စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, November 21, 2011

ကျွန်တော်နှင့် ရောက်တတ်ရာရာ အတွေးစများ ၁


         ကျွန်တော့် အလုပ်က သင်္ဘောဆောက်တာပါ။  အရင်တုန်းကတော့ စင်ကာပူက သင်္ဘောကျင်းမှာ အလုပ်လုပ်ခဲ့ပြီးတော့၊ ခုကတော့ သင်္ဘောကုမ္ပဏီကိုယ်စား ကုမ္ပဏီက ဆောက်တဲ့ သင်္ဘောတွေကို ဆောက်တဲ့ သင်္ဘောကျင်းကို သွားပြီးတော့ အရည်အသွေး၊ စီမံကိန်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ အန္တရာယ်ကင်းရှင်းမှု့ ရှိမရှိ စတဲ့ လုပ်ငန်းစဉ်တွေအလိုက် သင်္ဘောကုမ္ပဏီကိုယ်စား ကြည့်ရှု့ပေးတဲ့ အလုပ်လုပ်ပါတယ်။  အလုပ်ထဲမှာ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့ ကြုံတွေ့ရပါတယ်။  ဒီအခါမှာတော့ သူတို့တွေရဲ့ အကျင့်စရိုက်၊ ဓလေ့၊ ပညာတွေ အများကြီး လေ့လာခွင့်၊ သုံးသပ်ခွင့်၊ သင်ယူခွင့် ရပါတယ်။  ကျွန်တော်ပထမဆုံး အလုပ်နဲ့ ပတ်သတ်ပြီးလေးစားတဲ့ နိုင်ငံဆိုရင်တော့ ဂျပန်ပါ။
          ဂျပန်နိုင်ငံဟာ စက်မှု့တော်လှန်ရေးကာလ အစောပိုင်းတုန်းကတော့ အနောက်နိုင်ငံတွေဆီက ပစ္စည်းတွေဝယ် ခွဲခြမ်း စိတ်ဖြာကြည့် ပုံတူကူးချလို့ လူပြောသူပြောများတဲ့ နိုင်ငံတစ်ခုပါ။  အစပိုင်းမှာ အရည်အသွေးညံဖျင်းလို့ မည်သူမှ မသုံးကြချင်ပေမယ့် ခုတော့ ဂျပန်ကထုတ်တဲ့ ပစ္စည်းဆိုရင် “Made in Japan” ဆိုပြီး လူတွေရဲ့ ယုံကြည့်စိတ်ချမှု့၊ အရည်အသွေးကောင်းမွန်မှု့၊ တာရှည်ခံမှု့ စတဲ့ ဂုဏ်ပုဒ်တွေကို ပြေးပြီးမြင်ယောင်တတ်ကြပါတယ်။  ဒါဟာ နိုင်ငံကိုယ်စားပြု အရည်အသွေးတစ်ခုပါ။  ဘာ့ကြောင့် ဒီလို တိုးတက်လာပါသလည်း။  အရေးအကြီးဆုံး တစ်အချက်က စနစ်ကျလို့ပါလို့ ကျွန်တော်ကမြင်ပါတယ်။

