စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 13, 2012

အိုင်… အိုင်… အိုင်….


          ဒီပြဿနာစတာက ဟိုလူကြီး ကမောင်သန့် ကနေ စတာ။  စဆို သူက ပိုစ့် ၃ ပိုစ့်နဲ့ ဆွလိုက်တာ.. အတိတ်နမိတ်ပေးတာကတစ်မျိုး  စင်ကာပူ မပါဘူးဆိုတာက တစ်ဖုံတစ်ကယ်ထွက်ပြီဆိုတာကတစ်မျိုး အမျိုးမျိုးဆွတော့ လူလည်း ကြည့်ချင်လိုက်တာမှ တစ်ပိုင်းကို သေလို့။  ဟော နောက်ဆုံး တစ်ကယ်ထွက်ပြီဆိုတဲ့ ပိုစ့်လဲရောက်ရော အိုင် ဆီကို တန်းနေအောင်ပြေးတာ။  ဒီလူတွေ ကြော်ငြာကောင်းချက်ကတော့ 9 လောက်ရှိတယ်။  အီးကုန်စက္ကူကြော်ငြာရင်တောင်မှ we never done this before တို့၊ the best we ever made တို့လိုမျိုး စာလုံးတွေနဲ့တင် လူမှာ သေလောက်တယ်။  ကမ္ဘာ့အကောင်းဆုံး အီးကုန်းစက္ကူကိုရဖို့ အကောင်းဆုံး မြေဆီမြေနှစ် မြေသြဇာတွေကို ဘယ်နိုင်ငံကမှာယူပြီးတော့၊ ၀ါးတွေ အရည်အသွေးကောင်းဆုံးရအောင် အပူချိန်၊ မိုးရေ ကိုဘယ်လိုထိန်းသိမ်းပြီး ၀ါးကို စိုက်ပျိုး၊ နောက်ဆုံးပေါ်စက်ကြီးတွေနဲ့ ကြိတ်လို့ စက္ကူနဲ့ အရေပြားနဲ့ ထိတွေ့တဲ့နေရာမှာ ဘယ်အရာမှ မယှဉ်သာအောင် ကွာလတီက ဟောဒီလိုကောင်းတော့၊ ဟောဒီ အီကုန်းစက္ကူကို သုံးလိုက်ရင် အိမ်သာတက်ရင်း နတ်ပြည်ရောက်သလို ခံစားရမယ်ဆိုပြီးတော့ စီအီအိုသုံးယောက် အဖြူရောင် နောက်ခံကြီးနဲ့ ၀ါးပင်တွေ တစ်မျိုးပြလိုက်၊ ၀ါးကြိတ်တာတစ်မျိုးပြလိုက်၊ အီးကုန်စက္ကူ ပါကင်လှလှတွေ တစ်မျိုးပြလိုက်နဲ့ ပတွတ် ပတွတ်ပြောလိုက်ရင် တစ်သက်လုံး ထရံချိုး အီးကုန်းလာတဲ့လူတွေတောင် သူတို့ဆီမှာ တန်းဆီပြီးဝယ်ရလောက်တယ်။

