စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, March 16, 2013

S4 or One


          ကုန်တော့မည်။  Starhub နှင့် မိုဘိုင်း ၂ နှစ်စာချုပ် သက်တမ်း ကုန်တော့မည်။  ပိုက်ဆံ ထပ်ကုန်တော့မည်။  သို့သော် ဘာဖုန်း ယူရမှန်း မသိပေ။  ခုသုံးနေတာက HTC sensation ဖြစ်သည်။  Beats နှင့် ပေါင်းပြီးတုန်းက ထုတ်လိုက်တဲ့ ဖုန်း။ beats audio နားကြပ်ပါလာလို့ နားကြပ်ပါ အလကားရတယ်ဆိုပြီး ၀ယ်လိုက်ခြင်းဖြစ်သည်။  သုံးလို့တော့ကောင်းသည်။  မကောင်းသည်မှာ Battery ဖြစ်သည်။  ဂိမ်းဆော့လိုက်လျှင် ပူတက်လာသည်။  ဘက်ထရီက ပြိုက်ကနဲ ကုန်သွားသည်။  3G ပင် ကောင်းကောင်းမဖွင့်ရဲ သလောက်ဖြစ်နေသည်။   ထို့ကြောင့် ဂိမ်းဆော့ဖို့၊ တို့တိ တို့တိတွေ ကလိဖို့အတွက် iPod တစ်လုံးထပ်ဝယ်ထားသည်။  Apple store နှင့် Android Market နှစ်ခုမှာ တချို့ App တွေက အလကားရတာချင်း မတူ။  တစ်ခါတစ်လေ ဟိုဘက်က Free ဖြစ်ပြီး ဒီဘက်မှာ ပိုက်ဆံပေးချင် ပေးရသည်။ 
 နောက်တစ်ခုဆိုးတာက သင်္ဘောကျင်းထဲက သံမှုန်တွေက speaker ရဲ့ သံလိုက်ထဲကို ၀င်ဝင်သွားခြင်းဖြစ်သည်။  သံလိုက်တုံးနှင့် သံမှုန့်တွေကို ပြန်ပြန်ဆွဲထုတ်ပြီး သန့်ရှင်းရေးလုပ်သည်။  ကြာလာတော့ အသံက နဲနဲ အက်တက်တက်ဖြစ်ချင်လာသည်။  သူ့တင်မဟုတ် တစ်ခြား ဖုန်းတွေလည်း ထိုနည်း လည်းကောင်း။  ရှု့မငြီးကတော့ သူ့ အိုင် 5 နှင့် သူငြိမ်နေသည်။  သို့သော် ဘက်ထရီ သိပ်မခံဟု ပြောသည်။  အိုင်ဖုန်းကတော့ သိပ်ပြီး မသုံးချင်လှ။  ပါးလွန်းပြီး၊ ပေါ့လွန်းအားကြီးနေသည်။   ဖုန်းနှင့်မတူတော့။  ဘာမှန်းမသိ။ 

Monday, March 11, 2013

အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် ဦးနှောက်ဆေးဖို့ပေါ့ ၁၄

အင်တာနက်မှာ တွေ့သမျှ စိတ်အပန်းဖြေစရာပုံလေးတွေကို တင်ပေးလိုက်ပါတယ်......  စိတ်ပင်ပန်းနွမ်းနယ်နေသူများ လက်ပြေလက်ပျောက် ကြည့်ရင်း ရယ်မောပျော်ရွှင်နိုင်ကြပါစေသောဝ်.....
ရယ်သောသူသည် အသက်ရှည်၏     

ရုပ်ရှင် ကြောက်ဖို့ကောင်းချက်ကတော့ လူတင်မက ခွေးရော၊ ကြောင်ရော၊ ကြွက်ရော အကုန်ကြောက်လေသတည်း...

Monday, March 4, 2013

ဆိုင်ကယ်


          ခုရက်ပိုင်း တော်တော့်ကို အလုပ်ရှုပ်နေသည်။  ရှုပ်သည်မှာ အလုပ်မှာ မဟုတ်။  အလုပ်နားပြီးတော့ ဟိုတယ်ပြန်ရောက်ရင် ရှုပ်နေခြင်းဖြစ်သည်။  ဘာရှုပ်လဲဆိုတော့ စက္ကူတွေနှင့် ရှုပ်နေသည်။  ဆိုင်ကယ် လုပ်နေခြင်းဖြစ်သည်။  ပထမ A4 size စက္ကူကို ညှပ်ပြီး လုပ်သည်။  ပြီးခါနီးတော့မှ သန့်ရှင်းရေး ကအခန်းထဲဝင်ပြီးတော့ ခေါက်ထားတဲ့ ဆိုင်ကယ် အပိုင်းကလေးတွေကို လွှတ်ပစ်သည်။
          မတတ်နိုင်၊  သေချာမှ မသိမ်းခဲ့ပဲကိုး….  A3 size စက္ကူနှင့် Print ထပ်ထုတ်ပြီးတော့ ဆိုင်ကယ်ထပ်လုပ်သည်။  ၄ ရက်လောက် ရုံးကပြန်တိုင်း မရပ်မနား လုပ်လိုက်သည်။  ဘလော့ဂ်ထဲကိုလဲ မ၀င်ဖြစ်။  ခုတော့ ဆိုင်ကယ်ပြီးပြီ ဖြစ်သည်။  ဟောဒီမှာ….

