တရုတ်ပြည်ရောက်လျှင် မဟာတံတိုင်း မတက်မိခြင်းမှာ
ကြီးစွာသော ဆုံးရှုံးမှု့ဖြစ်သည်ဟု တရုတ် တစ်ယောက်ကပြောသည်။ မင်းရော တက်ပြီးပြီလား မေးတော့ ဟင့်အင်း တဲ့။ ဒါပေမယ့် တစ်နေ့နေ့ပေါ့လို့ ပြန်ပြောသည်။ ဘာပဲဖြစ်ဖြစ် မဟာ တံတိုင်းကို တက်ဖြစ်သည်။ ဘေဂျင်းကနေ ဆိုလျှင် မဟာတံတိုင်းကို နေရာနှစ်ခုမှ
တက်နိုင်သည်။ တစ်ခုကတော့ တော်တော်လေး ပြန်ပြင်ထားသည့်
မဟာတံတိုင်း ဖြစ်သည်။ နောက်တစ်ခုကတော့ ရှေးဟောင်းအတိုင်းကို
ထိန်းသိမ်းထားသတဲ့။ ကလင်တန် တို့ဘာတို့က မဟာတံတိုင်း
အဟောင်းကို တက်သတဲ့။ ဘယ်တံတိုင်းကို တက်ချင်လဲမေးတော့
လူနည်းတဲ့ နေရာသွားမယ်ဆိုပြီး တံတိုင်း အဟောင်းဘက်ကို ဦးလှည့်ဖြစ်သည်။
ဘေဂျင်းမြို့ထဲကနေ ၁ နာရီခွဲ ၂နာရီလောက်
မောင်းသွားရသည်။ ဟိုရောက်တော့ ဘာရယ်မသိ ကျိုက်ထီးရိုးကို
သွားသတိရမိသည်။ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေက
တောင်တက်လမ်းတစ်လျှောက် အများကြီးမှ အများကြီး။
မဟာတံတိုင်းပေါ်မှာတော့ ရေခဲနေပြီ။
Cable Car တွေရှိသည်။ ကော်ဖီက လက်တစ်ဖက်၊
ကင်မရာက တစ်ဖက်၊ Cable car က ယိမ်း နောက်ဆုံးတော့ ကော်ဖီခွက် မှောက်ခြင်းနှင့် အဆုံးသတ်သည်။
ကမ္ဘာကျော် ပိုးလမ်းမကြီး ဒီနေရာမှာ ဖြတ်သွားသည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကြားမှာ လူဝင်လူထွက်၊
ကုန်စည်ခွန် စသည်တို့ကို အယိုအဖိတ်မရှိရအောင် ဒီ တံတိုင်းကြီးနှင့် တားထားသည်။ မွန်ဂိုတွေရန်က ကာကွယ်ဖို့ ဒီတံတိုင်းကြီးကို တည်ဆောက်ခဲ့သည်။ လူပေါင်းများစွာရဲ့ သွေး၊ ချွေးတွေနှင့် ထိုခေတ်
ထိုအခါက မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့ကြသည်။
ခုတော့ အမှတ်တရ ကြည့်ဖို့သာဖြစ်သည်။
ခရီးသွားတွေ ပြုံခဲနေတဲ့ ရာသီမဟုတ်ပေမယ့်
မဟာတံတိုင်းပေါ်မှာတော့ လည်ပတ်သူတွေ ရှိသည်သာဖြစ်သည်။ Humidity က တော်တော်နိမ့်သည်။ ရေခဲ တဖွေးဖွေးနှင့် တက်လို့ကောင်းသည်။ ရှုးဖိနပ်မ၀တ်ဘဲ အလုပ်ထဲစီးသည့် ပုံမှန် Safety
Shoe ကိုစီးသွားသည်မှာ မှန်သွားသည်။ ရေခဲတွေထဲ
Formal ဖိနပ်စီသွားမိလျှင် သားရေတွေ ရေစိုပြီး ချော်ခဏ ခဏလဲဖို့သာရှိသည်။
ဘာတွေ ရေးထားမှန်းမသိ... ကြည့်ရင်းနဲ့ မူးလာသည်.... မကြည့်တော့ ဆက်လျှောက်သည်...
