စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, March 5, 2012

၂၀၁၂ စင်ကာပူ အလုပ်သမားဆိုင်ရာ ဘက်ဂျက် ဆွေးနွေးမှု့များ

          ဒီဆွေးနွေးခန်းလေးကတော့ Ong Teng Cheong Labour Leadership Institute က ကမကထ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပြီးတော့ စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်းနဲ့ မေးမြန်းသူတွေ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲလေးဖြစ်ပါတယ်။  ဒီဆွေးနွေးပွဲလေးရဲ့ နာမည်ကတော့ Labour Movement Pre-Budget 2012 Dialog Between Prime Minister ဖြစ်ပါတယ်။  ဒီအထဲမှာတော့ စင်ကာပူ ၀န်ကြီးချုပ်က အဓိကအားဖြင့် အချက် ၃ ချက်ကို ပြောသွားပါတယ်။

၁။  ထုတ်လုပ်မှု့စွမ်းအားတွေကို မြှင့်တင်ခြင်းနဲ့ နိုင်ငံခြားမှ အလုပ်သမားများကို မှီခိုနေရခြင်းကို လျှော့ချရန်
          ဒီအထဲက စင်ကာပူဝန်ကြီးချုပ်ပြောသွားတာလေးတွေကို ထုတ်နှုတ်လိုက်ရင် “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်စွမ်းအားတွေကို ကျွန်တော်တို့ကိုယ်တိုင် တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်နေသင့်ပါပြီ။  ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စင်ကာပူရဲ့ စီးပွားရေးဟာ တစ်စိတ်တစ်ပိုင်း တိုးတက်ခဲ့ပါတယ်။  ဒါဟာ ကျွန်တော်တို့ကိုယ်တိုင် ကြိုးစားမြှင့်တင်မှု့တင်မကပဲ သိသာတဲ့ အချက်ကတော့ နိုင်ငံခြားသားတွေကို နိုင်ငံတွင်းမှာ ကူညီဖို့ အသုံးပြုခဲ့တဲ့အတွက်ပါ။  ဒီလိုမှ နိုင်ငံခြားသားတွေကို အသုံးမပြုခဲ့ဘူးဆိုရင် ဒီလိုမျိုး အခြေအနေတွေကို ရရှိနိုင်ခဲ့မှာ မဟုတ်ပါဘူး။  ဒီအတွက် စင်ကာပူလူမျိုးတွေရဲ့ လခတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ကောင်းမွန်စွာ မပေးနိုင်ခဲ့ပါဘူး။  ပြီးခဲ့တဲ့ ၅ နှစ်ကတော့ လစာတွေ တိုးတက်လာပေမယ့် သိသိသာသာကြီး မဟုတ်ခဲ့ပါဘူး။
          “ ခု ကျွန်တော်တို့မှာ လူဦးရေ ၅ သန်းရှိနေပါပြီ။  နောက်ထပ် ၁၀ နှစ်ဆိုရင် လူဦးရေ ၆သန်းဖြစ်လာမှာဖြစ်ပြီး နောက် အနှစ် ၂၀ ဆိုရင်တော့ လူဦးရေ ၇ သန်းဖြစ်လာမှာပါ။  ဒီတော့ ကျွန်တော်တို့ဟာ နိုင်ငံခြားသားဦးရေကို လျှော့ချလာနိုင်မှာဖြစ်ပေမယ့် ဒီလိုမျိုးလျှော့ချဖို့ကတော့ အတိုင်းအတာ တစ်ရပ်ရှိပါတယ်။  ဒီအတွက် ကျွန်တော်တို့ဟာ နိုင်ငံအတွက် လိုအပ်မယ့် နိုင်ငံခြားသားတွေကို လျှော့ချနိုင်ဖို့ စီမံခန့်ခွဲရမှာဖြစ်သလို ဒါမှလည်း နိုင်ငံခြားသားတွေအပေါ် မှီခိုနေရမှု့ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။  ဒါဟာ ဘာကို ဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ ထုတ်လုပ်မှု့စွမ်းအားတွေ မြင့်မားလာအောင်၊ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ၊ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းတွေကို မြင့်မားလာအောင် ပိုပြီးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်…..”



