စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, August 10, 2013

စင်ကာပူ အကြွေစေ့အသစ်နှင့် စပ်မိစပ်ရာများ

         စင်ကာပူမှာတော့ တော်တော်များများသိတဲ့ အတိုင်း စင်ကာပူနိုင်ငံရဲ့ တတိယမျိုးဆက် အကြွေစေ့အသစ်တွေ ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။  အကြွေစေ့အသစ်တွေမှာ နိုင်ငံနဲ့ ပါတ်သတ်တဲ့ အထိမ်းအမှတ် တွေကို ဖော်ကျူးထားပါတယ်။  ဒါနဲ့ ပါတ်သတ်ပြီးတော့ ဆက်စပ်တာလေးတွေကို ရေးချင်လို့ ဒီပိုစ့်လေးကို တင်ဖြစ်သွားတာပါ။

၁ ဒေါ်လာ အကြွေစေ့

         စင်ကာပူရဲ့  ၁ ဒေါ်လာတန် အကြွေစေ့အသစ်ဟာ ခုလဲ ထောင့် ရှစ်ထောင့် ပုံစံနဲ့ပဲ ထွက်လာပါတယ်။  ဘာဖြစ်လို့ ဒေါင့် ၈ ထောင့် ဖြစ်နေရလဲဆိုတာကတော့ ယုံချင်ယုံ မယုံချင်နေ စင်ကာပူ ဖုန်းရွှေပုံပြင်များ ၁ ထဲမှာ ရေးခဲ့ဖူးပါတယ်။  စိတ်ဝင်စားသူများ အဲ့ဒီပိုစ့်မှာ သွားဖတ်နိုင်ကြပါတယ်။  နောက်တစ်ခုက စင်ကာပူ ၁ ဒေါ်လာတန်အကြွေစေ့မှာ ခြသေ့င်္တစ်ပိုင်း ငါးတစ်ပိုင်းပုံ စင်ကာပူရဲ့ အမှတ်အသားဖြစ်တဲ့ Merlion ပုံစံ ပါဝင်လာပါတယ်။  ခု ဖူလ်တန်ဟောတန်ဟိုတယ်ရှေ့မှာ မြင်နေရတဲ့ Merlion ရုပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်တုန်းကတော့ ခုနေရာမှာမဟုတ်ပါဘူး။  ၁၉၉၇ စင်ကာပူမှာ စီးပွားပျက်ကပ်၊  SARs ဗိုင်းရပ်စ် စတဲ့ ကပ်တွေ သင့်ခဲ့ပါတယ်။  အဲ့ဒီအချိန်ကစပြီးတော့ Merlionရုပ်ဟာ ခုနေရာကို ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။  အာဏာပိုင်တွေကတော့ Merlion ရုပ်ဟာ ခုအသစ်ဆောက်လိုက်တဲ့ Esplanade တံတားဆောက်လိုက်တဲ့အတွက် Marina Bay ဖက်ကကြည့်လိုက်ရင် မြင်ကွင်းပိတ်သွားလို့ ဒီနေရာကို ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုကြပေမယ့် ဖုန်းရွှေပညာရှင်တွေကတော့ ဒီလိုရွှေ့ပြောင်းလိုက်ခြင်းဖြင့် စင်ကာပူရဲ့  အနာဂါတ်ပိုမိုကောင်းမွန်လာစေတယ်လို့ ယူဆတဲ့အတွက် ရွှေ့ပြောင်းတယ်လို့ ဆိုကြပါတယ်။



ငါးပြာတန် အကြွေစေ့

         ဒီ ငါးပြာတန်အကြွေစေ့အသစ်မှာတော့ ၂၀၀၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ စင်ကာပူဒေါ်လာ သန်း ၆၀၀ တန် Esplanade (ကျွန်တောတို့အခေါ် ဒူးရင်သီး အဆောက်အဦး) ရဲ့ပုံ ပါဝင်လာပါတယ်။  စင်ကာပူမြစ်ဝမှာ တည်ဆောက်ခဲ့တဲ့ ဒီ Esplanade Theatres မတိုင်ခင်ကတော့ ဒီနေရာလေးဟာ ဆာတေး (အကင်) ဆိုင်တန်းလေးတွေရှိတဲ့ နေရာလေးဖြစ်ခဲ့ပါတယ်။  ခုတော့ အဲ့ဒီ ဆာတေးဆိုင်လေးတွေကို ဆမ်ဘာဝမ် ရှော့ပင်းစင်တာ ဘေးမှာ မြင်ရမှာဖြစ်ပါတယ်။  အဲ့ဒီအချိန်တုန်းကတော့ ဒီဆာတေးဆိုင်လေးတွေမှာ စားဖူးတဲ့ လူတွေဟာ နောက်ထပ်မစားရရင် မနေနိုင်လောက်အောင် စွဲလမ်းကြတယ်လို့ဆိုပါတယ်။  ဒီလိုဖြစ်အောင်လဲ ဆေးနဲ့ဆီရင်တယ် ဘာတယ် ညာတယ်ဆိုပြီး နာမည်ကြီးလိုက်ပါသေးတယ်။   သန်း ၆၀၀ တန် Esplanade ကြီးစဖွင့်တော့ မိုးရွာရင်ရေပုံးနဲ့ ခံရပါသတဲ့။ မိုးယိုပါတယ်။  အင်ဂျင်နီယာတွေ ပြင်ကြဘာကြပေါ့။  အဲ…. ဖုန်းရွှေပညာရှင်တွေကတော့ ဒူးရင်းသီး မိုးမယိုဖို့အတွက် ဒူးရင်းသီး အဆောက်အဦးဘေးမှာ အုန်းပင်စိုက်ရင် ပြဿနာရှင်းသွားရောလို့ ဆိုပါတယ်။  မည်သို့ပင်ဆိုစေ ဒီနေ့ Esplanade Theatres ကြီးကတော့ မိုးလည်း မယိုတော့ပါဘူး။  ဒါပေမယ့် အုန်းပင်တွေကတော့ စိုက်ထားတုန်းပဲ။