Sunday, February 24, 2013

ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား ၃


          ဥစ္စာစောင့် တကယ်ရှိမရှိကတော့ ကျွန်တော်လည်း သေသေချာချာတော့ မပြောတတ်။  အရင်အပိုင်း ၁ ကတော့ ကျွန်တော့် အမေရဲ့ ဆေးခန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ။  ခုအပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေး ကန်ကြီးဒေါင့်မြို့က အကြောင်းလေး။  ကန်ကြီးဒေါင့်ဆိုတာက ပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။  အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့ ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေက ကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။  ဘာဖြစ်လို့လဲဆိုတော့ ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။  အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့ လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေ ဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။  ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲ အရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။  အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။
          ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော် ရှိမယ်။  ပုဂံခေတ်က ပုံစံကို ယူပြီးတော့ ဆောက်ထားတဲ့ စေတီတော်။  စေတီတော်ထဲမှာ ရွှေ၊ ကျောက်မျက်ရတာနာတွေနဲ့ ပူဇော်ထားတဲ့ ဆင်းတုတော် ရှိတယ်။  ပွဲတော်ရက်တွေဆိုရင်တော့ အပူဇော်ခံပါတယ်။  အနီးကပ် ကြည့်လို့လဲရတယ်။ ဒီ စေတီတော်ကို တည်တုန်းက ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ဖူးတယ်။  ဒါကတော့ သိုက်မောင်နှမ ဇာတ်လမ်းပဲ။  စေတီတော်ကို ဦးစီးဦးဆောင်ပြီးတော့ တည်ထားခဲ့တာက အခု ပျံလွန်တော်မူသွားပြီးတဲ့ ကန်ကြီးဒေါင့်ဆရာတော်ကြီး။  စေတီတော်ကြီးနဲ့ ကပ်ရပ်မှာက မင်္ဂလာရာမ ကျောင်းတိုက်ရှိတယ်။  ပရိယတ္တိစာပေတွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတိုက်။  ကျောင်းတိုက်ကြီးကလည်း တော်တော့်ကို ထည်ဝါတဲ့ မှန်စီရွှေချ ကျောင်းတိုက်ကြီး။  သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေဆိုရင် မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေလဲ ရွာနီးချုပ်စပ်ကလူတွေ လာပြီးတော့ စုပေါင်းရှင်ပြု ပွဲတွေ လုပ်ကြတယ်။  နောက်ပြီး နှစ်တိုင်း ဘုရားပွဲရှိတယ်။  ဘုရားပွဲတော်ဆိုရင် အရမ်းပျော်ဖို့ ကောင်းသပေါ့။  ဇာတ်ပွဲ၊ စားသောက်ဆိုင်တန်းတွေ၊ ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်တွေ.. စသည် စသည်ဖြင့်။

Thursday, February 21, 2013

ပိုင်


          စက်ဝိုင်းတစ်ခုရဲ့ ပိုင် ဆိုတာက ၂၂ ကိုတည် ၇ နဲ့စား အဲ့ဒါပိုင်၊  ၃.၁၄၁၅၉ ဆိုပြီးတော့ ကျောင်းတုန်းကတော့ သင်ခဲ့ရတာပဲ။  ဒါပေမယ့် ဘာဖြစ်လို့ အဲဒီ တန်ဖိုးရလာလဲ၊  Pi (သို့) π  (သို့) ပိုင် လို့ခေါ်တဲ့ အဓိပ္ပာယ်လေးကို သေသေချာချာကို မသိခဲ့တာ။  ဆရာတွေကို မေးဖို့ကြံတိုင်း တစ်ခြား အခန်းတွေရောက်ရောက်သွားတာနဲ့ ပိုင် အကြောင်းကို မမေးဖြစ်ခဲ့ဘူး။  နောက်ပိုင်း အင်တာနက်ပေါ်လာတော့မှ ပိုင်အကြောင်းကို နဲနဲပါးပါး သိလာရတော့တယ်။
          ပိုင် ဆိုတာ စက်ဝိုင်းတစ်ခုရဲ့ အချင်း (diameter) နဲ့ သူ့ရဲ့ စက်ဝန်း (circumference) ရဲ့ အချိုးကို ပိုင်လို့ခေါ်တာ။  စက်ဝိုင်း ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်သေးသေး ဒီအချိုးဟာ ပြောင်းလဲမသွားပါဘူး။  ဒါကိုတော့ ကျောင်းတုန်းက သိခဲ့တယ်။  ဒါပေမယ့် စက်ဝိုင်းရဲ့ အချင်း (diameter) နဲ့ စက်ဝန်း (circumference) ကို ဘယ်လို အချိုးချသလဲဆိုတာက စဉ်းစားစရာ ပြဿနာတစ်ခု။  အဲဒါကို မြင်သာအောင် ဟောဒီ ပုံလေးကို ကြည့်နိုင်ပါတယ်။

Wednesday, February 20, 2013

ဂဏမ်း မတူသော စတိုင်များ

             YouTube မှာ လျှောက်မွှေရင်းနဲ့ PSY ရဲ့ Gangnam Style ကို မူကွဲလေးတွေနဲ့ Solo cover လုပ်ထားတာလေးတွေကို သဘောကျလို့ တင်လိုက်ပါတယ်....

