စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, March 7, 2017

တိုင်ဝမ်၊ Typhoon Nepartak၊ နာဂစ် နှင့် စပ်မိစပ်ရာ

တင်ခဲ့တာတော့ ကြာပါပြီ.. ၂၀၁၆ ၈ လပိုင်းလောက်ကပါ။  .ပြီးတော့ ပြန်ဖျက်လိုက်တယ်.. ခု ပြန်တင်လိုက်ပါတယ်။

           ခုလဆန်းပိုင်း ကျွန်တော်တို့ ကုမ္ပဏီက ထိုင်ဝမ်ကို ရောက်နေတဲ့ သင်္ဘောတွေထဲက သင်္ဘောတစ်စီး ပြဿနာ နည်းနည်းရှိတော့ အဲ့ဒီ သင်္ဘော အလုပ်လုပ်နေတဲ့ တိုင်ဝမ်မြောက်ပိုင်းက ကီလွန်းဆိုတဲ့ မြို့ကလေးကို ခရီးထွက်ဖြစ်ပါတယ်။  ကီလွန်းမြို့ကလေးရောက်တော့ ဘာကို သွားသတိရမိလဲဆိုရင် မြိတ်မြို့ကလေးကို သွားသတိရမိတယ်။  တိုင်ဝမ်က ကျွန်းနိုင်ငံဖြစ်သလို တောင်တန်းလေးတွေနဲ့ လမ်းခပ်ကျဉ်းကျဉ်း အကွေ့ အကောက်ကလေးတွေ၊ အိမ်ခပ်စိတ်စိတ်ကလေးတွေ စီစရီ၊ လမ်းဘေးဆိုင်ကလေးတွေ ဟိုနားဒီနား ဆိုတော့ မြိတ်မြို့ကို တန်းလွမ်းမိတာပဲ။  ကျွန်တော့်သူငယ်ချင်း မြိတ်သားကတော့ ထိုင်ဝမ်ရောက်ရင် သူ့အိမ်ကို သတိရမိတယ်ပြောတာ ခုမှပဲ မျက်စေ့ထဲ တန်းမြင်မိတယ်။  အဲဒီမြို့ကလေး အကြောင်းကိုတော့ အချိန်ရတော့မှ ထပ်ရေးပါဦးမယ်။
            ကျွန်တော် ကီလွန်းမြို့ကို ရောက်ပြီး နောက်တစ်ရက်ကြာတော့ မုန်တိုင်းသတိပေးလာတော့တာပဲ။  ဆိုတော့.. ရှိသမျှ သင်္ဘောနဲ့ ပတ်သတ်တဲ့ ရှိသမျှ Class၊ အာမခံ တွေနဲ့ တွေ့ဖို့ကိစ္စကို ဖုတ်ပူမီးတိုက်စီစဉ် ပြီးတာနဲ့ မုန်တိုင်းအတွက် စိတ်ပူရတော့တာပဲ။  အစောပိုင်းတုန်းကတော့ လေဖိအားနည်းရပ်ဝန်း ဘာညာ အိပဲ့ အိပဲ့နဲ့ သကောင့်သား မုန်တိုင်းက တဖြည်းဖြည်း အားကောင်းလာတာတင်မကဘူး စူပါတိုင်ဖုန်း ဖြစ်လာပြီဆိုတဲ့ သတင်းရပါတယ်။  ဂျပန်ဖက်က ထုတ်တဲ့ သတင်းကတော့ မုန်တိုင်းကို သူ့ဘက်ကို မ၀င်နိုင်ကြောင်းပြောပြီး တောင်ဖက်ကို အတင်းတွန်းထုတ်၊  ဟောင်ကောင်ဖက်က လာတဲ့သတင်းထဲမှာ မုန်တိုင်းကို မြောက်ဖက်ကို အတင်းတွန်းထုတ်၊ ကြားထဲက တိုင်ဝမ်သတင်းကတော့ ကျွန်တော်ရောက်နေတဲ့ ကီလွန်းကို တည့်တည့်ဝင်မတဲ့။  ဆိုတော့ လက်ရှိပြသနာ ခဏထား၊ မုန်တိုင်းသတင်းကို စနည်းနာ၊ ဘယ်နေရာကို ၀င်နိုင်လဲ သေချာအောင် လိုက်မေး၊ ပြီးရင် သင်္ဘော ဘေးကင်းဖို့ အကောင်းဆုံး ဘယ်ဆိပ်ကမ်းဖြစ်နိုင်လဲ ဆိုတာကို မြေပုံထဲလိုက်ကြည့်။  နောက်ဆုံးတော့ မုန်တိုင်းက တိုင်ဝမ်တောင်ပိုင်း ကိုဝင်ဖို့သေချာပြီဆိုတော့မှ ကျွန်တော်တို့ သင်္ဘောတွေကို အေးဂျင့်က ကီလွန်း ဆိပ်ကမ်းအတွင်းပိုင်းထဲကို ပို့ပေးကြပါတယ်။  အဲဒီမှာလဲ ဦးရာလူစနစ်ပဲ၊   နေရာကောင်းတွေက ဦးရာလူစနစ်ဆိုတော့ ခပ်မြန်မြန်လေး အထဲရောက်ဖို့လိုပါတယ် မဟုတ်ရင် သင်္ဘောတွေ မုန်တိုင်းအတွက် စိတ်မချရပါဘူး။  ထားပါတော့… မုန်တိုင်းအကြောင်းဆက်ပါဦးမယ်။
