အလုပ်ရွေးချယ်ရာဝယ်
ကျွန်တော် ဟိုနေ့ကပဲ တရုတ်က ကျောင်းပြီးစ
လူငယ်လေးတွေနဲ့ စကားစမြည်ပြောဖြစ်ပါတယ်။ သူတို့နဲ့
ပြောရင်းပြောရင်း အလုပ်အကြောင်းရောက်သွားတယ်။
အဓိက သူတို့ဖြစ်ချင်တာလေးတွေ မေးကြည့်တယ်။
ဘာဖြစ်ချင်လည်းပေါ့၊ အဖြေကတော့ လစာများများရတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ ဒီပိုစ်လေးကို ရေးဖြစ်တာပါ။ ခေါင်းစဉ်ကတော့ လုပ်ငန်းခွင်အတွက် ယုံကြည့်မှု့ရှိအောင်
တည်ဆောက်ခြင်းလို့ ပေးလိုက်ပေမယ့် အဓိက က အလုပ်နဲ့ ပတ်သတ်တာလေးတွေကို ဆွေးနွေးချင်တာပါ။
ပထမဆွေးနွေးဖြစ်တာက သူတို့ သင်ကြားခဲ့တဲ့
ဘာသာရပ်ကလေးတွေအကြောင်းပါ။ ဒီအပေါ်မှာ မိမိကိုယ်တိုင်
စိတ်ဝင်စားလို့ သင်ကြားခဲ့တာလား။ နောက် သင်ကြားခဲ့တဲ့
ဘာသာရပ်နဲ့ ပတ်သတ်ပြီးတော့ မိမိ အထူးပြုထားတဲ့ သက်ဆိုင်ရာ အလုပ်တွေကို လုပ်ချင်တာလား။ ဒီလိုမျိုး ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ရင်ပျော်မှာလား
စသည်ဖြင့်ပေါ့။ ဒီလိုမှမဟုတ် လစာများတယ်လို့ထင်ရပြီး
မိမိသင်ကြားရတဲ့ ဘာသာရပ်နဲ့ ဆက်ဆပ်မှု့ မရှိတဲ့ အလုပ်မျိုးကို ရွေးချယ်ပြီးတော့ လုပ်ငန်းခွင်မှာ
မပျော်ရင်ရော? သူတို့တွေရဲ့ ဖြစ်ချင်စိတ်ကတော့ လစာများချင်တယ်က လွဲပြီးတော့ သဲသဲကွဲကွဲ
အဖြေတစ်ခုထွက်မလာပါဘူး။
ဆိုတော့ လစာများတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?
ပထမဆုံး ကျွန်တော် ပြန်ပြီး သုံးသပ်ကြည့်မိပါတယ်။
မိမိရဲ့ အရွယ် ဥပမာ Fresh Graduate ကျောင်းပြီးစမှာ လစာများတယ်ဆိုတာ ဘာကို ဆိုလိုတာလဲပေါ့။ မှန်ပါတယ် ပထမ ၁ နှစ်တန်သည်၊ ၂ နှစ်တန်သည်မှာ မိမိနဲ့
ကျောင်းပြီးစ သူငယ်ချင်းတွေကြားထဲမှာ လစာများနိုင်ပါတယ်။ ဒါပေမယ့် စဉ်းစားဖို့လိုတာက အဲ့ဒီ ၁နှစ် ဖြစ်စေ၊
၂ နှစ်ဖြစ်စေ အချိန်အတွင်းမှာ မိမိရွေးချယ်လိုက်တဲ့ အလုပ်ရဲ့ ရာထူး၊ တာဝန်ခွဲဝေယူမှု့၊
လုပ်ငန်းခွင် ကျွမ်းကျင်မှု့၊ မိမိရဲ့ ပညာအရည်အချင်း အခြေခံ စတာတွေပေါင်းစပ်ပြီး အတွေ့အကြုံဆိုတဲ့
အရာကို တည်ဆောက်ယူရမယ့် အချိန်ပါ။ အဲ့ဒီတော့
အလုပ်မ၀င်ခင် မိမိဝင်ချင်တဲ့ ကုမ္ပဏီနဲ့ ပတ်သတ်ပြီးတော့ စဉ်းစားစေချင်တာကတော့
(၁) ကုမ္ပဏီရဲ့
background ပါ။ ဒီကုမ္ပဏီဟာ ဘာနဲ့ပါတ်သတ်ပြီးတော့
အလုပ်လုပ်နေတာလည်း၊ ဒါက မိမိသင်ကြားထားတဲ့
ပညာရပ်နဲ့ ပတ်သတ်ဆက်နွယ်မှု့ရှိသလား။ ဒါမှ လုပ်ငန်းခွင်မှာ
မိမိတတ်ကျွမ်းတဲ့ ပညာရပ်ကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။
(၂) နောက်တစ်ခုက
အလုပ်ဝင်မယ့် ကုမ္ပဏီရဲ့ Image လို့ခေါ်တဲ့ ကုမ္ပဏီရဲ့ ကျော်ကြားမှု့၊ ဒါကလည်း မိမိရဲ့
Carrier Life လို့ခေါ်တဲ့ မိမိတစ်သက်တာ လုပ်ရမယ့် အလုပ်ခွင်ဘ၀အတွက် အထောက်အပံတစ်ခုဖြစ်စေပါတယ်။
(၃) နောက်တစ်ခုက
အလုပ်ဝင်မယ့် ကုမ္ပဏီရဲ့ အလုပ်သမားတွေအပေါ်မှာ သတ်မှတ်ထားတဲ့ အာမခံနိုင်မှု့ရှိသော အခွင်အရေး
ပေါ်လစီ၊ ဥပမာ နှစ်စဉ် လစားတိုးမြှင့်မှု့နှုန်းထား၊ ကျန်းမာရေးစောင့်ရှောက်မှု့ စသည် စသည်ပေါ့လေ။
(၄) မိမိကို
ဘာ ရာထူးနဲ့ အလုပ်လုပ်ဖို့ ခေါ်ယူတာလဲ?