ပထမဆုံး Cover က Steph Micayle ရဲ့ solo...  နားထောင်လို့ကောင်း၏

Monday, February 18, 2013

Shanghai Zoo


          ပြီးခဲ့တဲ့ စနေနေ့က ရှန်ဟိုင်းကို နောက်တစ်ကျော့ ပြန်သွားဖြစ်တယ်။  ပန်ဒါကြည့်ချင်လို့…  ပန်ဒါကို အပြင်မှာ တစ်ခါမှ မမြင်ဖူး။  ရှန်ဟိုင်းမှာ နေတာမဟုတ်ဘူးလား ဆိုတော့ အင်းဟုတ်တယ်… ဒါပေမယ့် သင်္ဘောကျင်းက ရှန်ဟိုင်းကနေ တစ်နာရီလောက်သွားရတဲ့ ချန်ရှင်းဆိုတဲ့ ကျွန်းလေးပေါ်မှာဆိုတော့ အဲဒီကျွန်းပေါ်က ဟိုတယ်မှာပဲ အနေများတယ်။  စနေနေ့ဆိုရင်တော့ ရှန်ဟိုင်းဘက်ကိုသွားပြီး ညစာစား ဖြစ်တယ်။  ကျွန်းပေါ်မှာက သင်္ဘောကျင်းကလွဲပြီးတော့ ကျန်တာဘာမှ ရှိသည်မဟုတ်။  ပျင်းစရာကောင်းသည်။  ပုံမှန်ဆိုရင် စနေနေ့ည ပြန်လာဖြစ်ပေမယ့် ဒီတစ်ခေါက်တော့ ရှန်ဟိုင်းမှာ တစ်ည အိပ်ဖြစ်လိုက်သည်။ 
          ညစာကတော့ KAAB ဆိုတဲ့ XinTianDi(French quarter) က Grill ဆိုင်မှာ စားဖြစ်သည်။  ဒီဆိုင်က Beef Steak ကောင်းသည်။  ပြီးတော့ အဲ့ဒီနားက Rendezvous Bar မှာ Live Band နားထောင်လို့ကောင်းသည်။  ထို့ကြောင့် သွားနားထောင်ဖြစ်သည်။  နောက်တစ်နေ့တော့ Zoo ကိုသွားဖြစ်သည်။  Metro လိုင်း ၁၀ကို Nanjing West Station ကနေစီးသွားပြီး Shanghai Zoo Station မှာ ဆင်းလိုက်လျှင် ရှန်ဟိုင်း တရိစ္ဆာန်ဥယျာဉ်သို့ရောက်လေ၏။  ၀င်ကြေး ယွမ် ၄၀ ဖြစ်သည်။  ကျောပိုးအိတ်ကို customer service မှာအပ်သည်။  ၂ ယွမ် ပေးရသည်။  ပန်ဒါ… ပန်ဒါ  ကြည့်ချင်သည်မှာ ပန်ဒါဖြစ်သည်။  ပန်ဒါက zoo ရဲ့ အလည်လောက်မှာရှိသည်။  တရိစ္ဆာန်ရုံရောက်တော့ တိရိစ္ဆာန်တွေမြင်ရသည်ပေါ့….  အင်း… အဲ့ဒါ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ် ခင်ဗျာ။ 

Saturday, February 16, 2013

ကျွန်တော်နှင့် ဘေဂျင်းအပိုင်းအစများ ၎


          ဘေဂျင်းရောက်ရင်တော့ ပီကင်းဘဲကင်စားဖြစ်အောင် စားရမည်ဟုဆိုပြန်သည်။  ထို့ကြောင့် ပီကင်းဘဲကင်ဆိုင် ချီတက်ကြသည်။  ဆိုင်ရှေ့မှာ စားဖိုမှုး ဘဲရုပ်က လက်ယပ်ခေါ်နေသည်။  ဒီ ဘဲကင်ဆိုင်ကတော့ နာမည်အကြီးဆုံးပဲဟု တစ်ယောက်ကပြောသည်။  ဘာတွေ နာမည်ကြီးသည်တော့မသိ။  အထဲရောက်တော့ စင်မြင့်တစ်နေရာမှာ တစ်မျိုးပြီး တစ်မျိုး ပြနေကြသည်။  မျက်လှည့်လဲပါ၏၊  ရုပ်သေးလဲပါ၏၊  မျော့လိုမျိုး ခန္ဓာကိုယ် တွန့်လိမ်သော ပြကွက်လဲပါ၏။  လွတ်သွားသည်မှာ မျက်နှာဖုံး ပြောင်းသည့် show ပွဲဖြစ်သည်။  “သိုင်းမင်းသားနှင့် နတ်ကလျှာ”  ဇာတ်ကားထဲက နာမည်မမှတ်မိတော့သော ဂိုဏ်းချုပ်ကြီးလိုပင် မျက်နှာဖုံးများကို ရွှပ်ကနဲ ရွှပ်ကနဲ ဖလပ်၊ ဖလပ် နေအောင် ပြောင်းနိုင်သည်ဟုဆိုသည်။  ဘယ်လိုပြောင်းသည်တော့မသိ။  မြင်လဲ မမြင်ဖူး၊  ပွဲကလဲ လွတ်သွားသောကြောင့် သူများပြောသမျှ  သြော်…. ဟုပင် ဆိုနိုင်သည်။  သို့သော် ဘယ်လိုပြောင်းလဲက သိချင်သည်။  သိချင်သောကြောင့် နံရံမှာချိတ်ထားသော မျက်နှာဖုံးကို ယူတပ်ကြည့်သည်။  သစ်သားမျက်နှာဖုံးကြီးဖြစ်သည်။  ဒါကို ဘယ်လိုများ ဖလပ် ဖလပ်နေအောင် ပြောင်းနိုင်ပါသနည်း?  သူနည်း သူ့ဟန်တော့ ရှိမှာပေါ့။  သစ်သားလဲ သုံးချင်မှ သုံးလိမ့်မည်ထင်သည်။  

