စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 30, 2012

Work Smarter, Not Harder


          တစ်ခါတစ်လေကျတော့ တွေးမိတယ်.. ငါ ဘာတွေလုပ်နေတာလဲ ဆိုပြီးတော့ပေါ့။  တစ်နေ့ အလုပ်ဘယ်လောက်ပြီးခဲ့သလဲ?  ရှေ့ဆက်လုပ်ဖို့ ဘယ်လောက်ကျန်သေးလဲ။  ဒီအခါကတော့ Work Smarter, Not Harder ဆိုတဲ့ ဟာလေးကို ပြေးပြေးမြင်မိတယ်။  ရုံးဝန်ထမ်းတစ်ယောက်ဆိုပါတော့ ကွန်ပျူတာဖွင့်လိုက်လို့ Desktop ပေါ်မှာတင်ထားတဲ့ ဖိုင်တွေမှာ ဒီနေ့ အပြီးလုပ်ရမယ့် အလုပ်တွေအတွက် ဘယ်နှစ်ဖိုင်ရှိလဲ? ဒီတစ်ပတ် အပြီးလုပ်ရမယ့် ဖိုင်တွေ ဘယ်နှစ်ဖိုင်ရှိလဲ? ဒါမှမဟုတ် အသုံးမ၀င်တဲ့ ဖိုင်တွေ များနေပြီးတော့ တွေ့ကရာကို ပြီးအောင် လျှောက်လုပ်နေလား? 

လူဝင်ဆန့်နိုင်မှု့
          ခက်တာက ကျွန်တော်တို့ရဲ့ ကြက်တူရွေးပညာရေးစနစ်။  ကျောင်းမှာသင်တော့လည်း သင်ရိုးကုန်ကို အလွတ်ကျက် အလွတ်ဖြေခဲ့တယ်။  တက္ကသိုလ်မှာလည်း သင်ရိုးတွေ တော်တော်များများကို အလွတ်ကျက်ရအောင်ကျက်ပြီးတော့ ဖြေခဲ့တယ်။  ဒါပေမယ့် ဒီလိုဖြတ်သန်းခဲ့တဲ့ သူငယ်တန်းကနေ တက္ကသိုလ်ပြီးတဲ့ ၁၅ နှစ်လောက်ကာလမှာ လူမှု့ရေးအသိုင်းအ၀ိုင်းနဲ့ အတော့်ကို ကင်းကွာနေအောင် တက္ကသိုလ်တွေထဲမှာ တက္ကသိုလ်ကျောင်းသားဘ၀က ပျောက်ဆုံးနေတယ်။  ဆိုလိုတာက ကျွန်တော်တို့ လူငယ်တော်တော်များများဟာ လူမှု့ရေးပိုင်းမှာ တော်တော့်ကို အားနည်းနေတယ်လို့ မြင်မိတယ်။  ကျွန်တော်ပြောချင်တာက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှု့မျိုးကို ဆိုလိုတာမဟုတ်ဘူး။  လူကြီးတွေနဲ့ စကားပြောတဲ့အခါမှာ ပိုင်ပိုင်နိုင်နိုင်နဲ့ ချက်ကျ လက်ကျ ပြောနိုင်တဲ့ လူမှု့ရေးစွမ်းရည် ကျွန်တော်တို့မှာ တော်တော့်ကို အားနည်းတယ်။  ကျွန်တော်တို့ မန်နေဂျာတွေနဲ့ စကားပြောတဲ့အခါမှာ Yes, No နှစ်လုံးလောက်သာ ပါးစပ်က ထွက်နိုင်လောက်အောင် အာစေးမိနေသလိုဖြစ်နေတတ်တယ်။  တက္ကသိုလ်ကျောင်းသာဘ၀မှာ စာအုပ်ထဲတွေမှာ မရနိုင်တဲ့ အပေါင်းအသင်း ၀င်ဆန့်တဲ့ အသိုက်အ၀န်းမျိုးကို ကျွန်တော်တို့ မရခဲ့ကြဘူး။  တစ်နည်းအားဖြင့် Social ကျတယ်လို့ တစ်ချို့တွေ ခေါ်တဲ့ဟာပေါ့။  ဆိုရှယ်ကျတယ်ဆိုတာက ဘီယာဆိုင်သွား၊ ဘီယာသောက်၊ မိန်းကလေးတွေနဲ့ အီစီကလီလုပ်၊ ဆေးချ ဒါမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။  အပေါင်းအသင်း ၀င်ဆန့်နိုင်အောင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်သွေး ထက်မြက်လာအောင် ပြောနိုင်တဲ့ စွမ်းရည်ကို ဆိုလိုတာပါ။  ဒါမျိုးတွေဟာ ကျောင်းသင်ခန်းစာတွေထဲမှာ ရှာလို့မတွေ့နိုင်တဲ့ အရာတွေပါ။  ဒါပေမယ့် ဒီအရည်အသွေးဟာ ကိုယ့်ရည်မှန်းချက်အောင်မြင်ရေးအတွက် အရမ်းကို အထောက်အကူဖြစ်စေမယ့် ကိုယ်ရည်ကိုယ်သွေးပါပဲ။  ဟားဗတ်၊ ပရင်စတန်၊ အောက်စ်စဖိုဒ့်နဲ့ ပါတ်သတ်တဲ့ ၀တ္တုတွေဖတ်လိုက်တိုင်း သူတို့ တက္ကသိုလ်တွေဟာ တက္ကသိုလ်ကျောင်းသားတွေကို မိတ္တဗလ စွမ်းရည်ထက်မြက်လာအောင်၊ လူဝင်ဆန့်လာအောင် တော်တော့်ကို ပြုစုပျိုးထောင်ပေးကြတာပဲလို့ စိတ်ထဲမှာတွေးမိတယ်။

