စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, January 25, 2013

အလုပ်ထဲမှာ ဒီလိုရှိတယ် (၁)


          ကျွန်တော့်အလုပ်က သင်္ဘောဆောက်တဲ့ ရပ်ဝန်းထဲမှာပဲ ကျင်လည်နေရတာ။  ဒီလိုပါပဲ တခါတလေ ပျော်စရာလေးတွေ တွေ့ရတတ်သလို၊ တခါတလေကျတော့ အလွဲလေးတွေ တွေ့ရတတ်ပါတယ်။  စိတ်ဖိစီးမှု့ကတော့ ရံဖန်ရံခါ ရှိတတ်တာပေါ့လေ။  ထားလိုက်ပါတော့လေ။ 

ချာလည်လည်
          ပထမဆုံး အလုပ်စလုပ်ဖြစ်တာက စလုံးက သင်္ဘောကျင်းမှာ။  အဲဒီတုန်းက Engineering Department မှာ လက်ထောက် အင်ဂျင်နီယာပေါ့။  အဲဒီဋ္ဌာနမှာက အန္ဒိယက Draft Man ပုံဆွဲလေးတွေ ရှိတယ်။  ဆိုတော့ ဒီဇိုင်းကို ဟိုလိုလေး ပြင်ချင်တယ်၊ ဟိုဟာလေး ဖြည့်ချင်တယ် စသည်အားဖြင့် Modify လုပ်ချင်တာလေးတွေကို အဆိုပါ အန္ဒိယနွယ်ဖွား ကုလားလေးတွေနဲ့ နှစ်ပါးခွင်ကရသပေါ့။  ပထမဆုံးစရောက်တော့ ထုံးစံအတိုင်း ကုလားလေးကို ဟိုလိုလေးပြင်ချင်တယ်၊ ဒီလိုလုပ်ချင်တယ် စသည် စသည်အားဖြင့် ရှင်းပြတယ်။  ပြီးတော့ နားလည်လားဆိုတော့ ဟို ကုလားလေးက ခေါင်းခါပြသဗျ။  နားမလည်ဘူးထင်တော့ နောက်တစ်ခေါက်ရှင်းပြ။  နားလည်လားလို့မေးတော့ ခေါင်းခါပြပြန်ရော။  တတိယမြောက်အကြိမ်ကျတော့ နည်းနည်း ကျွဲမြီးတိုလာရော…. ငါပဲ ရှင်းမပြတတ်တာလား၊  ဒင်းပဲ နားမလည်တာလားဆိုပြီး မင်း နားလည်တာလား နားမလည်တာလားဆိုပြီးမေးတော့မှ ဟင် ငါနားလည်တယ်လို့ မင်းကို ခေါင်းခါပြနေတာပဲဟာကို ဆိုတော့မှ သြော်… ဒင်းတို့က နားလည်လည်း ခေါင်းခါ၊ နားမလည်လည်း ခေါင်းခါ သကိုးဆိုပြီး စသိတာ။  နောက်ပိုင်း စကားစပ်မိရင်း အန္ဒိယတွေ ခေါင်းခါတာ ခါတာနဲ့ ပြောကြတဲ့အကြောင့် ပြောကြတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကနောက်တယ်။  အန္ဒိယတွေ ဦးနှောက်ထဲမှာ အပေါက်တစ်ပေါက်ရှိသတဲ့။  နောက်ပြီးတော့ ဂေါ်လီလုံး တစ်လုံးလဲရှိသတဲ့။  ဒီတော့ ဒီအပေါက်ထဲကို ဂေါ်လီလုံးကျသွားရင် အသက်ရှုပေါက်ပိတ်ပြီးတော့ အသက်ရှုလို့မရတော့ဘူးပေါ့လေ။  အဲဒီတော့ သူတို့ စကားပြောတိုင်းမှာ ခေါင်းကို တစ်လှုပ်လှုပ်နဲ့ ဂေါ်လီလုံး အပေါက်ထဲမကျအောင် ထိန်းထိန်းပြောရတာပါတဲ့။



