ပြန်လာတော့ အမှတ်တရ ၀ယ်လာတာက သော့ချိတ်နှစ်ခု။ ဗိုလ်ချုပ်ပုံနှင့် အမေစုပုံ သော့ချိတ်ဖြစ်သည်။ ဒါမျိုးတွေ ခုမှမြင်ရတော့သည်။ အမေစုရဲ့ ပိုစတာကြီးတွေ့တော့ ကားပေါ်ကနေ မှီအောင်
မနည်းရိုက်ယူရသည်။ ရွှေပြည်ကြီးက ပြန်ရောက်တာကတော့
ကြာကြာလှပြီပေါ့။ သို့ပေမယ့်လည်း ပြန်ကထဲက
အချိန်ကမရ၊ ဟိုပြေးဒီလွှားနဲ့ သွားချင်လှတဲ့ ချောင်းသာမှာ အုန်းသီးထဲ ၀ီလေးထည့်ပြီးတောင်
မစုပ်ခဲ့ရပါဘူး။ ခုလည်း စင်ကျားပေါမှာ ခဏလေး
အ၀င်ပြပြီး စီလုတ်ပြည်ကို ပြန်ခြေချရပြန်ပြီ။
မြန်မာပြည် ရောက်ရောက်ချင်း သွားဖြစ်တာကတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးဆီကိုပါ။ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီကြီးကတော့ ဘယ်အချိန်ဖူးဖူး
ဖူးလို့ကို မ၀ပါဘူး။ နေလဘုရားနားရောက်တော့
မိုင်းအသိ မိုင်းသတိရှိပါဆိုတာလေးတွေ့ရတော့ ဖူးရတာတောင် ခပ်တွန့်တွန့်ဖြစ်သွားတယ်။ မည်သို့ပင်ဆိုစေ အလွန်ကြည်ညိုဖွယ်ကောင်းလှပါသည်။ ရွှေတိဂုံနဲ့ ဆူးလေကတော့ တစ်ရက်ထည်း သွားဖူးဖြစ်သည်။ မြို့တော်ခန်းမကြီးကတော့ အရင်လို ၀ါဝါကြီးမဟုတ်တော့
အဖြူရောင်ဖြစ်၍နေ၏။ တစ်မျိုးတော့ ကြည့်လို့ကောင်းသည်။
အလံကတော့ အသစ်ဖြစ်နေပြီ။ အလံအသစ်ပြောင်းတာ သိပ်မကြာသေးလို့ ထင်သည်၊ အဆောက်အဦးတွေမှာ
လွှင့်ထားတဲ့ အလံတွေကတော့ အရောင်လေးတွေတောက်လို့။
သို့သော်လည်း မျက်စိ သိပ်မယဉ်လှ။ အပြာပေါ်မှာ
ကြယ် ၁၄လုံးခြံထားတဲ့ စပါးနှံ အဖြူရောင် လေးထောင့်ကို အနီ လေးထောင့်အကြီး ခြံရံထားတဲ့
အလံဟောင်းလေးကို လွမ်းမိသလိုလိုရှိလှသည်။
အချိန်မရတာနှင့်
တက္ကစီသာ အားကိုးရသည်။ တက်စီပေါ်မှာလည်း အမေစုပုံကို
တွေ့ရသည်။ အမှတ်တရအဖြစ် ရိုက်သိမ်းထားမိသည်။
မြကျွန်းသာကတော့ အတော်ကြီးပြောင်းလည်းနေပြီ။ ရှု့မငြီးနှင့် ချစ်သူဘ၀တုန်းက ချိန်းတွေ့တဲ့ မြကျွန်းသာက
ကန်ဘောင်လေးကို လွမ်းမိသောကြောင့် သွားဖြစ်လိုက်သည်။ ကန်ဘောင်လေးကတော့ မပြောင်းလည်းပေမယ့် အ၀င်မုဒ်ဦးကတော့