၃ ခေါက်မြောက် ချော်လဲပြီးသော် ထပ်တက်လို့မရတော့တဲ့
အဆုံးနေရာသို့ရောက်၏။
“၀ဲလကမ်းတူ ဂရိတ်ဝေါ….
ကွန်ဂရက်ကျူလေးရှင်း…” ဟ ဘာကြီးတုန်းဟ ကြည့်လိုက်တော့
လမ်းဘေးဈေးသည်တစ်ယောက် ဈေးဘန်းဖြန့်ခင်းနေခြင်းဖြစ်သည်။ ရော့ ဟောဒီ အလံကိုယူ… ပေး ပေး အဲ့ဒီ ကင်မရာပေး ဓာတ်ပုံရိုက်ပေးမယ်။ ချောကလက်ဝယ်စားဦးလေ… ရေသန့်ဘူးလဲရှိတယ်…. ရေနွေးသောက်ဦးမလား…
အမှတ်တရ ပစ္စည်းတွေလည်းရှိတယ်။ ၀ယ်သွားပါဦး… အားနာတတ်သော လူများခံပေါ့။ ၁၀ ဆလောက်ဈေးများသည်။ သို့သော် အားနာနာနှင့် ချောကလက်တစ်ခု ၀ယ်စားသည်။ ဆွဲပြားတစ်ခုဝယ်သည၊် သော့ချိတ်တစ်ခု ၀ယ်သည်။ အားလုံးပေါင်း ၅၀ ပေးလိုက်သည်။ ရေဘူးကတော့ တံတိုင်းစတက်ကထည်းက အိတ်ထဲထည့်ပြီး အလေးခံယူလာခြင်းဖြစ်သည်။ အပေါ်ရောက်မှ စိမ်ပြေနပြေ တစ်စက်ခြင်းစီသောက်ပြီး
မဟာတံတိုင်းကြီးကို အရသာခံကြည့်သည်။
တောင်တန်းတွေမှ အများကြီး… ပြာလဲ့လဲ့ နောက်ခံနှင့်
လှချင်တိုင်းလှနေသည်။ ခက်သည်က မေးရိုက်ပြီး
ချမ်းလာခြင်းဖြစ်သည်။ အမောပြေသွားတော့ အေးလာသည်။ တောင်ပေါ်မှ ပြန်ဆင်း၏။
ဒီလိုနှင့် မဟာတံတိုင်းမှ ပြန်ဆင်းသည်။ ၃ ခေါက်မြောက် ချော်လဲပြီးသော် စတက်သော နေရာသို့
ပြန်ရောက်၏။ ကင်မလောင် Lens ဘေးကာဗာ နဲနဲ ပွန်းသွားသည်။ နှမျောလိုက်သည် ဖြစ်ခြင်း။ မတတ်နိုင်။
ကေဘယ်ကားပြန်စီးသည်။ ကော်ဖီ နောက်တစ်ခွက်
မှောက်မလိုဖြစ်သွားသည်။ သို့သော် ဒီတစ်ခေါက်တော့
မမှောက်။ တောင်အောက်ရောက်တော့ ၀ယ်စရာ ခြမ်းစရာတွေကို
ကျီးကန်းတောင်းမှောက်ရှာကြည့်သည်။ ၀မ်းဒေါ်လာ
ဝမ်းဒေါ်လာ ဟုအော်နေသော နေရာကို ပြေးသွားသည်။
ဘယ်မှာလဲ ၀မ်းဒေါ်လာနဲ့ ရောင်းတဲ့ဟာ ဆိုတော့ ဘာလိုချင်လဲဟုပြန်မေးသည်။
ဟင်… တစ်ဒေါ်လာတန် ဘာဖြစ်ဖြစ် ကြည့်ချင်တယ်ဆိုတော့….