Friday, February 15, 2013

ဟာသတိုလေးများ ၁၀


ကောင်းမှု့တော့ လုပ်ခဲ့တယ် 
          စိန့်ပီတာသည် ပုလဲတံခါးဝတွင် ရပ်နေသည်။  လူငယ်တစ်ယောက်လျှောက်လာသည်။ 
“သူငယ် သင်လူ့ပြည်မှာတုန်းက ဘာကုသိုလ်ကောင်းမှု့တွေ လုပ်ခဲ့လဲ?”
“အင်း…. ကျွန်တော်တစ်ခုတော့ သတိရတယ်… ကျွန်တော်ခရီးသွားတုန်းကပေါ့။  လမ်းမှာ ကောင်မလေးတစ်ယောကို လူဆိုးတွေ ၀ိုင်ပြီးတော့ နှောက်ယှက်နေကြတာ။  ကျွန်တော်လည်း အဲ့ဒီလူဆိုးတွေဆီလျှောက်သွားတယ်။  ကောင်မလေးကို လွှတ်ဖို့ပြောတယ်။  အံမယ်.. ဒီကောင်တွေက ဂရုတောင် မစိုက်ဘူး။  ဒါနဲ့ အဲ့ဒီ လူဆိုးခေါင်းဆောင်ဆီကိုသွားပြီးတော့ အဲ့ဒီကောင်ရဲ့ မျက်နှာတည့်တည့်ကို လက်သီးနဲ့ထိုးပစ်လိုက်တယ်။  ပြီးတော့ အဲ့ဒီကောင်ရဲ့ ဆိုင်ကယ်ကို ကန်ပြီးတော့ လှဲပစ်လိုက်တယ်။  နောက်ပြီးတော့ အဲ့ဒီကောင်ကို နားရွက်ဆွဲပြီးတော့ ဟေ့ကောင်တွေ မင်းတို့ ကောင်မလေးကို လွှတ်လိုက်လို့ ပြောနေတာ မကြားဘူးလားလို့” ကျွန်တော်ပြောလိုက်တယ်။
စိန့်ပီတာ ထိုသူငယ်ကို အတော်လေးစားသွားသည်
“အင်းပြီးတော့ရော ဘာဖြစ်သေးတုန်း ဆက်ပါဦး”
“အင်း ပြီးတော့ မိနစ်ပိုင်းအတွင်း ကျွန်တော် ဒီကို ရောက်လာတာပဲလေ”

အရှုံးပေးပါပြီ
          သင်္ဘောတစ်စီးပေါ်တွင်ဖြစ်သည်။  မျက်လှည့်သမားတစ်ယောက်သည် မျက်လှည့်ပြကွက် အမျိုးမျိုးကို ခင်းကျင်းပြသနေသည်။  ကြာလာလေသော် ကပ္ပတိန်မွေးထားသော ကြက်တူရွေးမှာ မျက်လှည့်ဆရာ၏ ပြကွက်များကို သိရှိလာ၏။ 
          “ဟော.. ဦးထုပ်က တစ်ခြားဦးထုပ်နဲ့ လဲလိုက်တာ….”
          “အဲဒီ စားပွဲအောက်မှာ ပန်းတွေကို ဖွက်ထားတာ….”
          “ဟော ဟော… ဖဲချပ်တွေကို လက်ထဲကနေ လွှတ်ချလိုက်ပြီ…”
စသည်ဖြင့် မျက်လှည့်ဆရာ၏ လှည့်ကွက်တွေအားလုံးကို ပွဲတိုင်းမှာ ဘေးနားကနေ အော်နေသည်။  ဤသို့နှင့် ပွဲပျက်သည့်နေ့မှာလည်း မနည်းမနော။
          ဒီလိုနှင့် တနေ့တော့ သင်္ဘောမှောက်သည်။  မျက်လှည်ဆရာလဲ ပျဉ်ချပ်ကလေးကို ဖက်ပြီး ပင်လယ်ထဲမျောနေသည်။  ကြက်တူရွေးကတော့ သူ့ဘေးမှာ ပါလာသည်။  ဒီလိုနှင့် ပင်လယ်ထဲမှာ တစ်ရက်ပြီး တစ်ရက်…..။  နောက်ဆုံးတော့ ကြက်တူရွေးက မျက်လှည့်ဆရာကိုပြောသည်….
          “ကဲ.. ကျုပ်အရှုံးပေးပါပြီဗျာ….  သင်္ဘောကို ဘယ်လိုဖွက်လိုက်သလဲဆိုတာ ကျွန်တော့်ကို ပြောပြ”


Wednesday, February 13, 2013

ကျွန်တော်နှင့် ဘေဂျင်းအပိုင်းအစများ ၃


          တရုတ်ပြည်ရောက်လျှင် မဟာတံတိုင်း မတက်မိခြင်းမှာ ကြီးစွာသော ဆုံးရှုံးမှု့ဖြစ်သည်ဟု တရုတ် တစ်ယောက်ကပြောသည်။  မင်းရော တက်ပြီးပြီလား မေးတော့ ဟင့်အင်း တဲ့။  ဒါပေမယ့် တစ်နေ့နေ့ပေါ့လို့ ပြန်ပြောသည်။  ဘာပဲဖြစ်ဖြစ် မဟာ တံတိုင်းကို တက်ဖြစ်သည်။  ဘေဂျင်းကနေ ဆိုလျှင် မဟာတံတိုင်းကို နေရာနှစ်ခုမှ တက်နိုင်သည်။  တစ်ခုကတော့ တော်တော်လေး ပြန်ပြင်ထားသည့် မဟာတံတိုင်း ဖြစ်သည်။  နောက်တစ်ခုကတော့ ရှေးဟောင်းအတိုင်းကို ထိန်းသိမ်းထားသတဲ့။  ကလင်တန် တို့ဘာတို့က မဟာတံတိုင်း အဟောင်းကို တက်သတဲ့။  ဘယ်တံတိုင်းကို တက်ချင်လဲမေးတော့ လူနည်းတဲ့ နေရာသွားမယ်ဆိုပြီး တံတိုင်း အဟောင်းဘက်ကို ဦးလှည့်ဖြစ်သည်။
          ဘေဂျင်းမြို့ထဲကနေ ၁ နာရီခွဲ ၂နာရီလောက် မောင်းသွားရသည်။  ဟိုရောက်တော့ ဘာရယ်မသိ ကျိုက်ထီးရိုးကို သွားသတိရမိသည်။  အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်တွေက တောင်တက်လမ်းတစ်လျှောက် အများကြီးမှ အများကြီး။  မဟာတံတိုင်းပေါ်မှာတော့ ရေခဲနေပြီ။  Cable Car တွေရှိသည်။  ကော်ဖီက လက်တစ်ဖက်၊ ကင်မရာက တစ်ဖက်၊ Cable car က ယိမ်း နောက်ဆုံးတော့ ကော်ဖီခွက် မှောက်ခြင်းနှင့် အဆုံးသတ်သည်။ 