အနည်းဆုံး
အလုပ်မ၀င်ခင်မှာ ဒီ(၄) ချက်ကိုတော့ လစာဘယ်လောက်ပေးမလဲ ဆိုတာထက်စာရင် ကျောင်းပြီးစလူငယ်တွေအနေနဲ့
စေ့စေ့စပ်စပ်ကလေး သိနိုင်သလောက် လေ့လာဖို့လိုမယ်ထင်ပါတယ်။ မိမိအလုပ်လုပ်မယ့် ကုမ္ပဏီဟာ မိမိရထားတဲ့ ဘွဲ့နဲ့
ကိုက်ညီမှု့မရှိဘူး၊ နာမည်သိပ်မရှိတဲ့ ကုမ္ပဏီ၊
အလုပ်သမားတစ်ယောက်တွက် ရေရေရာရာ ဘာမှ အာမခံချက်မရှိဘူး၊ မိမိကိုပေးမယ့် ရာထူးကလည်း
မိမိတတ်ကျွမ်းတဲ့ ပညာထက် အများကြီးနိမ့်ကျနေမယ် (ဥပမာ - မာစတာ ဒီဂရီရထားတဲ့ အင်ဂျင်နီယာတစ်ယောက်ကို
Draftman လို့ AutoCAD ပုံဆွဲတာဝန်ပေးတာမျိုး) ဆိုရင်တော့ မည်မျှ လစာကောင်းသည်ဖြစ်စေ
မရွေးချယ်သင့်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့
Carrier Life ကို အညွှန့်ချိုးလိုက်တာနဲ့ တူတူပဲဖြစ်ပါတယ်။ ဒီထက်စာရင် နာမည် အသင့်အတင့်ရှိမယ်၊
မိမိရတဲ့ဘွဲနဲ့ သင်လျှော်တဲ့ ရာထူးမျိုးလေးလည်းပေးမယ်၊ အာမခံချက်လည်း မဆိုးလှဘူး ဆိုရင်တော့
လစာ အတန်ငယ်ကွာဟသည်ဖြစ်စေ အလုပ်ဝင်သင့်ပါတယ်။
ဘ၀ဆိုတာက နှစ်ရှည်စီမံကိန်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ တစ်ဆင့်တစ်ဆင့်နဲ့ ထိုထက် ထိုထက်ပိုမိုမြင့်မားသော
ရာထူး၊ လစာ စတာတွေကို အိပ်မက် မက်ရင်း အလုပ်လုပ်နေကြတဲ့လူတွေဟာ ဖြတ်သန်းနေကြတာပါ။ ပထမဆုံးခြေလှမ်းကို မှန်ကန်စေဖို့ အလွန်အရေးကြီးပါတယ်။
--------------------------------------------------------------------------------------------------------------
အလုပ်ရှာရာဝယ်
နောက်တစ်ခု သူတို့နဲ့ ဆွေးနွေးဖြစ်တယ်။ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သတ်ပြီးတော့ပါ။ အကျဉ်းချုပ်လိုက်ရင်တော့ တရုတ်နိုင်ငံမှာ အစိုးရအဖွဲအစည်းအတွင်း
အလုပ်လုပ်ခွင့်ရရှိဖို့ဟာ အစိုးရအရာရှိ မင်းများနဲ့ ပတ်သတ်ဆက်နွယ်သူများအတွက် ပိုမိုအခွင့်အလမ်းများပါတယ်တဲ့။ ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ ဒါရိုက်တာကြီးများ၊
ဘုတ်အဖွဲ့ဝင်လူကြီးများနှင့် ပတ်သက်ဆက်နွယ်သူများကိုသာ အလုပ်ခန့်တာများပါသတဲ့။ ကျွန်တော် သူတို့တွေကို မေးကြည့်ပါတယ် လောလောဆယ်
အလုပ်ဘယ်နှစ်ခုလျှောက်ပြီးပြီလဲလို့။ မလျှောက်ရသေးပါဘူးတဲ့။ အလုပ်လျှောက်ဖို့ ကိုယ်ရေးအကျဉ်းလေးရောဆိုတော့ မပြင်ဆင်ရသေးပါဘူးတဲ့။ သူတို့လို ဘွဲ့ရခါစ အရည်အချင်းနဲ့ ဆိုရင် ဘယ်လိုအလုပ်ရှင်မျိုးက
အလုပ်ခန့်မှာလဲတဲ့? ဆိုလိုတာကတော့ စစ်မရောက်ခင်
မြားကုန်နေပါတယ်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာကြီးဟာ
လည်ပတ်နေပါတယ်၊ စက်ရုံတွေ၊ ရုံတွေ၊ အစိုးရဋ္ဌာနတွေဟာလည်း
လည်ပတ်နေပါတယ်။ သူတို့ကို ရပ်တန့်ပစ်လို့မရပါဘူး။ ဒီအတွက် လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေမှာပါ။ အဲ့ဒီတော့ စောစောကပြောတဲ့ အစိုးရ ၀န်မင်းများရဲ့
ဆက်စပ်သူများ၊ ကုမ္ပဏီအရာရှိများနဲ့ ဆက်စပ်သူများဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ မည်မျှသော
ရာခိုင်နှုန်းရှိပါသလဲပေါ့။ ဒါဆိုရင် ကျန်တဲ့
ရာခိုင်နှုန်းမှာ ကျွန်တော်တို့အတွက် အခွင့်အလမ်းမရှိနိုင်ဘူးလား? သေချာပေါက် ၁% နှုန်းထက်မနည်းရှိနိုင်မှာပါ။ မည်သည့်အလုပ်ကမှ
မိမိကို အိမ်ထိုင်ရွာရောက် အလုပ်လာခန့်မှာမဟုတ်ပါဘူး။ မိမိက အလုပ်ဆီကို သွားရမှပါ။ ဒီတော့ မိမိ ဘယ်လောက် အလုပ်လျှောက်လွှာများကို ပစ်လွှတ်နေသလဲဆိုတာပေါ်မူတည်ပြီး
အလုပ်ရှင်တွေဘက်က တုံ့ပြန်မှာပါ။ ဒီအတွက် တောင်တောင်အီအီ
စဉ်းစားပြီး အိပ်ယာပေါ်မှာ လက်မောင်းခေါင်းအုံး အတွေးပင်လယ်ကြောမျောနေရင်တော့ အချိန်ကုန်ရုံသာ
အဖတ်တင်ပါလိမ့်မယ်။
ကျွန်တော် စင်္ကပူကို ကျွန်တော့်သူငယ်ချင်းနဲ့အတူ