ဒီမှာ တစ်ဒေါ်လာတန်မရှိဘူးဟု ဆိုပြန်သည်။ ဒီအကျီ
ဘယ်လောက်လဲဆိုတော့ ဘာပိုက်ဆံနှင့်လဲဟု မေးပြန်သည်။ တရုတ်ပိုက်ဆံဘယ်လောက်လဲဆိုတော့ ယွမ် ၂၈၀ ဒဲ့.. လှည့်ထွက်မည်လုပ်တော့
လူကို အတင်းဆွဲထားသည်။ ဟမ် တစ်ဒေါ်လာမဟုတ်ဘူးလားဆိုတော့
ရူးချင်ယောင်ဆောင်နေပြန်သည်။ အကျီင်္ပေါ်မှာ ရေးထားတာက “I have climbed up the great
wall” ဟူ၏။ ဟိုဘက်မှာက အိုဘားမားကို ကွန်မြူနစ်ဦးထုပ်ဆောင်းပေးထားသော
တီရှပ်လဲရှိသည်။ မော်စီတုန်း ပိုက်ဆံအိတ်တွေလဲရှိသည်။ ၂၈၀ တန်ကို ၂၀ ပေးမည်ဟု ဆစ်လိုက်သည်။ ဘာ… ဟုပြန်အော်သည်… သြော်.. ၁၅ ကျပ်လား ဆိုလိုတော့
လူကို စားမလို ၀ါးမလို ကြည့်သည်။ ပါးစပ်ကလဲ
တရုတ်လို ကွစိ ကွစတွေ ရွတ်သည်။ ဒီလောက် အသံလောက်နဲ့
အော်တာကတော့ မမှု့တော့။ သင်္ဘောကျင်းမှာ ဒီထက်
၁၀ ဆလောက် အော်ပြောနေရတာ အကျင့်ပါနေပြီ။ ငါက
တစ်ဒေါ်လာတန်လာကြည့်တာ ခုဟာက နင့်ကို ၂ ဒေါ်လာ ကျော်ကျော်လောက်ကို ဖောဖောသီသီပေးတာ… မရောင်းချင်ဘူးလား…
မရောင်းချင်ရင် မ၀ယ်ဘူး ဆိုပြီး လှည့်ထွက်မည်လုပ်တော့ လူကို အတင်းဆွဲထားပြန်သည်။ ဒီလိုနှင့် ၅၀နှင့် ဈေးတည့်သည်။ ၁၀၀ တန်ပေးလိုက်သည်။ ပြန်မအမ်းချေ။
ဘာ….. ပြန်မအမ်းဘူးဟုတ်လား… ဟုတ်ပြီ.. မအမ်းရင် ၃ ထည်ယူတယ် ဆိုပြီး.. တွေ့ရာ
နောက် နှစ်ထည် ဆွဲပြီး ဆိုင်ကလူတွေ ဆွဲတဲ့ကြားထဲက အတင်းတိုးဝှေ့ထွက်လာခဲ့သည်။ နောက်မှာ တစ်သီကြီးပါလာသည်။ တရုတ်လို ကွိကွ အော်ချင်ရာအော်… မကြားချင်ယောင်ဆောင်ပြီး
ထွက်လာခဲ့သည်။ ၁၀ ဆိုင်လောက်ကျော်လာတော့ ထပ်ပြီးတော့
နောက်က မလိုက်တော့ချေ။
နောက်တစ်ဆိုင်ရောက်တော့ souvenir ပုစု ခရုလေးတွေ
အများကြီး။ ရေခဲသေတ္တာမှာ ကပ်တဲ့ဟာလေးတွေ၊ နံရံမှာချိတ်လို့ရတဲ့
ပန်းချီလေးတွေ၊ စားပွဲပေါ်တင်လို့ရတဲ့
Great Wall တံတိုင်း အသေးလေးတွေ.. ပုစုခရုလေးတွေမှ အများကြီး။ နာရီဝက်လောက် အမြှုပ်ထွက်မတတ်ပြောပြီးလေသော်…. နောက်ထပ်
ငွေ ၁၀၀ ထပ်ပါသွားပြန်သည်။ သို့သော် ကျွတ်ကျွတ်အိတ်
