စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, October 17, 2012

သစ်ကြားသီး၊ စင်ကာပူ၊ အယ်လ်မွန်စေ့ နှင့် ပက်စတာ ချီယို


          အချိန်ကုန်တာ မြန်လှသည်။  တစ်နှစ်အတွင်း တိုးတက်လာသည်မှာ ဗိုက်ဖြစ်သည်။  ဗိုက်ခေါက် အတော်ထူလာပြီ တကား…  မနှစ်က ဒီအချိန်လောက်ပဲ သစ်ကြားသီးပေါ်ချိန်ဆိုပြီး ပိုစ့်တင်ဖြစ်သည်။  ခဏလေးလိုပင် ၂၀၁၂ ကလည်း ကုန်တော့မည်။  သစ်ကြားသီးတွေကတော့ ရာသီအသစ်ရောက်ပြီ ဖြစ်သည်။  မနှစ်က နန်တုန်မှာ တစ်နှစ်၊ ဒီနှစ်ကတော့ ရှန်ဟိုင်းရောက်ပြန်ပြီ… နောက်နှစ် ဘယ်ရောက်ဦးမည်မသိ။  သို့သော် သစ်ကြားသီးတွေကတော့ နှစ်တိုင်း နှစ်တိုင်း ပေါ်လာဦးမည်ဖြစ်သည်။ လမ်းဘေးမှာ သစ်ကြားသီးသည်တွေမှ အများကြီး၊  လျှောက်ရွေးကြည့်သည်၊  တစ်ဆိုင်လျှင် သစ်ကြားသီး တစ်လုံးစားသည်။  ၄၊ ၅ ဆိုင်မြောက်တော့ ၀ယ်လိုက်သည်။  သစ်ကြားသီး၊ အယ်လ်မွန်စေ့၊ ပက်စတာချီယိုလိုခေါ်တဲ့ အစေ့လေးတွေလဲ ၀ယ်သည်။  နောက် ဘာမှန်းမသိသော ရှည်မျောမျော အသီးလဲဝယ်သည်။  ထိုအသီးက ချိုသည်၊  သစ်ကြားသီးက စိမ့်သည်။  အားလုံးကောင်းသည်။  ဘီယာနှင့် လိုက်သည်။
          နောက်တစ်ပတ် စလုံးကို ခဏပြန်ရဦးမည်။  ဘာမှန်းမသိ ညာမှန်းမသိ ၀င်ငွေခွန်ဆိုပြီး ၂၀၀၀ နီပါး အသားလွတ်ကြီး IACS က ထုသည်။  ဒီနှစ် e-filing မတွဲမိ။  တွဲရအောင်လဲ ပါ့စ၀က်က မမှတ်မိ။  ပါ့စ၀က် ရဖို့ကလဲ သူ့ဆိုဒ်ကိုဝင်… apply လုပ်မှ စလုံးက အိမ်ကို စာပို့မည်။  သို့သော် ရောက်မလာ။  မတတ်နိုင်။  အခု စာအိတ်က ပန်းရောင်နှင့် ထပ်ရောက်လာသည်။  ၀င်ငွေခွန်ရှင်းရန် ဘာညာ သရကာတွေ လျှောက်ရေးထားသည်။  အဲ့ဒီ ကိစ္စကိုရှင်းရဦးမည်။

ဘာ အသီးမှန်းတော့ မသိချေ... ချို၏

ဗံဒါစေ့လား၊ ဗာဒံစေ့လား၊ အယ်လ်မွန်စေ့လားတော့မသိ.. ငယ်ငယ်တုန်းကတော့ အပင်အောက်ကြွေကျတဲ့ အသီးကိုထု အစေ့ထုတ်စားရတာ သဘောကျသည်။