ဘက်တမ်ရဲ့ ညတစ်ည
          ကျွန်တော်အရင်အလုပ်လုပ်တဲ့ သင်္ဘောကျင်းက စလုံးမှာ တစ်ကျင်း၊ အင်ဒိုနီရှာ ဘက်တမ်ကျွန်းမှာ ၂ ကျင်း၊ တရုတ်မှာ တစ်ကျင်း ရှိတယ်။  ဒီတော့ စလုံးအထိုင်ဖြစ်ပေမယ့် အင်ဒိုမှာဆောက်တဲ့ သင်္ဘောတွေဆို တစ်ခါတစ်ရံတော့ အင်ဒိုဘက်သွားသွားပြီး စကားပြောရတာလေးတွေရှိတယ်။  နောက်တစ်ခုက သင်္ဘောစမ်းတဲ့အချိန် Sea Trial တို့ Bollard Pull တို့ ဆွဲတဲ့အချိန်ကျတော့ အင်ဒိုနီရှားရဲ့ ဘက်တမ်ကျွန်းဘက်မှာ သွားစမ်းရတယ်။  မှတ်မှတ်ရရ အဲဒီတစ်ခေါက်က ဆောက်တဲ့ သင်္ဘောက Water Injection Dredger လေး။  ဒီဇိုင်းက Tug Boat (တွန်းသင်္ဘော) ပုံစံပေမဲ့ သင်္ဘောနောက်မှာ U ပုံစံ Water Injection Pipe ကြီးခွေပြီးတော့ သောင်တွေကို ရေအားနဲ့ မှုတ်ထုတ်ပြီး Ploughing ပါတွဲလုပ်လို့ရအောင် ဒီဇိုင်းလုပ်ထားတာ။  Deck ပေါ်မှာ A-Frame တစ်ခုထည့်ပြီးတော့ ပိုက်ကို အတင်အချ လုပ်လို့ရသပေါ့လေ။  Bollard Pull အတွက် A-frame ကို အဲဒီတုန်းက ဖြုတ်ထားတယ်ထင်တယ်။
အစက Project Engineer က မလေးတစ်ယောက်။  နောက် သူအလုပ်ထွက်သွားတော့ ကျွန်တော်က အဲ့ဒီသင်္ဘောရဲ့ လိုတာလေးတွေကို ကျွန်တော့် Project Manager နဲ့တွဲကူပြီး လုပ်ပေးရတာ။  Project Manager ကလည်း မြန်မာပဲ၊ နာမည်ကလည်း ကျွန်တော့်လို အောင်နဲ့စတာ။  ကျွန်တော့်ကို အစစ အရာရာ သင်ပေးတဲ့ ကျွန်တော့်ရဲ့ ဆရာ၊ ကျွန်တော့် အကိုတစ်ယောက်လိုခင်တဲ့ တစ်ယောက်။  ဒီ ပရောဂျက်ကလည်း အဖုအထစ် အတော်များတဲ့ ပရောဂျက်။  Sea Trial ထွက်တုန်းက ကပ္ပတိန်းငကြောင်က ကျွန်းပေါ်မှာထားတဲ့ တောင်၊ မြောက် မီးပြတိုက်နှစ်ခုကို တွေ့တော့ ဒီမီးပြတိုက် နှစ်ခုကြားထဲက ရေလမ်းကြောင်းဆိုပြီး Chart မကြည့်ဘဲ စွတ်မောင်းလိုက်တာ သင်္ဘောက ကျွန်းတည့်တည့်ကို ပြေးတိုက်ပြီးတော့ သောင်တင်ပါလေရော။  သောင်သွားတင်တဲ့ ကျွန်းက အင်ဒို ရေပိုင်နက်။  ညကြီးမင်းကြီး သင်္ဘောအကူလွှတ် ပြန်ဆွဲချ အဲဒါတွေကို ကျွန်တော့်မန်နေဂျာက ရှင်းပြီးတော့ နောက်တစ်ခေါက် Bollard Pull ဆွဲဖို့ အင်ဒိုကို သွားကြပြန်ရော။  Bollard Pull ဆိုတာက သင်္ဘောရဲ့ Thrust Power (တွန်းအား) ဟာ ဒီဇိုင်းထဲကအတိုင်း တွန်းနိုင်၊ မတွန်းနိုင်ကိုက်မကို သင်္ဘောပေါ်က Winch ရဲ့ Wire ကို ကုန်းပေါ်က Bollard မှာ ချည်ပြီးတော့ အင်ဂျင်ပါဝါကို ၈၀၊ ၈၅၊ ၉၀၊ ၉၅၊ ၁၀၀၊ ၁၁၀ စသည်အားဖြင့် သင်္ဘောစာချုပ်ထဲကအတိုင်း အဆင့်ဆင့်တင်ပြီးတော့ ကြိုးရဲ့ Tension ကို တိုင်း၊  အဲ့ဒီကပြတဲ့ ဆွဲအား “တန်” ကို မှတ်။  ဒါပါပဲ။  ဒါပေမယ့် ကြိုးပြတ်တာတို့ ဘာတို့ ဖြစ်ရင်၊ အဲဒီအချိန် ရှေ့မှာ သင်္ဘောဖြတ်သွားလို့ကတော့ နွားသိုးကြိုးပြတ်လို ပြေးတိုက်ဖို့ ရှိတာပေါ့လေ။  ဒီတော့ တော်တော်လေး သတိထားရတယ်။  ထားပါတော့လေ။