            ထိုင်ဝမ်ကတော့ တိုင်ဖုန်းမုန်တိုင်းနဲ့ ယဉ်ပါးနေကြတယ်နဲ့ တူပါတယ်။ တစ်နာရီကို မိုင် ၁၆၀ ကျော်၊ အင်အား အဆင့် ၅၊ nearly perfect typhoon၊ ထိုင်ဝမ် သမိုင်းမှာ အပြင်းဆုံး မုန်တိုင်းလာမယ် ဆိုတာတောင်မှ ဒေသခံ လူတွေကြည့်ရတာ သိပ်ပြီး ပြာယာခတ်မနေပါဘူး။  ကီလွန်းဆိပ်ကမ်းမှာက လှိုင်းကာ ကျောက်တန်းတွေကို စီစရီ ဆောက်ထားပါတယ်။  တစ်ဆင့်တောင်မဟုတ်ပါဘူး။  ဆိပ်ကမ်း အ၀င်ကစလို့ နှစ်ဆင့် သုံးဆင့်အထိ ကွန်ကရစ်နဲ့ ကျောက်တွေကို စနစ်တကျ ဆောက်ထားပါတယ်။  ဒီတော့ အဲဒီ ဆိပ်ကမ်းကို ၀င်တဲ့ သင်္ဘောတွေ အဲဒီ ကျောက်တန်းတွေနဲ့ မတိုက်မိအောင် တော်တော်လေး သတိထားရပါတယ်။   ဒီလှိုင်းကာကျောက်တန်းတွေ အတွင်းပိုင်းမှာ သင်္ဘောကို ထားလေလေ၊ ပိုပြီး စိတ်ချရလေလေပါပဲ။  ကျွန်တော်တို့ အဖွဲ့သာ သင်္ဘောကုန်းပတ်ပေါ်က ရှိသမျှ လွင့်နိုင်စရာတွေ အထဲထည့်၊ ဆိပ်ကမ်းနဲ့ သင်္ဘောကို ကြိုးတွေ သေသေချာချာတုပ်၊ ဘေးဘီဝဲယာက လာကပ်တဲ့ သင်္ဘောတွေ အခြေအနေကိုကြည့်။  ပြီးရင် ကျွန်တော့်ဟိုတယ်ကို ပြန်ပြေး၊ ကိုယ့်အတွက် ရေသန့်ဘူး အဓိက၊ ထီးရယ်၊ မိုးကာရယ်၊ အခန်းထဲက မှန်ကပ်ဖို့ တိပ်တွေ၊ ခေါက်ဆွဲပြုတ်ခြောက်ထုတ်တွေ၊ ရေနွေးမရခဲ့ရင် စားဖို့ ကိတ်မုန့်၊ ပေါင်မုန့်ဘာညာ၊ ပြီးရင် အအေး၊ ဘီယာ၊ snacks လေးတွေဝယ်။ ဆေးကတော့ ကျွန်တော်ခရီးထွက်တိုင်း ကျွန်တော့မဟေသီက ဘူးနဲ့ ထည့်ထည့်ပေးလိုက်လို့ ၀ယ်စရာမလိုဘူး။  ဒေသခံ တွေကြည့်လိုက်တော့ သိပ်ပြီး ပြာယာခတ်မနေကြပါဘူး။  အတော့်ကို ပြင်ဆင်ပြီးသားဖြစ်နေပုံပါပဲ။

            ဟိုတယ်ပြန်ရောက်တော့ တီဗီဖွင့်ပြီးကြည့်ဖြစ်ပါတယ်။  အဲ့ဒီမှာ တိုင်ဝမ်အစိုးရရဲ့ မုန်တိုင်း သတိပေးကြေညာချက်ကလေးကို အတော့်ကို သဘောကျမိပါတယ်။  ဘယ်လိုင်းဖွင့်ဖွင့် သူ့အစီအစဉ်နဲ့ သူပြနေပေမယ့် ဘေးနားမှာ မုန်တိုင်း သတိပေးချက်က Up to date အမြဲတက်နေတာလေးပါ။  မုန်တိုင်းဘယ်ရောက်နေပြီ၊ အင်အားအဆင့် ဘယ်လောက်ဖြစ်လာပြီ၊ ဘယ်နေရာတွေကို တိုင်ဝမ် စံတော်ချိန်ဘယ်လောက်မှာ ၀င်မယ်။ မုန်တိုင်းတိုက်ရိုက်ဝင်မယ့် နေရာတွေမှာ ရေကြီး၊ မြေပြို၊ အဆောက်အအုံပြို၊ လမ်းပိတ်၊ လျှပ်စစ်ပြတ် စတာတွေ ဖြစ်နိုင်တယ်ဆိုတွေ၊ မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့က ဘာတွေ ပြင်ဆင်နေတယ်ဆိုတာတွေကို တိုက်ရိုက်ပြနေပါတယ်။  နောက် ငါတို့ ဒီနေရာမှာနေတာကြာပြီ… မုန်တိုင်းအကြိမ်ကြိမ်ကြုံခဲ့ရပြီးပြီ၊ ဘာမှ မမှု့ဘူးဆိုတဲ့ အစွဲရှိတဲ့ ဒေသခံတွေကို စစ်သားတွေက နားချပြီး တစ်အိမ်တက်ဆင်း တံခါးခေါက်၊ သက်ကြီးရွယ်အိုတွေကိုခေါ် စစ်ကားပေါ်တင်ပြီး အရေးပေါ် စခန်းတွေကို ရွှေ့ခိုင်းတဲ့ ပုံတွေလည်းပါရဲ့၊  မုန်တိုင်းဝင်နိုင်တဲ့ ကျွန်းတွေက Foreigner ခရီးသွားတွေကို evacuate လုပ်နေတဲ့ ပုံတွေလည်း ပါရဲ့။  အရေးကြီးတဲ့ Update သတင်းဆို ပြနေတာတွေကို ရပ်ပြီး အဲ့ဒီသတင်းကို ပြပါတယ်။  ပြီးတော့မှ သူတို့ Program အတိုင်း ဆက်ပြပြန်ပါတယ်။  ဆိုတော့ သူတို့ဟာ မုန်တိုင်းနဲ့ ပါတ်သတ်ရင် Public Awareness ပေးတာ တော်တော့်ကို ကောင်းပါတယ်။ မုန်တိုင်း အဓိက၀င်နိုင်တဲ့နေရာတွေမှာ လူတွေကို ကြိုတင်ရွှေ့ပြောင်းနေတာတွေ၊ တိုင်ဝမ် တပ်မတော်သားတွေက စစ်ကားတွေနဲ့ လူတွေကို ရွှေ့ပေးနေတာတွေ၊ Emergency Shelter တွေပြင်ဆင်ထားတာတွေ၊ ဆေးရုံတွေမှာ ဆေးဝါး၊ ရိက္ခာစတာတွေ ပြင်ဆင်မှု့ ဒါတွေကို တွေ့ရတော့ အရမ်းကို သဘောကျမိပါတယ်။ 
            နောက်ပြီးတော့ အရေးပေါ်ပြင်ဆင်မှု့ အစီအစဉ်ကလည်း ကောင်းတယ်လို့ ပြောရမှာပါ။  လျှပ်စစ်ပြတ်တောက်မှု့ကို ဘယ်လိုမျိုး ထိန်းချုပ်မယ်၊ မုန်တိုင်းဝင်မယ့်ဒေသမှာ ကယ်ဆယ်ရေးကို ဘယ်လိုလုပ်မယ်၊ ရိက္ခာ အထူးသဖြင့် သောက်သုံးရေ၊ ဆေးဝါး၊ အစားအစာကို ဘယ်လိုပုံစံနဲ့ ဖြန့်ဖြူးမယ်။ ဆေးရုံ၊ မုန်တိုင်းဒဏ်ခိုလှုံဖို့ ယာယီအဆောက်အအုံ စတာတွေအတွက် ပြင်ဆင်ထားရှိမှု့ကလည်း အတွေ့အကြုံပေါ် အခြေခံထားတဲ့အတွက် ပြင်ဆင်သင့်သလောက် ပြင်ဆင်ထားကြပါတယ်။

ဒါတွေကို မြင်လိုက်တော့ ကျွန်တော့် စိတ်ထဲမှာ မေလ ၂ရက်နေ့ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကို အလူးအလဲ ခံစားခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံကို ပြန်မြင်ယောင်လာပါတယ်။  နာဂစ်ဟာ ၂၀၀၈ မြန်မာ့သမိုင်းအတွက် အဆိုးဝါးဆုံးသော မုန်တိုင်း ထိုးနှက်ချက်ဖြစ်ပါတယ်။  အင်အားအဆင့် ၄ ရှိပြီး တစ်နာရီကို ၁၃၅ မှ ၁၀၅ မိုင်နှုန်းနဲ့ ၀င်မွှေသွားပါတယ်။  ကျွန်တော်တို့ root cause ကို မြေလှန်ပြီး ပြန်ပြောရင် ဆုံးမှာမဟုတ်ပါဘူး။  ၀ီကီအရတော့ ၈ သောင်း ၄ ထောင် ကျော်သော မြန်မာနိုင်ငံသားများ အသက်ဆုံးရှုံးခဲ့ရပြီး၊ ၅ သောင်း ၄ ထောင်ကျော် ပျောက်ဆုံးခဲ့ပါတယ်။  စုစုပေါင်း ခန့်မှန်းခြေ ၁.