စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, April 4, 2013

ဝက်ကလီစာ မဆလာချက်


          မင်းသိင်္ခရဲ့ ၀တ္တုထဲမှာ ဖတ်ဖူးတယ်…  တရုတ်ဆိုင်က ခေါက်ဆွဲကြော်ကိုဝယ်… ပြီးရင် မဆလာ ဖြူးပြီးစားရင် တယ်စားလို့ ကောင်းလို့ ဆိုတာပဲ။  ဒီလိုပဲ ဆိတ်ကလီစာမဟုတ်ပဲနဲ့ ၀က်ကလီစာကို မဆလာနိုင် နိုင်နဲ့ ချက်လိုက်ရင် မွှေးပြီးတော့ စားလို့အကောင်းသား။
          စင်ကျားပေါမှာ သောင်တင်နေတာ ၂ ပတ်ကျော်သွားပြီ။  အင်း… ဒီအတိုင်းနားနေရတော့လဲ နေရ၊ ထိုင်ရတာ တစ်ခုခုလိုနေသလိုပဲ။  ဒီနေ့တော့ ၀က် ကလီစာကို မဆလာတွေ ဘာတွေနဲ့ အုပ်ပြီးတော့ ချက်ဖြစ်လိုက်တယ်။  အစာအိမ်၊ နှလုံး၊ လျှုာ၊ အသည်း အင်း အဲ့ဒီ ၄ မျိုးပဲ ထည့်လိုက်တယ်။  ကလီစာလေးတွေကို အနေတော်လေးတွေ တုံး၊  ဆား၊ ဆနွင်း နည်းနည်း၊ သံပရာရည်လေး နဲနဲညှစ်ပြီးတော့ နယ်ပြီး သိပ်ထားလိုက်။  နောက် ကြက်သွန်လှီး၊ ဘာညာ စသည်အားဖြင့် ဟင်းချက်ဖို့ပြင်။  အသည်းကိုတော့ သပ်သပ် ခွဲထားရတယ်။  ဒီကောင်က ဟင်းချက်လို့ ကြာသွားရင် မာပြီးတော့ စားလို့ မကောင်းတော့ဘူး။


ဘာမှ မလုပ်ခင် ဒယ်အိုးသေးသေးလေးနဲ့ ဆီသတ်ဖို့ လုပ်၏။  ဒယ်အိုးထဲကို ဆီအနေတော်ထည့်၊ ဆီဆူပြီဆိုရင် ကရဝေးရွက်ရယ်၊ သစ်ကြမ်းပိုးခေါက်၊ လေးညှင်း အဲ့ဒါလေးတွေကို ဒယ်အိုးထဲ ပစ်ထည့်လိုက်။  မွှေးနံ နဲနဲ ထွက်လာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း ထောင်းထားတာတွေကို ပစ်ထဲ့ ကြက်သွန်နီနံ သေအောင် ဆီသတ်။  နောက် ငရုတ်သီး ဟင်းချက်မှုန့်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်နည်းနည်း၊ Ground Pepper နဲနဲ၊ မဆလာ နည်းနည်းလေးရောပြီး ဆီသတ်တာကို ပြီးအောင်လုပ်။