Tuesday, February 12, 2013

ဖန်ခွက်


          တခါတလေကျတော့ ဖန်ခွက်နဲ့ စကားပြောရတာ တော်တော်လေး အဆင်ပြေတယ်။  တခါတလေတော့ ဖန်ခွက်နဲ့ စကားပြောရတာ ပျင်းစရာကောင်းတယ်။  ဒါပေမဲ့ အလုပ်ဖြစ်တယ်။  ကိုယ်ပြောချင်တာပြော… သူကနားထောင်တယ်။  ဒီအတွက် တစ်ခါမှ ပျင်းရိတယ်မှရှိဘူး။  အမြဲတမ်း လတ်ဆတ်နေတယ်၊  မကြိုက်ရင် ဖန်ခွက်အသစ်တစ်ခွက် လဲလိုက်ဖို့ပဲ။  ပြောချင်တဲ့ အကြောင်းအရာ တစ်ခုပြီးသွားတိုင်းမှာ ဖန်ခွက် အသစ်တစ်ခွက် လဲလိုက်ဖို့ပဲ။  ဒီအတွက် ဘာမှ ထူးထူးထွေထွေ လုပ်နေစရာမလိုဘူး။ 
ဒါဟာ လူတစ်ယောက်ကို စကားပြောနေရတာနဲ့ မတူတဲ့ အချက်ပဲ။  လူတွေကျတော့ ဒီလိုမဟုတ်ဘူး။  ဖန်ခွက် တစ်ခွက်လိုမျိုး အလှဲအလှယ်လုပ်လို့မရဘူး။  နောက်ပြီးတော့ သူတို့ပြောချင်တဲ့ အကြောင်းအရာတွေကို လိုက်လိုက်လျောလျော နားထောင်ပေးရတာမျိုးလဲ ရှိသေးတယ်။  နွားပျောက်သွားတဲ့ အကြောင်းလဲ ပြောချင်ပြောမယ်၊  ဇာတ်ပျက်သွားတဲ့ အကြောင်းလဲ ပါချင်ပါမယ်၊  သမိုင်းထဲက နေ့စွဲတွေကို ရွတ်ချင်ရွတ်နေဦးမယ်၊  တခါတလေ အလိုက်သင့် နားထောင်ပေးရတာ တော်တော့်ကို ကသိကအောက် ရောက်တဲ့ ကိစ္စတစ်ခု။  ဒီလိုနေရာတွေကျတော့ ဖန်ခွက်တွေနဲ့ ဆက်ဆံရတာ အများကြီး နေသာထိုင်သာ ရှိတယ်။
ဖန်ခွက်မှာလဲ သူ့ရာဇ၀င်နဲ့ သူတော့ ရှိတာပဲ… ဒါပေမယ့် သိပ်ပြီးတော့  ခမ်းနားကြီးကျယ်တဲ့ ဇာတ်ကြောင်းလှန်ဖို့ရာ သိပ်မရှိဘူး။  ဖန်ခွက်တစ်လုံးဟာ လူတစ်ယောက်နဲ့ နှုတ်ခမ်းချင်းတေ့ပြီးတော့ အလုပ်သဘော ဆက်ဆံဖူးတာရှိဖူးမယ်။  ပြီးရင် နောက်တစ်ယောက်၊ နောက်တစ်ယောက် ဒီလိုနဲ့ သူ ကွဲရှသွားတဲ့တစ်နေ့ဟာ သူ့ဘ၀ ဆုံးခန်းသတ်သွားတဲ့နေ့ပဲ။  သူ့နေရာမှာ တစ်ခြား ဖန်ခွက်တစ်လုံးက ဆက်လက် အလုပ်လုပ်ပေးနေဦးမှာပဲ။ 
အရှေ့တိုင်းဖန်ခွက်နဲ့ အနောက်တိုင်း ဖန်ခွက် ဘာကွာခြားလဲတော့ မသိဘူး။  ဖန်ခွက်ဟာ ဖန်ခွက်ပဲပေါ့။  ဒါပေမဲ့ အရှေ့တိုင်းက မိန်းကလေးတွေနဲ့ အနောက်တိုင်းက မိန်းကလေးတွေကတော့ ကွာချင်ကွာမှပေါ့။  ဂျပန်မှာဖြစ်ဖြစ်၊ တရုတ်မှာဖြစ်ဖြစ် ဘား မှာ သွားထိုင်ရင် သူတို့က ခင်ဗျားဘေးမှာ လာထိုင်ပေးမယ်။  ခင်ဗျား ပြောသမျှ သူတို့နားထောင်မယ်။  ဒီအတွက်တော့ ခင်ဗျားက သူတို့သောက်သမျှ ရှင်းပေးရဦးမယ်။  That’s the deal.  ဖန်ခွက်တွေကျတော့ သူတို့အတွက် တိကျတဲ့ ဈေးနှုန်းရှိပြီးသား။  ကိုယ်ကြိုက်တာမှာပြီး ငွေပေးခြေလိုက်ရုံပဲ။  သိပ်ပြီး ထူးထူးထွေထွေ ရှိလှတယ် မဟုတ်ဘူး။

