စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 9, 2017

လုံဟိုင်ရဲ့ တိုင့်မေ ရွာကလေး

            ၂၀၁၇ နှစ်ပိုင်းမှာ ရှမန်ကျွန်းဖက်ပိုင်း ရောက်နေဖြစ်သည်။  အလုပ်က လွှတ်ထားသောကြောင့်ဖြစ်သည်။  ရှမန်ကျွန်းကတော့ ပန်းမြို့တော်ဖြစ်အောင် အတော်လေး ကြိုးစားနေသည်။  နေရာတိုင်း ပန်းပင်လေးတွေနှင့် ရေပန်းလေးတွေ၊ ကမ်းခြေလေးတွေ၊ ပန်းခြံလေးတွေနှင့် အတော်လေးကို လှပသည်။  ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အလုပ်ပါးတော့ ရုံးမသွားဖြစ်ချေ။  ရုံးက ကောင်ကလေးတစ်ယောက်က သူ့အမျိုးတွေရှိတဲ့ ရွာကလေးကို အလည်ခေါ်သွားမယ်ဆိုလို့ တိုင့်မေ ရွာကလေးကို ရောက်ဖြစ်သည်။  တိုင့်မေရွာကလေးမှာ လုံဟိုင်ဘက်ခြမ်းမှာရှိသည်။  ရှမန်ကနေ ကျန့်ကျိုးဖက်ကို သင်္ဘောဖြင့်မနက်စောစော ကူးသွား၊ ဟိုရောက်တော့ ကောင်ကလေးရဲ့ ကားနှင့် တစ်နာရီလောက် မောင်းလျှင် လုံဟိုင်ဖက်ကို ရောက်လေသည်။




            တိုင့်မေ ရွာကလေးမှာ နှစ်ပေါင်း ၅၀၀ ကျော်သက်တမ်းရှိပြီဟုဆိုသည်။  ရေလယ်မှာသောင်ထွန်း နတ်သမီးနေတဲ့ ကျွန်းဆိုရင် ကျောက်ပြင် အပြင် တိုင့်မေရွာကလေးကို ပါထည့်ပြီးပြောရမလိုပင်။  တိုင့်မေရွာကလေးကို ရေပတ်လည်ဝိုင်းထားသည်။  ရွာကလေးရဲ့ အဆောက်အဦး လေးတွေမှာ တစ်ညီ တစ်ညာထဲ အုတ်နီဖြင့် ဆောက်ထားခြင်းဖြစ်သည်။  ညီညာသည်ဆိုသည်မှာ ရွာကိုကြည့်လိုက်လျှင် အလျှားလိုက်လည်း တစ်တန်းထဲ၊ ဒေါင်လိုက်လည်း တစ်တန်းထဲပင်ဖြစ်သည်။  အဆောက်အဦးရဲ့ အကျယ်အ၀န်းတွေမှာလည်း တစ်ညီထဲဖြစ်သည်။  ဆိုတော့ ရွာကလေးက အတော်ကလေးကို စနစ်တကျ တည်ဆောက်ခဲ့ဖြင်းဖြစ်သည်။ 


            အတော်လေးကို လက်ဝင်သည့်နေရာမှာ အိမ်ခေါင်မိုးပင်ဖြစ်သည်။  အိမ်ခေါင်မိုးကလေးတွေမှာ တစ်ပုံစံထဲကို တစ်ညီတစ်ညာထည်း ဆောက်ထားခြင်းဖြစ်သည်။  ခေါင်အစွန်း အနားသပ်ကလေးတွေကို အင်္ဂတွေဖြင့် စိတ်ရှည်လက်ရှည် အချွန်ကလေးတွေ ဖြစ်အောင် လုပ်ထားသည်။ နောက်ပိုင်း ပျက်စီးသွားသောနေရာတွေကတော့ ရှေးမူမပျက် ပြုပြင်ထားသည်။



