မဲတူနှင့်
လမ်းလျှောက်ထွက်ခြင်း
ဒီဇင်ဘာလို လမျိုးကြတော့ ကျွန်တော့်တို့
အိမ်ဘေးက သွားဆရာဝန်က ခလေးချစ်တတ်တယ်။ ဆရာ့ရဲ့
သားရယ်၊ သမီးရယ်၊ ကျွန်တော်တို့ ရပ်ကွက်ထဲက ကလေးတစ်သိုက်ရယ်ကို ဆရာက ဦးဆောင်ပြီးတော့
ပုသိမ်တက္ကသိုလ်ချောင်းသာလမ်းဆုံ အ၀ိုင်းအထိ ပုံမှန်လမ်းလျှောက်တတ်တယ်။ တစ်ခါတစ်လေများကြတော့လည်း မြို့အ၀င် လေယာဉ်ကွင်းနားအထိ
လျှောက်တတ်သလို ဒီထက်ပိုလျှောက်ချင်လဲ လမ်းလျှောက်တဲ့ ရက်တွေရှိတာကိုး။ ပြန်လာရင်တော့ ဆရာကိုယ်တိုင် ကလေးတွေကို လက်ဖက်ရည်နဲ့
မုန့်နဲ့ အိမ်မှာ ကျွေး။ ကလေးတွေအကြိုက်ပေါ့။ ဒီလို လမျိုးဆိုရင်တော့ မဲတူတို့အကြိုက် ကလေးတစ်သိုက်နဲ့
ဒီကောင်ပါလိုက်တော့တာ။ လမ်းလျှောက်ထွက်လို့ လိုက်ရင် ခွေးတွေက သူတို့
အကျင့်အတိုင်း လမ်းတစ်လျှောက် ဟိုနားနဲနဲ ဒီနားနဲနဲနဲ့ ခြေထောက်လေးကားပြီးတော့ သေးပေါက်သကိုး။ လမ်းမှတ်တယ်ထင်ပ။ အိမ်ကထွက်ခါစကတော့ ဒီကောင်က ရှေ့ သုံး လေး လံလောက်ကို
မော့တော့ မော့တော့နဲ့သွား သေးလေးပေါက်လိုက်၊ အမြီးလေးနှံလိုက် သခင်တွေဆီ ပြန်ပြေးလာလိုက်နဲ့။ ဒီလိုနဲ့ တော်တော်လေးလဲ သွားရော ပေါက်စရာ သေးက မရှိတော့ပြီ။
လမ်းမှတ်စရာ ရှုးရှုးမရှိတော့ မဲတူတို့ ဘာလုပ်သည်ထင်သနည်း။ အီးပါသည်။
အီးကို လမ်းဘေးတစ်လျှောက် နဲနဲစီ ပါသွားသည်။ ထိုနောက် သုံး၊ လေး လံလောက် ရှေ့ကပြေးပြန်သည်။ ကြာလာတော့ ဒီကောင်လဲ မှတ်စရာကုန်သွားသည်။ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ချေ။ သူ့နောက်ဆုံးအမှတ်အသားလေးကိုကြည့်လိုက်၊ လမ်းဆက်လျှောက်သွားသော ကျွန်တော်တို့ကို ကြည့်လိုက်
ဘာလုပ်ရမှန်း မဝေခွဲတတ်တော့ချေ။ နောက်ဆုံးတော့
ဆုံးဖြတ်ချက်ချလိုက်သည်၊ သခင်နားက မခွာတော့။
“ဟေ့ကောင် မဲတူ သွားဦးလေ ခပ်ဝေးဝေးကို” ဆိုရင်လဲ မသွားရဲတော့ သခင်တွေနားမှာသာ
ကပ်ပြီးတော့ ပြူကြောင်ကြောင်နှင့် တစ်လမ်းလုံးလိုက်တော့သည်။ အပြန်လမ်းတစ်လျှောက်လုံးလဲ သူ့အမှတ်အသားနေရာ ပြန်မရောက်ခင်အထိ
သခင်တွေနားမှ တစ်ဖွားမခွာ လိုက်တော့၏။
ညနေ အမေဆေးခန်းသွားထိုင်ချိန်ရောက်လျှင်လည်း