အတော်လေးကို ပြောင်းလည်းသွားပြီ။ မြကျွန်းသာရှေ့မှာ ကုလားထိုင်ရောင်းနေတဲ့ ဘယာကြော်ဝယ်စားဖြစ်သည်။ ခဏသာ၊ ၁၅ မိနစ်လောက် တောင်လျှောက်မြောက်လျှောက်နှင့်
မြကျွန်းသာထဲ လှည့်ပတ်ကြည့်ပြီး ပြန်ခဲ့ကြသည်။ ရီနိုဗေးရှင်းတွေ အတော်လုပ်နေတာ တွေ့ခဲ့သည်။ ကျောင်းသားဘ၀တုန်းက အချိန်တွေကို ပြန်လွမ်းမိသည်။ ခုတော့ လူကြီးဖြစ်လာသလိုလို ခံစားရသည်။
အဘွားရှိသော ကန်ကြီးဒေါင့်သို့ အလည်သွားဖြစ်သည်။ လမ်းတစ်လျှောက် “ရှု့မဆုံးတော့ပြီ စိမ်းလဲ့လဲ့နှစ်စဉ်၊ မြင်ကွင်းတွေက တစ်မျှော်တစ်ခေါ် စိုပြည်လွင်” ဆိုတဲ့
ဆရာ နန်းတော်ရှေ့ဆရာတင်ရဲ့ လူချွန်လူကောင်း သီချင်းထဲကလို လယ်ကွင်း စိမ်းစိမ်းလေးတွေ
မြင်ရသည်။ ပထမလှိုင်းရိုက်ခတ်မှု့ကနေ ဒုတိယလှိုင်းကို
အားယူနေသော မြန်မာပြည် ဘယ်တော့မှ စက်မှု့နိုင်ငံတော်ကြီး ဖြစ်လာလေမလည်းဆိုပြီး ဒီသီချင်းလေးကို
၎၊ ၅ ခေါက်ဆိုဖြစ်သည်။ “လူချွန်လူကောင်းများတို့
ပေါင်းစုအားအင်……..” ပေါင်းစည်းဖို့ကတော့ ညီညွှတ်ဖို့လိုလေသည်။ ထားလိုက်ပါတော့… ထိုနှင့်ပင် ကန်ကြီးဒေါင့်မြို့သို့
တစ်ခေါက်ရောက်ဖြစ်သည်။
ကျွန်တော်နှင့်ခင်သော
ဆရာတော်ထံသွားပြီး ဦးချရင်း စကားစမြည်ပြောဖြစ်သည်။ ဆရာတော့ကတော့ မခေ၊ စက်မှု့ကျောင်းတွေဘာတွေသာ မတက်ခဲ့ရလို့၊ အင်ဂျင်နီယာ
ဦးနှောက်အပြည့်။ သူ့ရွာအတွက် စပါးခွံမှ ဂက်စ်ထုတ်ကာ
ဒီဇယ်ဖြင့် ရောပြီး တရုတ်နီ တလုံးထိုးဖြင့် မီးပေးနေပြီ။ သူကိုယ်တိုင် ထွင်ထားခြင်းဖြစ်သည်။ ဘိုင်အိုဒီဇယ်ဖြစ်သည်။ ကြက်ဆူဆီထက်အများကြီးသာသည်။ ရွာမှက စပါးခွံပေါမှပေါကိုး။ ဒါမျိုး မီးစက်ဖြင့် ရွာ ၂ရွာကို မီးပေးပြီးဖြစ်သည်။ တစ်ညမှ ဒီဇယ် ၂ ပုလင်းလောက်သာ စက်ကတုပ်သည်။ ဆီစား အတော်သက်သာသွားသည်။ ခုလည်း ကျောင်းဆောက်နေတာ ပါကေးတုန်းအပြင်က၀ယ်ရင်
သိန်း၂၅၀လောက်ကုန်မှာ သူ့ဟာသူ သစ်ဝယ်ဖြတ်ရင် သိန်း၁၀၀ လောက်နဲ့ ရတယ်ဆိုပြီး ကျောင်းထဲမှာ
သစ်ခွဲစက်ထောင်ပြီး ပါကေးတုံးတွေကို အလုပ်သမားတွေနဲ့ ဖြတ်နေလေရဲ့။ ပြီးရင် ထွက်လာတဲ့ ပါကေးတွေ အသားသေသွားအောင် ပေါင်းဦးမတဲ့။ ဆရာတော်ပျိုးထောင်ထားတဲ့ မူလတန်းကျောင်းလေးကလည်း