          နိုင်ငံခြားကို ပထမဦးဆုံးရောက်လာတော့ မန်နေဂျာပြောရင် ဟုတ်ကဲ့ တစ်လုံးပဲ ပြောတတ်တယ်။  ကဲ အမောင် ဒါလေးတွေ ပြီးအောင်လုပ်၊ ဟုတ်ကဲ့…။  ဒါလေးကော ထပ်ဆောင်းပြီး လုပ်နိုင်သေးလား… ဟုတ်ကဲ့။  ဟုတ်ကဲ့ ချင်းကိုထပ်နေတာ။  အလုပ်ပိနေကြောင်း၊ မလုပ်နိုင်တဲ့အကြောင်းကို ချက်ကျလက်ကျ ပြန်ပြောဖို့ဆိုတာကလည်း ကိုယ့်ဟာကိုယ်တောင် မြန်မာလိုစဉ်းစားလို့ မရတာ အင်္ဂလိပ်လို ပြန်ပြောဖို့ ဝေးစွ။  ဒီလိုနဲ့ အလုပ်တွေကပိလာ၊ မနိုင်မနင်းကိုဖြစ်ရော။  ဒီလိုနဲ့ တဖြည်းဖြည်း ခိုင်းနွားကြီး လုံးလုံးကို ဖြစ်လို့။  ဒါ့ကြောင့် စလုံးမှာပြောလေ့ ပြောထရှိတယ်.. ဗမာတွေက ခိုင်းလို့ကောင်းသတဲ့။  ဒီလောက်အထိ ကျွန်တော်တို့ လူမှု့ရေး ၀င်ဆန့်မှု့မှာ အားနည်းကြတယ်။  နောက်ပိုင်း အစည်းအဝေးတွေရောက်လာတော့ စကားလုံးအထားအသို၊ အသုံးအနှုန်းတွေကလည်း တော်တော်လေးကို အရေးကြီးလာတယ်။  ကိုယ့်ယူဆချက်မှန်နေမှန်းသိပေမယ့် အာစေးမိပြီးတော့ လုံးစေ့ပတ်စေ့ မပြောနိုင်တာလောက် စိတ်ထဲမှာ အစာမကျေဖြစ်တာမရှိဘူး။  ဒီတော့ ကိုယ်ဘယ်လောက် အလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်က ခရီးမတွင်ဘူး။  ဒီတော့ Work Smarter ဖြစ်ဖို့ အဓိက အချက်ကတော့ လူဝင်ဆန့်နိုင်ဖို့အရေးကြီးလှပါတယ်။  ကိုယ်ဆိုလိုချင်တဲ့ လိုရင်းကိုရောက်အောင် ချက်ကျ လက်ကျ သက်ဆိုင်ရာ ဘာသာစကားနဲ့ ပြောနိုင်ရင် ကိုယ်လုပ်နေတဲ့ အလုပ်ဟာလည်း ကိုယ်လုပ်သလောက် ပြီးမြောက်နိုင်မယ် ကျွန်တော်က ယုံကြည်တယ်။
-------------------------------------------------------------------------------------------------- 