ဘွဲ့ရပြီးပြီးချင်း ထွက်လာဖြစ်ပါတယ်။ အတွေ့အကြုံဆိုတာ
ဘာမှမရှိပါဘူး၊ အိပ်ထဲမှာ စင်္ကာပူဒေါ်လာ ၁၀၀၀ သာသာနဲ့ အူလည်လည်ရောက်လာတယ်ပေါ့။ ရောက်စက အိမ်လခ ကျွန်တော်ထင်တယ် ၁၈၀ နဲ့တူတယ် အဲ့ဒါပေးရတယ်။ စင်္ကာပူအခေါ် တူး ပလက်(စ်)၀မ်းပေါ့ အဲ့ဒီလို လူနေခန်း
၂ခန်း၊ ဧည့်ခန်း ၁ခန်း၊ မီးဖိုချောင်တစ်ခန်း၊ ရေချိုးခန်းအိမ်သာတစ်ခု ပါဝင်တဲ့ အခန်းလေးမှာပါ။ လူနေခန်း ၁ခန်းမှာက အိမ်ရှင်လင်မယားနဲ့ ကလေး၂ ယောက်နေကြပါတယ်။ နောက်တစ်ခန်းမှာက စကာင်္ပူရောက်နေတာကြာပြီဖြစ်တဲ့
အကိုကြီး ၂ ယောက်နေကြတယ်။ ဧည့်ခန်းမှာက ၂ ယောက်အိပ်ခုတင်
၂ လုံးနဲ့ လူလေးယောက် ထားသဗျ။ ထိုအိမ်ခန်းလေးမှာ
လူစုစုပေါင်း ၁၀ ယောက်နေကြပါတယ်။ ရေချိုးခန်း
အိမ်သာ ၁ လုံးဘဲရှိလေတော့ လျှော်ရေး ဖွတ်ရေး ကျန်းမာရေးရှင်းလင်းတဲ့ ကိစ္စတွေကို စဉ်းစားသာကြည့်။
ထားပါတော့ ဒါကအရေးမကြီးလှပါဘူး။ ကျွန်တော့်
သူငယ်ချင်းကောင်းမှု့နဲ့ ဒီလို ဈေးသက်သာတဲ့ အခန်းလေးရလို့ ဒါကိုဘဲ ကျေးဇူးတင်လှပါပြီ။
အဓိကပြောချင်တာက ကျွန်တော်တို့ အလုပ်ရှာတဲ့ပုံစံကိုပါ။ စင်္ကာပူကို အလည်ဗီဇာနဲ့လာရင် ၁လ အချိန်ရပါတယ်။ ကံကောင်းရင် နောက်ထပ် တစ်လ အချိန်ရမယ်၊ ကံမကောင်းရင်တော့ ပြန်ပေါ့လေ။ ဒီတော့ ၁လအတွင်းမှာ အသည်းအသန်ရှာရပါတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ အောက်ကိုဆင်း သတင်းစာတစ်စောင်
ကို ၂ ယောက်စပ်တူဝယ်၊ သတင်းစာထဲမှာ ပါသမျှ
ကိုယ်နဲ့ သတ်ဆိုင်တဲ့ အလုပ်တွေကို ၀ိုင်း၊ အီမေးလ်လိပ်စာပါရင် အီးမေးလ်နဲ့ ပို့ပါတယ်။ ရုံးမဖွင့်ခင် အချိန်မှီပေါ့။ ဒါမှ ရုံးဖွင့်တဲ့ အချိန်ကျရင်ကိုယ့်အီးမေးလ်က ဟိုရုံးရဲ့
အလုပ်ခေါ်မဲ့ ဆရာသမားတွေရဲ့ မေးလ်ဘောက်ထိပ်ဆုံးက ၀င်မှာကိုး။ ဖုန်းနံပါတ်ပါရင် ဖုန်းနံပါတ်ကို မှတ်စုစာအုပ်ထဲ
ကောက်ထည့် အဲ့ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့မှာ အန်းဒိတ်ဖုန်းအစုတ်ကလေး တစ်ယောက်တစ်လုံး
ရှိသဗျ။ ကျွန်တော့် ဖုန်းကလေးကတော့ ကျွန်တော့်
အမျိုး ဦးလေးနဲ့ အဒေါ်ကပေးလိုက်တာ။ အဲ့ဒါလေးတွေကို
အမြဲတမ်းအားသွင်းထား။
အဲ့ မနက် ၈နာရီခွဲ ၉ နာရီဆိုရင်တော့ ညဘက်ကကြည့်ထားတဲ့
သင်္ဘောကျင်းတွေ ဆီရောက်တဲ့ ဘက်စ်ကားမှတ်တိုင်ကို နှစ်ယောက်သား အလုပ်လျှောက်လွှာလေးတွေ၊
ဘွဲ့လက်မှတ်လေးတွေ၊ ချောက်တီးချောက်တောက် certificate လို့ခေါ်တဲ့ အသိအမှတ်ပြု စာရွက်ကလေးတွေ
အိတ်ထဲထည့်ပြီး သုတ်ခြေတင်ကြတာဘဲ။ အဲ ကျွန်တော်တို့ရတဲ့ဘွဲ့က
Naval Architecture လို့ခေါ်တဲ့ ရေယဉ်ဗိသုကာဘွဲ့ခင်ဗျ။ အဲ့ဒီတော့ အလုပ်ရှာဖို့ဆိုတာက သိပ်ပြီး မကျယ်လှဘူး။
သင်္ဘောကျင်းရှိမယ်၊ ဒီဇိုင်းကုမ္ပဏီရှိမယ် ဒီလောက်ပဲ။ ဒီတော့ စင်ကာပူမှာ ရှိတဲ့ အဲ့ဒီလိုမျိုးကုမ္ပဏီတွေရဲ့
လိပ်စာတွေကို အင်တာနက်ကရှာ၊ ရောက်နိုင်တဲ့ ဘက်စ်စကားတွေကို ရေးမှတ် မနက်ကျ တက်စီး။ အဲ ကုမ္ပဏီရှေ့ရောက်ရင်ဆင်း။ ဂိတ်စောင့်နဲ့တွေ့ အကျိုးအကြောင်းပြော၊ တစ်ချို့
သဘောကောင်းတဲ့ ဂိတ်စောင့်နဲ့တွေရင် အထဲကို ၀င်လို့ရတယ်။ တစ်ခါတစ်လေကျတော့ ရုံးခန်းထိပ်က ဧည့်ကြိုမတွေနဲ့ဘဲတွေ့ပြီးတော့
CVလေးတွေ ပေးပြီးပြန်လှည့်၊ တစ်ခါတစ်လေကျတော့
တန်းပြီးတော့ အင်တာဗျူးရသဗျ။ အဲ သဘောမကောင်းတဲ့
ဂိတ်စောင့်နဲ့တွေ့ရင်လည်း ဟောက်လွှတ်တာပေါ့ဗျာ။
မည်သို့ပင်ဖြစ်စေ အရင်းနဲ့ အမြတ်ပဲရှိတာကိုး၊ အရှုံးမှ ကိုယ့်အတွက်မရှိတာ အဲ့ဒီတော့
အဲသလို ပုံစံနဲ့ အလုပ်ရှာပါတယ်။ အဲ ဘက်စ်စကားပေါ်
ပြန်ရောက်တာနဲ့ စောစောက သတင်းစာထဲမှာ ပါတဲ့ ဖုန်းနံပါတ်တွေကို လျှောက်ခေါ် မလည်မ၀ယ်
အင်္ဂလိပ်စကားနဲ့ အလုပ်အကြောင်းမေး။ သူတို့ခေါ်ရင်သွားတွေ့၊
စိတ်မ၀င်စားတော့လည်း နောက်တစ်ခုပေါ့။
ပြန်ရောက်ရင် အီးမေးလ်စစ် စင်္ကာပူမှာ ရှိသမျှ