          စနစ်ဆိုတာ ဘာကို စနစ်ထားတာလည်း ဆိုတဲ့မေးခွန်းလေး ကျွန်တော်ငယ်ငယ်ကထည်းက သိချင်ခဲ့တယ်။  ဂျပန်တွေဟာ အားလုံးအပေါ်မှာ စနစ်ထားတာပါ။ ကျွန်တော်တွေ့ရသလောက် မူလီကအစ၊ နပ်ကအစ ဂျပန်တွေမှာ စနစ်ရှိပါတယ်။  သင်္ဘောဆောက်သူတိုင်း၊ များသောအားဖြင့် အာရှဒေသက နိုင်ငံတွေ လိုက်နာကျင့်သုံးကြတဲ့ စနစ်တစ်ခုကတော့ JIS ဆိုတဲ့ Japanese Industrial Standard ပါ။  ဒီထဲမှာ သင်္ဘောဆိုရင် သင်္ဘောတစ်စီးလုံးမှာ ရှိတဲ့ အစိတ်အပိုင်းအာလုံးအတွက် အတိုင်းအတာ၊ အသုံးပြုရမယ့် ပစ္စည်း အမျိုးအစား၊ သတ္တု စတာတွေ အားလုံးပါပါတယ်။  အလွန်ကို အသေးစိတ်ကျပြီး စမ်းသပ်စစ်ဆေးပြီးမှ အသိအမှတ်ပြု သုံးစွဲဖို့ လမ်းညွှန်ထားတဲ့ အလွန်ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။  ဒီစနစ်ဟာ နေ့ချင်းညချင်း ဟပ်ချလောင်းဆို ပြီးခဲ့တာမဟုတ်ပါဘူး။  လူတွေဟာ အရာဝတ္တုတွေကို အသုံးချပစ္စည်းအဖြစ်တည်ထွင်ခဲ့ကြတယ်။  ဒီကနေပြီးတော့ တိုးတက်အောင်လုပ်ဆောင်ကြတယ်။ ဘယ်အရာမဆို အမှားနဲ့ မကင်းပါဘူး။  ဒီတော့ အမှားကို ပြင်ဆင်ကြပါတယ်။  ဒီလို အမှားကို ပြင်ဆင်တဲ့ အခါမှာလည်း ဂျပန်တွေရဲ့ အမှားပြင်ဆင်တဲ့ စနစ်ကို အရမ်းသဘောကျပါတယ်။

          တစ်ခါက အစ်ကိုတစ်ယောက်ပြောပြတယ်၊ သင်္ဘောကို ရွှေ့လျှားအောင် တွန်းအားပေးတဲ့ ပန်ကာစနစ်မှာ ဖိအားမြှင့် ဆီ စနစ် (Hydraulic System) လည်းပါဝင်ပါတယ်။  အဲ့ဒီဟာကို ရောင်းတဲ့ ကုမ္ပဏီက ဂျပန်ကပါ။ ဖြစ်ချင်တော့ အဲ့ဒီ စနစ်မှာ ထိုဆီတွေကို သိုလှောင်တဲ့ ကန်က ဂဟေဆက်ကြောင်းက ဆီယိုတာပါ။  ကျွန်တော်တို့ဆိုရင်ဘာလုပ်မလည်း၊ ယိုတဲ့နေရာကို ဂဟေသားတွေ ဖယ်ထုတ် ပြီးတော့ ပြန်ပြီး ဂဟေဆက်၊ ဆီလုံသွားရင် ပြီးပြီပေါ့။  အဲ့ဒီသတင်းကို ကြားတော့ ဂျပန်က ထုတ်လုပ်ရေးစက်ရုံမှုးတွေ၊ အရည်အသွေး စစ်ဆေးရေး ဋ္ဌာနမှုးတွေ အများကြီးရောက်လာကြတယ်။  နောက် ဓာတ်ပုံတွေရိုက်၊ ယိုသွားတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်ပြီးတော့ အမှားတစ်ခုကို လေ့လာဖို့ ဂျပန်ကို ပြန်ယူသွားပါတယ်။  ဒါဟာ ဘာကိုပြတာလည်းဆိုတော့ ပစ္စည်းတစ်ခုကို စဉ်ဆက်မပြတ် အရည်အသွေးကောင်းအောင် သူတို့ ဘယ်လို အားထုတ်တယ်၊ သူတို့ရဲ့ ခံယူချက်က ဘယ်လို၊ သူတို့ရဲ့ စနစ်က ဘယ်လိုမျိုးဆိုတာကိုပါ။