၅ သန်းသော ပြည်သူများဟာ ဆိုးရွားစွာ ထိခိုက်ခဲ့ရပါတယ်။  ကျွန်တော်ဟာ ဧရာဝတီတိုင်းသား တစ်ယောက်ပါ။  ဒါဟာ ကျွန်တော့်အတွက်ရော၊ စာဖတ်သူအတွက်ရော သိပ်ကို ကြေကွဲစရာကောင်းတဲ့ ခံစားချက်၊ သမိုင်း၊ စသည် စသည်တွေ ကို ချန်ထားခဲ့မှာပါ။  ကျွန်တော် ဆက်မပြောတော့ပါဘူး၊ ပြောလဲ မပြောချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဟောင်းကို မြေလှန်ပြီး အပြစ်ထိုင်ပြောနေခြင်းဟာ အချိန်ကိုအကျိုးမဲ့ အသုံးချနေတယ်လို့ ကျွန်တော်မြင်ပါတယ်။  Root Cause ကို analysis လုပ်ပြီး ရှိသမျှ Detail တွေကို မှတ်တမ်းတင်ထားပြီး၊ lesson learn လုပ်ရမယ်၊ analysis လုပ်ရမယ်၊ ဒါတွေအားလုံးကို သေသေချာချာ မှတ်တမ်းတင်ရမယ်၊ ဒါတွေဟာ သမိုင်းဆိုပြီး ဖြစ်လာမှာပါ။ 

Root Cause ကိုပြန်ပြောပါဆိုရင်
- ၁ အင်အား အဆင့် ၄ ရှိသော မုန်တိုင်းဟာ ဘယ်လိုဟာကြီးလဲဆိုတာကို အဲ့ဒီအချိန်မှာ ရှိနေတဲ့ မိုးလေ၀သ ပညာရှင်တွေ ကလွဲပြီးတော့ ကျန်သော ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံသူ နိုင်ငံသားများ မသိကြပါဘူး။ 
- ၂ မိုးလေ၀သ ပညာရှင်တွေ သိရှိနားလည်သိတိုင် ဒီလိုအခြေအနေတွေကို ပြည်သူတွေကို ချပြဖို့ အစိုးရရဲ့ သတင်းအချက်အလက် ဖြန့်ဖြူးမှု့ နောက်ကျ (သို့မဟုတ် အချိန်မမီခဲ့ပါဘူး)။ 
- ၃ ဒါတွေ မရှိခဲ့တဲ့အတွက် ၁၃၅ မိုင်ပြင်းအား မုန်တိုင်းလာရင် ဘာလုပ်မယ်ဆိုတဲ့ အသိ ဘယ်သူမှာမှ မရှိခဲ့ပါဘူး။
- ၄ အသိမရှိရင် သတိမရှိပါဘူး။  ဒီအတွက် ပြင်ဆင်ထားရှိမှု့ ဘာမှ မရှိခဲ့ပါဘူး။

            Lesson Learn အနေနဲ့
- ၁ Impact Analysis မုန်တိုင်း ဖြစ်လာနိုင်တဲ့ နေရာတွေအတွက် မုန်တိုင်း မ၀င်ခင်၊ ၀င်ဆဲ၊ ၀င်ပြီး လုပ်ငန်းစဉ်တွေ အတွက် ပြင်ဆင်မှု့၊ စီမံ ခန့်ခွဲမှု့၊ ရနိုင်တဲ့ resource တွေကို အသုံးချမှု့ စသည် စသည် တို့ကို ကြိုတင် တွက်ချက် ပြင်ဆင်မှု့
- ၁ Evacuation Plan ကြိုတင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ စီစဉ်ဆောင်ရွက်ထားရှိမှု့။