Thursday, February 7, 2013

နှင်းဝေတဲ့ နှစ်ကူး


           နှစ်ကူးဆိုသည်မှာ တရုတ်နှစ်သစ်ကူးကို ဆိုလိုသည်။  “တရုတ်နှစ်သစ်ကူးပွဲတော်ဘယ်က စတယ်” ဆိုတဲ့ပိုစ့်လေးကို မနှစ်က တင်ဖြစ်သည်။  စိတ်ဝင်စားသူများ ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါ။  ဘာလိုလိုနှင့် ချိနခေါ် ကာဋ္ဌေးခေါ် စီလုတ်ပြည်ကြီးတွင် နှစ်သစ်ကူးရသည်မှာ ခုဆိုလျှင် ၃ နှစ်ရှိပေပြီ။   “ကုန်စီး… ကုန်စီး…. ကုန်စီးနီရာ… ကုန်စီး… ကုန်စီး… ကုန်စီး..နီ” ဆိုပြီးတော့ လမ်းတွေမှာ သီချင်းတွေ ဖွင့်ကြသည်။  ကုန်းစီးဖားချိုင်ဆိုပြီးတော့ လူတွေ့လျှင် “မင်္ဂလာ နှစ်သစ်ကူးပါ” ဆိုပြီး နှုတ်မဆက်လေနှင့် “အမ်ပေါင်း နားလိုင်” ဆိုပြီးမေးသည်။  အမ်ပေါင်းကတော့ ဘယ်နားမှာနေမှန်းမသိ။  လူတွေ့တိုင်း အမ်ပေါင်း ပေးရလျှင် သေရချည့်။
          ဟိုနား ဒီနား ဘယ်သွားသွား တဖောင်းဖောင်း ဖောက်လိုက်တဲ့ ဗျောက်အိုးတွေမှ သောက်သောက်လဲ။  တစ်ခါတစ်လေ ညအိပ်ကောင်းနေတုန်း အုန်းဒိုင်းဆိုပြီး ဆူညံနေလို့ လန့်နိုးရတဲ့ ညတွေလဲ ရှိရဲ့။  နှစ်သစ်ကူးဆိုသည်မှာ စီလုတ်ပြည်ကြီးမှာတော့ အလွန်အရေးကြီးတဲ့ ပွဲတော်ကြီး။  အနယ်နယ်အရပ်ရပ်က မိသားစုတွေ တစ်နှစ်တစ်ခါ ပြန်လည်ဆုံစည်းရတဲ့ အချိန်။  တရုတ် စတော့ ဈေးကွက်မှာ ၁၁ လပဲ အလုပ်လုပ်သည်။  ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူးချိန်ဆိုလျှင် စတော့ ဈေးကွက် မှာ မြားဦးက အောက်ခြေထိလုနီး။ 

Tuesday, February 5, 2013

အံရောသောဝ်…နိုင်ငံတကာ ဥပဒေများ




ပြင်သစ် နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာတော့ ယခုအခါ ပျိုပျိုမေတို့အတွက် သတင်းကောင်း ဥပဒေကို ပြင်ဆင်မွန်းမံလိုက်ပါပြီ။  ဒီ ဥပဒေကတော့ အမျိုးသမီးတွေဟာ တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့် ရပါပြီတဲ့။  ၂၁၄ နှစ်ကြာ တားမြစ်ထားတဲ့ ဥပဒေကို ၁၇၉၉ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင် ရဲအရာရှိဆီမှာ အထူးခွင့်ပြုချက်ကို ရယူရမယ်လို့ ဆိုထားတာပါ။  ၁၈၉၂ ခုနှစ်မှာတော့ အကယ်၍ အမျိုးသမီးဟာ မြင်းဇက်ကြိုးကို ကိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ရမယ် လို့ ပြင်ဆင်ခဲ့ပါတယ်။  ၁၉၀၉ ခုနှစ်မှာတော့ ဒီဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။  ဒါကတော့ အမျိုးသမီးဟာ စက်ဘီးစီးနင်းနေတဲ့အခါ ဒါမှမဟုတ် စက်ဘီးဂိုက်ကို ကိုင်ထားတဲ့အချိန်မှာဆိုရင် ဘောင်းဘီ ပုံစံအမျိုးမျိုး ၀တ်ဆင်ခွင့်ရှိတယ်ဆိုတာပါ။  ၁၉၄၆ ခုနှစ်မှာတော့ ယောက်ျားများနည်းတူ အမျိုးသမီးများ တန်းတူအခွင့်အရေး ရလာတော့ ဒီဥပဒေ ဟာ မျက်စေ့စပါးမွှေးစူးစရာဖြစ်လာပါတယ်။  ခုတော့ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ၀န်ကြီးက အမျိုးသမီးတွေကို တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ပေးလိုက်ပါပြီ။  ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိပါတယ်။  ခေတ်မမီတော့တဲ့၊  ဒါမှမဟုတ် အများအမြင်မသင့်လျှော်တဲ့ ဘောင်းဘီရှည်မျိုးကိုတော့ ၀တ်ဆင်ခွင့် မရှိပါဘူးတဲ့။  ဘာကြောင့်ရယ်တော့ အကျွန်လဲ မလျှောက်တတ်။

Tuesday, January 29, 2013

CA0162


CA0162 ဆိုတာက ချန်ပန်ဇီ မျောက်ကလေးရဲ့ နာမည်ပါ။  သူ့ဘ၀က တစ်ကယ်တမ်းတော့ ပျော်ရွှင်စရာ ဘ၀တစ်ခုမဟုတ်ခဲ့ပါဘူး။  ၁၀ ရက်သားအရွယ်ကလေးမှာပဲ သူ့မိခင်လက်ထဲကနေ စမ်းသပ်ခန်းထဲကို ရွှေ့ပြောင်းခံခဲ့ရတယ်။  အဲဒီ သိပ္ပံစမ်းသပ်ခန်းထဲမှာပဲ သူဟာ ကူညီရာမဲ့ စမ်းသပ်မှု့မျိုးစုံကို ခံခဲ့ရတယ်။  ရင်ကြပ်ပန်းနာဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ စသည် စသည်အားဖြင့် ဆေးမျိုးစုံစမ်းသပ်ဖို့ရာ သူ့ကိုယ်ထဲကို ထိုးသွင်းခြင်းခံခဲ့ရတယ်။  ဒီလိုနဲ့ သူ့ရဲ့ အသည်းဟာလည်း ဆိုးဆိုးဝါးဝါးကို ထိခိုက်ခဲ့ရပါတယ်။  သူ့ရဲ့ ရင်ဘတ်မှာ စမ်းသပ်ခန်းကနေပြီးတော့ CA0162 ဆိုတဲ့ စာတမ်းကို ဆေးမှင်ထိုးထားပါတယ်။

