မြို့ကြီးတွေမှာဆိုရင်တော့
စပေါ်တင်ပြီးရင်၊ မှတ်ပုံတင်၊ Driver လိုင်စင်ပြပြီးရင် ကားမောင်းထွက်ရုံသာ… Qidong
လို မြို့ကလေးမှာတော့ နည်းနည်းလေး စကားပြောရသည်။
စပေါ် ယွမ်၅၀၀၀ တောင်းသည်။ ၁၀ ရက်ကြာမှ
ပြန်ပေးမည်ဟုဆိုသည်.. ဟင် ဆိုပြီး လှည့်ထွက်လာသည်။ နောက်တစ်ဆိုင်ကတော့ အဆင်ပြေသည်.. ယွမ် ၅၀၀၀ စပေါ်တင်၊
တစ်ရက်ကို ယွမ် ၂၅၀ တန်ကားတစ်စီး ကြိုက်သည်။
ဒါပေမယ့် တစ်နေ့ ကီလို ၃၀၀ limit သာဖြစ်သည်။ နောက်တစ်ရက်မှာ ယွမ် ၁၀၀၀ ကလွဲပြီး ကျန်တဲ့ ငွေပြန်ပေးမည်တဲ့။ ရန်ကျိုးက ကျွန်တော်နေတဲ့ ချီဒုံးမြို့နှင့် ကီလို
၂၅၀ ၀န်းကျင်လောက်ဝေးသည်။ အသွားအပြန်ဆိုလျှင်
ကီလို ၅၀၀ လောက်သွားလိမ့်မည်။ ယွမ် ၃၀၀ နှင့်
ဈေးတည့်သည်။ တရုတ်က ကားခပေးမည်၊ ကျွန်တော်က
ဆီ စိုက်မည်။
ဒီလိုနှင့်
Qidong မြို့ကထွက်တော့ ၁၁နာရီခွဲနေပြီဖြစ်သည်။
လမ်းမှာ နွေဦးပေါက်ပြီဖြစ်သောကြောင့် အရင်လိုမျိုး ခြောက်သရောင်းကြီးမဟုတ်တော့။ အပင်တိုင်းမှာ အပွင့်အဖူးလေးတွေ ဝေလို့။ စားသုံးဆီထုတ်တဲ့ အပင်လေးတွေမှာတော့ အပွင့်ဝါ၀ါလေးတွေနှင့်
လှချင်တိုင်းလှနေသည်။ တစ်နေ့တစ်နေ့ စက်တွေ၊
သံပြားတွေတွေမြင်ရသောမျက်စေ့ကို အတော်လေး ပသာဒ အတော်ကို ရှိလှသည်။
ရန်ကျိုးရောက်ခါနီးတော့
ကားပိတ်သည်… တစ်ကယ်ရောက်တော့ ညနေ ၄နာရီထိုးလုပြီ။
အပြေးအလွှား Slender West Lake ထဲကို ပြေးရသည်။ Slender West Lake ဟူသော အင်္ဂလိပ်အမည်မှာ တရုတ်မှ
တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ ဘာ အဓိပ္ပာယ်လဲဟု
မေးကြည့်တော့ သူလည်း လိပ်ပတ်လည်အောင် ရှင်းမပြတတ်။ ထို့ကြောင့် ထိုကဲ့သို့သာ မှတ်ထားလိုက်သည်။
ရန်ကျိုး၏
မြို့တည်ရာဇ၀င်သည် အတော်ရှည်လျှားပြီဖြစ်သည်။
၄၅၈ ဘီစီလောက်ကစပြီး မြို့တည်သည်ဟုဆိုသည်။
မင်းဆက်ပေါင်းများစွာ ဒီမြို့နှင့် အဆက်အစပ်ရှိသည်။ တန်၊ ဆောင်း မင်းဆက်ကစလို့ မင်မင်းဆက်အထိ ရန်ကျိုးမှာ
စီးပွားရေးမြို့ဖြစ်သည်။ မာကိုပိုလို တရုတ်ပြည်ရောက်တော့
မွန်ဂိုဘုရင် ကူဗလေခန့်ခေတ်။ မာကိုပိုလို ဒီမြို့မှနေသွားသည်ဟု
တရုတ်ရာဇ၀င်ကဆိုသည်။ ကမ္ဘာကျော်ပိုးလမ်းမကြီးက
ကုန်သည်တွေလည်း ရန်ကျိုးမှာ အခြေချဖူးသည်။
အာရပ် စာပေ လက်ရာတွေလည်း ကျန်ခဲ့သည်။
ဆားရောင်းဝယ် ဖောက်ကားမှု့ အလွန်ဖြစ်ထွန်းခဲ့သည်။ မန်ချူးတွေ ဘေဂျင်း ကို ၁၆၄၄ မှာ သိမ်းလိုက်တော့