             အိမ်ကလေးတွေမှာ ချစ်စရာလေးတွေဖြစ်သည်။  ရွာအ၀င်မှာ နတ်ကွန်းတစ်ခုရှိသည်။  ဘုရားကျောင်းတစ်ခုရှိသည်။ ရွာသူကြီးအိမ်ကလေးက တစ်ခြားအိမ်တွေထက် နဲနဲပိုပြီး ခမ်းနားသည်။  ကျန်တဲ့ အိမ်ကလေးတွေကတော့ ချွတ်စွပ်နီးပါး တူကြသည်။  သစ်နှင့် အင်္ဂတေကို အတွဲညီညီ တွဲစပ်ပြီး ဆောက်ထားခြင်းဖြစ်သည်။  ခေါင်မိုး အုပ်ကျွပ်ကလေးတွေ အောက်မှာ သစ်ကို ဒိုင်းခံပြီး ထုတ်တန်းပြေးထားခြင်းဖြစ်သည်။  အိမ်ရှေ့ တံခါးမကြီးဘေးတစ်ဘက်တစ်ချက်မှာ အရုပ်ကလေးတွေရှိသည်။  သူငယ်ချင်းကို မေးကြည့်တော့ ရှေးခေတ် သာမာန်ပြည်သူတွေကတော့ ပုံမှန် ငါးရုပ်၊ ခရုရုပ်တို့ကို ထုပြီး ထားကြသတဲ့။  ဘုရင့် ၀န်ထမ်းတွေကတော့ သူ့ အဆင့်နဲ့သူ ဆင်ရုပ်၊ မြင်းရုပ် စသည်ဖြင့်ထုကြသတဲ့။  မင်းမျိုး မင်းနွယ်တွေကတော့ နဂါးရုပ်၊ ခြင်္သေ့ရုပ်တွေ ထုကြတယ်လို့ ဆိုပါတယ်။ 



 

           တိုင့်မေရွာမ၀င်ခင် ခေါက်ဆွဲတစ်ယောက် တစ်ပွဲစီ ရှု့မငြီးနှင့် အတူ တွယ်ခဲ့သေးသည်။  ရွာထဲရောက်တော့ သူငယ်ချင်း အမျိုးတွေ ကွိကျိ ကွကျိနှင့် စကားလက်ဆုံကြနေကြသည်။  အမွိုင်ဘက်ခြမ်းဆိုတော့ ဖူကျန့်စကားဖြစ်သည်။  ကျွန်တော်နားမလည်ချေ။  ဆန်ကြိတ်ဆုံကြီးတစ်လုံး ဆိုင်ရှေ့မှာ ချထားသည်။  တစ်ယောက်တစ်လှည့် ကောက်ညှင်းဆန်ကြိတ်၊ လတ်လတ်ဆတ်ဆတ်ကို ခေါက်ဆွဲပြားဖတ် လုပ်၊ ပြီးတော့ ကော်ရည်လုပ်တိုက်သည်။  ပုသိမ်က ကော်ရည်လိုမျိုး အရသာဖြစ်သည်။  သို့သော် Sea Food အတော်များများပါသည်၊ အရသာကောင်းသည်။  ဗိုက်ပြည့်နေသော်လည်း တစ်ပွဲကုန်သွားသည်။ မြေပဲယိုစားသည်။  ကျသင့်ငွေရှင်းသော်လည်း မယူချေ၊ ကျေးဇူးတင်ကြောင်းပြောပြီး ထွက်လာခဲ့သည်။ 




            မြို့ပြနှင့် နှစ်ကြာလာလေလေ သဘာဝ ရှု့ခင်းလေးတွေကို ပိုသဘောကျလေဖြစ်သည်။  တိုင့်မေရွာကလေးကတော့ အတော်ကလေး ချစ်စရာကောင်းသော ရွာကလေးပင်ဖြစ်သည်။  ညပိုင်းဆိုလျှင် လက်ဖက်ရည် ဗန်းကလေးတွေခင်းပြီး အိမ်ရှေ့မှာ စကားပြောကြသတဲ့။  လ သာသော ရက်ပိုင်းဆိုလျှင် ပိုပြီးတောင် သာယာသေးသည်ဟုဆိုသည်။  အပြန်လမ်းမှာတော့ သဘာဝ သစ်သီး၊ အရွက်တွေ ရောင်းနေသည်။  လူတွေကတော့ ကြိတ်ကြိတ်တိုးဝယ်ကြသည်။ ဒီလိုနှင့် တိုင့်မေ ရွာကလေးနေ ပြန်လာဖြစ်သည်။

No comments:

Post a Comment