Saturday, January 26, 2013

အလုပ်ထဲမှာ ဒီလိုရှိတယ် (၂)

          သူ့အရပ်နဲ့ သူ့ဇာတ် ဆိုသလို နေရာဒေသလေးတွေနဲ့ ပါတ်သတ်ပြီးတော့ အစွဲအလမ်းလေးတွေလည်း ရှိကြပါတယ်။   တရုတ်ပြည်က တချို့နေရာတွေမှာလည်း ဒီလို အစွဲလေးတွေကို တွေ့ရတတ်တာပဲ။ 

အခါတော်ပေး နတ်ရေးငယ်ငင်
          ကျွန်တော့် အရင်အလုပ်ကထွက်ပြီးတော့ Owner ဘက်က Representative အဖြစ်ပြောင်းလုပ်ဖြစ်တယ်။  အဲဒီအချိန်ကစပြီးတော့ တရုတ်ဘက်ကို ရောက်သွားတာပဲ။  ပထမဆုံးစရောက်သွားတာက Keppel Nantong ဆိုတဲ့ သင်္ဘောကျင်း။  စလုံးကနေ အခွဲဖွင့်ထားတဲ့ ကျင်းပါ။  အရင် အဲဒီ ပရောဂျက်ရဲ့ Owner Rep. တွေကလည်း မြန်မာတွေပဲ။  နောက် အဲဒီအကိုက အလုပ်နောက်တစ်ခုကို ရွှေ့သွားတော့ သူ့နေရာကို ကျွန်တော်က လူစားဝင်တာ။  အဲဒီကျင်းမှာ သင်္ဘော ၆စီး ဆောက်နေတဲ့ အချိန်။  တရုတ်စရောက်သွားတဲ့အချိန်မှာ ပထမဆုံးသင်္ဘောက ရေချဖို့လုပ်နေပြီ။ 
          အဲဒီမှာ ပြဿနာက စတာပဲ။  သင်္ဘောက ရေချလို့ကို လုံးဝမရတာ။  Launching Rail ကရုရှားတွေ သင်္ဘောရေချတဲ့ပုံစံမျိုးဆောက်ထားတာ။  ရထားသံလမ်းလို လမ်းနှစ်လမ်းပြေးထားမယ်။  ပြီးရင် သင်္ဘောကို သံလမ်းအပေါ်မှာ ဘီးတွေဆင်ထားတဲ့ Skid ပေါ်တင်ထားမယ်။  ပြီးတော့ အဲ့ဒီ Skid ကို Winch နဲ့တွဲပြီး ရေထဲကို လျှောသွားတဲ့ သံလမ်းအတိုင်း တဖြည်းဖြည်းဆွဲယူသွားပြီး ရေတက်ချိန်ကိုစောင့်၊  ရေတက်လို့ သင်္ဘောကြွတက်လာရင် ဒါပြီးပြီပေါ့။  ဒါပေမယ့် အဲဒီတစ်ခေါက်က တော်တော့်ကို ပြဿနာတက်တာ။  ဆွဲချလိုက် လမ်းမှာ ဂျမ်းဖြစ်လိုက်၊ ပြန်ဆွဲတင်လိုက်။  နောက်တစ်ခေါက် ရေချပြန်တော့လည်း ရေချခါနည်း Launching Rail ကို Container သင်္ဘောက ၀င်တိုက်သွားပြန်ရော။  အဲဒါကို ပြန်ပြင်လိုက်။ ဒီလိုနဲ့ ၆ ခေါက်မြောက်အထိ ပထမဆုံး သင်္ဘောက ဘယ်လိုမှ ရေချလို့မရပြန်ဘူး။  နောက်ဆုံး ၇ ခေါက်မြောက်ကျတော့ သင်္ဘောရှေ့မှာ ပွဲတွေဘာတွေပေး။  အမွှေးတိုင်၊ ဖယောင်းတိုင်၊ ကြက်ကင်တွေ ဘာတွေနဲ့ ကျကျနန ပွဲပေးပြီး ချကြည့်လိုက်တော့ အဆင်အချောသားဗျာ။  ဟုတ်သည်မဟုတ်သည်တော့မသိ။  နောက်သင်္ဘောတွေကျတော့လဲ ပွဲတွေဘာတွေ အထူးတလည်ပေးမနေပါဘူး။  ဒီလိုပဲ ချောချောမောမော ရေထဲရောက်သွားတာပါပဲ။  တိုက်ဆိုင်တယ် ပြောရမှာပေါ့လေ။

Friday, January 25, 2013

အလုပ်ထဲမှာ ဒီလိုရှိတယ် (၁)


          ကျွန်တော့်အလုပ်က သင်္ဘောဆောက်တဲ့ ရပ်ဝန်းထဲမှာပဲ ကျင်လည်နေရတာ။  ဒီလိုပါပဲ တခါတလေ ပျော်စရာလေးတွေ တွေ့ရတတ်သလို၊ တခါတလေကျတော့ အလွဲလေးတွေ တွေ့ရတတ်ပါတယ်။  စိတ်ဖိစီးမှု့ကတော့ ရံဖန်ရံခါ ရှိတတ်တာပေါ့လေ။  ထားလိုက်ပါတော့လေ။ 