          ခုလည်း ကိုယ်ကိုင်ထားတဲ့ ဖုန်းကို ကြည့်လိုက် သူတို့ရဲ့ အိုင်ဖုန်းဖိုက် ကြော်ငြာကြီးကို ကြည့်လိုက်နဲ့… ဟယ်.. ဖုန်းလေးက ပါးပါးလေးပဲ… အင်း ၇.၆ မီလီမီတာပဲ ထူးသကိုး။ ရှည်မျောမျောလေးနဲ့ လှထှာ။  သြော်… ရက်တီနာ ဒစ်စပလေးတဲ့.. အင်း ကောင်းလိုက်တာ ကြည်လင်ပြတ်လားလိုက်တာ… ဟင်.. ငါ့ဖုန်းကြီးနဲ့ ကွာပ။  ဘာလဲ.. ပန်နိုရားမားဟုတ်လား.. အော်.. ဓာတ်ပုံတွေကို မြင်ကွင်းအကျယ်လိုက်ကြီး ရိုက်လို့သတဲ့.. ဟင့် ငါဖုန်းမှာလဲ အဲ့သလိုဟာမျိုး မချိပါလား။  ဒီလို ပန်နိုရားမားနဲ့ဆိုရင် မြန်မာပြည်က ရှိရှိသမျှ နာမည်ကြီးမော်ဒယ်တွေကို တန်းစီခိုင်းပြီး အတန်းလိုက်ကြီး ဆွဲရိုက်ပစ်လိုက်လို့ရတယ် ရှယ်ပဲ.. ရှယ်ပဲ။  အို.. ပန်းသီးက အင်ဂျင်နီယာတွေထွင်လိုက်တဲ့ နားကျပ်ကိုများ နားထဲထိုးထည့်လိုက်ရင် လောကစည်းစိမ်… ဇိမ္ဘဲ.. ဇိမ္ဘဲ။  ဘာ.. A6 ပရောဆက်ဆာက သိပ်မြန်သတဲ့။  ငါ့ဖုန်းကတော့ ဟန်းလိုက်တာ (ဂိမ်းတွေ စုပြုံထည့်ထားတာကိုတော့ မပြောနဲ့) ခွေးအကြီး လှည်းနင်းနေသလိုပဲ။  အမယ်… ဘလူးတုနဲ့ ဖိုးဂျီဝိုင်ယာလက်ဆိုတဲ့ ဟာကြီးက ဒေတာ ထရန်စဖားမှာ ရှလွတ်.. ရှလွတ်နဲ့ သိပ်မြန်တာပဲတဲ့။  ငါ့ဖုန်းကတော့ လှည်းအိုကြီးကို နွားအိုကြီး နှစ်ကောင်ဆွဲလို့၊ လမ်းမှာ ဂျမ်းဖြစ်နေတာထက်တောင် ကွန်နက်ရှင်ဆိုးသေးတယ်။  ဆမ်ဆောင်း ဂလက်ဆီ သရီးကလည်း “လူတွေအတွက် ဒီဇိုင်းထုတ်ထားတယ်”ဆိုပြီး ကြော်ငြာပြန်တော့ သြော်.. ၀ယ်မသုံးမိတဲ့ ငါ့မှာ လူရော ဟုတ်မှ ဟုတ်သေးရဲ့လားလို့ နားရွက်ပြန်ကိုင်ကြည့်၊  ဂျိုပေါက်မပေါက် ကိုယ့်ခေါင်း ကိုယ်ပြန် စမ်းကြည့်ရသေးတယ်။  ခုလည်း 4G ဆိုတဲ့ဟာကြီးက အိုင်ဖုန်း ဖိုက်မှာ ပါလာပြန်ပြီ။  ဘယ်သူက ဘယ်သူဟာကို ခိုးမှန်းတော့မသိ။  ပြီးရင် သူတို့ပဲ အုန်းအုန်းထ တစ်ယောက်နဲ့ တစ်ယောက် တရားစွဲဦးမယ်။ ကြားထဲမှာ ထွက်သမျှဖုန်းတွေကြည့် သွားရေ တောက်တောက်ကျ။   သူတို့ကြော်ငြာသမျှလိုက်ကြည့်ပြီးတော့.. တော်တော်ဒူတဲ့ ငါဖုန်းပါလား ဆိုပြီး လွှတ်ပစ်ချင်စိတ်တောင်ပေါက်လာပြီ။


          ဟော.. ဒါနဲ့ပဲ မရပ်ဘူး မတ်ဘွတ်။  ဟာ.. ရက်တီနား ဒစ်စပလေးနဲ့ မတ်ဘွတ်ပရိုဆိုတဲ့ ဟာကြီးကလည်း ပါးလိုက်တာ မတ်ဘွတ်အဲကျနေတာပဲ။  အင်တဲလ် အိုင် ဆဲဗင်းထည့်ပြီးတော့ Hard disk ကလဲ solid တဲ့။  အရင်လိုမျိုး တစ်ဝီ၀ီ လည်နေတဲ့ ဟာကြီး မဟုတ်တော့ဘူးတဲ့။  ဓာတ်ပုံတွေလည်း ပြင်ရတာ အရမ်းကောင်းသတဲ့။  မော်နီတာကလည်း ကြည်လင်လိုက်တာမှ ခြင်အီးပါတာတောင် အသေးစိတ်မြင်နိုင်သတဲ့။  အို… စုံနေတာဘဲ။  စာလုံးတွေတောင်မှ ကြည်လင်ပြတ်သားလိုက်တာ မျက်မှန်သမားတွေတော်မှ မျက်မှန် လိုချင်မှ လိုတော့မယ့် ပုံစံမျိုး။ တောက်… ငါအခုသုံးနေတဲ့ ကွန်ပျူတာကြီးနဲကများ ကွာပ။ ကွာပ။  လိုချင်ထှာ။ ဒီကွန်ပျူတာ အစုတ်ကြီးကို ခုချက်ခြင်းပဲ လွှတ်ပစ်လိုက်ရင်ကောင်းမလား... အိုမဖြစ်သေးပါဘူးလေ... လွှတ်ပစ်လိုက်ရင် ငါအခုရေးနေတဲ့ ပိုစ့်ကို ဘယ်လိုတင်ရပါ့။ စိတ်လျှော့ စိတ်လျှော့။

          ဒါနဲ့ ရပ်သလားဆိုတော့ မရပ်ဘူး… နောင် တစ်အိုင်ထပ်သွားကြည့်တယ်။  အိုင်ပေါ့။  အို… အ၀ါရောင်းလေး… အပြာရောင်လေး ဆိုပြီး ဇော်ဝင်းထွဋ်ဆိုထားတဲ့ သီချင်းကြနေတာပဲ။  အရောင်တွေကို စုံလို့။  ပန်နိုရားမားဆိုတဲ့ ဟာကြီးလည်း သူ့ဆီမှာ ပါသတဲ့။  ကတောက် အိုင်ဖုန်း အဖြူတစ်လုံးကို ညာဖက်ကကိုင်၊ အနက်တစ်လုံးကို ဘယ်ဘက်ကကိုင်၊ အရောင်စုံအိုင်ပေါ့တွေကို ခါးပတ်မှာချိတ်။  ရှိသမျှ နားကျပ်တွေကို အဲ… ထိုးစရာ နားကတော့ နှစ်ပေါက်ပဲရှိတယ်။  အဲ့ဒီလိုနဲ့ ဖလမ်း ဖလမ်းထနေအောင် တစ်မြို့လုံးပတ်လိုက်လို့ကတော့ အုံလိုက်ကျင်းလိုက် ဆွဲလိုက်မယ့် ခွေးတွေ။ 

          သြော်.. တရားနဲ့ ဖြေပါလေ။  တရားနဲ့ဖြေပါ အမောင်။  အမောင့်ရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေ အကောင်းပကတိ ရှိသေးတယ်။  အသစ်တွေပေါ်တိုင်း လိုက်မ၀ယ်ပါနဲ့လို့ ကိုယ့်ကိုယ်ကို တရားချကြည့်တယ်။  မရပါဘူး။  အိုင်ကတော့ အိုင်ပဲ။  အိုင်ဖုန်း ဘယ်လောက်ကောင်းသလဲဆိုတာ မကွန်ရဲ့ ဆိုဒ်ကိုသာသွားကြည့်။  သူ့ဓာတ်ပုံတွေ မ၀ါးတော့တာ ကိုယ်တွေ့၊ ကိုယ်တွေ့။ အဲ့ဒါတောင် အိုင်ဖုန်း ၄အက်စ်နဲ့ပဲ ရိုက်ရသေးတာ။  နောက်ဆို အတန်းလိုက်ကြီး ဆွဲရိုက်ထားတဲ့ ရင်သပ်ရှု့မောပုံတွေ မကွန်သာ အိုင်ဖုန်း ၅ ၀ယ်လိုက်လို့ကတော့ မြင်ရဦးမှာ။ 