ခေါင်းဆောင်နိုင်စွမ်း
          နောက်တစ်ချက်က ခေါင်းဆောင်နိုင်စွမ်းဆိုတဲ့ အချက်ကလည်း အလုပ်ကိုပြီးမြောက်ဖို့ တွန်းအားတစ်ရပ်ပဲလို့ မြင်မိတယ်။  ခေါင်းဆောင်နိုင်စွမ်းထဲမှာ စီမံခန့်ခွဲမှု့ အနုပညာက မရှိမဖြစ်ကိုလိုတယ်။  ခေါင်းဆောင်က အမျှော်အမြင်မရှိ၊ နောက်လိုက်တွေကလည်း ဘာမမသိ၊ ဘယ်လမ်းရောက်လို့ ရောက်နေမှန်း မသိ၊  မနက်ဖြန် ဘာဖြစ်မလဲ၊ နောက်တစ်လ ဘာဖြစ်လာနိုင်မလဲ၊ နောက်တစ်နှစ် ဘာဖြစ်လာနိုင်လဲဆိုတဲ့ စီမံချက်ဆိုတာကို ခေါင်းဆောင်ကိုတိုင်လည်း မသိ၊  နောက်လိုက်တွေလည်း မသိ ဆိုရင်တော့ ဘုန်းကြီးရူးနဲ့ လှေလူးနေမှာပေါ့လေ။  ဆိုကြပါစို့...... လက်သမားတစ်ယောက်ဟာ အလုပ်ကို သေအောင် ကြိုးစားပြီး လုပ်နေခြင်းဟာ သူ့ဘ၀အတွက် ပြီးပြည်စုံပြီလို့ ယူဆထားရင် သူ့ဘ၀မှာ အလုပ်သမားကောင်း ဆုတံဆိပ်ကလွဲလို့ တခြားမျှော်လင့်စရာ ဘာမှမရှိသလို သူဟာ တစ်နေ့ကျရင် မန်နေဂျာတစ်ယောက်ရဲ့ လစာကိုလည်း ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး။  သူ့ရဲ့ ၁၀၀% ကြိုးစားမှု့ရလဒ်ဟာ သူ့ဘ၀ရဲ့ ပန်းတိုင်ဖြစ်တဲ့ အလုပ်သမားကောင်းလက်မှတ်နဲ့ ပြီးဆုံးသွားမှာပါ။  ဒီအတွက်လိုအပ်တာက သူ့ရဲ့ ခေါင်းဆောင်နိုင်မှု့ စွမ်းရည်နဲ့ စီမံခန့်ခွဲမှု့ အတတ်ပညာပါ။  ဒါမှ သူဟာ တစ်နေ့ အလုပ်သမားခေါင်းဆောင် တစ်ယောက်ဖြစ်လာပြီးတော့ သူဟာ အလုပ်သမားခေါင်းတစ်ယောက်ရဲ့ လစာကို ရရှိမှာဖြစ်ပါတယ်။  ကျွန်တော်ဆိုလိုတာက အလုပ်ကို သေအောင် မကြိုးစားနဲ့လို့ ဆိုလိုတာမဟုတ်ပါဘူး။  အလုပ်ကို လက်ကြောတင်းအောင် မလုပ်ရင် သူဟာ အလုပ်သမားခေါင်းဆောင် တစ်ယောက်အဖြစ် ရောက်ရှိလာဖို့ မလွယ်ကူပါဘူး။  အလုပ်ကို ကြိုးစားလုပ်ရင်း သူရဲ့ သင်ယူလေ့လာမှု့နဲ့ အလုပ်အပေါ်မှ ဦးဆောင်နိုင်မှု့ကို ဆိုလိုတာပါ။  အလုပ်ရဲ့ သဘောသဘာဝကို လေ့လာရမယ်၊ အလုပ်ပြီးမြောက်စေဖို့ ဘယ်အချက်က အရေးအကြီးဆုံးလဲ၊ ဘယ်အလုပ်ကို အရင်ဆုံးလုပ်ရမလဲ၊  ဘယ်အလုပ်ကို အချိန်ကိုက်ဖြစ်အောင် စီစဉ်ရမလဲဆိုတာတွေကို သူ သင်ယူနိုင်ခဲ့ရင် တစ်နေ့ကျရင် သူဟာ အလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီးတော့ သူအတွက် အလုပ်သမားခေါင်းဆောင် လစာရရှိလာမှာဖြစ်သလို၊ စုတတ်ဆောင်းတတ်ရင်လည်း တစ်နေ့နေ့မှာ အလုပ်ရှင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ 
--------------------------------------------------------------------------------------------------          