          ထိုစနစ်ဟာ စည်းလုံးမှု့အပေါ်အခြေခံထားပါတယ်။  လူတိုင်း ကိုယ့်အကြိုက်နဲ့ ကိုယ်ရှိတော့ ကိုယ့်စနစ်နဲ့ ကိုယ်ရှိတတ်မှာပါ။  ဒါပေမယ့် ဒါကို အမှန်လို့ ဆုပ်ကိုင်ထားလို့မရသလို၊ ကိုယ်သိတာလေးကို ကိုယ်ဝှက်ထားမယ်ဆိုရင်လည်း မျိုးဆက်အတွက်၊ နိုင်ငံတစ်ခုအတွက် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။  သူတို့ဆီမှာတော့ စနစ်ကလေးတစ်ခုကို လေးစားစရာ တွေ့မြင်ရပါတယ်။ ဒါဟာဘာလည်းဆိုတော့ JIS ကနေပြီးတော့ ဂျပန်နိုင်ငံတစ်ဝှမ်းလုံးကို လိုက်နာရမယ့် စနစ်တစ်ခုချမှတ်ပေးပြီးတာနဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ သင်္ဘောကျင်းတွေက အဆိုပါ စနစ်ရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ ဖြစ်လာတဲ့ ပြသနာတွေအားလုံးကို ထောက်ပြကြတာပါ။  ဒီအတွက် ထိုစနစ်ဟာ အမှား နည်းသည်ထက်နည်းလာသလို၊ မှားခဲတဲ့ အမှားတွေကိုလည်း ဘယ်သူမှ ကွယ်ဝှက်မထားတတ်ကြတာပါ။  ဒီအတွက် ထိုစနစ်ဟာ ပိုမို ကောင်းမွန်သည်ထက် ကောင်းမွန်လာပါတယ်။  ဒါဟာ စည်းလုံးမှု့ရဲ့ သာဓက တစ်ခုလည်း ဖြစ်ပါတယ်။

          “Made in Japan” လို့ရေးထားတဲ့ ပစ္စည်းတွေကို ကြည့်လို့ ဒီလိုမျိုး စိတ်ဝင်ရတာလားဆိုတော့ ဒါတင်မကပါဘူး ဂျပန်လူမျိုးတွေနဲ့ ဆက်ဆံကြည့်တဲ့အခါမှာလည်း သူတို့ရဲ့ စရိုက်ကို လေးစားဖွယ်တွေ့ရတတ်ပါတယ်။  သင်္ဘောပေါ်မှာ လူတစ်ယောက် နောက်ခိုင်းပြီးတော့ အစိတ်အပိုင်းတစ်ခုချင်းစီကို ဖြုတ်ခိုင်းကြည့်ပါ ဒီလူဟာ အနောက်နိုင်ငံသားလား၊ ဂျပန်လား၊ တရုတ်လား ဆိုတာကို သိနိုင်ပါတယ်။  ဒါဟာ လူတစ်ဦးချင်း နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ အရည်အသွေးပါ။  ဂျပန်တစ်ယောက် မူလီဖြုတ်ရင် ဂွကိုင်တာကနေပြီးတော့ မူလီတွေကို စနစ်တကျ နေရာချ၊ ပစ္စည်းတစ်ခုချင်းစီကို သေသေချာချာကိုင်တွယ်၊ သေသေချာချာစစ်ဆေး၊  ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်နေရာချ၊ သေသေချာချာ သန့်ရှင်း ပြီးတော့မှ စနစ်တစ်ကျ တပ်နေရင်တော့ ဒါဟာ ဂျပန်ပါ။  ဖုန်းတစ်ခါတစ်လေ ထုတ်ပြောနေမယ်၊ အလုပ်လုပ်ရင်းနဲ့ လေချွန်နေမယ်၊ ပစ္စည်းတွေကို အပ်ချမတ်ချ အကုန် ပိုင်ပိုင်နိုင်နိုင် လုပ်ချင်သလို လုပ်နေမယ် ဆိုရင်တော့ ဒါဟာ အနောက်နိုင်ငံသားတစ်ယောက်ပါ။  မူလီတွေ ပြန့်ကျဲနေမယ်၊ တစ်ယောက်က မူလီကျပ်နေတဲ့အချိန်မှာ နောက်တစ်ယောက်က ဖုန်းထုတ်ပြီး ဂိမ်းဆော့ချင်ဆော့နေမယ်၊ ချက်တင်ဝင်ချင်ဝင်နေမယ်၊ အနားမှာ မူလီတွေက အောက်ပြုတ်ကျလိုကျ၊ ပြန့်ကျဲနေမယ် ပစ္စည်းတွေကို ၀ုန်းကနဲ ပစ်ချလို့၊ ဟိုဘက် ကန်ထုတ်လိုက် ဒီဘက်ကန်ထုတ်လိုက်လုပ်နေမယ်၊ ပြီးရင် ဖြစ်ကတတ်ဆန်း ပစ္စည်းတွေကို ပြန်တပ်မယ် တစ်ခါတစ်လေ မူလီ တစ်လုံး ပိုချင်ပိုနေမယ် ဆိုရင် ဒါဟာ တရုတ်ပါ။ 