ပက်စတာချီယိုကို ဆားနဲနဲဖြူးပြန်လှော် အငံ ခပ်လေးလေးနှင့်ဆို ပိုစားကောင်းသည်။


          အိုင်… အိုင်…. အိုင်…. ဆိုပြီး Apple ရဲ့ အသစ် Products တွေအကြောင်း ပိုစ့်ရေးဖြစ်သည်။  ရေးသာရေးတာ လိုချင်သည်။  လိုချင်တာမှ တော်တော့်ကို လိုချင်နေသည်။ လိုချင်သည်မှာ ရက်တီနာရုပ်ထွက်သည့် မက်ဘွတ်ပရိုကိုဖြစ်သည်။  Retina Display ကိုလည်း ကြိုက်သည်။  Flush Drive ကိုလည်း သဘောကျသည်။  Apple Store ကို ၀င်သည်။  265GB drive ကို ရွေးလိုက်သည်။  Processor ကို 2.6 i7 ယူလျှင် ၁၀၀ အလိုက်ပေးရမည်။  ရွေးသည်။  RAM ကို 16 GB မြှင့်လျှင် ၂၈၀ အလိုက်ထပ်ဆောင်း၊ External USB drive ထပ်ယူ၊ Pages၊ Numbers အဲ့ဒီ ဟာလေးတွေ လျှောက်ရွေး၊ ပြီးတော့ သူ့ရဲ့ တခြားပလပ်တွေထိုးမရတဲ့ အပေါက်တွက် အင်တာနက်ကေဘယ် plug ဂေါင်းတစ်ခု ထပ်ဝယ် စာရင်းချုပ်လိုက်ရင် စလုံး ၃၅၀၀ ကျော်သွားသည်။  အိမ်က ရှု့မငြီးကို လှမ်းဖုန်းဆက်သည်။  မက်ဘွတ်ဝယ်မည်ဆိုတော့ လက်သီးပဲ ရမည်ဟုဆိုသည်။  ပါမစ်ပိတ်သွားသော်…. ဖွင့်ထားသော် Apple Store web site ကို စိတ်နာနာနှင့် ပိတ်ပစ်လိုက်သည်။  ဒီလိုတော့ ဘယ်ရမလဲ ငါးမရလျှင် ရေချိုးပြန်မည်။  စလုံးပြန်ရောက်လျှင် iPod ကို သွားဝယ်ဦးမည်။  သဘောတူတူ မတူတူ၊ ပါမစ်ကျကျ မကျကျ ၀ယ်ဖြစ်အောင်ကို ၀ယ်ဦးမည်။  ပန်နိုရားမား ကင်မရာကို သဘောကျသောကြောင့်ဖြစ်သည်။  အတန်းလိုက်ကြီး လိုက်လို့ရသည်။  ဘာရိုက်ရမှန်းတော့ မသိသေး၊ သို့သော် မျောက်လက်ထဲ အုန်းသီးရလျှင် တစ်ခုခုတော့ ရိုက်လို့ ရနိုင်ကောင်းရဲ့။ 
          မည်သို့ပင်ဆိုစေ ဟိုတယ်မှာ လက်ကျန် Budweiser ၃၊ ၄ လုံးလောက်ရှိသေးသည်။  ဒီည စောစောက ၀ယ်လာတဲ့ သစ်ကြားသီးနှင့် အတူလှော်မည်။  စကားမစပ် ကျွန်တော့် သမီးလေး ကတော့ ရေထဲရောက်တော့မည်။  Hull က ဆေးတွေဘာတွေ အကျအနသုတ်ပြီးတော့ အတော်လေး လှလှပပ ဖြစ်နေပြီဖြစ်သည်။  သမီးလေး ကို ရေထဲချတဲ့ အချိန် အလုပ်နဲနဲပါးမည်။  ပြီးလျှင် Pipe pressure test၊ Flushing၊ Commissioning တွေက တစ်သီကြီး ကျန်သေးသည်။  ဘလော့ဂ်ပေါ်လဲ အရင်ကလို နေ့တိုင်း မရောက်ဖြစ်တော့။  သမီးလေးကို Launching လုပ်ခါနီး အလုပ်ပိနေသောကြောင့်ဖြစ်သည်။  စလုံးပြန်ရောက်လျှင်တော့ အများကြီး ရေးဦးမည်ဟု အားခဲထားသည်။  ရေးဖြစ်မည် မရေးဖြစ်မည်ကိုတော့ မသိသေး။  အဲ.... စလုံးပြန်ရင် သစ်ကြားသီးတွေ၊ အယ်လ်မွန်စေ့တွေ၊ ယူသွားဦးမည်။  အိမ်ပြန်ရောက်လျှင် သူငယ်ချင်းတွေနှင့် ၀ိုင်းရဦးမည်။ ဦဂျော်နီနှင့် အတူ လမ်းမလျှောက်ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။

4 comments:

  1. သစ်ကြားသီးကို ကြိုက်တယ်အများကြီးစားမရဘူး မူးလို့လေ
    တိုးတက်လာတဲ့ဗိုက်အကြောင်းမပြောတော့ပါဘူး
    အိမ်ကလူ ၃၈ ဖြစ်နေပြီ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  2. ဦးဂျော်နီနဲ့ လမ်းလျှောက်ပြီးရင်
    အိုင်ပေါ့နဲ့ ရိုက်ထားတာလေးတွေတင်တော့လာကြည့်လှည့်ဦးမယ်လေ။
    အို်င်အိုရာ

    ReplyDelete
  3. ထဆင်ထူး ရေ .. အလည်လာရင်း ပတ်စတာချီယို စားရင်း မဖတ်၇သေးတာတွေ ဖတ်သွားအိ..

    ReplyDelete
  4. သစ်ကြားသီး မစားရတာတောင် ကြာပြီ..မျောက်လက်ထဲ အုန်းသီးရတုန်း လက်စွမ်းပြတဲ့ ဓာတ်ပုံလေးတွေ မြင်ချင်ကြောင်းဗျား..

    ReplyDelete