အလုပ် ရှာဖွေရေး ၀ဘ်ဆိုဒ်တွေဖြစ်တဲ့ Job DB, Job Street စုံစီနဖာ အကုန်လုံး လျှောက်မွှေ
အီးမေးပို့ ပြီးရင် မောမောနဲ့ အိပ်။ နောက်တစ်နေ့လည်း
ထိုနည်းလည်းကောင်း နဲ့ ဆက်သွားလိုက်တာ ဘယ်အလုပ်မှလည်း ကျွန်တော်တို့ကို အကြောင်းမပြန်တာ
၃ ပတ်လောက်ကြာတယ်ခင်ဗျ။ ဒါက များသောအားဖြင့်
ကုမ္ပဏီကြီးတွေဆို ဒီထက်ပိုပြီး အချိန်ယူတတ်ကြပါတယ်။ ကျွန်တော်ထင်တယ် အဲ့ဒီတုန်းက တစ်နေ့ကို အီးမေးလ်နဲ့
အလုပ်လျှောက်တာ ၅၀ အထက်ရှိမယ် အလုပ်နေ့တိုင်းလျှောက်တာ။ စကာင်္ပူမှာရှိတဲ့ လက်လှမ်းမှီသလောက် သင်္ဘောကျင်းတွေလည်း
ပြဲပြဲစင် လမ်းတွေဘာတွေလည်း တော်တော်လေးမှတ်မိသွားတယ်။ လမ်းကတော့ ပျောက်စရာမရှိပါဘူး။ တဘက်စ်စကား မှတ်တိုင်
အစ/အဆုံး ပြန်စီးလိုက်ရင် တစ်ပတ်ပြန်လည်တာကိုး။
ဒီလိုနဲ့ တလ ပြည့်တော့ ဗီဇာသက်တမ်းကို အွန်လိုင်းကနေ အိမ်မှာတိုးဖြစ်တယ်။ ကံကောင်းစွာ နောက်ထပ်တစ်လနေခွင့်ရပါတယ်။ တစ်လကျော်ကျော်မှာတော့ ထူးခြားလာတယ်။ ကျွန်တော်တို့ပို့ခဲ့တဲ့ ထောင်ပေါင်းများစွာသော
အလုပ်တွေထဲက ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့၊ လစာ သင်လျှော်တဲ့ ရာထူးသင့်လျှော်တဲ့ အလုပ်ပေါင်း
၎ ခုထက်မနည်းကို ရွေးချယ်ခွင့် ရခဲ့တယ်။
ဒါကို
အလုပ်လျှောက်တယ်လို့ ခေါ်ပါတယ်။ ဘုရားရှိခိုးနိုင်ပါတယ်၊ မိမိယုံကြည်ရာ နတ်တွေ၊ မယ်တော်တွေ၊ ဘိုးတော်တွေဆီကို
သွားရောက် ဆုတောင်းနိုင်ပါတယ်။ အခြားသော ဘာသာကိုးကွယ်သူတွေလည်း
သက်ဆိုင်ရာ ယုံကြည်မှု့တွေကို ဆုတောင်းနိုင်ပါတယ်။
ဒါပေမယ့် တစ်ခု သိသင့်တာကတော့ အဆိုပါ သက်ဆိုင်ရာ ဘိုးတော်မယ်တော်တွေ မချင်သည့်တိုင်
သင်သည် လုံလောက်သော ကြိုးစားအားထုတ်မှု့ကို မပြုခဲ့ဘူး၊ CV အရေအတွက် လျှောက်လွှာတင်တာ နည်းနေမယ်ဆိုရင်တော့
်သူတို့လည်း မ, ချင်လျှက် မ, မနိုင်ဘူး ဖြစ်နေပါလိမ့်မယ်။ မိမိသည် မိမိရဲ့ အဓိက လူတစ်ယောက်ဖြစ်ပါတယ်။ မိမိရဲ့ ကြိုးစားအားထုတ်မှု့ပေါ်မူတည်ပြီးတော့ လူတွေက
တုံ့ပြန်မှာပါ။ လူတွေက အလိုအလျှောက် သင့်ကို
သိမလာပါဘူး။ သင့်အကြောင်းကို လူတွေသိအောင်လုပ်ဖို့က သင်ကိုယ်တိုင်ဖြစ်ပါတယ် လို့ ပြောချင်ပါတယ် ခင်ဗျာ။
---------------------------------------------------------------------------------------------------------------------
လုပ်ငန်းခွင်
ဝင်ရာဝယ်
ကျွန်တော်တို့ လုပ်ငန်းခွင် ၀င်တဲ့နေရာလေးနဲ့
ပတ်သတ်ပြီးတော့ နည်းနည်းလေး ဖြည့်စွက် အကြံပေးချင်ပါတယ်။ များသောအားဖြင့် ပထမ ၃ လဟာ အစမ်းခန့်ကာလလို့ ပြောလို့ရပါတယ်။ ဒါဟာ များသောအားဖြင့် အလုပ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေနဲ့
ယဉ်ပါးလာအောင် ထိတွေ့ပေးတာပါ။ များသောအားဖြင့်
အတွေ့အကြုံရှိပြီးသား လူတစ်ယောက်နဲ့တွဲထားပေးပါတယ်။ စမ်းသပ်ခံကာလပါ။ ကျွန်တော်တို့ ဘယ်လောက်သိသလဲဆိုတာကို သူတို့က စမ်းသပ်သလို
အလုပ်ခွင်နဲ့ ပတ်သတ်တာလေးတွေလည်း သင်ပေးပါတယ်။ လူအမျိုးမျိုးရှိတတ်ကြသလို စိတ်သဘောထားကောင်းတဲ့
စီနီယာနဲ့တွေ့ရင်တော့ ချောချောမွေ့မွေ့ဖြစ်တတ်ပြီး၊ နဲနဲညစ်တတ်တဲ့ စီနီယာနဲ့တွေ့ရင်တော့
အတော်လေး အီစလန်ဝေနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့
အလုပ်က သင်ယူဖို့အလုပ်ပါ။
ကျွန်တော်အလုပ်စ၀င်တုန်းက
တွဲပေးတဲ့ စီနီယာက မလေးတရုတ်ခင်ဗျ။ သူက စင်္ကာပူ ပေါ်လီ ကျောင်းဆင်း၊ အလုပ်သက်တမ်းကြာတော့
အလုပ်ပါးက၀နေပြီ။ ကျွန်တော်တို့သင်ယူတယ်ဆိုတာက
သီအိုရီတွေများပြီးတော့ လက်တွေ့နဲ့ ကွာဟတတ်ပါတယ်။
ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ သင်္ဘောက အဲကွန်းနဲ့ လေ၀င်လေထွက်စနစ်အတွက် သင်္ဘောပုံ
ပေးပြီး၊ အဲကွန်းနဲ့ ပတ်သတ်တဲ့ စာအုပ် ၂ အုပ်ပေးပါတယ်။ နောက်တစ်နာရီကျရင် အစည်းအဝေးရှိတဲ့
