုင်သည်... သို့သော် မိုးရွာနေသောကြောင့် ဘယ်လိုမှ မဖြစ်နိုင်ခြေ...  အိမ်က ရှု့မငြီးကိုတောင် သတိရမိသေးသည်.. သူပါလာလျှင် တူတူထိုင်ပြီး ရှု့ခင်းအေးအေးလူလူကြည့်လို့ရသည်... သို့သော် ရွှေပြည်ခဏပြန်သွားသဖြင့် နားအေးပါးအေးနေရသည်.. (မရှိတုန်းပြောထားရတာ)။  မည်သို့ပင်ဆိုစေ သတိတော့ရမိသည်...



            ဆိုင်လေးက သန့်သန့်ရှင်းရှင်း အေးအေးလူလူ လူတွေလည်းရှုပ်မနေတော့ အနားယူလို့ကောင်းသည်။  မြစ်ပြင်ကျယ်ကြီးကိုကြည့်လိုက်.. ဘီယာလေး မြှုပ်လိုက်၊ အာလူးကြော်လေး တစ်တို့ကိုက်လိုက်၊ စကားလေး ဘာလေးပြောလိုက်၊ ဖြတ်သွားတဲ့ သင်္ဘောတွေ ဓာတ်ပုံလှမ်းရိုက်လိုက်နဲ့ မဆိုးလှ။  အပြင်မှာထိုင်ရရင်တော့ ပိုကောင်းမည်၊ သို့သော် မိုးက ဖွဲဖွဲလေးကျနေတော့ အထဲမှာပဲ ထိုင်ဖြစ်သည်။  အပြင်ရောက်ရင် အလုပ်အကြောင်းမပြောကြေးဆိုထားပေမယ့် အပြင်ရောက်တော့ ပြောစရာက သင်္ဘောတွေမြင်တော့ သင်္ဘောအကြောင်းသာ ပြောဖြစ်သည်။  သင်္ဘောအကြောင်းပြောရင် အလုပ်အကြောင်းတွေပါလာသည်။  ထို့ကြောင့် စကားမပြောတော့... အပြင်သာ ငေးကြည့်နေသည်။ သင်္ဘောတွေကတော့ ဥဒဟို... အပျော်စီးသင်္ဘောတွေများသည်.. မြင်မြင်သမျှ အထဲက လှမ်းရိုက်သည်။



အပျော်စီး သင်္ဘောပေါ်က လူတွေက ကိုယ်တွေဘက်ကို ဓာတ်ပုံလှမ်းရိုက်သည်.. ကိုယ်တွေက သူတို့ကို ဓာတ်ပုံပြန်ရိုက်သည်... ကောင်းလေစွ.. ကောင်းလေစွ...

ဟိုဘက်ကမ်းကို လှမ်းရိုက်သည်... 

မှောင်တောင်တောင် ၀ါးတားတားသာ မြင်ရသည်...

သို့သော်.. ရိုက်သူများကတော့ မိုးထဲရေထဲ အားကြိုးမာန်တက်ကို ရိုက်နေကြသည်... မိုးလေးက တဖွဲဖွဲ၊ လူတွေက တသည်းသည်းပေါ့လေ..

 အပန်းဖြေသူတွေကဖြေ၊ ရှု့ခင်းကြည့်သူတွေကကြည့်.... အမှိုက်သိမ်းသူကသိမ်း.. သြော်.. ဘ၀ ဘ၀.. သူ့အဖို့တော့ ဒါကြီးဘဲ နေ့တိုင်းတွေ့နေရတော့ အမှိုက်သိမ်းရင်း ဒီရှု့ခင်းကြည့်ရတာ ပျော်မယ်မထင်လှ... 

ဆိုင်အပြင်ထွက်လိုက်တော့ ဒီနေရာလေးသွားတွေ့သည်.. နေသာတဲ့နေ့သာဆို စီးကရက်လေးဖွာပြီး ထိုင်ကြည့်နေလိုက်ရရင်.. သာယာလိုက်မယ့်အဖြစ်... ခုချိန်ထိုင်လိုက်ရင် ဖင်စိုတာသာ အဖတ်တင်မှာမို့လို့ မထိုင်တော့....

ပြန်ခါနီး ပုလဲတာဝါကို ထပ်ရိုက်ပြန်သည်... သို့သော် ထူးမခြားနား အပေါ်ပိုင်း မပေါ်ချေ....

           ညစာစားပြီးရင် Bar ကိုသွားဖို့ ရည်ရွယ်ထားသော်လည်း မိုးကဖျက်ပြန်သည်... ထို့ကြောင့်ပင် အလုပ်ရှိရာ ဟိုတယ်သို့သာ နှင်ရင်းဖြင့် တစ်ရက်လွန်လေ သတည်း.......





5 comments:

  1. လှလိုက်တဲ့ ရှန်ဟိုင်း
    ရောက်ဖူးချင်တယ်

    ReplyDelete
  2. အလွမ်းပြေလာကြည့် သွားပါတယ်...

    ReplyDelete
  3. ရှန်ဟိုင်းကိုအလည်လာချင်စိတ်ပေါက်သွားတယ်ဗျာ.....၊အင်း...ရှန်ဟိုင်းကိုမလာခင် ဟိုတီလုပ်မလေးတွေနဲ့ တီလုပ်စကားသင်ထားဦးမှပါ.....:P

    ReplyDelete
  4. ပုံတွေကြည့်ပြီး ရှန်ဟိုင်းကို ရောက်ဖူးချင်လိုက်တာ မောင်အောင်ထွဋ်ရေ။
    တရုတ်ပြည်ဆိုလို့ စက်ရုံခွဲကို လေ့လာရေးသွားခဲ့တဲ့ ကျူးဟိုင်းလောက်ပဲ ရောက်ဖူးတာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. တို့လည်းရောက်ဖူးတယ်၊အလွမ်းပြေပေါ.

    ReplyDelete