စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, December 15, 2011

ပြန်ပါဦးမည် ပြန်ဦးမည်


          ရွှေပြည်ကြီးက ဝေးသနှင့်။  မပြန်ဖြစ်တာ အတော်ကြာပေါ့။  ပြန်ချင်တာကလည်း တစ်ပိုင်းကိုသေလို့။  ခုတော့ အရှင်လတ်လတ်ကြီးနဲ့ ပြည်တော်ပြန်ရပါတော့မည်။  ပျော်သလိုလို၊ ၀မ်းနည်းသလိုလို။  ပျော်တာကတော့ မြန်မာပြည်ကို ပြန်ရလို့။  ၀မ်းနည်းတာကတော့ ကုန်သွားတဲ့ ပိုက်ပိုက်တွေကိုပါ။  အိမ်ကရှု့မငြီးရဲ့ ပတ်စပို့က ၆ လကျော်ကျော်ကျန်တော့သမို့ အသစ်လည်းစရာရှိပါတယ်။  သို့ပေမယ့် အကျွန်ုပ်က အခွန်တော် ဆောင်မှသာလျှင် ဘားကုဒ်ပါတဲ့ ပက်စပို့အသစ်ကလေး သူ့လက်ထဲရောက်မှာဖြစ်လေတော့ အခွန်ဆောင်၊ သူ့အတွက် ပက်စ်စပို့အသစ်ထုတ်နဲ့ ပိုက်ပိုက်လေးတွေ ပါသွားတယ်။  သြော်.. သမ္မတ အသစ်ကြီးက နိုင်ငံတော်ကြီးကို တိုးတက်အောင် ကြံဆောင်နေလေတော့လည်း ပစ္စရောဟောတု မဟုတ်လောက်ပါဘူးလို့ ဖြေသိမ့်လိုက်၊ ဖြေသိမ့်လိုက်နဲ့ ၀ိုင်ဝိုင်းသချင်းလေးဆိုရင်း ကိုယ့်ကိုကို ဖြေသိမ့်လိုက်ပါတယ်။   ဆိုသာဆိုရတယ် ကော်ပီသီချင်းကြီးဆိုလေတော့ တရုတ်ပြည်မှာဆို အော်ပြီး မဆိုရဲဘူး။  စင်ကျားပေါ ရောက်တော့မှ ရေချိုးခန်းထဲ အပြတ်ဟဲတာ။  စင်ကျားပေါသာရောက်တယ် တစ်ရက်မှ ကောင်းကောင်းမနားလိုက်ရဘူး၊  ကိုင်ထားတဲ့ ကဒ်က သက်တမ်းက ကုန်ခါနည်းတော့ တိုးရတာက တစ်လုပ်၊ ရုံးကိုဝင် သတင်းပို့၊  ခွင့်လက်မှတ်ထိုး၊  အဲ့ဒါကလည်း အချိန်မနည်းပုတ်သွားသေးတယ်။  ဒါတောင် စင်ကျားပေါ မရောက်ခင်ကတည်းက ကြိုပြီး ရုံးက မမတွေကို မျက်နှာချိုသွေးထားလို့ သက်တမ်းတိုးတာ အတန်ငယ်မြန်တာ။

