စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, July 7, 2012

ကြယ်တွေစုံတဲ့ ချစ်သူများနေ့ (သို့) တာနာဗာတ ပွဲတော်


          ကောင်းကင်ဘုံမှာ ကျောက်စိမ်းဧကရာဇ်ကြီး စိုးစံတယ်ဆိုတာက တရုတ်တို့ရဲ့ တိုင်အို ဒဏ္ဍာရီလာ ယုံကြည့်မှု့ပေါ့လေ။  စွန်းဝူခုံး ဇာတ်လမ်းတွဲတွေထဲမှာလည်း ကျောက်စိမ်းဧကရာဇ်ကြီးကို မြင်ဖူးကြမှာပေါ့။  ဒီအယူအဆဟာ တရုတ်နိုင်ငံအပြင် ဂျပန် နဲ့ ကိုရီးယားတို့မှာလည်း လွှမ်းမိုးပါတယ်။  တာနာဗာတ ပွဲတော်ကတော့ ဂျပန်နိုင်ငံမှာ နှစ်စဉ် ကျင်းပတဲ့ ပွဲတော်လေးတစ်ခုပါ။  ဒီ ပွဲတော်လေးရဲ့ ရာဇ၀င်ကတော့ ကြေကွဲစရာ ဇာတ်ကြောင်းလေးပေါ်မှာ အခြေခံထားပါတယ်။
          ကျောက်စိမ်းဧကရာဇ်ကြီးမှာ အလွန်ချောမောလှပါတဲ့ သမီးတော်လေးရှိပါသတဲ့။  သမီးတော်လေးရဲ့ နာမည်က ကျီနွီ ပါတဲ့။  ကောင်းကင်ဘုံမှာတော့ နတ်သား နတ်သမီးတို့ဟာ လူ့ပြည်မှာလိုပဲ သူတို့ရဲ့ Profession အလုပ်တွေကို လုပ်ဆောင်နေကြတယ်ပေါ့။  ဒီလိုပဲ ကျောက်စိမ်းဧကရာဇ်ကြီးရဲ့ သမီးတော်လေးရဲ့ တာဝန်ကတော့ ကောင်းကင်ဘုံမှာ လှပတဲ့ ရောင်စုံ တိမ်တိုက်တွေကို ယက်လုပ်ရတဲ့ အလုပ်ဖြစ်ပါတယ်။  တစ်ချို့ပုံပြင်တွေမှာတော့ သမီးတော်လေး ကျီနွီနဲ့ သူ့မိခင်တို့ဟာ လှပတဲ့ ငွေရောင်မြစ်ကြီး (ကျွန်တော်တို့ သိတဲ့ နဂါးငွေ့တန်း ဂလက်စီ) ကို ယက်လုပ်ရပါသတဲ့။  ဒီလိုယက်လုပ်ပြီး နဂါးငွေ့တန်းကြီးဖြစ်ပေါ်လာတော့မှ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတို့မှာ အလင်းရောင်ဖြစ်ပေါ်လာရပါတယ်။
          နေ့စဉ် မင်းသမီးလေး ကျီနွီဟာ သူမရဲ့ တန်ခိုးရှိတဲ့ ကြိုးကလေးကို ယူလို့ ကမ္ဘာမြေပေါ်ကို ရေချိုးဖို့ ဆင်းလေ့ရှိပါသတဲ့။  တစ်နေ့တော့ နွားကျောင်းသားလေး နယိုလန် ဟာ မင်းသမီးလေး စမ်းချောင်းမှာ ရေချိုးနေတာကို တွေ့မြင်သွားလေသတဲ့။  မြင်မြင်ချင်း မင်းသမီးလေးကို ချစ်မိသွားတဲ့ နွားကျောင်းသားလေးဟာ မင်းသမီးလေးရဲ့ တန်ခိုးရှိတဲ့ ကြိုးကိုဝှက်ထားလိုက်ပါသတဲ့။  ကျီနွီ ရေချိုးပြီးပြန်တက်လာတော့ နွားကျောင်းသားလေးဟာ မင်းသမီးလေးကို သူ့အိမ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။