ဒီကောင်လိုက်တတ်သည်။ တစ်ခါတစ်လေ ဆေးခန်းမှာနေပြီး
အမေနှင့်အတူ ပြန်လာတတ်သည်။ ဆေးခန်းက နီးနီးနားနားမဟုတ်၊
ပုသိမ်မြို့ ကမ်းနား ပတ်လမ်းနားတွင်ဖြစ်သည်။
သွားလေရာလမ်းတစ်လျှောက် ရပ်ကွက်ပေါင်းစုံက ခွေးများနှင့်ရန်ဖြစ်သည်။ ရန်ဖြစ်လို့ ပြေးလိုက်၊ လိုက် လိုက်နှင့် တစ်လမ်းလုံး
ကျွက်ကျွက်ကိုညံ။ နောက်တော့ ဘယ်ရပ်ကွက်က ခွေးမှ
ဒီကောင့်ကို အဖက်လုပ်ပြီး ရန်မဖြစ်တော့။ မောရုံသာ အဖတ်တင်သည်။ ဒီကောင်ကတော့ တစ်မြို့လုံး သွားချင်တဲ့နေရာ လျှောက်သွားသည်။
မဲတူ၏ ဖေးဘရိတ်များ
မဲတူရဲ့ အကြိုက်ဆုံး ဖေးဘရိတ်က ဘာလဲဆိုတော့
ရေခဲချောင်းဖြစ်သည်။ ပုသိမ်မြို့မှာက ကျား ရေခဲချောင်းတော်တော်စားလို့ကောင်းသည်။ နွေဖက် နေ့လည်နေ့ခင်း နေပူလျှင် ရေခဲချောင်းတွေ
အိမ်မှာသွားဝယ်တတ်ကြသည်။ ကျွန်တော်တို့က ဒီကောင့်ဖို့
တစ်ချောင်းသပ်သပ်ဝယ်ရသည်။ ထိုရေခဲချောင်းကို
လက်ကကိုင်ထားလျှင် ဒီကောင်က လျှာနှင့်ယက်ကာစားသည်။ တခြားခွေးတွေက ရေခဲချောင်းကိုတွေ့လျှင် ကိုက်ယူပြီးတော့
မြေကြီးတွေနှင့် ပလူး ပြီးတော့ မစားတော့။ ဒီကောင်ကတော့
လည်သည်။ ကိုက်လဲမကိုက် လက်နှင့်ကိုင်ပေးထားလျှင်
တုတ်ချောင်းကျန်သည်အထိ လျှက်သည်။
ဒီကောင်က တစ်ခြားဟင်းတွေ ထမင်းတွေဆိုလျှင်
သိပ်ဟက်ဟက်ပက်ပက်မစား။ စားသည်မှာ ချဉ်ပေါင်ဟင်း၊
ငပိနှင့် ဆန်ကွဲရောကျိုထားသော သူ၏ နေ့စဉ်ထမင်းကိုသာ လွေးသည်။ ထိုဟင်းမျိုးမဟုတ်လျှင်
သိပ်ဟက်ဟက်ပက်ပက်မရှိလှ။
အိမ်မှာ တစ်ခြားခွေးမတွေ သားပေါက်လျှင် ဒီကောင်အလုပ်များပြီဖြစ်သည်။ ထမင်းခဲတွေ၊ အရိုးတွေ ဘယ်က ချီချီလာသည်မသိ။ ပြီးလျှင်
အိမ်မှာ ကျင်းတူးပြီး မြှုပ်ထားတတ်သည်။ လူလစ်လျှင်
ခွေးကလေးတွေကို သူဖွက်ထားတဲ့ဟာတွေ ဖော်ပြီးကျွေးတတ်သည်။ သူဖွက်ထားတာတွေ တစ်ခြားခွေးတွေ ဖော်စားမှာစိုးလို့
ဘယ်မှမသွား အဲ့ဒီ ကျင်းတွေနားမှာ ပေကပ်ပြီး စောင့်နေတတ်သည်။ တစ်ခါတစ်လေကျတော့လဲ သူဟာသူ ပြန်မမှတ်မိတော့၊ ဘယ်နားမှာ
ဘယ်ဟာဖွက်ထားမှန်းမသိ၊ ဟိုဟိုဒီဒီ မွှေနှောက်ပြီး
ကျင်းတူးနေတတ်သည်။ ထိုအခါမျိုးဆိုလျှင် မဲတူတို့