တစ်လုံးနီးပါး ရသည်။ မဆိုးလှ…. ကိုယ့်ဟာကိုယ်
ကျေနပ်သလိုလိုရှိသည်။ ဤတွင် မဟာတံတိုင်း တက်ခြင်းကိစ္စပြီးလေ
သတည်း။
ဟယ်...ကိုအားထောင်နှယ်....တီလုပ်ဈေးသည်နဲ့ ရန်ဖြစ်နေတာနဲ့ပဲ ပြီးပါရော
ReplyDeleteလား..... :))) ဘာပဲဖြစ်ဖြစ် မဟာတံတိုင်းရှုခင်းတွေကြည့်ရတာကတော့ ရှယ်
ပဲဗျိုး....၊တစ်နေ့နေ့တော့ အဲ့ဘက်လာနိုင်အောင်ကြိုးစားပါဦးမယ်...နောက်
နှစ်ကူးပေါ့ဗျာ.....။ဓာတ်ပုံတွေကို တကယ်ပဲ သဘောတကျရှိသွားတယ်ဗျ....။
အရမ်းသွားချင်နေတဲ့နေရာတစ်ချို့တွေထဲ အဲဒီတံတိုင်းကြီးအပါအ၀င်ပါပဲ ရုပ်ရှင်တွေထဲ စာအုပ်တွေထဲ
ReplyDeleteမကြာခဏမြင်တွေ့နေရလဲ ဘယ်တော့မှ မရိုးနိုင်ဘူးနော် ကိုအားထောင်ကံကောင်းထှာနော်
ဈေးဝယ်တဲ့အကြောင်းလေးဖတ်ပြီးပြုံးမိပါတယ်
မောင်အွတ်ထောင်။
ReplyDeleteမဟာတံတိုင်းကြီးပေါ် ၆ ခါတိတိတောင် ချော်လဲခဲ့ပါရောလား။ အဲဒါကမှ တကယ့် ဆိုဗီနီယာ။း)
လူသားတွေအားလုံးကို မေးပစ်လိုက်စမ်းပါ။ မဟာတံတိုင်းပေါ် နှာ့လို ဘယ်ဒူ ၆ ခါ ချော်လဲဖူးသလဲလို့။း)
ဓါတ်ပုံတွေကြည့်ပြီး အဲဒီနေရာကို သွားချင်သလိုလိုဘဲဗျို့။
ဓာတ်ပုံတွေကြည့်ပြီး မဟာတံတိုင်းကြီးကို သွားချင်စိတ်ပေါ်လာပြန်ပြီ မောင်အောင်ထွဋ်ရေ။
ReplyDeleteအထင်ကရနေရာကြီးကို ဘယ်တော့များမှ အလည်ရောက်မယ်မသိဘူး။ မထင်မှတ်ပဲရောက်လာရင်
လျှောက်လည်ဘို့တော့ မောင်အောင်ထွဋ်ကို အကူအညီတောင်းမှာနော် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုအောင်ထွဋ် ...
ReplyDeleteဒေးဗစ်ကော်ပါးဖီးလို မဟာတံတိုင်းကြီးကို ဟိုဘက်သည်ဘက် ဖောက်မကြည့်ဘဲကိုး...အနှာမှ တကယ့်အမှတ်တရ...ပေါက်ဖော်ဈေးသည်ကို ပညာပေးပုံလေး သင်းသဗျာ...နည်းယူရဦးမယ်း)
ဘေကျင်းလေးလည်း ဆက်စမ်းပါဦး...အီးစံကွားတို့ပြည်အကြောင်း မစားရ ညှော်ခံပေါ့ ....
လွန်ခဲ့တဲ့ ၂နှစ် ဒီဇင်ဘာမှာသွားမယ်လုပ်တော့ ရေတွေခဲလွန်းလို့ ပိတ်ထားတယ်ဆိုပြီး မသွားလိုက်ရဘူး။ ဈေးဝယ်တဲ့နေရာရောက်တော့ ရီလိုက်ရတာ။
ReplyDelete