ဆိုပြီး အဲ့ဒီ အဲကွန်းတွေ၊ လေ၀င်လေထွက် ပန်ကာတွေ၊ လေပိုက်လိုင်းတွေ ရောင်းမယ့်လူနဲ့
အစီးအဝေးခန်းထဲ ကန်ထည့်လိုက်ပြီး မင်းကြည့်လုပ်ဆိုပြီး ထွက်သွားပါတယ်။ ပထမဆုံးနေ့မှာ ပထမဆုံး သင်ခန်းစာပါ။ ရေယဉ်ဗိသုကာဘာသာရပ်မှာ Air Conditioning and
Ventilation ဆိုတာက မိုင်နာ ဘာသာရပ်ပါ။
Reverse Carnot Cycle လောက်၊ အဲကွန်း အခြေခံလောက်၊ Heat Load Calculation လောက်၊
Gas ဆိုရင် Freon 12 လောက်သာသိတဲ့အတွက် သင်္ဘောပေါ်မှာ ဘာတွေသုံးမှန်း၊ နိုင်ငံတကာက ဘယ်လိုအချက်အလက်တွေကို
လက်ခံသလဲ၊ လက်မခံဘူးလဲ၊ ၂၂၀ ဗို့နဲ့ မောင်းတာလား၊
၄၄၀ဗို့အားနဲ့ မောင်းတာလား ဘာမှ မသိပါဘူး။
ဒါတွေကလည်း ကျောင်းတုန်းက သေသေချာချာ သိလှတယ်မဟုတ်ပါဘူး။
အဲ့ဒါနဲ့
ဟို ပစ္စည်း ပံပိုးပေးမယ့်လူကို အသေးစိတ်စပြီးမေးရပါတော့တယ်။ ဘယ်လိုဟာမျိုးကို သုံးမှာလည်း။ အခန်းတွေထဲကို အအေးဆုံး ဘယ်လောက်အပူချိန်အထိ ထားလို့ရသလဲ၊
အဲ့ဒီအချိန်မှာ အပြင်က အပူချိန် ဘယ်လောက်နဲ့ ဒီဇိုင်းလုပ်ထားတာလဲ၊ ဘာ တံဆိပ်တွေသုံးမှာလဲ၊
တွက်ချက်တာက ဘယ်လိုနည်းနဲ့တွက်ချက်တာလည်း၊
ဟိုက တစ်ခွန်းပြန်ပြန်မေးတိုင်း စားပွဲကို ပြန်ပြေး၊ သင်္ဘောမှာ တပ်ဆင်ရမယ့် အချက်အလက်တွေ ပြန်ရှာ ကိုက်လားမကိုက်လား
ပြန်ကြည့် ရွာကိုလည်နေတာပါဘဲ။ ဘာဘဲဖြစ်ဖြစ်
သင်ခန်းစာတော့ ကောင်းကောင်းရသွားသလို ခေါင်းတွေလည်းပူထူ သွားပေမယ့် အတွေ့အကြုံတော်တော်ရသွားပါတယ်။ နောက်တော့ ကျွန်တော့် စီနီယာက စာမေးပွဲစစ်သလို ဟိုဟာက
ဘာလဲ၊ ဒီဟာက ဘာလဲ သူမေးတိုင်း စာအုပ်ပြန်ဖွင့်၊ ဟိုကပေးတဲ့ အချက်အလက်တွေပြန်တိုက်ကြည့်
ကျန်ခဲ့တဲ့ဟာတွေကို စောစောကလူဆီကို ဖုန်းဆက်ပြီးတော့ ပြန်မေးခိုင်း ဒေတာအားလုံးစုံတဲ့အထိ
မောင်းတာပါ။ နောက်တစ်နောက်ကျတော့ အခြား ကုမ္ပဏီတစ်ခုနဲ့
အဲ့ဒီစနစ်ကို ဘဲ ထပ်ပြီးဆွေးနွေးခိုင်း။ ပြီးတော့ သူတို့ ပံပိုးပေးမယ့် ဈေးနှုန်းတွေ
ပစ္စည်းအမျိုးအစားတွေကို စစ်ခိုင်း၊ လိုအပ်တာတွေကို ပုံတွေထဲမှာ ထပ်ဖြည့်ခိုင်း အဲ့ဒီလိုမျိုးမောင်းပါတယ်။ ဆိုလိုတာက မိမိနဲ့ စပ်နွယ်တဲ့ အလုပ်ဖြစ်ဖို့ မည်မျှ
အရေးကြီးတယ်ဆိုတာကို ပြောပြတာပါ။ မိမိ လုံးဝမသိတဲ့
အလုပ်တစ်ခု လက်ခံလိုက်မိတယ် ဆိုရင် လုပ်ငန်းခွင်မှာ မည်မျှ အတိုင်းအတာအထိ စိတ်ဓာတ်ပျက်ပြားနိုင်တယ်ဆိုတာလေးပါ။
နောက်တစ်ခုက ကုမ္ပဏီက အင်ဂျင်နီယာဋ္ဌာနရဲ့ မန်နေဂျာပါ။ ကျွန်တော်ကို Stability, Strenght စတာတွေနဲ့ ပတ်သတ်ပြီး
ဟိုဟာတွက်ခိုင်း ဒီဟာတွက်ခိုင်း၊ ဆိုတော့ တတ်သလောက်မှတ်သလောက်တွက်ပြီးပေးပါတယ်။ တကယ်တော့ အဲ့ဒါက သင်္ဘောအဟောင်းတွေက ဟာတွေခင်ဗျ။ သူတို့ ဆီမှာ အဖြေကရှိပြီးသား။ ကျွန်တော့်အဖြေနဲ့ သူတို့ ရှိပြီးသားနဲ့ ပြန်တိုက်တာကိုး။ အဲ့ဒါက နောက် ၃ လ ကြာတော့မှ သိရတာ။ ၃ လအတွင်းမှာတော့ တကယ့် အကျဉ်းအကျပ်ပါဘဲ။ တစ်နေ့တစ်နေ့ ကျွန်တော် အကျွမ်းတ၀င်မရှိတာတွေ ကိုပဲ
ထပ်ခါတလည်းလည်းကြုံတွေ့ခဲ့ရပါတယ်။ နောက်တစ်ခု
အချိန်အတိုင်းအတာအတွင်း ပြီးစီးအောင်လုပ်ရတယ်ဆိုတဲ့ စိတ်ဖိစီးမှု့ပါ။ ဒါတွေအားလုံး ကျော်ဖြတ်နိုင်တဲ့အခါကျရင်တော့ တကယ့်လုပ်ငန်းခွင်နဲ့
နဖူးတွေ့ ဒူးတွေ့ မိမိကိုယ်တိုင် ရင်ဆိုင်ရတော့မှာပါ။ အဲ့ဒီအချိန်မှာတော့ ကျွန်တော်တို့ရဲ့ အသိပညာ၊ ပေါင်းသင်းဆက်ဆံရေး၊ အတွေ့အကြုံ ဒါတွေကို လက်တွေ့ အသုံးချရမယ့် အချိန်ရောက်ပြီးပေါ့။ အဓိက ဆိုလိုချင်တာက မိမိတတ်ကျွမ်းတဲ့ ဘာသာရပ်နဲ့
စပ်ဆက်တဲ့ အလုပ်တွေမှာ စတင်အလုပ်ဝင်ခြင်းအားဖြင့် ပိုမို ချောမွေ့လွယ်ကူတဲ့ လုပ်ငန်းခွင်တစ်ခုကို
ဖန်တီဖို့ မြန်ဆန်စေပါတယ် ဆိုတာလေးပါ။
---------------------------------------------------------------------------------------------------