          အစည်းဝေးခန်းထဲမှာလည်း သိသာပါတယ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို ဆွေနွေးမယ်ဆိုပါစို့၊  ကိုယ်မေးချင်သလောက်ကို သီအိုရီကနေပြီးတော့ ထုတ်လုပ်မှု့အဆင့်ဆင့်တွေကို အသေးစိတ်ရှင်းပြနိုင်တဲ့လူတွေဟာ အနောက်နိုင်ငံသားတွေများပါတယ်။  ပစ္စည်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို သေသေချာချာရှင်းပြတတ်တာက ဂျပန်တွေပါ။  ဈေးအကြောင်းနဲ့ ဘယ်လိုမျိုးကောင်းကြောင်း ကြောငြာကြီးပဲလှိမ့်ဝင်ပြီးတော့ အသေးစိတ်နည်းနည်းလောက်မေးကြည့်လိုက်လို့ အထစ်အထစ်ဖြစ်သွားရင် စင်ကာပူက တရုတ်တွေနဲ့ ပြည်ကြီး တရုတ်တွေများပါတယ်။ 

          ဒါဆို ကျွန်တော်တို့မြန်မာတွေကရော? ဟုတ်ကဲ့ ကျွန်တော့် ဟုတ်ကဲ့ အကျင့်ကြီးကို မနည်းပြင်ယူနေရပါတယ်။  ကျောင်းမှာကလည်း တစ်လမ်းသွား ပညာရေးစနစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့မှာ ဖြန့်ကျက်တွေးခေါ်နိုင်မှု့က အတော်ကို အားနည်းပါတယ်။  ဆရာက ဒီလိုပြောရင် ဒီလို၊ ဟိုလိုပြောရင်ဟိုလို ငယ်စဉ်ဘ၀က ယုံရပါတယ်။  ဒီအတိုင်းရေးပါမှ ဒီအမှတ်ရတဲ့ စနစ်ကြီးဆိုတော့ ကြက်တူရွေးကလေးတွေကို ဖြစ်လို့၊ သည်နှင့် ၏ လွဲသွားလို့ အမှတ်လျှော့ခံရတာမျိုးက ရှိသေးတယ်။  ဟိုလိုရောလို့ မေးလို့ရမယ့် အတန်းမျိုး တက်ချင်လှပါတယ်။ 

ကံကောင်းတာတစ်ခုက သင်ရိုးထဲမှာပါတဲ့ သင်္ချာပညာရပ်က အဆင့်အတန်းမှီနေသေးတာပါ။  နောက်တစ်ခုက သီအိုရီတွေကို ကျွန်တော် တက်ခဲ့ရတဲ့ တက္ကသိုလ်မှာ ဖြတ်ညှပ်ကပ်ပြီး မသင်ခဲ့ရတာပါ။  ဒါဟာ အလွန်ကို အရေးကြီးလှပါတယ်။  ကျောင်းမှာ လူ ၂၅၀ ကျော်တက်ခဲ့တာ ဘွဲရတော့ ၁၂၅ ယောက်သာ ကျန်ပါတယ်။ ဒီအထိ တင်းကျပ်ခဲ့ပါတယ်။  စပေါ့ ဘာညာ ကျွန်တော်တို့တက်တုန်းက တယ်ကြာဖူးလှတယ်မရှိပါဘူး။  အချို့ မိုင်နာ ဘာသာတွေမှာတော့ စုန်းပြူးရှိတာပေါ့လေ။  သို့ပေမယ့် ကျွန်တော်ကတော့ စပေါ့ ယဉ်ကျေးမှု့ကြီးကို မုန်းတယ်၊ အဲ့ဒါကြောင့် ကိုယ်သိသလောက် ကိုယ်ဖြေတယ်၊ မသိရင် မဖြေဘူး။  ယခု ဆေးကျောင်းတွေမှာရော ရောဂါဆန်းစစ် လေ့လာမှု့၊ ကုသမှု့၊ ခွဲစိတ်မှု့၊ ကာကွယ်မှု့ စတဲ့ အပိုင်းတွေအားလုံးကို သင်ခန်းစာပြည့်သင်သေးရဲ့လား၊ ဒါမှမဟုတ် နီးရာဓားကို ပြေးကပ်ပြီးတော့ ဟိုဓားတွေက ဖြတ်ထုတ်ပေးလိုက်တဲ့ အတုံးကလေးတွေကို သွားသွားစားတဲ့ ကြွက်ကလေးတွေလို ဖြစ်နေပြီလား?  ပညာရေးဟာ တိုင်းပြည်တစ်ခုရဲ့ အသက်သွေးကြောတစ်ခုပါ။  မျိုးဆက်တစ်ခု ပြတ်တောက်သွားတာနဲ့ ပြန်လည်တည့်မတ်ဖို့ အလွန့်ကို ခက်ခဲလှပါတယ်။  ဘယ်နိုင်ငံမှ စေတနာဗလပွနဲ့ ကိုယ့်နိုင်ငံလာပြီး ရော့ အင့် ယူ ဆိုပြီး အိတ်သွန်ဖာမှောက် ပြန်ဖြည့်ပေးမယ်လို့တော့ မမျှော်လင့်ပါနဲ့၊  အသားလိုလို့ အရိုးလောက်ပဲပေးမှာပါ။  ဂျပန်တွေလည်း ထိုနည်းလည်းကောင်းပဲ အလွန့်ကို တွန့်တိုတဲ့ လူမျိုးတွေ၊ သူတို့ရဲ့ နည်းပညာကို လုံးဝ အပါခံတာမဟုတ်ဘူး။  အနောက်နိုင်ငံကလူတွေရော၊ တစ်ကယ် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ၊ နောက်ဆုံးပေါ် နည်းပညာတွေဆိုရင် လူအနားသွားကြည့်တာတောင် ကြိုက်လှတယ်မဟုတ်ဘူး။  သူတို့ဟာသူတို့ သူတို့လူနဲ့ ကြိတ်လုပ်ကြတာ။  ဒီတော့ ပညာရေးမြင့်မားလာဖို့  တစ်ကယ်တာဝန်ရှိတာက ကျွန်တော်တို့ကိုယ်တိုင်ပါ။ 