- ၂ Self Evacuation Plan ကိုယ်အသက်ရှင်မှ သူများကို ကယ်တင်နိုင်မှာပါ။  ကိုယ်အသက်ရှင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်မရခဲ့ရင် တစ်ခြားသော သူတွေ အသက်ရှင်ဖို့ ကယ်တင်နိုင်မှာမဟုတ်ပါဘူး။ ဒီအတွက် ကျွန်တော်သာ အဲ့ဒီနေရာရောက်နေခဲ့ရင် ကျွန်တော်ဘာမှ ပြင်ဆင်ထားဖို့ အသိတရား ရှိမှာ မဟုတ်ပါဘူး။ ဒါဟာ အစိုးရထက် ဒေသတွင်း မြို့တွင်း၊ မြို့နယ်၊ ကျေးရွာက စလို့ လူတစ်ဦးချင်းစီမှာ ပြင်ဆင်ထားနိုင်မှု့
- ၅ Emergency Response ဒါတွေ မရှိတဲ့အတွက် ပြင်ဆင်မှု့ဘာမှ မရှိခဲ့ပါဘူး။ (နောက်ဆုံး မုန်တိုင်းပြီးလို့ အသက်ရှင်ကျန်ခဲ့တဲ့ ပြည်သူတွေအတွက် အသက်ဆက်ဖို့ အနည်းဆုံး သောက်စရာ ရေကောင်းရေသန့် မရနိုင်ပါဘူး)
- ၆ After Impact Response မုန်တိုင်း တိုက်ပြီးသွားတာနဲ့ ပြည်တွင်း၊ နိုင်ငံ တစ်ကာ အကူအညီတွေကို မုန်တိုင်းဘေးသင့်ခံခဲ့ရတဲ့ နယ်မြေတွေကို ဘယ်လိုမျိုး အထိရောက်ဆုံး အကူအညီ ဖြန့်ဖြူးပေးဖို့ Resource
-၇ Restructure မုန်တိုင်းဘေးသင့် ခံခဲ့ရတဲ့ ဒေသခံပြည်သူတွေကို ဘယ်လိုမျိုး ပြန်ပြီးတော့ တည်ဆောက်ပေးမယ်ဆိုတဲ့ စီမံကိန်း
ထပ်ဖြည့်မယ်ဆို ဖြည့်နိုင်စရာ အများကြီး အများကြီးရယ်….

ဒါတွေဟာ ကျွန်တော်တို့ အတွက် ပြင်ဆင်ရမယ့် အချိန်ပါ။  နောက်ထပ် ဒီလိုမျိုး မုန်တိုင်းတစ်ခုကို ကျွန်တော်တို့ မလိုချင်ပါဘူး။ မျှော်လည်း မမျှော်လင့်ပါဘူး။  ကျွန်တော် ဆုတောင်းပါတယ်… ဒါလိုမျိုး အဖြစ်အပျက် ထပ်မဖြစ်ပါစေနဲ့ ဆိုပြီးတော့ပေါ့။ သို့ပေမယ့် ကျွန်တော်တို့ ဆုတောင်းတာ တစ်ခုထည်းနဲ့ ပြည့်စုံမှု့မရှိပါဘူး။  မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်သည် “အတ္တာဟိ အတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာလို့ ပြောခဲ့ပါတယ်။  နောက်တစ်ခုက “အပ္ပမာဒေန သမ္ဗာဒေထ” မမေ့ မလျှော့သော အကျင့်နှင့် စွဲမြဲစွာ ကျင့်ကြံဖို့ပါ။  ထိုနည်းတူပဲ အခြားသော ဘာသာဝင်တိုင်းလည်း ဆုတောင်းနိုင်ပါတယ်။ သို့သော် ပြင်ဆင်ထားရှိမှု့လိုပါတယ်။ ကျွန်တော် စင်ကာပူ ရောက်ပြီး အလုပ်စရတုန်းက မှတ်မိသေးတယ်… ရုံးမှာ ဥသြော်ဆွဲပြီး လူတွေကို သတ်မှတ်တဲ့ နေရာကို ပြေးခိုင်းတယ်။  အဲ့ဒီအချိန်မှာ dummy လူရုပ်တစ်ရုပ်ကို Safety က လူနှစ်ယောက် စင်နဲ့တင်ပြီး ပြေးထွက်လာတယ်။  မင်းတို့ ဘာလုပ်နေတာလဲမေးတော့ တစ်ကယ်လို့ မီးလောင်ခဲ့ရင် ဘယ်လို လူတွေ ကယ်ထုတ်မယ်ဆိုတာကို အစမ်းလေ့ကျင့်တာပါတဲ့။  ကျွန်တော့်ခေါင်းထဲမှာ တစ်ခုဝင်လာတယ်။  တစ်ကယ်လို့ ကျွန်တော့်အိမ်မီးလောင်ပြီး ကျွန်တော့် အထဲမှာ ရှိနေရင် ဘာလုပ်မလဲ။  ပုထုဇဉ်တိုင်း လောဘနဲ့ နေကြတာရယ်။ ကိုယ့်လက်တစ်နိုင် ပါနိုင်သလောက် သယ်ကြတာရယ်။ ဒီတော့ ဘာကို သယ်မှာလဲ။ အသက်လား၊ လက်နှီးစုတ်လား၊ အရေးပါတဲ့ စာရွက်စာတမ်းလား၊ ရွှေလား၊ ငွေလား?  