          သို့ပေမယ့် ထွက်သမျှ အိုင်ဖုန်း၊ အိုင်ပေါ့၊ မတ်ဘွတ်တွေသာ တစ်ပွေ့ကြီး ၀ယ်ပြီးအိမ်ပေါ်ပြန်တက်လာလို့ကတော့ အိမ်က ရှု့မငြီးက ရော့ အထုတ်ပိုက် အိမ်ပေါ်က ဆင်းတော်မူဆိုပြီး လုပ်မယ်ထင်ပ။  ရိုးရိုးတရားနဲ့ ဖြေမရတော့.. အကြောက်တရားနဲ့ ဖြေနေရသပေါ့လေ။  ဖြေသာဖြေရတယ်…. လိုချင်တာမှ ရွပိုးကိုထနေတာ။  ဒီည အိပ်လိုက်ရင်တော့ အိပ်မက်ထဲမှာ အိုင်ဖုန်း ၅ကြီးကို ဘယ်ဘက်လက်ကကိုင်၊  အိုင်ပေါ့ထဲက သီချင်းကိုဖွင့် ဟိုအရမ်းကောင်းတယ်ဆိုတဲ့ နားကျပ်ကြီးကို နားထဲထည့်၊ မက်ဘွတ်အသစ်ကို ဟိုကလိ ဒီကလိနေတယ်ဆိုတဲ့ အိပ်မက်မျိုး မက်မယ်ထင်ပ။  တင်းခံလိုက်ဦးမယ်…  ငါကပဲ အသည်းနုလား၊ ဒင်းတို့ကပဲ ကြော်ငြာကောင်းလား.. တစ်ပွဲ တစ်လမ်း အကဲစမ်းကြသေးတာပေါ့။

10 comments:

  1. ကြောငြာကောင်းလှချေလားဗျို့
    မယုံဘူး ??????

    ReplyDelete
  2. haha... this ads is better :D
    sorry can't type mm Font.

    Thanksssss

    ReplyDelete
  3. သဘောကျတယ်ဗျ..၊ ပြုံးလည်းပြုံး ရီလည်းရီနေရတယ်...၊း)
    လူတွေအပေါ် ကြော်ငြာတွေရဲ့ impact ကို ဒဲ့မြင်သွားရစေတယ်..၊ ရိုးရိုးတရားနဲ့တင် မရတော့လို့ အကြောက် (ရှယ်) တရားနဲ့တောင်
    ဖြေရမယ့် အဖြစ်ကို ဖတ်ရတာ တရားရှာ၊ အိမ်မှာတွေ့လို့ ပြောင်းရမယ် ထင်တယ်ဗျ...။း)

    ReplyDelete
  4. ဟား ဟား ဟား အစ်ကိုအောင်ထွဋ်ရေ ရီရတယ်။ :D အစ်ကိုနဲ့ ကျွန်တော် သဘောထားခြင်းတိုက်ဆိုင်တယ်။ တင်းခံထားအစ်ကိုရေ နောက်ဆုံး မရရင် သွားဝယ်ကြတာပေါ့နော်။ ဟီး ဟီး.... :P

    ReplyDelete
  5. မလွယ်ဘူးတင်းထား

    ReplyDelete
  6. ဟားးးးးးးးးးး မိုက်တယ်ဗျာ.....အရေးသွက်သွက်......အတွေးထက်ထက်နဲ့.....ခေတ်ကိုထင်ဟပ်လိုက်ပုံကတော့....။
    အင်း.....ဆားပုလင်းဂျီးက အကြောက်တရားနဲ့ဖြေတယ်ပေါ့......၊ကျွန်ုပ်မတော့ မရှိတရားနဲ့ဖြေလိုက်တယ်ဗျ.....ဝယ်စရာပိုက်ဆံမှမရှိတာ.....:))))

    ReplyDelete
  7. but I think Iphone5 is not much improvement compare with previous one.
    Look like they only change size and display. compare with s3 ...should choice s3

    ReplyDelete
  8. လရိပ်အကိုကတော့ မဝယ်နဲ့အုန်းတဲ့ ။ တားရှာတယ်။
    ဒါမဲ့ လိုချင်တယ်ဗျာ။

    ReplyDelete
  9. ဝယ်နိုင်ဖူးကွယ် ဆိုတော့ အိုင်နိုင်ဖူးရယ်ပေါ့ ကထဋ်ရေး)

    ReplyDelete