          ဒယ်အိုးထဲက ဆီသတ်ပြီးသား ဟင်းအနှစ်တွေကို၊ ဒန်အိုးထဲကိုပြောင်းထည့်။ ပြီးတာနဲ့ စောစောက ကလီစာတွေကို ထည့်၊  မီးပေးပြီး မွှေပေး၊  အဲ့ဒီအချိန်မှာ ဆုံရေထည့်။  ဆုံရည်ဆိုတာက ဟိုတုန်းက ငရုပ်ဆုံနဲ့ ငရုပ်သီး၊ ကြက်သွန် တွေကို ထောင်း၊ ပြီးရင် ဇွန်းနဲ့ ခပ်၊  ကျန်တဲ့ ငရုပ်ဆုံထဲက အဖတ်ကလေးတွေကို ရေနည်းနည်းနဲ့ ကျင်းပြီးတော့ ထားတဲ့ ရေ။  နောက်ပြီး အသားတွေကို နှပ်ပြီး ထားတဲ့ ခွက်ကိုလည်း ရေစပ်စပ်နဲ့ ကျင်းပြီးတော့ ဟင်းအိုးထဲကို ထည့်။  အရသာအားလုံး အဲ့ဒီအထဲမှာ ပါသွားရော။  ဟင်းက ပိုစားလို့ကောင်းတယ်။  အလေအလွင့်လဲ မရှိတော့ဘူးပေါ့။  ဆီသတ်ပြီးသားနဲ့ အသားတွေနဲ့ ရောတဲ့ အချိန်ကျရင် ရေကို နည်းနည်းပဲ ထည့်ရတယ်။  မဟုတ်ရင် ဟင်းက ဆီပြန်နဲ့ မတူတော့ပဲ ဘောလောကြီးဖြစ်သွားရော။  ဘောလောကြီးဆိုတာက ဟင်းအရသာက အသားထဲကို စိမ့်မ၀င်တော့ပဲနဲ့ စားရတာ ဖတ်သလတ်လတ်ကြီး ဖြစ်နေတာ။

          စောစောက ဆုံရေနဲ့ ဟင်းက ဆူလာပြီဆိုရင် နာနာမွှေပေး၊  အရသာ နည်းနည်းမြည်း၊ လိုတာလေးတွေ ထပ်ထဲ့၊  ပြီးရင် ခဏအုပ်ထားလိုက်၊  ရေစပ်ကျင်းအနေပြန်ဖြစ်သွားရင် နောက်တစ်ရေ ထပ်ထိုး။  ရေထိုးရင် ရေနွေးထိုးကြတယ်။  ကျွန်တော်ကတော့ ရေနွေးတည်ရမှ ပျင်းလို့ ရေအေးပဲ ထိုးတယ်။  နောက်တစ်ရေ ခမ်းကာနီးရင် မဆလာရယ်၊ အသည်းရယ် ရောထည့်လိုက်၊  ပြီးရင် နောက်ဆုံးရေ ထပ်ထိုး၊  အုပ်ထား၊  ပြီးရင် အရသာမည်းကြည့်။  မဆလာနံ မွှေးပြီးတော့ ဟင်းအနှစ် အနည်းအများ အနေတော်ဖြစ်ရင် မီးအေးအေးနဲ့ နှပ်ထားလိုက်ရင် ကလီစာ မဆလာချက်က ပြီးရော။
          ရှုမငြီးကတော့ မနေ့ကကျန်တဲ့ ဆိတ်သား မဆလာရဲ့ ဟင်းအနှစ်တွေနှင့် ဆီနည်းနည်း ထပ်သပ်ပြီး မုန်လာဥ ချဉ်ရည်ဟင်းချက်သည်။  

4 comments:

  1. တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် လက်စွမ်းတွေပြနေပါလား မောင်အောင်ထွဋ်ရေ...
    မဆလာနဲ့အမွှေးအကြိုင်တွေကတော့ ကလီဆာဟင်း သီးစုံဟင်း ပန်းသေးခေါက်ဆွဲ ဒန်ပေါက်တို့အတွက် မရှိမဖြစ်လိုအပ်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အိုင်ဆေးဆြာအွတ်ထောင်......လေပျံကွင်းထဲက ဝယ်လာတဲ့ ဗျစ်ရည်လေးနဲ့များမြည်းလိုက်ရရင်လား....ဘာပြောကောင်းလိုက်မလဲနော်.... :)))))

    ReplyDelete
  3. ကိုအွတ်ထောင် ..ဟင်းချက်နည်းဘလော့ဂါရေးလို့၇ပြီ

    ReplyDelete
  4. ကိုအွတ်ထောင် ဟင်းချက်တာလည်း ရသားဗျ..း)

    ReplyDelete