စိတ်ထားတစ်ခုကို
တည်ဆောက်ခြင်း
ဒါလေးကလည်း အလွန်အရေးကြီးလှပါတယ်။ မိမိအလုပ်ခွင်ဝင်လို့ ၂ လ ၃ လ လောက်ကြာသွားရင် လုပ်ငန်းတစ်ခုရဲ့
လည်ပတ်မှု့ကို ကြေကြေညက်ညက်သိသွားပါပြီ။ ဆိုလိုတာက
မိမိ အလုပ်ကို မိမိ နိုင်နိုင်နင်းနင်းနဲ့ စတင်တဲ့အချိန်ရောက်ပါပြီ။ ဒီအချိန်မှာ ကျွန်တော်တို့ ဆီမှာ စိတ်ထားလေး တွေ
အမျိုးမျိုးရှိလာနိုင်ပါတယ်။ တစ်ခုက ငါ့ကို
၁၈၀၀ ပေးတယ်၊ ၂၀၀၀ ပေးတယ်၊ ၂၅၀၀ ပေးတယ် စသည်ဖြင့်ပေါ့လေ မိမိရဲ့ လစာနဲ့ တန်တဲ့ အလုပ်လောက်ကို
ငါ တာဝန်ကျေအောင်လုပ်မယ်။ ကျန်တာကို စိတ်ဝင်စားစရာမလိုဘူး။
စသည်ဖြင့် အတွေးလေးတွေ ၀င်လာတတ်ပါတယ်။
ကျွန်တော့် အမြင်ကတော့ ဒါဟာ မှန်သင့်သလောက်မှန်ကန်ပါတယ်။ မိမိအလုပ်ကို တာဝန်ကျေအောင်လုပ်တာဟာ ကောင်းတဲ့ အလုပ်တစ်ခုပါ။ ဒါပေမယ့် မေ့မထားသင့်တာက ကျွန်တော်တို့ရဲ့
Carrier Life ကိုပါ။ ကျွန်တော်တို့ မိမိကိုယ်ကို
မည့်သည့်အတိုင်းအတာအထိ မျှော်မှန်းထားသလဲ ဆိုတာကိုပါ။ အလုပ်တွေရဲ့ထုံးစံမှာက ဘွဲရတွေအတွက်က မျက်နှာသစ်
အလုပ်သမားငယ်လေးတွေ၊ ၂ နှစ် ၃နှစ်အချိန်ကြာလာရင်
ဒါဟာ အတွေ့အကြုံအတန်အသင့်ရှိတဲ့ လုပ်သားတစ်ယောက်လို့ သတ်မှတ်ပါတယ်။ ဒီထက် ၅ နှစ်ကျော် အတွေ့အကြုံရှိလာရင်တော့ ဒါဟာ
စီမံခန့်ခွဲမှု့ ရာထူးကို တက်လှမ်းနိုင်ပါတယ်။
ဥပမာ - မန်နေဂျာ အငယ်တန်း ရာထူးမျိုးပေါ့။
အဲ့ဒီတော့ ကျွန်တော်တို့ ဘာကို မျှော်မှန်းပါသလဲ။ ပုံမှန် လစာနဲ့ ပုံမှန် အလုပ်ကို တာဝန်ကျေလုပ်ပေးမယ်ဆိုရင်
မိမိဘ၀ကို ရိုးရှင်းစွာဖြတ်သန်းသွားနိုင်ပါတယ်။
မိမိအလုပ်ကို မိမိနိုင်နင်းနေပြီကိုး။
ဒီအပြင် အခြားသောအရာတွေကိုလည်း တွေးနေစရာမလိုဘူးပေါ့။ သက်သာပါတယ်။
ဒီလိုမှမဟုတ်ဘူး၊ လစာပိုမိုကောင်းမွန်တဲ့၊
ရာထူးပိုမိုမြင့်မားတဲ့ စီမံခန့်ခွဲမှု့နဲ့
သပ်ဆိုင်တဲ့ ရာထူးကို နှစ်အနည်းငယ်အတွင်းရရှိအောင် မျှော်မှန်းတယ်ဆိုရင်တော့ ဒီလောက်နဲ့
မလုံလောက်ပါဘူး။ မိမိကိုယ်တိုင် ကုမ္ပဏီပိုင်ရှင်နေရာကနေ
စဉ်းစားဖို့လိုအပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဟာ
သူ့ကုမ္ပဏီတစ်ခုကို တိုးတက်လာစေချင်မယ်၊ ၀င်ငွေကောင်းတာကို မြင်ချင်တယ်၊ ဈေးကွက်မှာ
နာမည်ကောင်းတစ်ခုရတာကို လိုချင်မယ် စသည်ဖြင့်ပေါ့လေ အချင်ပေါင်းများစွာကို စဉ်းစားရမှာပါ။ ထိုနည်းတူ ကျွန်တော်တို့လည်း သူနေရာက၀င်ပြီးတော့
စဉ်းစားကြည့်သင့်ပါတယ်။ ဒါဟာ ကုမ္ပဏီအကျိုးတစ်ခုထဲအတွက်မဟုတ်ပါဘူး၊
ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် စီမံခန့်ခွဲမှု့ အရည်အချင်းကို တိုးတက်အောင် တည်ဆောက်တာတစ်မျိုးလည်းဖြစ်ပါတယ်။
၁။ မန်နေဂျာများနှင့် ဆက်ဆံရေးကောင်းအောင်တည်ဆောက်ခြင်း
အဲ့ဒီအချက်က အရေးကြီးလှပါတယ်။ ကျွန်တော်တို့ အလုပ်ဝင်တဲ့အခါ ကျွန်တော်တို့ သက်ဆိုင်ရာဋ္ဌာနရဲ့
မန်နေဂျာအပြင် အခြားသော ဋ္ဌာနတွေရဲ့ မန်နေဂျာတွေနဲ့ပါ ရင်းနှီကျွမ်းဝင်အောင် ပြုလုပ်ဖို့
လိုအပ်ပါတယ်။ သူတို့တွေနဲ့ ရင်းနှီးသွားခြင်းအားဖြင့်
သူတို့တွေရဲ့ အလုပ်လုပ်ပုံတွေကို အနီးကပ်လေ့လာနိုင်ပါတယ်။ ဒီအပြင် ရင်းနှီးကျွမ်းဝင်နေမှု့ကြောင့် သူတို့တွေနဲ့
စကားစမြည်ပြောနေရင်းနဲ့ကို အဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်၊ အဆက်အသွယ်၊ စီမံခန့်ခွဲမှု့ဆိုင်ရာ
ဆုံးဖြတ်ချက်တွေ၊ ဘ၀အတွေ့အကြုံတွေ ဒါတွေကို အခမဲ့ လေ့လာခွင့်ရရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ လုပ်ငန်းခွင်အတွက် အများကြီး
အသုံးဝင်လှပါတယ်။
၂။ ကိုယ်ပိုင်အချိန်တွေမှာ အပေါင်းအသင်းဝင်ဆန့်အောင်
တည်ဆောက်ခြင်း
ဒါကလည်း အရေးပါလှတဲ့ တက်လှမ်းမှု့တစ်မျိုးပါဘဲ။ ကျွန်တော်တို့ နေ့စဉ်ဘ၀ဟာ အလုပ်ခွင်နဲ့ အိမ် ဒီ၂