အပြင်မထွက်တော့ပြီ။
နွေရာသီ ပူပြီဆိုလျှင် မဲတူတို့အကြိုက်ကနေရာက နောက်ဖေးရေချိုးခန်း အထွက်မြောင်းသာဖြစ်သည်။
ထိုမြောင်းမှာ ရေချိုးတိုင်း ရေစပ်ကျင်းလေးရှိပေရာ မဲတူတို့ ကျွင်းတူးပြီး ကိုယ်တစ်ပိုင်းကို
စိမ်ထားတတ်သည်။ သူ့နေရာကို သူများဝင်အိပ်လျှင်လဲ
မကြိုက်သေး။
တော်သလင်းလဆိုလျှင်တော့ ဒီကောင်လူပျိုလှည့်သည်။ တစ်မြို့လုံး ဒီကောင်းလျှောက်သွားထားသမျှ မဒီအလှလေးများကို
မှတ်ထားတတ်သည်။ ထိုမဒီလေးများရှိရာသို့ အခြားရပ်ကွက်က
ကာလသားခွေးတွေနှင့် အပြိုင်လုကာ ပိုးပန်းတော့သည်။
ဒီကောင်ကလဲ ဒီကောင်၊ အကောင်ကြီးသော၊ သေးသော နားမလည် ရည်းစားလူလု အူနုကျွဲခတ်
ဆိုသလို အဲ့ဒီအချိန်ရောက်ရင် တွေ့သမျှ ခွေးထီးတွေနှင့် ရန်ဖြစ်ကာ ရည်းစားရှာလေတော့သည်။ တစ်ခါတစ်လေများဆိုလျှင် သူ့ခွေးမကို အိမ်လည်ခေါ်လာသေးသည်။
မဲတူ သက်ပြင်း
ရပ်ကွက်တွေမှာ ခွေးလေခွေးလွင့် နှိမ်နှင်းရေးလဆိုလျှင်
အမဲသားတုန်းပစ်သည်။ အမဲသားထဲတွင် အဆိပ်ထည့်ပြီး
ခွေးတွေကို ကျွေးခြင်းဖြစ်သည်။ ထိုလများဆိုလျှင်
ခွေးတွေကို ခြံထဲထည့်၊ ခြံတွေလုံအောင်ပိတ်သော်လဲ မရ။ ဒီကောင်တွေက ညပိုင်းဆိုလျှင် အပြင်ကို ထွက်တတ်သည်။ ထို့ကြောင့် အသားတုံးစာမိသည်။ အသားတုံးစာမိလျှင် လျှောဖို့များသည်။ အိမ်ကခွေးတွေ တော်တော်များများလဲ အသားတုံးစာ မိတတ်ကြသည်။ မဲတူလဲ မိသည်။
သို့သော် ဒီကောင် အတော်လေး အသက်ပြင်းသည်ဆိုရမည်။
တစ်နေ့ မနက်နိုးတော့ မဲတူ မရှုနိုင်မကယ်နိုင်
အိမ်ရှေ့တွင် ပက်လက်လန်နေသည်။ သူ့ဘေးတွင်လဲ
သူနှင့် တစ်သားထဲ ပေါက်သော ခွေးတစ်ကောင် မှောက်ရက်လဲနေသည်။ ဟိုခွေးက အခြေအနေတော်တော်ဆိုးသည်။ ပါးစပ်ထဲတောင် ပါးရွက်ဆိတ်တွေဝင်စပြုနေပြီ။ မျက်လုံးတွေက ဖြူနေပြီ။ မဲတူကတော့ ဆန့်ငင်၊ ဆန့်ငင်ဖြစ်လို့၊ ကျွန်တော့်ကို
မျက်လုံးပေကလပ်၊ ပေကလပ်နှင့် ကြည့်နေသည်။ “ပြောရဲ့သားနဲ့
ငတ်ကြီးကျပြီး နင်စားတာကိုး” ဆိုတော့ အမြီးလေးကို မလှုပ်တလှုပ်နှံပြသည်။ မချိမဆန့် ခံစားနေရပုံပေါ်သည်။
အမေကိုခေါ် ဆေးထိုးခိုင်းသည်။ ကျွန်တော်ကတော့ နောက်ဖေးကိုပြေး ကန်စွန်းရွက်တွေ၊