          ထားလိုက်ပါတော့လေ စောစောကပြောတဲ့ စနစ်ကလေးကို ပြန်သွားရအောင်၊  ကျွန်တော်တို့ဆီမှာရော ဘာစနစ်တွေရှိပြီလဲ၊  ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်၊  စိုက်ပျိုးရေးကို အခြေခံပြီးတော့ အခြားစီးပွားရေး တွေကို တိုးတက်အောင်လုပ်ဖို့စနစ်လို့ ဟစ်ကြွေးနေတဲ့  ဖြစ်စဉ်အားလုံးမှာ၊ နေရာတိုင်းမှာ စနစ်လိုပါတယ်။  ဥပမာ - အရိုးဆုံးသော လှေကားထစ်ကလေးတွေကို ကြည့်ကြည့်ပါ။  လှေကားတစ်ခု ဆောက်ရင် လှေကားထစ်တိုင်းရဲ့ ခြေချဖို့ လှေကားထစ်ရဲ့ ဗျက်ဘယ်လောက်လိုပါသလည်း၊ လှေကားထစ် တစ်ထစ်နဲ့ တစ်ထစ်ကြားမှာ အမြင့် ဘယ်လောက်ရှိရပါမည်လည်း၊  လှေကားလက်ရန်းရဲ့ အမြင့် ဘယ်လောက်ထားရမှာလည်း၊ လှေကားရဲ့ ဗျက်အကျယ် အနည်းဆုံး ဘယ်လောက် ထားရှိရန်လိုအပ်ပါသလဲ၊ လှေကားတိမ်းစောင့်မှု့ ဒီဂရီသည် လူတစ်ယောက် သက်တောင့်သက်သာရှိမှု့နှင့် အန္တရာယ်ကင်းရှင်းဖို့အတွက် ဒီဂရီ မည်မျှ အတိုင်းအတာအတွင်း ရှိရပါမည်လဲ?  ဒီအတွက် စနစ်ရှိပါလား။  ကျန်တဲ့ ကြံခိုင်မှု့၊ ဆောက်လုပ်ရာတွင်ပါဝင်ရမည့် ပစ္စည်းများ၊ အဆိုပါ ပစ္စည်းများရဲ့ အရည်အသွေး စသည်တို့ကို ခဏ ဖယ်ထားပါ။  တိုးတက်ပြီးသောနိုင်ငံများမှာ ထိုကဲ့သို့သော အသေးအမွှားအတွက်ပင် လိုက်နာရမည့် စနစ်ပြဋ္ဌာန်းထားပါတယ်။ 