          ကျောက်စိမ်းဧကရာဇ်ကြီးဟာ ဒီသတင်းကို ကြားရတော့ ဒေါသတွေ အရမ်းထွက်သပေါ့… ဒါပေမယ့် မင်းသမီးလေးကတော့ နွားကျောင်းသားလေးကို မေတ္တာသက်ဝင် ချစ်ခင်သွားပြီမို့ ကျောက်စိမ်းဧကရာဇ်ကြီးဟာ ဒီတိုင်းပဲ လက်ပိုက်ကြည့်နေရပါတော့တယ်။  ဒီလိုနဲ့ အချိန်တွေကုန်လွန်လာတော့ မင်းသမီးလေး ကျီနွီဟာ သူ့အိမ်ဖြစ်တဲ့ ကောင်ကင်ဘုံကို လွမ်းဆွတ်သတိရနေပါတယ်။  နောက်ပြီးတော့ သူမချစ်ရတဲ့ ဖခင်ကြီးကိုရောပေါ့။  တစ်နေ့တော့ ကျီနွီဟာ သူ့မရဲ့ ခင်ပွန် ၀ှက်ထားတဲ့ တန်ခိုးရှိတဲ့ ကြိုးကလေးကို သေတ္တာတစ်လုံးထဲမှာ တွေ့ရှိသွားပါတဲ့။  ဒါနဲ့ ကျီနွီဟာ ကောင်းကင်ဘုံကို ခဏပြန်ပြီးတော့ သူမရဲ့ ဖခင်ဆီကိုလည်း အလည်အပတ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။  သူမ ကောင်းကင်ဘုံကို ပြန်ရောက်တော့ ဖခင်ဖြစ်သူဟာ ကောင်းကင်ဘုံမှာ မြစ်တစ်ဆင်းကို ဖန်ဆင်းလိုက်ပါတော့တယ်။  ဒီမြစ်ဟာ ကျီနွီလေးကို သူမချစ်လှတဲ့ ခင်ပွန်းသည်ဆီ ပြန်လို့မရအောင် တားဆီးထားတဲ့ မြစ်ပေါ့။  ဒါပေမယ့် ကျောက်စိမ်းဧကရာဇ်ဟာ သနားဖွယ်ကောင်းလှတဲ့ ချစ်သူစုံတွဲကို တစ်နှစ်မှာတစ်ခါတော့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။  ဒါက နှစ်စဉ်နှစ်တိုင်း တရုတ်ပြက္ကဒိန်ရဲ့ ၇ လပိုင်းရဲ့ ၇ ရက်မြောက်နေ့ဖြစ်မှာဖြစ်ပါတယ်။           ဒါကြောင့် အဲ့ဒီနေ့ကောင်းကင်ယံမှာ နတ်သမီးလေး ကျီနွီက Viga ဆိုတဲ့ ကြယ်ပွင့်လေး အဖြစ်နဲ့ နဂါးငွေ့တန်းကြီးရဲ့ အရှေ့ဘက်ခြမ်းမှာ ထွန်းလင်းတောက်ပနေပါသတဲ့။  သနားစရာ နွားကျောင်းသားကလေးကတော့ Altair ဆိုတဲ့ ကြယ်ကလေးအဖြစ်နဲ့ နဂါးငွေ့တန်းကြီးနဲ့ အနောက်ဖက်မှာ ထွန်းလင်းတောက်ပရရှာပါတယ်။  အဲ့ဒီနေ့မှာ နဂါးငွေ့တန်းကြီးရဲ့ အလင်းရောင်ကတော့ သူတို့နှစ်ယောက်တွေ့ဆုံဖို့အတွက် မှေးမှိန်ပေးရတယ်လို့ ဆိုကြပါတယ်။  သနားစဖွယ် ချစ်သူစုံတွဲကတော့ အဲ့ဒီ ၇ ရက်မြောက်နေ့ကလေးမှာပဲ တွေ့ဆုံခွင့်ရပါသတဲ့။  ဒီနေ့ကို တရုတ်လိုတော့ ကျီရှီး ပွဲတော်လို့ ခေါ်ကြပြီး၊ ဂျပန်မှာတော့ တာနာဗာတ ပွဲတော်လို့ခေါ်ကြပါတယ်။  ကိုရီးယားမှာလည်း ချီလ်ဆုခ် ဆိုပြီးတော့ ပွဲတော်ကျင်းပလေ့ရှိပါတယ်။  မြန်မာလိုဆိုရရင်တော့ ကြယ်ပွဲတော်၊  အနောက်နိုင်ငံတွေမှာ ဗယ်လင်တိုင်းလို့ခေါ်တဲ့ ချစ်သူများနေ့ ကျင်ပသလိုမျိုးပေါ့။  တစ်ကယ်လို့ အဲ့ဒီနေ့မှာ မိုးရွာခဲ့ရင်တော့ ကျီနွီလေးဟာ သူမချစ်လှတဲ့ ခင်ပွန်းသည် နွားကျောင်းသားလေးကို တွေ့ရတော့ ၀မ်းသာလွန်းလို့ ဖြေမဆည်နိုင်ဖြစ်ကာ မျက်ရည်များကျရတယ်လို့ ဆိုကြပါသတဲ့။