ဒီလိုနဲ့ Bollard Pull ဆွဲမယ်လုပ်တော့လဲ ဒီ ကပ္ပတိန်ငကြောင်ကောင်ကိုပဲ ကျင်းက ထည့်ပေးလိုက်တယ်။  Sea Trial တုန်းက ပြဿနာဖြစ်ပြီးတော့ Crew Department ကို ကပ္ပတိန်လဲပေးဖို့ ပြောပေမယ့် လူစားထိုးဖို့ မရှိလို့ပါတို့၊ ဒီတစ်ခေါက်တော့ ဘာပြဿမရှိနိုင်လောက်ပါဘူး၊ ဘာ.. ညာနဲ့ ဒီကပ္ပတိန်နဲ့ပဲ နှစ်ပါးသွားရပြန်ရော။  ဒီလိုနဲ့ Bollard Pull စပြီး စမ်းတော့ ကျွန်တော်က ကမ်းပေါ်က Tension Meter မှတ်တဲ့ ဘက်မှာ။  BV Surveyor တစ်ယောက်က သင်္ဘောပေါ်မှာ၊ နောက်တစ်ယောက်က ကျွန်တော်နဲ့အတူ။  သင်္ဘောက စထွက်ကထဲက စောင်းစောင်းကြီး။  ဟိုကပ္ပတိန်က ဘယ်လိုမောင်းနေတယ်မသိ။ Winch ရဲ့ ၀ါယာကြိုးက Propeller ကြားထဲ ညပ်တော့မလို၊ ညပ်တော့မလို၊  ကမ်းပေါ်က အော်တဲ့လူက ကုန်းအော်။ 
ဒီလိုနဲ့ လည်တည် လည်တည်နဲ့ ရေလည်ကိုရောက်သွားရော။  ရေလည်ရောက်သွားတဲ့အချိန်မှာ Bollard Pull ဆွဲမဲ့ကြိုးက သင်္ဘောဘေးရောက်နေပြီ။  သင်္ဘောကို ပြန်တည့်ဖို့၊ ကြိုးကို သင်္ဘောနဲ့ ရှေ့နောက် တန်းနေအောင်ထားဖို့ပြောနေတုန်းမှာပဲ ဟိုကပ္ပတိန်ကောင်က အင်ဂျင်ပါဝါကို ၈၀ % ဆွဲတင်ပစ်လိုက်ရော။  ဘာပြောကောင်းမလဲ သင်္ဘောကို ကြိုးနဲ့ ဘေးကနေ ဆောင့်ဆွဲလိုက်သလိုဖြစ်ပြီးတော့ သင်္ဘောတစ်ခြမ်းစောင်းသွားတာ Main Deck (ကုန်းပတ်) တစ်ခြမ်းလောက် ရေစိုသွားရော။  ထင်တယ်…  List ဖြစ်သွားတာ ၂၀ ဒီဂရီကျော်လောက်ရှိမယ်။  Winch ရဲ့ Emergency Release Button ကိုနှိပ်ဖို့၊  အင်ဂျင်ကို စက်သပ်ဖို့ကုန်းအော်…။   သွားပြီ သင်္ဘောတော့ မှောက်ပြီလို့ ထင်နေတာ။  တော်သေးတယ်။  ဒီ သင်္ဘောလေးက Stability တော်တော်ကောင်းတယ်။  ပြန်ပြီးတော့ မတ်လာသေးတယ်။ 
ဘာဖြစ်သွားလဲဆိုတော့ ပြန်ဆင်းလာတဲ့လူတွေ မျက်နှာဖြူဖတ်ဖြူရော်နဲ့ ပြန်ဆင်းလာကြတယ်။  BV က Surveyor အသစ်လေးဆိုရင် မျက်နှာက ဇီးစေ့လောက်ပဲ ရှိတော့တာ။  Owner ဘက်က ခပ်၀၀ အဖြူကောင်တစ်ယောက်ဆိုရင် Wheel House (စလင်ခန်း) အပြင်ဘက် ၀ရံတာလေးနေ ထွက်ကြည့်နေတာ။  သင်္ဘောလဲ စောင်းသွားရော ၀ရံတာလက်ရန်းကို ဖက်ထားများတာ မျောက်ကြီး အုန်းပင်တက်နေတဲ့အတိုင်း။  အဲ… နောက် သင်္ဘောပေါ်တက်ကြည့်တော့ Winch ရဲ့ Spooling Device က ရွဲ့ထွက်နေပြီ။  Winch ကလည်း တစ်ခြမ်းစောင်းသွားတယ်။  Design မှာက Towing Bit ထည့်မထားတော့ ကြိုးရဲ့ Direction လွဲသွားရင် Winch ဆီကို Direct Impact ရောက်တယ်။  အစပိုင်းကထည်းက ဒါကိုပြောပေမယ့် များသောအားဖြင့် ဒီ Winch က A-frame အတွက်ပဲ သုံးမှာဆိုပြီး ထည့်မထားတာ။  နောက်တော့ Winch ကိုပြန်ဖြုတ်၊ Maker ဆီပြန်ပို့၊ ပိုက်ဆံတော်တော်ကုန်သွားသပေါ့လေ။  အဲဒီကိစ္စပြီးတော့မှ Towing Bit ပြန်ထည့်တာ။