မင်မင်းဆက်က တောင်ပိုင်း နန်ကျင်းမှာ စတည်းချသည်။
ရန်ကျိုးသည် မင်လက်အောက်ခိုဝင်သည်။
နောက်တစ်နှစ်ကြာတော့ မန်ချုးတွေ တောင်ပိုင်းကို ၀င်စီးသည်။ ရန်ကျိုးမြို့က ရွပ်ရွပ်ချွံချွံ ကာကွယ်သည်။ လူ ၈ သိန်း သေသည်။ မြို့မှာ မန်ချူးလက်အောက်သို့ ကျရောက်သည်။ မြို့တော်ဝန် ရှီကီဖာ လည်းမန်ချူးတွေလက်မှာ စစ်ပွဲကျသည်။ ရာဇ၀င်မှာတော့ ဖတ်လို့ အလွန်ကောင်းသည်ဟုဆိုသည်။ နောက်တော့ အင်္ဂလိပ်၊ ဂျပန်တို့နှင့် ဖြစ်တဲ့ စစ်ပွဲတွေမှာလည်း
ရန်ကျိုးမြို့ကို ချန်လှပ်ထားလို့ မရပေ။ ခုတော့
ဒီနယ်ထဲမှာ လူ ၄သန်းကျော် နေကြပြီဖြစ်သည်။
West
Slender Lake မှာ လူအတော်စည်နေပြီဖြစ်သည်။
နေ့လည်စာ အလွတ်ကားမောင်းထားသောကြောင့် အတော်လေး ဆာနေပြီဖြစ်သည်။ အချိန်လည်း မရသောကြောင့် ပေါင်မုန့်နှင့် ရေသန့်ဘူး
တစ်ဘူးစီကိုင်ပြီး လျှောက်ကြည့်ကြသည်။ ရန်ဇီ
မြစ်ထဲကရေကို ကျုံးသွင်းပြီး ပန်းခြံလုပ်ထားခြင်းဖြစ်သည်။ ပန်းခြံလုပ်တဲ့ နေရာမှာတော့် အတော့်ကို လက်ရာ ဆန်းလှသည်။ ဘယ်နေရာက ကြည့်ကြည့် အဆောက်အဦးတွေကို ပုံစံ အမျိုးမျိုးနှင့်မြင်ရသည်။ နွေဦးဖြစ်သောကြောင့် ပန်းပေါင်းစုံ ပွင့်နေကြသည်။ လက်မှတ်ခမှာ အနည်းဆုံးဝင်ကြေး ယွမ် ၃၀၀ ဖြစ်သည်။ မြန်မာငွေဆိုလျှင် ၅ သောင်းကျော်လောက် ရှိမည်။ အဆောက်အဦးတွေကတော့
ရန်ကျိုးမြို့ ရှေးဟောင်း ဗိသုကာ လက်ရာဟုဆိုသည်။
ပန်းခြံက တောင်မြောက် ရှည်မျောမျောဖြစ်သည်။ တစ်လျှောက် လုံးမှာ ရေတွေကို ကျုံးသွင်းထားသည်။ ဘဲကလေးတွေက ရေထဲမှာ လျှောက်ကူးနေသည်။ ပန်းလေးတွေက လမ်းတစ်လျှောက် စီစရီ ဖူးပွင့်နေကြသည်။ လှချင်တိုင်း လှသော ရှု့ခင်းဖြစ်သည်။ ရှေးဟောင်း အဆောက်အဦးလေးတွေက ဟိုမှ ဒီမှ လျှောက်နေရင်း ဘွားခနဲ ဘွားခနဲပေါ်လာသည်။ ဗိသုကာ လက်ရာ အတော့်ကို မြောက်လှသည်။ စိတ်လည်း တော်တော်လေး လမ်းသွားသည်။ နိစ္စဓူဝအလုပ်တွေ ခဏမေ့သွားသည်။
ဒီတစ်တားလေးနာမည်က နံပါတ် ၂၄ တံတားဟုဆိုသည်။ အဓိပ္ပာယ်မေးကြည့်တော့ ဒီပန်းခြံ ဗိသုကာကြီးရဲ့ ချစ်ဇနီး အလှပဂေး ၂၄ ယောက်က ဒီတံတာပေါ်မှာ သီချင်းဆို၊ စောင်းတီးကြလို့ ဟူ၏။
လှေလှော်ရသော အလုပ်မှာ ကြည့်လို့ကောင်းသော်လည်း အတော့်ကို မလွယ်သော အလုပ်ဖြစ်သည်။ သူတို့မှာ လှေလည်းလှော်ရသည်၊ သီချင်းလည်း ဆိုသေးသည်။ ပြီးတော့ ရာဇ၀င်ခင်းပြီး ပြောရသေးသည်။ လှေလိုက်မစီးပေမယ့် ကမ်းဘေးကနေ ဓာတ်ပုံရိုက်ဖြစ်သည်။