ခုထဲနဲ့ပြီးနေလို့ မရပါဘူး။ ကျွန်တော်တို့အတွက်
သတင်းအချက်အလက်တွေ၊ ပေါင်းသင်းဆက်ဆံရေးတွေလိုအပ်ပါတယ်။ သက်ဆိုင်ရာ ကျင်လည်နေတဲ့ အလုပ်ခွင်တွေနဲ့ နီးစပ်ရာ
ကုမ္ပဏီတွေမှာရှိတဲ့ ၀န်ထမ်းတွေ၊ မန်နေဂျာတွေနဲ့လည်း ရင်းနှီကျွမ်းဝင်ဖို့လိုအပ်ပါတယ်။ သူတို့တွေဆီက ဈေးနှုန်း၊ ဈေးကွက်အခြေအနေ၊ သူတို့ကုမ္ပဏီတွေရဲ့ အစီအစဉ် ဒါတွေဟာ ထမင်းတစ်ဝိုင်းထဲ
ထိုင်စားနေရင်းနဲ့ကို သိရှိနေရတာပါ။ ဒါတွေဟာ
ကျွန်တော်တို့အတွက် ဆေးတစ်လက်ပါ။ စောစောကပြောသလို့
မိမိရုံးပြန်ရောက်လို့ မန်နေဂျာတွေနဲ့ စကားပြောဖြစ်ရင် ဒီအချက်အလက်တွေဟာ သူတို့အတွက်
အသုံးဝင်ကောင်းဝင်နိုင်ပါတယ်။ ဒီကနေတစ်ဆင့် တရားဝင်မေးမြန်းစုံစမ်းပြီး အရောင်အ၀ယ်တွေလည်း
ဖြစ်သွားနိုင်ပါတယ်။ တစ်ခုခု ဖြစ်မြောက်သွားရင်
မိမိရဲ့ နာမည်ကိုလည်း နှစ်ဘက်သော ကုမ္ပဏီတွေက သတိထားမိသွားနိုင်ပါတယ်။
၃။ အကြံဥာဏ်ပေးခြင်း
ကျွန်တော်တို့ဟာ ဒီလိုမျိုး အလုပ်လုပ်နေတဲ့
ကုမ္ပဏီရဲ့ စဉ်ဆက်မပြတ် လည်ပတ်နေမှု့တွေကို သိရှိလာတဲ့အခါမှာ ဟာကွက်တွေ၊ ပျော့ကွက်တွေ
တွေ့ရှိလာနိုင်ပါတယ်။ ဒါမျိုးတွေ တွေ့တာနဲ့
အချိန်မဆိုင်းပဲ သက်ဆိုင်ရာ ဋ္ဌာနရဲ့ မန်နေဂျာတွေကိုဖြစ်စေ၊ ကုမ္ပဏီရဲ့ သဋ္ဌေး သို့ GM သို့ CEO ကို ဒီအကြောင်း
သတင်းပေးသင့်ပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုလုံးက
မိမိနာမည်ကို သိရှိလာစေပြီး၊ ကုမ္ပဏီအတွက်သာမက၊
မိမိအတွက်ပါ အကျိုးအမြတ်ရရှိလာစေပါတယ်။ ဒါ့အပြင်
တစ်ခါတစ်ရံ မန်နေဂျာတွေကလည်း မိမိဆီက သတင်းအချက်အလက်တွေ လိုအပ်တိုင်း တောင်းခံလာနိုင်ပါတယ်။ ဒါဟာ မိမိကိုယ်ကို စီမံခန့်ခွဲမှု့ အဆင့်အတန်းထဲပါဝင်အောင်
တည်ဆောက်ခြင်းတစ်မျိုးဖြစ်ပါတယ်။ ရာထူးအားဖြင့်
စီမံခန့်ခွဲမှု့ ရာထူးမရပေမယ့် မိမိရဲ့ အရည်အချင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးက
သတိထားမိစေလာတဲ့အတွက် မိမိ ရဲ့ လုပ်ငန်းအတွေ့အကြုံ လုံလောက်တဲ့ တစ်နေ့မှာ မိမိကို စီမံခန့်ခွဲမှု့
ရာထူးကို ယုံယုံကြည်ကြည်ခန့်အပ်လာစေပါတယ်။
အချုပ်အားဖြင့်ဆိုရရင် မိမိနဲ့ ရာထူးတူလုပ်နေတဲ့
သူတစ်ယောက်လစာတက်သွားတယ်၊ ရာထူးတက်သွားတယ်ဆိုတာဟာ အချက်အများကြီးပေါ်မူတည်ပါတယ်။ သူဟာ သဋ္ဌေးတွေရဲ့ မျက်စေ့ထဲမှာ ကောင်းတယ်လို့ မြင်တာလည်းရှိနိုင်တယ်၊ မန်နေဂျာတွေရဲ့ ထောက်ခံမှု့လည်း ရှိနိုင်တယ်၊ သူရဲ့
ပညာအရေအချင်းက ကျွန်တော်တို့ထက် သာနေလို့လည်း ဖြစ်နိုင်တယ်၊ သူ့ရဲ့ လုပ်ငန်းဆိုင်ရာ Performance က ကျွန်တော်တို့ထက်ကောင်းနေလို့လဲဖြစ်နိုင်တယ်၊ လူမျိုးတူလို့လည်း ဖြစ်နိုင်တယ် စသည်အားဖြင့် အချက်ပေါင်းများစွာဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ဟာ မိမိကိုယ်တိုင်ရဲ့ တိုးတက်မှု့လေးတွေကို
မျက်ခြေမပျက် စောင့်ကြည့်ရင်း အခြားသူတွေနဲ့ ယှဉ်ပြိုင်ရွေးချယ်ခံရဖို့ အမြဲတမ်း ပြင်ဆင်ထားသင့်ပါတယ်။ မိမိကိုယ်မရွေးချယ်ခြင်းဟာ မိမိမှာ တစ်စုံတစ်ခု
လိုအပ်နေလို့ဖြစ်ပါတယ်။ ဒါကို တခြားသူတွေကို
သွားပြီး အပြစ်မတင်ပါနဲ့။ မိမိ အရည်အချင်းကို
ပိုမိုတိုးတက်အောင် တည်ဆောက်ကြပါ၊ လူမျိုးကွဲဖြစ်စေ
သင်သည်သာ တစ်လက်လက်တောက်ပနေမယ်ဆိုရင် မည်သူမဆို သင့်ကို မျက်စေ့ကျိန်းလောက်အောင် မြင်နေရပြီး
လက်ခံကို ခံလာရမှာပါ။
----------------------------------------------------------------------------------------------------
မိမိရဲ့ အလုပ်တူလုပ်နေသူများနှင့်
ဆက်ဆံရေးအဆင်ပြေအောင် တည်ဆောက်ခြင်း
ဒါတော့ အရေးအကြီးဆုံသော နေ့စဉ်ဘ၀ တစ်ခုပါ။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ တစ်ပတ်မှာ အနည်းဆုံး ၅ ရက်၊ တစ်နေ့ကို အနည်းဆုံး