၂။ လစာနှုန်းထား ၃၀% မြှင့်တင်နိုင်ရေး ရည်မှန်းချက်
          “အခြေအနေအားလုံးကောင်းမယ်ဆိုရင်တော့ နောက် ၁၀နှစ်လောက်ကြာရင် ကျွန်တော်တို့နိုင်ငံရဲ့ အလယ်အလတ်တန်းစား အလုပ်သမားလူတန်းစားတွေဟာ လစာ ၃၀% တိုးတက်လာနိုင်ပါတယ်။  ကျွန်တော်ထင်တာကတော့ ဒါဟာ ရည်ရှည်ကို မျှော်မှန်းတဲ့ ရည်မှန်းချက်ရှည်တစ်ခုဖြစ်ပါတယ်။  ဒီအကြောင်းကို ကျွန်တော် ရှင်းပြပါရစေ…. ကျွန်တော်တို့ လစာတိုးတက်ဖို့ဆိုရင် ကျွန်တော်တို့တွေဟာ ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်မှု့စွမ်းအား (Productivity) ကို တိုးမြှင့်ရမှာဖြစ်ပါတယ်။  ခင်ဗျားတို့ရဲ့ ထုတ်လုပ်နိုင်မှု့စွမ်းအား ဘယ်လောက်တိုးလာတယ်ဆိုတာကို မူတည်ပြီးတော့ လစာတွေလည်း တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာမှာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၁၀ နှစ်မှာဆိုရင် ငါးပုံတစ်ပုံလောက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းအား ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၁၀ပုံ တစ်ပုံလောက်ဖြစ်တဲ့ လစာနှုန်း ၁၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။  နောက်ပိုင်း ၅ နှစ်မှာတော့ ကျွန်တော်တို့ ဒီထက်ပိုပြီး ကောင်းအောင်လုပ်နိုင်ခဲ့ပြီး တိုးတက်မှု့တွေ အများအပြားရခဲ့ပါတယ်။  ပထမ ၅နှစ်မှာတော့ SARS ကြောင့် တော်တော်လေး အခက်အခဲတွေနဲ့ တွေ့ခဲ့ရပါတယ်။
          ဒီတော့ နောက် ၁၀နှစ်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု့စွမ်းအား (Productivity)တွေကို ၂၀ ရာခိုင်နှုန်းထက် ပိုမိုတိုးတက်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။  ၃၀ ရာခိုင်နှုန်းလို့ ဆိုကြပါစို့ဗျာ… အဲ့ဒီလိုဆိုရင် ကျွန်တော်တို့တွေရဲ့ လစာကိုလည်း ပိုမိုရရှိလာအောင် လုပ်ဆောင်လို့ရပါတယ်။  တကယ်လို့ ကျွန်တော်တို့တွေ ကံကောင်းမယ်ဆိုရင် လစာတွေကို ထုတ်ကုန်စွမ်းအား တိုးတက်လာတာနဲ့ အညီ မြှင့်တင်နိုင်မှာဖြစ်သလို၊ ကံမကောင်းခဲ့ဘူး ဆိုရင်တော့ နောက် ၁၀နှစ်မှာ လစာ ၂၀% တိုးတက်လာအောင် တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။  ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်၊ ကျွန်တော်တို့မှာ အလွန့်ကို ဖွံဖြိုးတိုးတက်ပြီးတဲ့ အခြေအနေကို အဆင်အတန်းကို ပိုင်ဆိုင်ပြီးဖြစ်တဲ့အတွက် ဒီ ရေရှည်စီမံကိန်းကို ကျွန်တော်တို့လုပ်ဆောင်နိုင်မှာပါ။