ခုဆို အလယ်တန်းကနေ အထက်တန်းကျောင်းဖြစ်ပြီ။
ဆရာမတွေကို အစိုးရလစာအပြင် သူကိုယ်တိုင်လည်း အလှုငွေကောက်ပြီး လစာပေးသေးသဗျ။ မည်သို့ပင်ဖြစ်စေ ဆရာတော်လိုလူမျိုး ကန်ကြီးဒေါင့်မှာ
ရှိနေတာ အတော့်ကို အားကိုးရသည်။
ကန်ကြီးဒေါင့်က
လောကမှန်ကူ ဆုတောင်းပြည့်စေတီကတော့ ယခု ရွှေသင်္ကန်းပြန်ကပ်နေသည်။ မုဒ်ဦးကတော့ ဆေးပြန်သုတ်ရဦးမည်။ ဓာတ်ပုံလေးဘာလေး လျှောက်ရိုက်ရင်း သိုက်မောင်နှမတွေရဲ့
သိုက်နန်းလားဘာလား အဲ့ဒီရောက်တာနဲ့ ဓာတ်ပုံ ရိုက်ဖြစ်သည်။ သူက အကိုကြီးတစ်ယောက်နဲ့ ညီမ လေးယောက်ဖြစ်သည်။ သိုက်စောင့်ဘိုးဘိုးကြီးလည်းတွေ့သည်။ ဒီအကြောင်း လုံးစေ့ပတ်စေ့ မမေးခဲ့ရ၊ မဟုတ်ရင် ဥစ္စာစောင့် တစ်ကယ်ရှိတာလား ဆိုပြီး ထပ်ရေးဖြစ်ဦးမှာ။
ပုသိမ်
ခဏပြန်ဖြစ်သည်။ သူငယ်ချင်းတွေနှင့် ခဏသာတွေ့ဖြစ်သည်။ တစ်ချို့ကတော့ အိမ်ထောင်ကျကုန်ပြီ၊ တစ်ချို့ကတော့
အိမ်ထောင်ကျပြီးစ၊ တစ်ချို့ကတော့ တာစူ၊ အပျိုကြီး
လုပ်မည့်သူများကတော့ မျက်နှာ ခပ်တင်းတင်း၊ စိတ်ထဲမှာ ဘယ့်နှယ်နေတယ်တော့မသိ။ ပြန်ရောက်တော့ စားချင်တာလေးတွေ လျှောက်စားဖြစ်သည်။ ဓနုဖြူဒေါ်စောရီ၊ YKKO၊ ၀က်သားဒုတ်ထိုး၊ မုန်းဟင်းခါး၊ လက်ဖက်ရည်၊ အသုတ်စုံ၊ ၀က်ခေါက်ကင် စသည် စသည်။ သို့သော် မဒမ်ကိုးက ပုံတွေအများကြီး မတင်ပါနှင့် ရင်နာလှသည်ဟု ဆိုထားသဖြင့် ၂ ပုံလောက်သာ တင်လိုက်ပါသည်။
သည်လိုနှင့်ပင် ရန်ကုန်ပြန်၊ စင်ကျားပေါရောက်၊ ခုတော့
စီလုတ်ကို ပြန်လည် ရောက်ရှိပါတော့တယ်။ မြန်မာပြည်
ခရီးစဉ် ဤတွင်ပြီး၏။
စိမ်းစိမ်းနဲ့ ရှုခင်းတွေကို လွမ်းတယ် ကြိုက်တယ်...
ReplyDeleteလွမ်းလိုက်တာဟယ်ပုံတွေမြင်ရတာနဲ့ ပြန်ချင်တယ်ခဏဖြစ်ဖြစ်
ReplyDeleteပြန်ချင်လယ် ဆိုနေမှ ...:P:P
ReplyDeleteမြန်လိုက်တာဟယ်။
ReplyDeleteအစ်ကိုရေ မြန်မာပြည်ကိုတောင် လွမ်းလာပြီ ပုံတွေမြင်တာနဲ.
ReplyDeleteဟမ်မလေးနော်...ykko ပုံလေးတော့တင်သင့်ပါတယ်လေ
ReplyDelete