လေယဉ်လက်မှတ်က MAI ကြိုဝယ်ဖို့ ဟို ပက်စပို့တို့၊ ကဒ်သက်တမ်းတိုးတာတို့က ဘယ်နေ့ရမယ်မှန်းမသိလေတော့ မနေ့ကမှ ၀ယ်လိုက်တာ ၆၈၀ နဲ့ နှစ်ယောက်ပေါင်းလေတော့ ၁၃၀၀ ကျော်ကျော်က ချော။  မပို့ဖြစ်တာကြာပြီဖြစ်တဲ့ အိမ်ကို ပိုက်ဆံလွှဲ လူလည်း ဖျားချင်သလိုလို၊ နေမကောင်းချင်သလိုလို ဖြစ်ကရော။  သို့ပေမယ့် ကီလို က တစ်ယောက်ကို ၄၀ လောက်ရလေတော့ နှစ်ယောက်ပေါး ကီလို ၈၀ ရဒယ်။  ပစ္စည်းတွေ တော်တော်များများ ပြန်ယူသွားမယ်ဆိုပြီး အခန်းရှင်းလိုက်က စောစောလေးကမှ ပြီးတော့တယ်။  မမြသွေးနီပြောသလိုပဲ ပိုထွက်လာတဲ့ပစ္စည်းတွေ ဟောကဒါ တို၊ ဟောဒါက မတော်နဲ့ အဲ့ဒါတွေ မိဘမဲ့ ကလေးကျောင်းသွားလှုမယ်ဆိုပြီး အထုတ်ထုတ်ပြီး ယူလာတာ။  ကိုယ့်ဖို့က အိတ်သေးသေးလေးတစ်လုံးရယ်။  ဒါတောင် ရှု့မငြီးက ဟိုဟာလေးက သမျှောစရာ၊ ဒီဟာလေးတော့ ကြိုက်သေးတယ် ၀တ်လို့မရတော့လို့နဲ့ ပွစိ ပွစိ။  အိတ်ကြီးအိတ်ငယ်အသွယ်သွယ်နဲ့၊  အိတ် ၆ လုံးလောက်နဲ့ ဘယ်လို လေဆိပ်ဆင်းရမယ် မသိသေးဘူး။ 
ပြန်ရင်လည်း အချိန်ကသိပ်မရလေတော့ ဒရွတ်တိုက်ပြီး ဟိုပြေး ဒီပြေးပြေးရဦးမယ်။  ရန်ကုန် ခဏ၀င်၊ ပြီးရင် နယ်ဆင်း၊ ချောင်းသာကလည်း သွားချင်သေး၊  ဟိုဟာစားချင် ဒီဟာစားချင်နဲ့ တက်သုတ်ရိုက်ရဦးမယ့်ပုံ။  သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စကားပြောဖို့တောင် အချိန်သိပ်ရှိမယ် မထင်။  မတတ်နိုင် ရသလောက်တော့ ရောက်သလောက် ခြေဆန့်ရဦးမည်။  ပြန်လာရင်လည်း နားဖို့ရယ် မရှိ။  သင်္ဘောအသစ်တွေက ဒီဇိုင်းအဆင့်မှာတင် တစ် နေသည်။  နှစ်လနောက်ကျနေပြီ။  သင်္ဘောကျင်းက သံပြားဖြတ်မယ် တကဲကဲ။  ကျွန်တော့် ဆရာသမား အသစ်ကတော့ အေးအေးဆေးဆေးပြန်ပါလို့ ပြောပေမယ့်၊ သူ့ တစ်ယောက်ထဲ ၀န်တွေပိနေပြီ။ ကျန်သော ပိုက်၊ စက်ပစ္စည်း၊ လျှပ်စစ် ဒီဇိုင်းတွေ ဘာမှ ပြီးဦးမည်မထင်။   ပြန်သွားပြီး တွန်းရဦးမည်။  မည်သို့ပင်ဖြစ်စေ၊  မရောက်တာကြာပြီဖြစ်သော မြန်မာပြည်သို့ ပြန်ရမည်ကို အလွန်ပျော်လှသည်။  အချိန်ရသလောက်လေးတော့ ပျော်လိုက်ဦးမည်။ 
စီလုတ်ပြည်ပြန်လျှင် ရှု့မငြီးကို တစ်ပါတည်း ခေါ်သွားဖို့တော့ စီစဉ်ထားသည်။  သူကတော့ စင်ကျားပေါက အလုပ်ကို ထွက်ပစ်လိုက်ပြီ။  ထိုသို့မှ မလုပ်လျှင်လည်း နှစ်ယောက်အတူနေဖို့ရယ်က အတော်မလွယ်သောအဖြစ်။ သို့သော် သူ့အတွက် စီလုတ်ကဗီဇာ သက်တမ်းက ဘယ့်နှယ်တိုးရမယ်မသိသေး။  စီလုတ်မင်းကြီးများ ဖေးဖေးမမနှင့် ထောက်ခံချက်ပေးလျှင်တော့ အကြာကြီးနေလို့ရနိုင်သည်။  စင်ကျားပေါက အိမ်ခန်းကို လက်လွှတ်လို့ကလည်း မလွယ်လှ။  သူဟိုမှာ ဗီဇာသက်တမ်းတိုးမရလို့ ကမောက်ကမဖြစ်လျှင် သောင်ပြင်မှာ လွှတ်လိုက်သော ရွှေဟင်္သာလေးတွေ ဖြစ်မည်။  ဒီတော့ နှစ်ယောက်သား ယောင်ပေယောင်ပေနှင် တောင်ပြေးမြောက်ပြေးဖြစ်ကုန်မည်။ 