မြက်တွေကို ကြိတ်၊ အရည်ညှစ် ထန်းညက်ရေကြိုလောင်းထည့် ပြီးတော့ ဆေးထိုးပိုက်အကြီးနှင့်
စုပ် အဲ့ဒီနှစ်ကောင် ပါးစပ်ထဲကို လောင်းထည့်ရသည်။ လောင်းထည့်တယ်ဆိုတာက ဗိုက်ထဲအထိရောက်အောင် ခေါင်းကိုမ ပါးစပ်ကိုဖြဲပြီးတော့ ထည့်ရတာ။ ဒါက အိမ်ကခွေးတွေ အမဲသားတုန်း အဆိပ်မိတိုင်း လုပ်ရသည် အသက်ကယ်နည်းဖြစ်သည်။ အဲ့ဒါဆိုလျှင် ဒီကောင်တွေ အန်နိုင်သေးသည့် အင်အားရှိလို့
ပြန်အန်ထုတ်နိုင်လျှင် မသေတော့။ မဟုတ်လျှင်လဲ
ခြေထောက်ကနေတွဲလောင်းချပြီး အန်အောင် ဗိုက်ကို နဲနဲ ညှစ်ပေးလျှင် အန်သည်။ ထိုတစ်ခေါက်ကတော့ ကံကောင်းသည်ဆိုရမည်။ နှစ်ကောင်လုံး ပြန်အန်ထွက်သည်။ တစ်လလောက် ပိန်ချိချိနှင့် အရိုးပေါ်အရေတင်သွားသည်။ နောက်လကျတော့ နလန်ပြန်ထသည်။ နေလဲကောင်းရော ထုံးစံအတိုင်း ဒီကောင် ရွာရိုးပတ်ပြန်သည်။
တစ်ခါကလဲ ဒီကောင် ဒဏ်ရာတော်တော်ရလာသည်။ သူများအိမ်တွေ တက်ခိုးနေတုန်း ဟိုက လှမ်းရိုက်လိုက်တာ ကျောက်ကပ်ကို ထိသွားသည်ထင်သည်။ ဒီကောင် ဆီးသွားတိုင်း သွေးတွေပါသည်။ ဆီသွားတိုင်းလဲ မချိမဆန့် ခံရပုံ တအီအီနှင့် အော်နေရသည်။ အမေကတော့ လူတွေကို ဆေးကုတာမဟုတ်၊ ဒီကောင်နှင့်တွေ့တော့မှ
ခွေးတွေကိုပါ ဆေးကုရတော့သည်။ ဆေးထိုးပေး၊ သောက်ဆေးတွေ
နွားနို့နှင့်ဖျော်တိုက်။ ၃ လလောက်နေတော့မှ
ဒီကောင် နေပြန်ကောင်းတော့သည်။
မဲတူနှင့်
အမှတ်တရများ
နောက်ပိုင်း ကျွန်တော် ၁၀ တန်းအောင်ပြီးတော့
ရန်ကုန်ရောက်သည်။ အဲ့ဒီထဲက ဒီကောင်နှင့် သိပ်မတွေ့ဖြစ်တော့။ ဒါပေမယ့် ပြန်လာတိုင်း အမြီလေးနှံနှံပြီး လာကြိုတတ်သည်။ သခင်အပေါ်မှာတော့ ဒီကောင်က သစ္စာအတော်ရှိသည်။ ပြန်မပြော နားမထောင်တာကလွဲလို့။ ကြက်တွေ၊ ဘဲတွေ၊ အ၀တ်တွေ ခိုးလာတိုင်း ကျွန်တော်က
ဝါးခြမ်းပြား အသေးနှင့် ရိုက်တတ်သည်။ ထိုအခါမျိုးဆိုလျှင်
မျက်လုံးကို မှိတ်၊ ဒူးတုပ်ပြီး ဘယ်လောက်ရိုက်ရိုက် ထွက်လဲမပြေး၊ ၀ပ်ပြီးတော့ ပေ ခံနေတတ်သည်။ ဒါပေမယ့် ပြီးလျှင် ခိုးမြဲ၊ ခိုးသည်။ တစ်အိမ်သားလုံး မဲတူဆိုလျှင် ခပ်ဆိုးဆိုးခွေးတစ်ကောင်ဖြစ်ပေမယ့်
ချစ်ကြသည်။