ကျွန်တော်တို့ အများကြီး အလုပ်လုပ်ရဦးမှာပါ။  ကျွန်တော်တို့ အများကြီး ကျွန်တော်တို့နိုင်ငံအတွက် ဖြည့်ပေးရဦးမှာပါ။  ကျွန်တော့်ကို နိုင်ငံသားပြောင်းမှာလားလို့ မေးရင် ဟင့်အင်းလို့ဖြေပါမယ်။  အခွင့်အရေးတွေပိုရလာမယ်၊ လူ့အခွင့်အရေး၊ လွတ်လပ်မှု့၊ ခံစားခွင့် ဘာညာ ပိုမရချင်နေပါစေ ကျွန်တော်ကတော့ မြန်မာနိုင်ငံသားအဖြစ်ပဲ အသက်ရှင်မယ်၊ သေဆုံးမယ်။ ဘာဖြစ်လို့မပြောင်းလည်းလို့မေးရင် ကျွန်တော့်နိုင်ငံကို ကျွန်တော်ချစ်လို့ပါ။  နောင်တစ်ချိန် ပစ္စည်းတစ်ခု ၀ယ်ချင်လို့ “Made in Myanmar” ဆိုတဲ့ စာတမ်းလေးတွေ့လိုက်ရင် “Made in USA” “Made in Germany” “Made in Japan” လိုမျိုး လူတွေက ယုံကြည်မှု့ရှိလာစေမယ့် အရည်အသွေးမျိုးပိုင်ဆိုင်လာစေဖို့ မျိုးဆက်တွေအတွက် ကျွန်တော် ပေးနိုင်သမျှ ပေးခဲ့ချင်တယ်။  ဘယ်နိုင်ငံကလည်းလို့မေးရင် မြန်မာနိုင်ငံက ပါလို့ပြောလိုက်လို့ လူတွေမျက်စိထဲမှာ အထင်ကြီးလေးစားခံရတဲ့ အနာဂတ် မြန်မာင်ငံသားတွေကို ပြုစုပျိုးထောင်ပေးချင်တယ်။  ဒါဆို မင်း လက်ရှိအစိုးရကြိုက်လို့လား၊ ဟိုပါတီက ဟိုလို၊ ဒီပါတီက ဒီလို ဖြစ်ချင်ရာ ဖြစ်ပါစေ၊ ကျွန်တော်တို့ ကိုယ့်ပရောဖက်ရှင်နယ်လိုင်းမှာ ကိုယ့်လို မြန်မာမျိုးဆက်ကလေးတွေအတွက် မျိုးစေ့ချန်ထားဖို့ ကိုယ်ကိုတိုင် ယခုထဲက ကျားကုတ် ကျားခဲ ကြိုးစားနေဖို့လိုပါတယ်။  သမိုင်းဟာ လှည်းဘီးလိုပါပဲ၊  တစ်နေ့နေ့တော့ ကျွန်တော်တို့ အစွမ်းအစတွေကို ပြသဖို့ အချိန်ရောက်လာပါလိမ့်မယ်၊ ဒီလိုမှမဟုတ်လည်း မရောက်လာပဲ သေချင်သေသွားပါလိမ့်မယ်၊  ဒါပေမယ့် အဓိကကတော့ ရောက်လာတဲ့တစ်နေ့မှာလူတိုင်း နိုင်ရာတာဝန်ကို ထမ်းပိုးကြရင်း နိုင်ငံကြီးကို ပြန်လည်ပျိုးထောင်ဖို့ အဆင်သင့် ဖြစ်နေဖို့လိုတာပါ။ 