ရွှေပြည်ကြီးပြန်ရောက်လျှင် လုပ်စရာ အများကြီး စီစဉ်ထားသည်။  ရွှေတိဂုံဘုရားသွားမည်၊ ရေလှုမည်။  မြေနီကုန်း ရွှေမန်းရုံဘေးက အဘိုးကြီးရောင်းတဲ့ ၀က်သားဒုတ်ထိုး စားမည်၊ YKKOက ကြေးအိုး သောက်မည်၊ ဗိုလ်ချုပ်ဈေးမှာ ရွှေရင်အေးသောက်ပြီး ဗိုလ်ချုပ်ဈေး ကြာဇံကြော်နှင့် ၀က်သား တစ်ပွဲ ၀က်သားလိပ်တစ်ပွဲစားမည်၊ လမ်းဘေးက အသုတ်ဆိုင်တွေ သွားစားမည်၊ ပုသိမ် မိဘမဲ့ ကလေးဂေဟာသွားပြီး လှုမည်။  နောက်ပိုင်းတော့ မိဘမဲ့ ကလေးတစ်ယောက်ဖြစ်ဖြစ် ပညာသင်စရိတ် ထောက်ပံဖို့ ရည်စူးထားသည်၊  သို့သော် လောလောဆယ် မဖြစ်နိုင်သေး။  ပိုက်ပိုက် မချိပါ။  ပုသိမ်က ညဈေးတန်းလျှောက်မည်၊  တွေ့တာတွေ အကုန်ဝယ်စားမည်။ ချောင်းသာသွားပြီး အုန်းသီးထဲ အုန်းရည်နည်းနည်းရယ် ၀ီစကီလေးနည်းနည်းရယ် ရောပြီး ပိုက်နှင့်စုပ်သောက်ချင်သည်။  မြေနီကုန်းက ၀က်ခေါက်သုတ် နဲ့ ထမင်းနဲ့ စားမည်၊  ဓနုဖြူဒေါ်စောရီဆိုင်က ၀က်ပုန်းတို့၊ ၀က်ဒညင်းတို့ စားမည်။  ရှော့ရှိတယ် ရှောရှိတယ်ဆိုလားဘာလား ရုံတင်နေသည်တဲ့ အချိန်ရလျှင် သွားကြည့်မည်။  ပုသိမ်က ဟာလ၀ါခြောက်နှင့် လက်ဖက်ရည်ကြမ်းသောက်ပြီး ထွေရာလေးပါး လေပန်းချင်သည်။  ငယ်သူငယ်ချင်း နှစ်ယောက်ရဲ့ မင်္ဂလာဆောင် နှစ်ခုကလည်း အမှီပြန်ချင်ပါတယ်ဆိုမှ နှစ်ခုစလုံး လွတ်သွားပြီ။  မတတ်နိုင် ဘယ်လိုမှ လုပ်လို့မရတာကိုး။  တစ်ယောက်က ပြီးသွားပြီ၊ နောက်တစ်ယောက်က မမှီ။  မဒမ်ကိုးက မတော်မတရားစားတာတွေ မတင်ပါနဲ့ဆိုလို့ အခု စာလေးသာရေးပြီး ကြိုပြောသွားပါတယ် ခင်ဗျား။ 
ခုတော့ လေဆိပ်မဆင်းခင်လေး ဒီပိုစ်လေး ရေးခဲ့ပါပြီဗျို့။  ဒီကနေ့ည ၉နာရီခွဲလောက် လေယဉ်ထွက်ပါမတဲ့။  ထို့ကြောင့် ကျွန်တော် မောင်အေအိတ်ခ်ျသည် ဘလော့ဂ်ပေါ်မှ ကိုးနတ်ရှင် ကောင်းမွန်မှု့၊ မကောင်းမွန်မှု့ပေါ်မူတည်၍ ပေါ်တစ်ခါ ပျောက်တစ်လှည့် ဖြစ်နေဦးမည်ဖြစ်ကြောင်းနှင့် ကြွရောက်လာသူ ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော့်၏ စုံစီနဖာ ရေးချင်ရာလျှောက်ရေးနေသော ကြွက်သိုက်မှာ ကျေးဇူး ဥပသကာယ အထူးတင်ရှိပါကြောင်း။ 