တက္ကသိုလ်တက်ဖြစ်တော့ အမေပါ ရန်ကုန်သို့ လိုက်ပြောင်းသည်။ ကျွန်တော့်ကို သိပ်မျက်ခြေဖြတ်ထားလို့ မရလောက်ဘူးဟု
ထင်လို့ဖြစ်နိုင်သည်။ ပုသိမ်ကို တစ်နှစ်တစ်ခေါက်လောက်သာ
ပြန်ဖြစ်တော့သည်။ ပထမနှစ်ပြီးလောက် ပြန်လာတော့
မဲတူကို အိမ်မှာ မတွေ့ရတော့၊ အိမ်က ကြီးဒေါ်တွေ မေးကြည့်တော့ အမဲသားတုံးစာမိသွားသည်ဟုဆိုသည်။ ကျွန်တော်ရှိလျှင်တော့ ဒီကောင် အသက်ရှင်ချင် ရှင်နိုင်သေးသည်။ သို့ပေမယ့် ကျွန်တော်မှ အနားမှာ မရှိတာ ဘယ်တတ်နိုင်မတုန်း။ ဘယ်မှာ မြှုပ်ထားလဲဆိုတော့ အိမ်နောက်ဖေးခြံထဲက ဒီကောင့်ကို
မြှုပ်ထားသောနေရာကို လက်ညှိုးထိုးပြသည်။ သွားကြည့်တော့ မြေကြီးသည် မြေကြီးသာဖြစ်သည်။ ဘာမှတော့ ထူးထူးခြားခြားရယ်မရှိ။ မြက်ပင်တွေက ပြန်လည်နေရာယူထားပြီဖြစ်သည်။ မဲတူကိုသာ စိတ်ထဲမှာ သတိရနေမိသည်။ ခွေးတွေလဲ
အရင်လို အုပ်လိုက်ထမနေတော့၊ အကောင်ရေ တော်တော်လျှော့သွားပြီဖြစ်သည်။ ဒီကောင့်သေသွားပေမယ့်၊ ခုချိန်ထိ အကြောင်းစပ်မိလျှင်
မဲတူအကြောင်း အိမ်နီးနားချင်းတွေနဲ့ ပြောစရာက အမြဲတမ်းရှိမြဲ။ ဒီလိုနဲ့ လောကကြီးထဲကို တိရိစ္ဆာန်တစ်ကောင်အဖြစ်
မဲတူရောက်လာပြီး လောကကြီးထဲက ထွက်ခွာသွားလေတော့သည်။
ဇာတ်သိမ်းလေး အတွက်စိတ်တော့ မကောင်းပေမယ့်
ReplyDeleteဖတ်လို့ တော့ တစ်ကယ်ကောင်းတယ်ဗျာ
မဲတူအကြောင်း မေ့ကျံခဲ့တာလေးတွေများ
ရှီခဲ့ရင်လည်း မဲတူ(၃) လေး ဆက်ပါအုန်းး)
(ဒုတိယ)
ဖတ်လို့ကောင်းတယ်
Deleteတော်တော် စိတ်ရှည်တာဘဲ။
ခွေးကို အဆိပ်ဖြေနည်းလုပ်ပေးတာ အခုမှနည်း သိတော့တယ်။
စိတ်ဝင်တစားဖတ်သွားပါတယ်ဗျာ...
ReplyDeleteအိမ်ကခွေးလေးတွေ နေမကောင်းဖြစ်ရင်လည်း ကစွန်းရွက် မြေစာရွက်ထောင်း အရည်ညှစ်ပြီးတိုက်တယ်။
ReplyDeleteထန်းလျက်ရည်တော့ အခုမှသိတယ်။ စိတ်မကောင်းဖြစ်ပေမယ့် သေနေ့စေ့ရင် ဘယ်သူမှတားမရဘူးလေနော်။
ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ဆိုသလိုပေါ့ မောင်အောင်ထွဋ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခွေးတွေအားလုံးထဲမှာ မဲတူက အမှတ်အရဆုံး ခွေးကလေးပေါ့...
ReplyDelete