အဲ့ဒီအတွက် ကျွန်တော်တို့ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ? ဘာကို အစမ်းလေ့ကျင့်ပြီးပြီလဲ။  ၁၀ တန်းမှာ all D ထွက်တဲ့ လူတစ်ယောက်ကို မေးကြည့်။  ဘယ်နှစ်ခေါက် အစမ်း စာမေးပွဲ ဖြေပြီးပြီလဲလို့။  တစ်ခါမှ အစမ်းစာမေးပွဲ မဖြေဖူးတဲ့ လူတစ်ယောက် ဘယ်လိုမှ all D မထွက်နိုင်ဘူး။ အဲ.. စာမေးပွဲတောင် ကျသွားနိုင်သေးတယ်။
            ထိုနည်းတူစွာ နာဂစ်အတွက် ကျွန်တော်တို့ ကြေကွဲ ၀မ်းနည်းခဲ့ရပြီးပြီ။  နာဂစ်ကို မေ့သွားကြပြီလား? အပြစ်ရှိတယ်လို ခံစားရတဲ့ လူတွေကို ဖေ့စ်ဘွတ်ကနေ Post တွေ၊ comment တွေ တစ်လှေကြီးနဲ့ ပြောလို့ ၀ပြီးပြီလား၊ အသက်အိုးအိမ်စည်းစိမ် ပျက်စီးခဲ့ရ၊ ဆုံးရှုံးခဲ့ရတဲ့လူတွေကို ဖေ့စ်ဘွတ်ကနေ နှစ်သိမ့်လို့ ပြီးပြီလား? ကျန်တာကို ကျွန်တော်တို့ မေ့သွားကြပြီလား။  ကျွန်တော်တို့ ရှေ့ဆက် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ? နောက်မကျသေးပါဘူး။  မုန်တိုင်းမှ ထပ်မ၀င်သေးတာ။  နောက်မကျသေးပါဘူး ကျွန်တော့် အိမ်မှ မီးမလောင်သေးတာ။ ဖွဟဲ့ လွဲစေဖယ်စေ ဆိုတဲ့ စကားက ဖြစ်လာမယ့်အနေအထားကို ရှောင်လွဲနိုင်တဲ့ အခြေအနေကို ဖန်တီးမပေးနိုင်ပါဘူး။  ငါ ဘာလုပ်မလဲ၊ ငါတို့ ဘာလုပ်မလဲ၊ ငါတို့ တူတူ ဘာလုပ်သင့်သလဲ၊ ငါတို့တူတူ ဘယ်လို ပြင်ဆင်ထားမလဲ ဆိုတာက အဓိက ရှေ့ဆက်ဖို့အတွက် လုပ်ငန်းစဉ်ပါ။ ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ပါ။
            ဒါတွေကို ဆောင်ရွက်နိုင်ရင် ဘာကို ကာကွယ်နိုင်မလဲဆိုတော့… ကျွန်တော်တို့ တိုင်းပြည်ကို ကာကွယ်နိုင်ပါတယ်။  ခုချိန်မှာ အွန်လိုင်း (အင်တာနက်) ဟာ အတော့်ကို အရာရောက်တဲ့ ဆက်သွယ်မှု့လက်နက်တစ်ခု အဖြစ် ဖြစ်တည်လာပါတယ်။  အထူးသဖြင့် ဖေ့စ်ဘွတ်လို့ အမည်နာမအားဖြင့် သုံးစွဲသူများသော Social Media ကွန်ယက်တွေဟာ ယေဘူရအားဖြင့် တိုင်းပြည်ရဲ့ ဖြစ်ပျက်မှု့ အခြေအနေတွေကို ရုပ်လုံးပေါ်အောင် ဖန်တီးပေးနိုင်ပါတယ်။  ဒီ မီဒီယာတွေဟာ ကျွန်တော်တို့ကို အင်အား တက်ကြွလာအောင်၊ အင်အား ချိနဲ့လာအောင် အမျိုးစုံ လုပ်နိုင်စွမ်းရှိပါတယ်။  သို့ပေမယ့် နိစ္စဒူဝ ၀မ်းရေးအတွက် ၀မ်းဖြည့်ချင်ရင် Facebook သုံးလို့ ၀မ်းမပြည့်ပါဘူး။  ထမင်းစားဖို့လိုပါတယ်။  ထမင်းစားဖို့အတွက် ၀ယ်စားနိုင်တဲ့ ပိုက်ဆံ ရှိဖို့လိုပါတယ်။  သို့တည်းမဟုတ် ဆန် ကို စပါးဖြစ်အောင် ဘယ်လိုမျိုး စိုက်ပျိုးပြီး ဘယ်လို ထုတ်လုပ်ရမလဲ သိဖို့လိုပါတယ်၊ သို့တည်းမဟုတ် ဆန်ကို ထမင်းအိုးထဲထည့်ပြီး ရေထည့်၊ ထမင်းအိုး ခလုပ်နှိပ်ပြီး ဖြစ်လာတဲ့ ထမင်းကို စားဖို့ လိုပါတယ်။  ဒါကို မီဒီယာ အမည်တွင်သောအရာတွေက ပြုလုပ်မပေးနိုင်ပါဘူး။ နောက်တစ်ချက်က ကျွန်တော်တို့ သုံးနေတဲ့ မီဒီယာတွေဟာ (အခြားသူတွေ အတွက် ကျွန်တော်မသိပါဘူး)၊ ကျွန်တော့်အတွက် ကျွန်တော့်ကို ထမင်းကျွေးနေသော အရာများ မဟုတ်ပါဘူး။ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့်ဘ၀ ကိုယ် ရုန်းကန်နေကြရတာပါ။ ကျွန်တော့် page မှာ Like များရင် ကျွန်တော် လွှတ်ကြိုက်ပေါ့။  ဒါပေမယ့် ဒါဟာ ကျွန်တော့် ရိုးစင်းတဲ့ဘ၀ကို ရင်းရမှာလား? ကျွန်တော့် ကိုယ်ကျင့်သိက္ခာကို ရင်းရမှာလား? Like များတော့ ဘာအကျိုးကျေးဇူးရှိလဲ… အဆုံးစွန် ၀င်ငွေပိုင်း တိုးတက်လာပြီထားဦး၊ ဒါဟာ ကိုယ့် Professional, Ethic ဖြစ်လား? နိုင်ငံအတွက် အကျိုးကျေးဇူးရှိလား? နောက်ဆုံး visual ကြီးတစ်ခုဟာ ကိုယ့်ရဲ့ Reality ဘ၀ကို လွှမ်းမိုးသွားပြီလား? ဒါတွေဟာ social media သုံးနေတဲ့ လူတွေ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ရမယ့် ကိစ္စပါ။                          
                                                                                             
အဲဒီတော့ မြင်သာအောင်ပြောရရင် မုန်တိုင်းနဲ့ ပါတ်သတ်ပြီး နောင်တစ်ချိန်မှာ မီဒီယာတွေထဲ ရေထဲမှာ ပေါလောပေါ်နေမယ့် ရုပ်အလောင်းတွေ၊ အိုးအိမ်ပျက်လို့ ငိုနေတဲ့ လူတွေရဲ့ မျက်ရည်တွေ၊ ဒါတွေကို ကိုင်တွယ်နေတဲ့ သက်ဆိုင်ရာ အရာရှိတွေ အသုံးမကျဘူးဆိုတဲ့ စာသားတွေ၊ ဒါကိုမူတည်ပြီး တိုက်ခိုက်မယ့် အဖွဲ့အစည်းတွေ။  ဒါတွေကို ကျွန်တော်တို့ မီဒီယာ စာမျက်နှာမှာ မမြင်ရဖို့ဆိုရင် ကျွန်တော်တို့ လုပ်သင့်တဲ့အရာဟာ ဘာလဲ ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ဖို့လိုအပ်နေပါပြီ။  ပြင်ဆင်မှု့ လုပ်ရပါမယ်။ ဘယ်လိုလဲ ဘာလဲ ဆိုတာကတော့ လူတိုင်း၊ လူ တစ်ဦး တစ်ယောက်ချင်း အပေါ်မူတည်ပါတယ်။  အဓိကအားဖြင့် ကိုယ့်အတွက် ကိုယ် အရင်ဆုံးစဉ်းစားပါ။  