AH
ခေတ္တ ပြန်တော်ပြန်

21 comments:

  1. လေယာဉ်လက်မှတ်က ပြောတဲ့အတိုင်းပဲ... ရတာတောင် ကံကောင်းတယ်... အလုပ်တွေ အင်တာနက်တွေကို ခဏမေ့ခဲ့လိုက်တော့... ကဲ လုပ်ချင်တာတွေ လုပ်နိုင်ခဲ့စေ ခရီးလမ်းလည်း သာပါစေ... ဗျာ...

    ReplyDelete
  2. ကျေးဇူးပါခင်ဗျား.... See you soon.

    ReplyDelete
  3. ကိုထွဋ်December 15, 2011 at 6:41 PM

    ကိုအောင်ထွဋ် ကျနော်လဲ စနေနေ့ ရန်ကုန်ပြန်မှာဗျ.. အခွင့်ကြုံရင်တွေ့ကြတာပေါ့ဗျာ...

    ငထွဋ်

    ReplyDelete
  4. မိဘမဲ့ ကလေးတစ်ယောက်ဖြစ်ဖြစ် ပညာသင်စရိတ် ထောက်ပံဖို့ ရည်စူးထားသည်၊ အဲတာကတော့ အကောင်းဆုံးပါပဲ

    စားကြပါသောက်ကြပါ သူတို့တွေပဲပြန်နေလိုက်ကြတာ မနာလိုဘူး

    ReplyDelete
  5. အကိုတို့ပြန်တော့ကျွန်တော်လဲပြန်ချင်လိုက်တာဗျာ မပြန်ဖြစ်တာကြာပြီလေ

    ReplyDelete
  6. ပျော်ရွင်ပါစေ

    ReplyDelete
  7. ဆန္ဒရှိသမျှတွေအားလုံး အကောင်အထည်ဖော်ခဲ့ပေါ့ မောင်အောင်ထွဋ်ရေး)
    သွားလမ်းသာလို့ပြန်လမ်းဖြောင့်ပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အားကျလိုက်တာ.. ပြန်ချင်တယ်.. စားချင်တာတွေလည်း များကြီးပဲ အဟင့် :(

    ReplyDelete
  9. အင်း ...အားကျ လိုက်တာ ... ပြန်မို့  တွေးမိရင် ... အား ...

    ReplyDelete
  10. သူများတွေမို့ အိမ်ပြန်ရင် အရမ်းအားကျတာပဲ....ပြန်ချင်လိုက်တာနော်...

    ReplyDelete
  11. ကဲ...ဆန္ဒရှိတာတွေအကုန်လုပ်ခဲ့နိုင်ပါစေ..

    ReplyDelete
  12. အခုလို ရွှေပြည်ကြီးကို ပြန်မယ်ဆိုတော့ ကိုအွတ်ထောင်အနေနဲ့ ဘယ်လိုများ ခံစားရသဲရှင်..အဲ..ဗျာ.. :D

    ReplyDelete
  13. အို မကြားချင်ဘူး မကြားချင်ဘူး အရမ်းအရမ်းကို စိတ်နာတယ် .(နားနှစ်ဖက်ကိုလက်နှင့်ပိတ်ပြီး ခေါင်းခါကာ ချာခနဲလှည့်ထွက်သွားသည် ..း)

    ပုံ

    မဒိုးကန်

    ReplyDelete
  14. အားလုံး အဆင်ပြေ ချောမွေ.ပါစေ အစ်ကိုအာင်ထွဋ်ရေ။ ပျှော်ရွှင်ဖွယ်ရာ အိမ်ပြန်ခရီးလေး ဖြစ်ပါစေ။

    ReplyDelete
  15. ပြည်တော်ပြန်ခရီးမှာ အစစအဆင်ပြေပါစေရှင်...

    ReplyDelete
  16. Arr kya del.We'll go back next year.Kyar htar par.
    BON VOYAGE!
    Gyidaw

    ReplyDelete
  17. စားစရာတွေအကြောင်းရေးထားတာ တန်းစီနေတာဘဲ
    နေရင်းထိုင်ရင်း သူများပါ စားချင်လာတယ်..
    ဘယ်ရမလဲ တို့များလဲ နောက်လကျရင် သွားစားတော့မှာ..
    သိပ်မလိုတော့ပါဘူး။
    ကို AH တို့နဲံ့များ တွေ့ဦးမလားမသိဘူး
    လမ်းမှာ ခပ်ချောချော အတွဲတစ်တွဲတွေ့ရင် ကို AH တို့ဘဲဆိုပြီး လှမ်းခေါ်လိုက်မယ်နော
    ပြည်တော်ပြန်ခရီး အစစ အဆင်ပြေပါစေ
    သာယာသော အချိန်ကောင်းတွေ ရပါစေ

    ReplyDelete
  18. EEEE...ကျွန်တော်လဲ မပြန်ရတာကြာ P ... အိမ်ကိုလွမ်းလိုက်တာ တအားပဲ

    ReplyDelete
  19. ပျော်စရာကြီးပါလား ကိုအွတ်ထောင်ရေ...ကျွန်တော်က ဖေဖော်ဝါရီမှ ပြန်ရမယ်
    ဗျိုး....၊ပျော်ရွင်ကြည်နူးဖွယ် ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ ကိုပိုင်ဆိုင်နိုင်
    ပါစေခင်ဗျားးးးးးးးး

    ReplyDelete
  20. ရွာပြန်တာ ကြာလှချည်းလားကွယ်ရို့ ရွာမှာပျော်နေတာထင်တယ်း)း)

    ReplyDelete