ဒီလိုအရေးပေါ်ဖြစ်တော့ သင်္ဘောကို စလုံးကို ပြန်မဆွဲတော့ပဲ အင်ဒိုက ကျင်းမှာပဲ ထားခဲ့တယ်။  ကျွန်တော့်မန်နေဂျာက မင်းသင်္ဘောစောင့်ဆိုပြီးထားခဲ့တော့ သင်္ဘောပေါ်မှာ ငုတ်တုတ်ပေါ့။  ခက်တာက သင်္ဘောကအရေးပေါ်ကပ်တော့ ကျင်းဘေးမှာ Along Side (ကမ်းကပ်)ဖို့နေရာကမရှိ။  ဒီလိုနဲ့ သင်္ဘောက Offshore Rig တွေပြင်တဲ့ဘေးနားမှာ ကျောက်ဆူးချပြီးထားတာ ကျင်းက ခပ်ပြပြပဲ မြင်ရတော့တယ်။  နောက်ပြီးတော့ Bollard Pull တစ်ခုထဲဆိုပြီး သင်္ဘောပေါ်မှာ စားစရာများများစားစား ဘာမှ ထပ်ယူမလာဘူး။  Sea Trail လက်ကျန် ခေါက်ဆွဲခြောက်လေး ၄ ထုပ်ထားကျန်တယ်၊ ရေဘူးတွေတော့ တော်တော်များများလေး ကျန်တယ်။  သင်္ဘောပေါ်မှာက ကျွန်တော်ရယ် ဘင်္ဂလား ကုလားလေးတစ်ကောင်ရယ် ဒါပဲကျန်တယ်။  ဒီလိုနဲ့ တဖြည်းဖြည်းမိုးချုပ်လာရောဆိုပါတော့လေ။
နေ့လည်ကထည်းက ဘက်တမ်ကျင်းမန်နေဂျာ ကိုရီးယားဆီကို လှမ်းဖုန်းဆက်၊  ဖြစ်ပျက်သမျှအကြောင်းပြောပြ၊  အစာလှမ်းတောင်းထားတာကလည်း ညနေ ခြောက်နာရီလောက်အထိ ပေါ်မလာ။  နောက်ပြီးတော့ လုံခြုံရေး ၆ ယောက်လောက်လွှတ်ပေးဖို့ ပြောထားတာကလည်း မလာ။  ဂျင်နရေတာနှိုးထားပြီးတော့ သင်္ဘောရဲ့ မီးစုံအကုန်ဖွင့်ထားရတယ်။  ကျန်တဲ့ ၂ ယောက်မှာ ဘင်္ဂလားလေးကို အင်ဂျင်ခန်းထဲလွှတ်ပြီးတော့ ဆီကျန်နဲ့ Cooling ကို စောင့်ခိုင်းထား။ ကျွန်တော်ကတော့ Deck  Watch တက်လုပ်။ 
ညနေ နေ၀င်တာနဲ့ စတာပဲ။  ဘာစတာလဲဆိုတော့ အင်ဒို ငါးဖမ်းလှေလေးတွေ အများကြီး သင်္ဘောဘေးကို ကပ်လာတာ။  ဒီကောင်တွေ မီးလုံးတွေ့မီးလုံး၊  Valve တွေ့ Valve၊ ကုန်ကုန်ပြောရရင် သင်္ဘောအစောင့်မရှိရင် ကျောက်ဆူးကြိုးပါ မီးနဲ့ ဖြတ်ပြီးတော့ ရောင်းစားတဲ့အကောင်တွေ။  သင်္ဘောနားကပ် ရသမျှ ဘောကွင်းကအစ၊ အကုန်ဖြုတ်ယူတော့ ရှိသမျှ Loose Item တွေအကုန်လုံး သင်္ဘောထဲရွှေ့ထည့်။  ကျီးကြည့် ကြောင်ကြည့်နဲ့ ကပ်လာသမျှအကုန်လုံး မောင်းလွှတ်။  ဗိုက်ကလည်းဆာ။  ဒီလိုနဲ့ ည ရနာရီကျော်မှ အစာလာပို့တဲ့ လှေကလေးရောက်လာတော့တယ်။   လုံခြုံရေးကတော့ ည ၁၁ နာရီထိုးလောက်မှ သင်္ဘောပေါ်ရောက်လာတော့တယ်။  လုံခြုံရေးရောက်လာတော့မှ နည်းနည်းလေး စိတ်ချလက်ချဖြစ်ပြီး တစ်ရေးလောက် မှေးလို့ရတော့တယ်။  