၃. ပြည်သူ့အတွက် သုံးစွဲငွေ ပိုမိုလာရေး
          ကျွန်တော်တို့နိုင်ငံသား အလုပ်သမားတွေအတွက် သူတို့ရဲ့ လူနေမှု့အဆင့်အတန်း တစ်နှစ်ပြီး တစ်နှစ် တည်ငြိမ်စွာနဲ့ မြင့်မားလာစေဖို့ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး လုပ်ဆောင်ရမှာဖြစ်ပါတယ်။  နိုင်ငံရဲ့ အလုပ်သမားတွေအပြင် ကျွန်တော်တို့အနေနဲ့ လူမှု့ဘ၀မှာ မအောင်မြင်တဲ့လူတွေ၊ အသက်အရွယ်ကြီးရင့်ပြီး အကူအညီလိုနေတဲ့ နိုင်ငံသားတွေ၊ လစာနည်းတဲ့ နိုင်ငံသားတွေ၊ အကူအညီလူနေတဲ့လူတွေ ဥပမာ - မိသားစု ပြိုကွဲတဲ့လူတွေ၊ မိမိကိုယ်မိမိတောင် မစောင့်ရှောက်၊ အကူအညီမရတဲ့လူတွေ စတဲ့လူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု့တွေ၊ နေအိမ်တွေ၊ နေ့စဉ်အသုံးစရိတ်တွေ၊ သူတို့ရဲ့ မိသားစုတွေ၊ ခက်ခဲနေတဲ့အချိန်တွေ စတာတွေအတွက် ကျွန်တော်တို့ဟာ ကူညီ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။  ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း ဒီအတွက် ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။  ဒါပေမယ့် ဒီထက်ပိုပြီးတော့ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။  ယခုအခြေအနေထက်ပိုပြီးတော့ အင်တိုက်အားတိုက်၊ တစ်နှစ်ထက်တစ်နှစ်၊ ရည်ရွယ်ချက်ရှိရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရပါမယ်။  ဒါမှသာ ၀င်ငွေနည်းတဲ့လူတွေ၊ သူတို့ရဲ့ ကလေးတွေ… အထူးသဖြင့် အနာဂတ်မျိုးဆက်သစ်ကလေးတွေဟာ ဒီလိုအခြေအနေကနေ ဖောက်ထွက်ပြီး သူတို့ရဲ့မိဘတွေထက် ပိုမိုကောင်းမွန်တဲ့ ဘ၀ကို ပိုင်ဆိုင်လာနိုင်ပြီးတော့ ထိုနည်းတူစွာပဲ… အကူအညီလိုအပ်တဲ့၊ မိသားစုမရှိတော့တဲ့ သက်ကြီးရွယ်အိုတွေကိုလည်းပဲ ကြည့်ရှု့စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ 


