ဥစ္စာစောင့် တကယ်ရှိမရှိကတော့ ကျွန်တော်လည်း
သေသေချာချာတော့ မပြောတတ်။ အရင်အပိုင်း ၁ ကတော့
ကျွန်တော့် အမေရဲ့ ဆေးခန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ။ ခုအပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေး
ကန်ကြီးဒေါင့်မြို့က အကြောင်းလေး။ ကန်ကြီးဒေါင့်ဆိုတာက
ပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။ အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့
ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေက
ကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။ ဘာဖြစ်လို့လဲဆိုတော့
ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။ အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့
လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေ
ဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။ ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲ
အရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။
အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။
ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်
ရှိမယ်။ ပုဂံခေတ်က ပုံစံကို ယူပြီးတော့ ဆောက်ထားတဲ့
စေတီတော်။ စေတီတော်ထဲမှာ ရွှေ၊ ကျောက်မျက်ရတာနာတွေနဲ့
ပူဇော်ထားတဲ့ ဆင်းတုတော် ရှိတယ်။ ပွဲတော်ရက်တွေဆိုရင်တော့
အပူဇော်ခံပါတယ်။ အနီးကပ် ကြည့်လို့လဲရတယ်။
ဒီ စေတီတော်ကို တည်တုန်းက ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ဖူးတယ်။ ဒါကတော့ သိုက်မောင်နှမ ဇာတ်လမ်းပဲ။ စေတီတော်ကို ဦးစီးဦးဆောင်ပြီးတော့ တည်ထားခဲ့တာက
အခု ပျံလွန်တော်မူသွားပြီးတဲ့ ကန်ကြီးဒေါင့်ဆရာတော်ကြီး။ စေတီတော်ကြီးနဲ့ ကပ်ရပ်မှာက မင်္ဂလာရာမ ကျောင်းတိုက်ရှိတယ်။ ပရိယတ္တိစာပေတွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတိုက်။ ကျောင်းတိုက်ကြီးကလည်း တော်တော့်ကို ထည်ဝါတဲ့ မှန်စီရွှေချ
ကျောင်းတိုက်ကြီး။ သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေဆိုရင်
မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေလဲ ရွာနီးချုပ်စပ်ကလူတွေ
လာပြီးတော့ စုပေါင်းရှင်ပြု ပွဲတွေ လုပ်ကြတယ်။
နောက်ပြီး နှစ်တိုင်း ဘုရားပွဲရှိတယ်။
ဘုရားပွဲတော်ဆိုရင် အရမ်းပျော်ဖို့ ကောင်းသပေါ့။ ဇာတ်ပွဲ၊ စားသောက်ဆိုင်တန်းတွေ၊ ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်တွေ.. စသည် စသည်ဖြင့်။