          ဂျပန်နိုင်ငံက ကြယ်ပွဲတော် သို့မဟုတ် တာနာဗာတ ပွဲတော်မှာတော့ ၀ါးကိုင်းလေးတွေမှာ စာလေးတွေ ရေးလို့ ဆုတောင်းကြပါတယ်။  ချစ်သူစုံတွဲတွေလည်း သနားစရာကောင်းလှတဲ့ မင်းသမီးလေးနဲ့ နွားကျောင်းသားလေးအကြောင်းကို ရင်နင့်အောင် ခံစားလို့ သူတို့ရဲ့ ချစ်ခရီးလမ်း ဖြောင်ဖြူးဖို့ ဆုတောင်းကြတာပေါ့။  တရုတ်၊ ဂျပန်နဲ့ ကိုရီယားတို့မှာ ကြယ်ပွဲတော်နဲ့ ပတ်သတ်ပြီးတော့ ရေးသားဟန်နဲ့ ဇာတ်ကြောင်းတင်ဆက်မှု့မှာ အမည်နာမတွေ အနည်းငယ် ကွဲလွဲပေမယ့် အဓိကကတော့ တစ်နှစ်မှာ တစ်ခါသာတွေ့ရတဲ့ ချစ်သူနှစ်ဦးရဲ့ ပွဲတော်အကြောင်းပါပဲ။

 Image Source : (Link)

Image Source: (Link)

 Image Source: (Link)

Image Source : (Link)

Reference : Wikipedia

4 comments:

  1. အခု သွားနေတယ် ဗျ ... :PP
    လမ်းလျှောက်ရင်း ကွန်မန်းရေးလိုက်ထှာ...
    ခဏနေ ရောက်ပီးးးးး
    လောလောဆယ်
    ကိုယ်ရယ် သဲရယ် စာရွက်ရယ်.... ...အဟတ် အဟတ်

    ReplyDelete
  2. မြန်မာလိုဆိုရင် ခွန်ဆန်လောနဲ့ နန်းဦးပြင် ပေါ့..
    =)
    −m

    ReplyDelete
  3. မင်းသမီးလေးနဲ့ နွားကျောင်းသားလေးအကြောင်းကို ရင်နင့်အောင် ခံစားခဲ့ပါတယ်
    ဆုလဲတောင်းခဲ့ပေးပါတယ်ရှင်

    ReplyDelete
  4. အဲဒီ ပုံပြင်လေး ငယ်ငယ် ကတည်း က ကြားဖူးတယ်။ ပွဲတော်လုပ်မှန်းတော့ မသိဘူး။

    ReplyDelete