အတော်လေးမှောင်လာတော့ ပီကင်းဘဲကင်ရောင်းသော ဆိုင်မှာ ၀င်စားသည်။ ဘေဂျင်းမှ ဆိုင်ခွဲဖြစ်သည်။ ဘဲကင်မှာ ဘေဂျင်းလက်ရာဖြစ်သည်။
စားပြီးသော် ည ၈ နာရီထိုးနေပြီဖြစ်သည်။ ကျွန်တော့် သူငယ်ချင်းလည်း တော်တော်လေး ပင်ပန်းနေချေပြီ။ ရန်ကျိုးမှ ထွက်လာပြီး ပထမဆုံး ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ဖို့ ကြည့်လိုက်သည်။ တန်းစီနေတဲ့ ကားတွေ တော်တော်များသောကြောင့် မ၀င်ပဲ နောက်တစ်ထောက် ကျမှ ဖြည့်မယ်ဆိုပြီး ဆက်မောင်းသည်။ နောက်တစ်ရာက ဆီဆိုင်မှာ လမ်းပြင်နေသောကြောင့် ပိတ်ထားသည်။ နောက်ထပ်ဆက်သွားသည်... ထပ်ပိတ်ပြန်သည်။ သေပြီ ဆရာ.. ဆီကုန်တော့မည်။ ကားကို မှိန်းမောင်းပြီး မြို့ခွဲလမ်းကို ဆင်းသည်။ ကံကောင်းလှသည်.. Highway က ဆင်းပြီးပြီးချင်းပဲ ဆီဆိုင်ကို တန်းတွေ့သည်။ မိုးနတ်မင်းကြီး ကို ကျေးဇူးတင်ရမည်။ ကားဆီဖြည့်ပြီးတော့ GPS ညွှန်ရာကိုမလိုက်ပဲ တိုးဂိတ်ကို ကျော်ပြီး Highway လမ်းပေါ် ဖမ်းတက်လိုက်သည်။ ဆန့်ကျင်ဘက် ဟိုင်းဝေးလမ်းကြီးဖြစ်သည်။ ဘေဂျင်းသို့ ဆိုသော ဆိုင်းဘုတ်ကြီးက ပြူးပြူးကြီး ကျွန်တော်တို့ကို ကြည့်နေသည်။ ဘယ်နားမှာ ဂငယ်ကွေ့ရှိလည်းဆိုပြီး GPS မှာရှာကြည့်တော့ နောက် ရန်ကျိုးကျတော့မှ ဂငယ်ကွေ့လို့ရမည်။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။ ကားနောက်ဖက်ကို ပြိုင်တူလှည့်ကြည့်လိုက်သည်။ နောက်ကားရှင်းသည်။ ကားကို ဘက်ဆုတ်ပြီး Toll Gate ကို ပြောင်းပြန် ဖြတ်သည်။ ပထမတော့ ဂိတ်ထဲက အစောင့်မှာ ကျွန်တော်တို့ကို ကြောင်ပြီး ပြူးကြည့်နေသည်။ နောက် လှမ်းအော်သည်.. သူအော်တော့ နောက်ထပ် အစောင့် နှစ်ယောက်ပြေးထွက်လာသည်။ ကားဘက်ဆုတ်နေဆဲကို လှမ်းပြေးပြီး လိုက်လာသည်။ ကျွန်တော့် သူငယ်ချင်းကို လီဗာထပ်ဖိဖို့ပြောလိုက်သည်။ အစောင့်တွေ ပြေးလိုက်လို့ မမီတော့ချေ။ သို့သော် နောက်ထားတစ်စီးက ဟိုင်းဝေးလမ်းပေါ်တက်ဖို့ လမ်းခွဲကို ကွေ့လာသည်။ ကျွန်တော်တို့ကို ဆဲသွားသည်။ အောင်မြင်စွာ လမ်းခွဲကို ပြောင်းပြန်မောင်းလိုက်နိုင်သည်။
နောက်ထပ် ကီလို ၁၅၀ မောင်းပြီးတော့ ကျွန်တော့် သူငယ်ချင်းလည်း ဆက်မမောင်းနိုင်တော့ချေ။ နောက်ထပ်ဆီဆိုင်ထဲဝင်ပြီး ၁၅ မိနစ်လောက် နားသည်။ နောက်ထပ်လမ်းတစ်လျှောက်လုံး ဒီကောင့်ကို စကား မပြတ်အောင် ပြောလာရသည်။ Qidongကို ပြန်ရောက်တော့ ည ၁၂နာရီ ကျော်လုပြီ။
No comments:
Post a Comment