၁၀ပြားတန် အကြွေစေ့

         ၁၀ ပြားတန် အကြွေစေ့တွေမှာတော့ စင်ကာပူရဲ့ Housing Development Board (HDB) က တည်ဆောက်ထားတဲ့ HDB တိုက်ခန်းပုံတွေပါဝင်ပါတယ်။  စင်ကာပူဟာ ရွာဇနပုဒ်ကလေးကနေ ဒီနေ့ ဒီလိုအချိန်ရောက်လာဖို့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လုပ်ခဲ့ရပါတယ်။  ဒီအထဲမှာ HDB တိုက်ခန်းတွေလည်းပါပါတယ်။  အရင်တုန်းကတော့ စင်ကာပူဟာ တောရွာကလေးဆိုတော့ ကိုယ်ပိုင် အိမ်လေးတွေ၊ ခြံလေးတွေနဲ့ပေါ့။  ဒါပေမယ့် HDB တိုက်ခန်းတွေဖြစ်လာတော့ အစိုးရက ရွာသူရွာသားတွေကို ဒီလိုမျိုးတိုက်ခန်းတွေကို ရွှေ့ပြောင်းဖို့ စီစဉ်ခဲ့ပါတယ်။  ဒီအထဲမှာ နေမြဲနေလိုတဲ့ လူတွေလည်းရှိခဲ့ပါတယ်။  ကျွန်တော်နဲ့ ပြီးခဲ့တဲ့ ပရောဂျက်မှာတွဲလုပ်ခဲ့တဲ့ စလုံးတစ်ယောက်ဆိုရင် ခဏ ခဏပြောဖူးတယ်။  သူ့ရဲ့ အဖိုးဟာ မြေတွေ အများကြီးပိုင်ခဲ့တယ်။  နောက်တော့ အစိုးရက လူမိုက်ငှားပြီးတော့ သူ့အဖိုး မြေမှာ လုပ်နေတဲ့ အလုပ်သမားတွေကို ကန်ထုတ်တယ်။  မြေကို ဈေးနဲနဲနဲ့ ဖြတ်ပြီးတော့ အဆောက်အဦးတွေ ဆောက်ပစ်တယ်။  မဟုတ်ရင် သူခုချိန်ဆို သန်းပေါင်းများစွာ ချမ်းသာနေပြီ ဆိုပြီးတော့ပေါ့။  ဒါပေမယ့် မဟုတ်ရင်လည်း ဒီနေ့ဒီချိန် ဒီလို စင်ကာပူဆိုတာလည်း ဖြစ်မလာဘူးပေါ့။  ၁၉၆၁ ခုနှစ်တုန်းကလည်း ဘူကစ်ဟိုဆွီး နေရာက ရွာကို အစိုးရက လူငှား မီးတိုက်ပြီးတော့ လွတ်နေတဲ့ HDB  အခန်းတွေကို အတင်းအကျပ် ရွှေ့ခိုင်းတယ်ဆိုပြီး နာမည်ကြီးခဲ့ပါသေးတယ်။  မည်သို့ပင်ဖြစ်စေ  ဒီနေ့ ဒီအချိန်မှာတော့ စင်ကာပူမှာ လူတိုင်း HDB တိုက်ခန်းနဲ့နေသားကြနေပြီဖြစ်ပါတယ်။