၈ နာရီနှင့်အထက် ဒီမျက်နှာတွေကို မြင်ချင်သည်ဖြစ်စေ၊ မမြင်ချင်သည်ဖြစ်စေ နိစ္စဓူဝ တွေ့မြင်နေရမှာပါ။ ဒီအတွက် ကျွန်တော်တို့ စဉ်းစားသင့်တာက ဆက်ဆံရေး
အဆင်ပြေအောင် တည်ဆောက်မှာလား၊ ဒါမှ မဟုတ် တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ချင်လောက်အောင်
တစ်ရုံးထဲအလုပ်အတူထိုင်လုပ်နေပေမယ်လို့ စိတ်ကူးထားလား? ပြသနာ အသေးလေးတွေဟာ သံသရာ လည်တတ်ပါတယ်။ ဆိုလိုတာက မိမိ အလုပ်လုပ်ရင်း ကတော်ကဆ အဆင်မပြေမှု့ကလေးတစ်ခု
ဖြစ်သွားတတ်ပါတယ်။ အဲ့ဒါလေးကို အကြောင်းပြုပြီး
မိမိနဲ့ နောက်တစ်ခါ ဆက်ဆံတဲ့အခါ ညစ်တတ်တယ်၊ အချိန်ဆွဲတတ်တယ် ဒါမျိုးလေးကို ကြုံတတ်ပါတယ်။ ဒီအတွက် အကောင်းဆုံးနည်းကတော့ ကတောက်ကဆဖြစ်ဖြစ်ခြင်း
ပွင့်လင်းစွာ ဆွေးနွေးတာပါ။ သူဘက်က မှားတယ်ဆိုရင်လည်း
အကျိုးအကြောင်း အချက်အလက် စုံစုံနဲ့ ရှင်းပြဖို့လိုအပ်သလို၊ မိမိဘက်က မှားသွားတယ်ဆိုရင်လည်း
ချက်ချင်းတောင်းပန်သင့်ပါတယ်။ ပြီးရင် အချိန်သိပ်မဆိုင်းဘဲ
ထမင်းစားဖြစ်ဖြစ်၊ အခြားသော တစ်နေရာရာကို သွားဖို့ဖြစ်စေ ဖိတ်ပြီး ဆက်ဆံရေးကို အပြေပြစ်ဆုံးဖြစ်အောင်
ပြန်လည်တည်ဆောက်သင့်ပါတယ်။
ဒါကိုမှ မကျေနပ်သေးရင်တော့ အလုပ်ခွင်နဲ့
ကိုယ်ရေးကိုယ်တာကို ပြတ်ပြတ်သားသားလုပ်သင့်ပါတယ်။
သင်လိုအပ်တဲ့အချိန်မှာ အချိန်ဆွဲထားတယ်ဆိုရင်၊ ညစ်ထားတယ်ဆိုရင် ဒါကို မန်နေဂျာ၊ သဋ္ဌေးစသည်တို့ကို
သူ့ရှေ့မှာတင် အကျိုးအကြောင်းရှင်းပြနိုင်ပါတယ်။ ဒါကြောင့် သင်ကို သူစိတ်ဆိုးလိမ့်မယ်မထင်ပါနဲ့၊ လူဟာ အကြောက်တရားနဲ့ရင်ဆိုင်တဲ့အခါမှာ ကျန်တဲ့ စိတ်ခံစားမှု့တွေကို
ခဏတာမျှ မေ့သွားလေ့ရှိပါတယ်။ ဒီလိုဆိုရင် သင့်အပေါ်မှာ
သူနောက်နောင် ဒီလိုမျိုး ဖြစ်ရပ်မျိုးထပ်မံ လုပ်ရဲမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သတိပြုဖို့အချက်ကတော့ အဆိုပါ ပြသနာပြီးပြီးချင်းမှာ
ဆက်ဆံရေးပြေပြစ်အောင် သင်သူ့ကို ပြန်ချော့ရမယ်ဆိုတာကိုပါ။ သူ့အတွက် အလုပ်ခွဲဝေပြီး လုပ်ပေးလိုက်တာမျိုး၊ ညစာဖိတ်ကျွေးတာမျိုး၊
ရုပ်ရှင်တူတူသွားကြည့်တာမျိုး စသည်တို့ပြုလုပ်ပေးပြီး သင့်ရဲ့ ယုံကြည်ချက်၊ ရပ်တည်မှု့ကို
သူသိအောင် လေးလေးနက်နက်ရှင်းပြလိုက်ပါ။ နောက်နေ့တွေမှာ
အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ သင့်ကို ချောက်တွန်းမှာကိုတော့
မစိုးရိမ်ပါနဲ့၊ သင့်မှန်အောင်နေရင် ဘာကိုမှ
ကြောက်စရာမလိုပါဘူး။
နောက်တစ်ခုက အလုပ်တူလုပ်နေသူတွေရဲ့ အကျင့်စရိုက်လေးတွေကို
နားလည်ဖို့ပါ။ တစ်ချို့လူတွေမှာ သူတို့ရဲ့
ထူးဆန်းတဲ့ အပြုအမူလေးတွေရှိတတ်ပါတယ်။ အသန့်ကြိုက်တာ
စားပွဲခုံကို ရှင်းလင်းနေမှ၊ အ၀တ်အစားတွေ သန့်ပြန့်နေမှ၊ လက်ခဏ ခဏဆေးတာ၊ သူတို့အနားမှာ နှာချေတာ၊ ချောင်းဆိုးတာကို
မကြိုက်တာ ဒါမျိုးလေးတွေရှိတတ်ပါတယ်။ သူတို့ကို
သူတို့ သန့်တယ်ထင်တော့ လက်ဆေးပြီး ကီးဘုတ်ရိုက် မုန့်ကျ ဒီတိုင်း လက်မဆေးပဲစား ဒီလို
ခွတီးခွကျလေးတွေလဲ ရှိတတ်ကြပါတယ်။ ဒါကိုလည်း
မိမိတို့အနေနဲ့ လိုက်လျှောညီထွေ ရှိနေတတ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဒါတွေနဲ့ ပတ်သတ်ပြီးတော့ ပြသနာမဖြစ်အောင်
နေတတ်ဖို့လိုပါတယ်။ ဒါတွေဟာ သူတို့တွေရဲ့ ခေါက်ရိုးကျိုးနေတဲ့
အလေ့အကျင့်ဖြစ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တစ်ခုဖြစ်တဲ့အတွက် ဒီလို ကိုယ်ရေးကိုယ်တာလေးတွေကို
ခွင့်လွှတ်တတ်ဖို့လိုအပ်ပါတယ်။
မည်သို့ပင်ဖြစ်စေ ကျွန်တော် အထက်က တင်ပြခဲ့တာလေးတွေဟာ
မိမိတို့ လုပ်ငန်းခွင်၊ ကုမ္ပဏီအလုပ်ဖြစ်စေ၊
ထိုမျှမက မိမိတို့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်ချင်သည်ဖြစ်စေ အနည်းငယ်တော့
အထောက်အကူဖြစ်စေမယ်လို့ ယူဆပါတယ်။
No comments:
Post a Comment