အဲ့ဒီ အချိန်ကျတော့မှာ နိုင်ငံကြီးမကောင်းခဲ့လို့၊ အစိုးရက ဘာဖြစ်ခဲ့လို့၊  ညာဖြစ်ခဲ့လို့နဲ့ ကျွန်တော်တို့ ကိုယ်တိုင် ဘာမှ ရေရေရာရာ သေသေချာချာ မလေ့လာခဲ့ဘူး၊ မသင်ယူခဲ့ဘူး ဆိုရင် တာဝန်ကိုယ်စီ ဘယ်လိုထမ်းဆောင်နိုင်ကြတော့မှာလည်း။  ကျွန်တော်တို့ချစ်တဲ့ နိုင်ငံကြီးကို ပိုပြီးတော့ ၀န်ထုပ်ဝန်ပိုး ပေးသလို ဖြစ်သွားမှာပေါ့။  နိုင်ငံတိုးတက်တယ်ဆိုတာ လူတိုင်းရဲ့ အတွေးအခေါ်တွေ တိုးတက်မှု့လမ်းကြောင်းကို ရှု့မြင်မှု့တွေ ပေါင်းစပ်မှ ရတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။  ဒီအတွက် လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆွေးနွေးခွင့်၊ လှုပ်ရှားခွင့်၊ လူ့အခွင့်အရေး ဒါတွေအတွက် ကျွန်တော်တို့ ဒီမိုကရေစီဆိုပြီး ကျွန်တော်တို့ တောင်းဆိုနေကြတယ်၊ ဟစ်ကြွေးနေကြတယ်၊ ကျွန်တော်ကိုယ်တိုင် လိုချင်လှပါတယ်။  ဒါပေမယ့် လွတ်လပ်ခွင့်ရလာပါပြီ၊  စိတ်ကြိုက်လုပ်ခွင့်ရလာပါပြီဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ?  တိုင်းပြည်ရဲ့ စီးပွားရေးကို တည့်မတ်အောင်၊ ပညာရေးကို ဖွံဖြိုးအောင်၊ ကျန်းမာရေးကို တိုးတက်အောင်၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု့လုပ်ငန်း စတဲ့ နေရာတွေအတွက် လူတော် လူကောင်းတွေ အများကြီး လိုအပ်လာမှာပါ။  ဒါတွေဟာ ဒီမိုကရေစီရတာနဲ့ ဟပ်ချလောင်းဆိုပြီး ကောင်းကင်ပေါ်က ကျလာမယ့်ဟာတွေမဟုတ်သလို၊ နိုင်ငံတစ်ကာက ဟော မြန်မာနိုင်ငံ ဆိုတဲ့ နိုင်ငံတစ်ခုကတော့ဖြင့် ဒီမိုကရေစီရပြီ ငါတို့ သွားကူညီရအောင်လေလို့ အားတက်သရော အားလုံးကို အလကား လာပေးမယ်ထင်ပါသလား?  ကျွန်တော်တို့တစ်တွေကရော ဘာမှမလုပ်ဘဲ ဒီမိုကရေစီကြီးလည်းရရော ပဒေသာပင်ကြီးတွေ ထပေါက်တော့မယ်လို့ ထင်ပါသလား?

အားလုံး အပေးအယူသဘောနဲ့ လာကြမှာပါ။  အပေးအယူဆိုတာဘာပါလဲ?  တံခါးပိတ်ထားတုန်းက ကျွန်တော်တို့ အားလုံး မျက်စေ့ပိတ်နေကြပါတယ်။  အချိန်က စီးဆင်သွားပါတယ်၊ လူတွေပိုပြီးတော့ ကောက်ကျစ်လာပါတယ်၊ စကားတွေ ပိုပြီးတော့ချိုလာပါတယ်၊ စာချုပ်တွေဟာ ပိုပြီးတော့ အကွက်စေ့လာပါတယ်။  နိုင်ငံတွေဟာ အပေးအယူတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ Win Win condition ရအောင် ကြံဆောင်လာကြတယ်၊ ဥပဒေတွေနဲ့ ထိန်းချုပ်ကြတယ်၊ သတင်းအချက်အလက်တွေ နှိုက်ယူကြတယ်။  ကျွန်တော်တို့ နုံခဲ့ရင်၊  မြန်မာတွေ နုံခဲ့ရင် ခံစားရမှာက မြန်မာပြည်ပါ။  မြန်မာပြည်ရဲ့ အနာဂတ် ကလေးလေးတွေပါ။  ကဲ ပြောရင်း စနစ်အကြောင်း ပျောက်သွားပါပြီ။  အဲ့ဒီတော့ နိုင်ငံတစ်ခု စနစ် တကျ ဖြစ်လာစေဖို့ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် နိုင်ငံတွေရဲ့ စနစ်တွေကို အတုယူ၊ လေ့လာ၊ သင်ယူပြီးတော့ ကျွန်တော်တို့ အနာဂတ်နိုင်ငံတော်မှာ မရှိမဖြစ် လိုအပ်လာမယ့် စနစ်တွေကို ထူထောင်ကြဖို့ တစ်ဦးချင်းစီ လေ့လာ သင်ယူကြပါစို့လားဗျာ။