ကိုယ်အသက်ရှင် ကျန်ရစ်မှ ကျန်တဲ့လူတွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။  ငါ့စကားနွားရ ဆိုတဲ့ အခြေခံကို ကျွန်တော် သဘောမတူပါဘူး။  ဒါဟာ မျှတတဲ့ ဖြစ်နိုင်ခြေတစ်ခုကို ပျက်ယွင်းစေပါတယ်။  လူတိုင်းမှာ လွတ်လပ်စွာ တွေးတော၊ ဝေဖန်၊ ပြောဆို၊ ပြုမူ ပိုင်ခွင့်ရှိသလို.. အခြားသူများရဲ့ လွတ်လပ်စွာ တွေးတော၊ ဝေဖန်၊ ပြောဆို၊ ပြုမူ ပိုင်ခွင့်ကို လေးစားစွာ လက်ခံပြီး ဆင်ခြင်သုံးသပ်ရပါမယ်။  ပြီးတော့မှ အများဆန္ဒအတိုင်း လိုက်လျှောညီထွေစွာ အများကောင်းကျိုးအတွက် ဆုံးဖြတ်ချက်တစ်ခုကို အများဆန္ဒအတိုင်း ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမယ်လို့ ကျွန်တော် ယုံကြည့်ပါတယ်။  ကျွန်တော် ရေးသမျှဟာလဲ ကျွန်တော့် အတွေးအခေါ်ပေါ်မူတည်ပြီး ရေးထားတာဖြစ်တဲ့အတွက် လုံးဝဥဿုံ မှန်တယ်လို့ ကျွန်တော် မယူဆပါဘူး။ 

ပြောရရင် စာရေး ဆရာတိုင်း စာပေကို ရူးသွပ်တဲ့လူချည်းပါ။  အင်ဂျင်နီယာတိုင်း သူ့နယ်ပါယ်ကို ရူးသွပ်သူချည်းပါ။ ဆရာဝန်တိုင်း သူ့အတိုင်းအတာကို သူ့လုပ်ထုံးလုပ်နည်းကို သူအမှန်လို့ ရူးသွပ်သူချည်းပါ။ အစွန်းရောက်တိုင်း သူ့မှန်ရာကို အမှန်ထင်နေသူချည်းပါ။  သို့ပေမယ့် ကမ္ဘာကြီးဟာ ၂၃ နှစ်ပိုင်းတစ်ပိုင်း ဒီဂရီလည်နေပါတယ်။  ဒါကို ရပ်တန့်ဖို့ အင်အား ကျွန်တော်တို့ မှာ မရှိသေးပါဘူး။  ရှိဖို့လဲ မလိုအပ်ပါဘူး။  ရပ်တန့်လိုက်လည်း ကောင်းကျိုး တစ်စုံတစ်ရာ မရှိပါဘူး။ သူ့ဟာသူ အစ ကထည်းက လည်နေတာဘဲလေ။  လူတိုင်းဟာ survival mode နဲ့ ရှင်သန်နေကြတဲ့သူချည်းပါ။ မျှခြေမရှိရင် သူမှန်တယ်ထင်ရာ သူဆက်လျှောက်နေရင် အကျိုးတရားထက် အဆိုးတရားပိုများ နိုင်ဖို့ပဲရှိပါတယ်။  ကျွန်တော်တို့ရှင်သန်ခြင်းဟာ ရာစုနှစ် ထောင်ပေါင်း များစွာဖြတ်ကျော်လာခဲ့ပါပြီ။  ခုချိန်မှာ လူတစ်ယောက်ရှင်သန်ဖို့အတွက် ခလုပ်တစ်ခု နှိပ်ဖို့ပဲလိုအပ်ပါတယ်။  အိုင်းစတိုင်းပြောလို တတိကမ္ဘာစစ်ဖြစ်တဲ့ အချိန်မှာ ဘယ်လိုတိုက်ကြမလဲတော့ မသိဘူး။  စတုထ္ထ ကမ္ဘာစစ်ဖြစ်ရင်တော့ လူသားတိုင်းဟာ ကျောက်ခဲနဲ့ တစ်ယောက်ကို တစ်ယောက် ထုသတ်နေကြမှာပဲဆိုတာကိုပါ။  စာရေးရင်းနဲ့ ဝေ့သွားပြန်ပြီ… ဆိုလိုချင်တာကတော့ နောက်ထပ်မုန်တိုင်းတစ်လုံး လာခဲ့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှု့တွေ လုပ်ထားဖို့ လိုအပ်ပါတယ် ဆိုတာပါပဲ။

No comments:

Post a Comment