အလုပ်ဟာ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ၊ တစ်ဘ၀လုံးမဟုတ်ဘူး
          ပြိုင်ဆိုင်မှု့တွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့တွေဟာလည်း လူးကာ လှိမ့်ကာနဲ့ ၀င်ပြီးတော့ တိုးနေကြရတာ။  ဒီတော့ ငါကတော့ဖြင့် ဒီကုမ္ပဏီမှာ အလုပ်ရပြီ။  ငါ့ဘ၀ကြီးတော့ ခိုင်မာပြီလို့ ကျွန်တော်ကတော့ မတွေးမိပါဘူး။  ကျောင်းကထွက်လာ ကထည်းက ငါ စိတ်ဝင်စားတာက ဒီဘာသာရပ်၊ ဒီလိုအလုပ်မျိုး လုပ်ချင်တယ်။  ဒါကို အရင်ဆုံးတွေးမိတယ်။  ဒီအတွက် ဒီဘာသာရပ်နဲ့ သင့်တော်မယ့် ကုမ္ပဏီကိုမှာ အလုပ်ရခွင့်ရနိုင်ဖို့ ကြိုးစားတယ်။  အလုပ်ရပြီ။  ကိုယ်ဝါသနာပါတဲ့ အလုပ်၊ ကိုယ်လုပ်ရပြီ။  ဒါပေမယ့် ဒီအချိန်မှာ ဒါနဲ့ ရပ်သွားမှာလား။  အပေါ်ကို မော့ကြည့်လိုက်ရင် လှေကားထစ်တွေ တွေ့နေရတယ်။  တစ်ချို့လှေကားထစ်တွေက အတွေ့အကြုံနဲ့ ပါတ်သတ်တဲ့ လှေကားထစ်တွေ၊  တစ်ချို့လှေကားထစ်တွေက ကျွမ်းကျင်မှု့နဲ့ ဆိုင်တဲ့ လှေကားထစ်တွေ၊ တစ်ချို့လှေကားထစ်တွေက ဘွဲ့လက်မှတ်နဲ့၊ ပညာရေးလက်မှတ်နဲ့ ဆိုင်တဲ့ လှေကားထစ်တွေ၊ တစ်ချို့လှေကားထစ်တွေက ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်တဲ့ လှေကားထစ်တွေ။  ဒါတွေကိုတစ်ထစ်ချင်းစီ နင်းနိုင်မှ ဒီထက် အဆင့်မြင့်တဲ့ ဘ၀ကို ရောက်နိုင်မှာပါ။  ဒါပေမယ့် အရေးအကြီးဆုံးကတော့ လုပ်ငန်းခွင်မှာ အလုပ်ပြီးမြောက် အောင်မြင်အောင် လုပ်နိုင်ဖို့က အရေးအကြီးဆုံး။  ဒါကြောင့် အလုပ်ထဲမှာ ကိုယ့်ဘာလုပ်နိုင်သလဲဆိုတာကို ပြသဖို့က အရေးကြီးတယ်။  ဒါဆိုရင် ကိုယ့်ကို ဒီရာထူးတဲ့ ထိုက်တန်တယ်လို့ အများက လက်ခံကြတယ်။ ဒါပေမယ့် ဒီထက် ပိုပြီးတော့ တိုးတက်မှု့လိုချင်ရင် စောစောက ပြောတဲ့ လှေကားထစ်တွေကို တစ်ထစ်ပြီး တစ်ထစ် အားယူပြီးတော့ ကြိုးစားတက်ရမယ်လို့ ကျွန်တော်က ထင်တယ်။          

          ဒီအတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့ အချိန်တွေကို ခွဲဝေ စိတ်ပိုင်းပြီး သက်ဆိုင်ရာ လှေကားထစ်တွေကို တက်နိုင်ဖို့အတွက် ကြိုးစားရပါမယ်။  ကျွန်တော်ကတော့ အပေါ်က စက်ဝိုင်းနဲ့ပြထားတဲ့ ပုံလေးကို သဘောကျတဲ့။  ၁)။ ပထမ စက်ဝိုင်းမှာက သင့်ကျွမ်းကျင်မှု့နဲ့ အသင့်လုပ်ထဲမှာ သင်ကောင်းမွန်စွာ လုပ်နေနိုင်တာ၊  ၂)။ နောက်တစ်ချက်က သင်ဖြစ်ချင်တာ၊ သင်လုပ်ချင်တာ၊  ၃)။ နောက်ဆုံးတစ်ချက်က သင့်ရဲ့ ဈေးကွက်ပေါက်ဈေး။  လူတော်တော်များများက ပထမ စက်ဝိုင်းနှစ်ခုထဲမှာပဲ သူတို့ရဲ့ အချိန်တွေ၊ လုပ်အားတွေကို မြှုပ်နှံတတ်ကြတယ်။  ဒီအတွက် သူတို့ရဲ့ ဈေးကွက်ပေါက်ဈေးကို သူတို့ သတိ မထားမိတတ်ကြတော့ဘူး။  ဆိုလိုတာက အချိန်တွေကုန်လွန်သွားတာနဲက အမျှ သင့်ရဲ့ အတွေ့အကြုံ၊ သင့်ရဲ့ ကျွမ်းကျင်မှု့ပေါ်မူတည်ပြီးတော့ သင့်အတွက် ဈေးကွက်ပေါက်ဈေး တက်လာမယ်ဆိုတာပါ။  ဒါကို ပိုမိုပြည်စုံစေတာက ပညာရေးလက်မှတ်ဖြစ်ပါတယ်။  အဲ့ နောက်ထပ်အရေးကြီးတာက ပေါင်းသင်းဆက်ဆံရေးနဲ့၊ လူဝင်ဆံနိုင်မှု့ပါ။  ဒါတွေကို သတိမထားမိခဲ့ရင် သင်ဘယ်လောက်ပဲ အလုပ်တွေလုပ်လုပ် သင့်ခံစားခွင့်တွေ တက်လာဖို့ ရာခိုင်နှုန်းနည်းပါးပါတယ်။ ဒီတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ့်ဘ၀တစ်ခုလုံးလို့ အမြဲတမ်းတော့ တွေးမထားပါနဲ့။  စီးပွားပျက်ကပ်တွေဖြစ်ရင်လည်း အလုပ်ပြုတ်သွားနိုင်တာပဲလေ။  ဒီအချိန်မှာ သင့်အတွက် ဈေးကွက်ပေါက်ဈေးဘယ်လောက်ဆိုတာကို လက်ဆုပ်လက်ကိုင် ပြနိုင်နေဖို့ အရေးကြီးပါတယ်။  နောက်တစ်ချက်က အလုပ်လျှောက်ရင် ကိုယ်လျှောက်တဲ့ အလုပ်ဟာလည်း ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ အပ်စပ်ဖို့ အရေးကြီးပါတယ်။  ဒါကို ကျွန်တော် လုပ်ငန်းခွင်အတွက် ယုံကြည်မှု့ရှိအောင်တည်ဆောက်ခြင်း ဆိုပြီးတော့ ပိုစ်လေး တစ်ပုဒ်တင်ဖူးတယ်။  ကဲဒီတော့ Work Smarter, Not Harder ပုံစံလေးနဲ့ အလုပ်လုပ်ကြပါစို့။
          

2 comments:

  1. ကောင်းတယ် Bravo!

    ReplyDelete
  2. ကောင်းတယ်ဘရားသား..ကျနော်ကော်ပီယူသွားပါတယ်...

    ReplyDelete