အောက်ကတော့ ကျွန်တော်ကြိုက်တဲ့ ဆရာကြီး အင်္လကာကျော်စွာ မြို့မငြိမ်း ရေးစပ်ခဲ့ပြီး ဦးသုမောင် သီဆိုထားတဲ့ "လူချွန်လူကောင်း" သီချင်းလေးပါ။  မြန်မာနိုင်ငံသားတိုင်း နိုင်ရာတာဝန်ကို ထမ်းရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း တင်ပေးလိုက်ပါတယ်ခင်ဗျာ။


ဆရာ ချစ်ဦးညို ဟောပြောပွဲမှာ ပြောခဲ့သလို ဒီသီချင်းဟာ ခေတ်ရှေ့ပြေးတဲ့ သီချင်လေးပါ။  ကျွန်တော်တို့လို စိုက်ပျိုးရေးအခြေခံထားတဲ့ တတိယနိုင်ငံရဲ့ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေကို ဖြတ်သန်းဖို့ ကျွန်တော် နားထောင်ဖြစ်တဲ့ အရမ်းကောင်းလှတဲ့ သီချင်းလေးဖြစ်ပါတယ်။


အဲ သီချင်းစာသားထဲက ကမ္ဘာကြီးကြည့်မြင် နေရာမှာတော့ "ကမ္ဘာကြည့် ကြည့်မြင်" လို့ ပြင်ပြီး ဖတ်ပေးကြပါ။  ဒါဟာ အရမ်းရေးပါတဲ့ စာသားတစ်ခုဖြစ်နေလို့ပါ။

5 comments:

  1. အရမ်းကိုတန်ဘိုးရှိလှတဲ့ Post လေးပါဘဲ..

    ReplyDelete
  2. မောင်ဇင်November 21, 2011 at 11:20 PM

    သိပ်မှန်တာပေါ့.. သူငယ်ချင်းရယ်

    ReplyDelete
  3. ဒီစာစောင်ဖတ်ရတာ တကယ်အားတက်ပါတယ်... အကိုပြောတာလဲ တော်တော်လေးမှန်ပါတယ်... ခုခေတ်ပညာရေးကတော့ မြို့ကြီးတော့မသိဘူး ကျွန်တော်တို့မြို့လေးတွေမှာဆို တကယ်ပညာရေးက တစ်ကြောင်းတည်းပါပဲ... ၁၀တန်းအောင်ပြီး ဘွဲ့တစ်ခုယူပြီးရင် ပညာရေးအတွက် တာဝန်ကျေပြီလို့ထင်နေကြတာကို တကယ်ပဲ နှမြောပါတယ်... ကျွန်တော်ကိုယ်တိုင်လဲ အရင်က အဲဒီလိုပဲထင်ခဲ့ပါတယ်....

    ReplyDelete
  4. အဲဒါတွေဖြစ်ဖို့ အတွက် ကျွန်တော်တို့ တစ်တွေ အခု က စပြီး ဘယ်လို စနစ်တကျ စည်းရုံးလုပ်ဆောင်ရမယ်ဆိုတာ ပြင်ပရောက်ရောက် ပြည်တွင်းမှာ ရှိရှိ စနစ်တကျ ဖွဲ့ စည်းထားတဲ့ ဥပဒေပညာရှုင် ၊ အုပ်ချုပ်မှု စီမံခံခွဲမှု ပညာရှင် စတဲ့ လူကြီလူငယ် အပေါင်းတို့က စတင်ဖွဲ့စည်ပြီး လုပ်မည်ဆိုလျှင် ရနိုင်ပါတယ်။
    အဲဒါတွေ အတွက် ကျွန်တော် တက်ကြွစွာပါဝင်ချင်ပါတယ်ခင်ဗျာ။
    kolynnlynn@hotmail.com, +60149340117 ကနေ ဆက်သွယ်ပြီး ဘယ်လို စလုပ်မလည်းဆိုတာ ဆက်သွယ် ကြ ရအောင်ခင်ဗျာ

    ReplyDelete