အလုပ်ထဲမှာ ဒီလိုရှိတယ် (၂)
အလုပ်ထဲမှာ ဒီလိုရှိတယ် (၃)

6 comments:

  1. အခုတော့.၇ယ်ပြီးပြောနိုင်ပြီးပေါ့ဗျာ

    ReplyDelete
  2. အဟက်...ကိုနိုင်းပြောသလို ခုမှပဲမှေးနိုင်တော့တယ်ရှင်...အဲလေ ဗျာ :)
    မိုးနတ်က ပင်လယ်ခရီးလမ်းနဲ့ မနီးစပ်သူမို့ ဖတ်ရတာ
    သူများတွေတော့သိဘူးးးးး မိုးနတ်အတွက်တော့ အဆန်းသားရှင်..
    ဗဟုသုတတွေလဲ အများကြီးရခဲ့ပါတယ်....:)
    ကောင်းသောညဖြစ်ပါစေ A H
    ခင်တတ်တဲ့...မိုးနတ်

    ReplyDelete
  3. မလွယ်ဘူးနော် ကျွတ်စိန်ကြီးပဲ ဗျာ

    ReplyDelete
  4. တော်သေးတာပေါ့။ အစာရောလုံခြုံရေးရောရောက်လာလို့ ..း)
    အိုင်အိုရာ

    ReplyDelete
  5. တော်ပါသေးရဲ့ ..အပိုင်း ၂ ထပ်ဖတ်လိုက်ဦးမယ်...

    ReplyDelete
  6. ရင်လှိုင်းJanuary 12, 2014 at 5:34 PM

    မောသွားတာပဲ။

    ReplyDelete