ဒါကတော့ စင်ကာပူဝန်ကြီးချုပ်ပြောသွားတဲ့ စကားလေးတွေထဲက အဓိက အချက် ၃ ချက်ဖြစ်ပါသတဲ့…….  ၂၀၁၂ ရဲ့ ရည်မှန်းချက်တစ်ခုလည်း ဖြစ်ပါသတဲ့။  ကျွန်တော်တို့နိုင်ငံလည်း လွှတ်တော် ၃ ရပ်နဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာပြီဖြစ်လို့ နိုင်ငံတော်က နိုင်ငံသူနိုင်ငံသားတွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးမယ့် လွှတ်တော် အမတ်ကြီးများ၊ ၀န်ကြီးများ အများကြီး ပေါ်ထွန်းလာနိုင်ကြပါစေလို့ မျှော်မှန်းမိပါတယ်ခင်ဗျာ။ 
          ပြီးခဲ့တဲ့ရက်က သမ္မတကြီးရဲ့ တစ်နှစ်ပြည့် မိန့်ခွန်းကို နားထောင်ပြီးတဲ့အခါမှာတော့ အရင်ကထက် အများကြီး အားတက်မိပါတယ်။  လစာနည်းနည်းနဲ့ နိုင်ငံတော်အတွက် အပင်ပန်းခံပြီး ဆောင်ရွက်ပေးနေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။  ဖုန်းတွေကိုလည်း ဈေးသက်သက်သာသာနဲ့ ရအောင် စီမံပေးဦးမယ်ဆိုတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်လှပါတယ်။ 
          စောစောက စာပိုဒ်လေးထဲမှာပြန်ကြည့်လိုက်ရင် တိုးတက်နေပြီး တစ်ဦးချင်းဝင်ငွေမှာ ကမ္ဘာ့ နံပါတ်၃ နေရာမှာ ရပ်တည်နေတဲ့ စင်ကာပူနိုင်ငံမှာတောင်မှ အခက်အခဲတွေ အများကြီးရှိနေသေးတာပဲ… ကျွန်တော်တို့လည်း ဖြစ်လာနိုင်စရာ အများကြီးရှိနေပါသေးတယ်။  ဒါပေမယ့် ဘယ်လောက်အထိ မှားခွင့်ရှိသလဲ ဆိုတာလေးပေါ်မူတည်ပြီးတော့ ကျွန်တော်တို့တိုးတက်မှာပါ။  အမှားကို သင်ခန်းစာယူဖို့လည်းလိုပါတယ်၊  အမှားကို မြင်တတ်ဖို့လည်း တတ်သိနားလည်သော ပညာရှင်တွေ အများကြီးဟာ သက်ဆိုင်ရာနယ်ပယ်မှာ သူ့နေရာနှင့် သူ့လုပ်ပိုင်ခွင့်နှင့် ရရှိနေပြီးတော့ လွတ်လပ်စွာ ဆွေးနွေးနိုင်ခွင့်တွေ လိုအပ်ပါတယ်။  ဒီတော့မှ အကျိုးရှိသော၊ ထိရောက်သော ကြိုးစားအားထုတ်မှု့တွေဟာ အသီအပွင့်တွေဖြစ်လာမှာဖြစ်ပါတယ်။ 
          စင်ကာပူမှာတော့ လစာကိုမက်လုံးပေးပြီးတော့ လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှု့ကို တိုးတက်အောင် ညှစ်ယူကြပါတယ်။  ဒီကရတဲ့ အမြတ်အစွန်း၊ အခွန်ငွေတွေနဲ့ အစိုးရက ပြည်သူတွေရဲ့ လူမှု့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု့၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ပဓာနကျတဲ့ အချက်တွေ ကို ဖြည့်ဆည်းပေးပါတယ်။  ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုမျိုး နိုင်ငံတစ်ကာ လုပ်ငန်းတွေ ဟိုမှ သည်မှ ပေါ်ပေါက်လာမယ်ဆိုရင် တိုင်းသူပြည်သားတွေရဲ့ ၀င်ငွေလည်း တိုးတက်လာမှာ အမှန်ပါပဲ။  ဒီကနေပြီးတော့ အစိုးရကလည်း အရင်လိုမျိုး ချစားမှု့တွေ ပျောက်ပျက်သွားမယ်ဆိုရင် တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေ လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ ယုံကြည့်ပါတယ်။