၂၀ ပြားတန် အကြွေစေ့

         ၂၀ ပြားတန်အကြွေစေ့မှာတော့ စင်ကာပူနိုင်ငံရဲ့  ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်ပုံပါဝင်ပါတယ်။  ချန်ဂီ လေဆိပ်မတိုင်ခင်တုန်းကတော့ အရင်တုန်းက Paya Lebar နဲ့ Kallang ဖက်မှာ လေဆိပ်ရှိခဲ့ပါတယ်။  ၁၉၇၂ ခုနှစ်မှာတော့ ချန်ဂီ လေဆိပ်တည်ဆောက်မယ့်နေရာကို နဂိုရှိနေတဲ့ မြေနေရာအပြင် ပင်လယ်ထဲအထိ ချဲ့ပြီးတော့ မြေတွေဖို့  တည်ဆောက်ခဲ့ပါတယ်။  ဒီနေ့မှာတော့ ချန်ဂီ လေဆိပ်မှာ တစ်ပတ်ကို လေယာဉ်ပေါင်း ၆၅၀၀ လောက် အတက်အဆင်းလုပ်နေပြီ ဖြစ်ပါတယ်။  ၂၀၀၆ ခုနှစ်မှာ ချန်ဂီလေဆိပ်ရဲ့ လက်မှတ် တန်ဖိုးသက်သာတဲ့ လေယာဉ်တွေ (Budget Airlines) တွေဆိုက်ကပ်တဲ့ Terminal အတွက် နာမည်ပေးဖို့အတွက် ပြိုင်ပွဲလုပ်ခဲ့ပါတယ်။  အဲ့ဒီတုန်းက အသက် ၁၅ နှစ်သား Jonathan Sng က ဒေါ်လာ ၂၀၀၀ နဲ့ 3G ဖုန်းတစ်လုံး ဆွတ်ခူးခဲ့ပါတယ်။  သူ ပြိုင်ပွဲဝင် ပေးခဲ့တဲ့ နာမည်လေးက ဘာလဲဆိုတော့ Budget Terminal ပါတဲ့။  ဒါ့ကြောင့် တစ်ခါတစ်လေမှာ အရိုးဆုံးဟာ အကောင်းဆုံးလို့ ပြောကြတယ် ထင်ပါ့။

၅၀ ပြားတန် အကြွေစေ့


         ၅၀ပြားတန် အကြွေစေ့မှာတော့ စင်ကာပူရဲ့ ဆိပ်ကမ်းပုံကို ဖော်ကျူးထားပါတယ်။  အဲဆိပ်ကမ်းအကြောင်းပြောရင် Sir Stamford Raffles ဆိုတဲ့ ပုဂ္ဂိုလ်ကြီး အကြောင်းချန်ထားခဲ့လို့မရသလို ခြင်္သေ့တွေအကြောင်းလဲ ချန်ထားခဲ့လို့မရဘူး။ Sir Stamford Raffles ကစင်ကာပူကို ဆိပ်ကမ်းမြို့လေးအဖြစ် ဖန်တီးခဲ့တဲ့ အချိန်မတိုင်ခင်အထိကတော့ စင်ကာပူဟာ တောရွာကလေး၊  အဲ့ဒီရွာကလေးမှာ ငါးဖမ်းတံငါသည်တွေနဲ့  ခြင်္သေ့တွေပဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။  ဒါကြောင့်လဲ ဒီနေ့ စင်ကာပူရဲ့ ငွေစက္ကူနဲ့ အကြွေစေ့တွေမှာ ခြင်္သေ့ဟာ တစ်စိတ်တစ်ပိုင်းပါဝင်နေတယ်လို့ ဆိုကြတဲ့ သူတွေလည်းရှိပါတယ်။  ၁၈၁၉  ခုနှစ်မှာတော့ ဗြိတိန် အရှေ့အန္ဒိယ ကုမ္ဗဏီကနေပြီးတော့ စင်ကာပူကို နိုင်ငံတစ်ကာ ကုန်သွယ်ရေးဆိပ်ကမ်းအဖြစ် ဖန်တီးခဲ့ပါတယ်။  အဲ့ဒီအချိန်မှာ Raffels က ကုန်သည်တွေနဲ့ သင်္ဘောသားတွေ ဘေးကင်းစွာ သွားလာနိုင်ဖို့အတွက် ခြင်္သေ့တွေကို သတ်မှတ်ထားတဲ့ တောအုပ်တွေထဲမှာ လှောင်ထားခဲ့ပြီးတော့ တစ်ချို့ကိုတော့ စင်ကာပူ တိရိစ္ဆာန်ဥယျာဉ်ကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။  ဒီနေ့ ဒီအချိန်မှာတော့ စင်ကာပူကျွန်မှာ ခြင်္သေ့အကောင်လိုက် အပြင်မှာတွေ့ဖို့ မဖြစ်နိုင်တော့ပါဘူး။

Photo & Reference : (Link)

2 comments:

  1. မမြင်ဖူးသေးဘူး ဒီတစ်ခေါက်ရောက်မှ သေချာကြည့်လိုက်အုံးမယ် မောင်အောင်ထွဋ်ရေ.. အကြွေစေ့နဲ့ပတ်သက်ပြီး စပ်မိစပ်ရာ ဗဟုသုတလေးတွေရသွားတယ် ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. စလုံးကို အားကျပြီး ရွှေနိုင်ငံမှာလဲ အကြွေစေ့တွေ ပေါ်လာဦးမယ်ထင်တယ်။ ဥပမာ ငါးရာစေ့။ တစ်ထောင်စေ့။ ငါးထောင်စေ့ စသဖြင့်။း)

    ReplyDelete