          သို့ပေမယ့် ရင်းနှီးမြှုပ်နှံသူတွေ လာရောက်ရင်းနှီးမြှုပ်နှံအောင်ကတော့ အဓိကဖြစ်တဲ့ ဥပဒေ၊ ဘဏ်စနစ်နဲ့ facility လို့ခေါ်တဲ့ ရေ၊မီး စုံလင်စွာရရှိရေးတို့ဟာလည်း အဓိက အသက်သွေးကြောတစ်ခုဖြစ်လေတော့ ရင်းနှီးမြှုပ်နှံလိုသူတွေ လာရောက်စုံစမ်းတဲ့အခါမှာ ကျွန်တော်တို့ တိုင်းဒေသကြီးမှာဖြင့် ဒီလိုမျိုး ဥပဒေတွေ ရှင်းလင်းစွာရှိပါတယ်၊ ဒီလို facility နဲ့ ၀န်ဆောင်မှု့တွေရှိပါတယ်၊ ဒီလိုမျိုး ဘဏ်စနစ်တွေ အသုံးပြုနိုင်သလို လူ့စွမ်းအား အရင်းအမြစ်အားဖြင့်လည်း ဒီလိုမျိုးရှိဆိုတာမျိုးကို ခြေခြေမြစ်မြစ်ချပြနိုင်ဖို့ လိုအပ်ပါတယ်။  ဒီအပြင် ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ထဲမှာ ရေးခဲ့သလို စနစ်တစ်ခု ခိုင်ခိုင်မာမာရှိဖို့လည်း လိုအပ်ပါတယ်။
          တရုတ်မှာလည်း ဗဟိုက အဓိက အပိုင်းတွေကို ချုပ်ကိုင်ထားပေမယ့် သက်ဆိုင်ရာ တိုင်းဒေသကြီးတွေမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ့်ပြည်နယ်မှာ ကိုယ့် ရင်းနှီးမြှုပ်နှံမှု့ ဥပဒေတွေနဲ့ ကိုယ်သွားနေတဲ့အတွက် ရှန်ဟိုင်း၊ ကွမ်တုန်ဒေသတွေ တဟုန်ထိုးတိုးတက်လာတာကို တွေ့မှာပါ။  ဒီအတွက် ပွင့်လင်းမြင်သာတဲ့၊ စနစ်ကျတဲ့ ဥပဒေတွေကို ကိုယ်ပိုင်တိုင်းဒေသကြီးတွေမှာ ရှိသင့်နေပါပြီ။  တစ်နှစ်ပြည့်ခဲ့ပါပြီ… ကွယ်လွန်သွားတဲ့ ဒေါက်တာ အောင်ထွဋ် ပြောခဲ့သလိုပဲ တိုင်းဒေသကြီးလွှတ်တော်က လွှတ်တော်အမတ်မင်းများ ဒီကိစ္စလေးတွေကို လေးလေးနက်နက် စဉ်းစားပြီးတော့ လုပ်သင့်နေပါပြီ။  မဟုတ်ရင် လာရောက်ရင်းနှီးမြှုပ်နှံချင်ပါတယ် ဆိုရင်တောင် ဒီဘက်က ဘာမှ အဆင်သင့်မဖြစ်သေးလို့ ဘယ်လိုမှ ရင်းနှီးမြှုပ်နှံလို့ မရပါဘူးဆိုတဲ့ အဖြစ်မျိုးဖြစ်နေပါမယ်။ ဒါဆိုရင် ပြည်သူတွေစောင့်မျှော်နေတဲ့ လူနေမှု့ဘ၀ မြင့်မားဖို့လည်း အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။
ဒီအပြင် ကိုယ်ပိုင်ပြည်နယ်တွေမှာလည်း ပညာရေး ဗဟိုကိုတင်ပြပြီးတော့ ကျောင်းတွေ လုပ်နိုင်နေပါပြီ… ဒါကို သမ္မတကြီးမိန့်ခွန်းထဲမှာလဲ ထည့်ပြောသွားပါတယ်…. ဒါဟာ စာမေးပွဲမေးခွန်းတွေကို ဗဟိုနဲ့ပေါင်းပြီးတော့ စပေါ့ရအောင်၊ အမှတ်ကောင်းကောင်းကို ကြက်တူရွေးကျက်သလို တစ်ပုဒ်၊ ၂ ပုဒ်ရွေးကျက်ပြီး ဘာမှန်းမသိတဲ့ ဘွဲ့ရတစ်ယောက်ဖြစ်လာအောင် တွန်းအားပေးချင်တဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။  နိုင်ငံတစ်ကာ နာမည်ကြီး တက္ကသိုလ်တွေနဲ့ ချိတ်ဆက်၊ သူတို့တွေနဲ့တွဲဖက်ပြီး ကမ္ဘာ့အဆင့်မှီတဲ့ တက္ကသိုလ်တွေကို ကိုယ့်တိုင်းဒေသကြီးတွေမှာဖွင့်လှစ်နိုင်ပြီး အဲ့ဒီက ဘွဲ့ရပညာတတ်တွေကို နိုင်ငံတကာက အသိအမှတ်ပြုရင် မြန်မာပြည်မှာ ကျောင်းတက်တဲ့ ကျောင်းသားတွေဟာ မြန်မာနိုင်ငံထဲမှာပဲ နိုင်ငံတစ်ကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်တွေရတဲ့ လူချွန်လူမွန်လေးတွေ ဖြစ်လာမှာပါ။  ဘယ်သူမှလည်း တကူးတက ရေခြားမြေခြားသွားပြီးတော့ ဒီပလိုမာလက်မှတ်လေးရဖို့ ကျောင်းတက်နေမှာမဟုတ်တော့ပါဘူး။  ထားလိုက်ပါတော့လေ ပြောရင် တော်တော်နဲ့ မပြီးနိုင်တော့လို့ ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေ…….

Pre Budget 2012 Dialog Between Prime Minister & The Labour Movement က အခြားသော ဆွေးနွေးချက် အမေး၊ အဖြေလေးတွေကို ကြည့်ချင်ရင်တော့ ဟောဒီ Source လေးတွေကို ကလစ်လုပ်ပြီး ကြည့်ကြပါ….









Source : NTUC this week, issue: 10 Feb 2012.


No comments:

Post a Comment