ချာလည်လည်
          ပထမဆုံး အလုပ်စလုပ်ဖြစ်တာက စလုံးက သင်္ဘောကျင်းမှာ။  အဲဒီတုန်းက Engineering Department မှာ လက်ထောက် အင်ဂျင်နီယာပေါ့။  အဲဒီဋ္ဌာနမှာက အန္ဒိယက Draft Man ပုံဆွဲလေးတွေ ရှိတယ်။  ဆိုတော့ ဒီဇိုင်းကို ဟိုလိုလေး ပြင်ချင်တယ်၊ ဟိုဟာလေး ဖြည့်ချင်တယ် စသည်အားဖြင့် Modify လုပ်ချင်တာလေးတွေကို အဆိုပါ အန္ဒိယနွယ်ဖွား ကုလားလေးတွေနဲ့ နှစ်ပါးခွင်ကရသပေါ့။  ပထမဆုံးစရောက်တော့ ထုံးစံအတိုင်း ကုလားလေးကို ဟိုလိုလေးပြင်ချင်တယ်၊ ဒီလိုလုပ်ချင်တယ် စသည် စသည်အားဖြင့် ရှင်းပြတယ်။  ပြီးတော့ နားလည်လားဆိုတော့ ဟို ကုလားလေးက ခေါင်းခါပြသဗျ။  နားမလည်ဘူးထင်တော့ နောက်တစ်ခေါက်ရှင်းပြ။  နားလည်လားလို့မေးတော့ ခေါင်းခါပြပြန်ရော။  တတိယမြောက်အကြိမ်ကျတော့ နည်းနည်း ကျွဲမြီးတိုလာရော…. ငါပဲ ရှင်းမပြတတ်တာလား၊  ဒင်းပဲ နားမလည်တာလားဆိုပြီး မင်း နားလည်တာလား နားမလည်တာလားဆိုပြီးမေးတော့မှ ဟင် ငါနားလည်တယ်လို့ မင်းကို ခေါင်းခါပြနေတာပဲဟာကို ဆိုတော့မှ သြော်… ဒင်းတို့က နားလည်လည်း ခေါင်းခါ၊ နားမလည်လည်း ခေါင်းခါ သကိုးဆိုပြီး စသိတာ။  နောက်ပိုင်း စကားစပ်မိရင်း အန္ဒိယတွေ ခေါင်းခါတာ ခါတာနဲ့ ပြောကြတဲ့အကြောင့် ပြောကြတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကနောက်တယ်။  အန္ဒိယတွေ ဦးနှောက်ထဲမှာ အပေါက်တစ်ပေါက်ရှိသတဲ့။  နောက်ပြီးတော့ ဂေါ်လီလုံး တစ်လုံးလဲရှိသတဲ့။  ဒီတော့ ဒီအပေါက်ထဲကို ဂေါ်လီလုံးကျသွားရင် အသက်ရှုပေါက်ပိတ်ပြီးတော့ အသက်ရှုလို့မရတော့ဘူးပေါ့လေ။  အဲဒီတော့ သူတို့ စကားပြောတိုင်းမှာ ခေါင်းကို တစ်လှုပ်လှုပ်နဲ့ ဂေါ်လီလုံး အပေါက်ထဲမကျအောင် ထိန်းထိန်းပြောရတာပါတဲ့။

Thursday, January 24, 2013

အရွယ်လွန်….


          အရွယ်လွန်လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ဟင် ဒါမျိုးက ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်းထင်မိမယ်။  ဒါပေမယ့် ဒါဟာ လက်ရှိ ရှန်ဟိုင်းနဲ့ ဘေဂျင်းလို အာဘန်(Urban) မြို့ကြီးတွေမှာ လူနေမှု့ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခု။  တစ်ကယ်တော့ အရွယ်လွန်တွေရဲ့ ခံစားမှု့ကို ကိုယ်စားဝင်ပြီးတော့ ခံစားကြည့်ရင် တော်တော်လေး အထီးကျန်ဆန်တာကို တွေ့ရတယ်။  အပြင်ပိုင်းမှာ သွက်လက်တက်ကြွ ထက်မြက်တဲ့ သဏ္ဍာန်နဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်ကိုယ်စီ လုပ်နေပေမယ့် သူတို့ဘ၀မှာ ၀မ်းနည်းစရာတွေ ကြုံတဲ့အခါ၊ တစ်ဦးဦးကို ရင်ဖွင့်ချင်တဲ့အခါမှာ ရင်ခွင်ဖက်မရှိတဲ့ အဖြစ်ကို တစ်ခါတစ်လေ အလန့်တကြားတွေ့မိကြတယ်။

Wednesday, January 23, 2013

သွားကြဦးမလား စက်ရုပ်စားသောက်ဆိုင်


          တရုတ်နိုင်ငံ ဟာဘင်မြို့မှာတော့ စက်ရုပ်စားသောက်ဆိုင် အသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။  ဒီစားသောက်ဆိုင်မှာတော့ ဧည့်ကြို၊ စားဖိုမှုး၊ စားပွဲထိုးကစလို့ အားလုံးဟာ စက်ရုပ်တွေချည်းပါပဲတဲ့။  တစ်ကယ်လို့ သင်သွားပြီး စားသောက်မယ်ဆိုရင် ဧည့်ကြို စက်ရုပ်က သင့်ဆီလာပြီးတော့ “စက်ရုပ်စားသောက်ဆိုင်မှ ကြိုဆိုပါတယ်ရှင်…  လူကြီးမင်းတို့အားလုံး မင်္ဂလာပါ” ဆိုပြီး နှုတ်ဆက်ဦးမှာ။  ပြီးတော့ စားချင်တာတွေကို Menu ကြည့်ပြီးမှာလိုက်၊  စက်ရုပ် စားဖိုမှုးက ချက်ပြုတ်ကြော်လှော်ပေးဦးမှာ။  ပြီးရင် စက်ရုပ်စားဖွယ်ထိုးက သင့်စားပွဲအရောက် အစားအသောက်တွေ လာပို့ဦးမှာပါတဲ့။
          ဒီ စက်ရုပ်စားသောက်ဆိုင်မှာတော့ စက်ရုပ်စားပွဲထိုးပေါင်း ၂၀ လောက်က မှာယူတဲ့ ဟင်းလျှာတွေကို ပို့ဆောင်ပေးပြီးတော့၊ ဖက်ထုတ်တွေ၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်တွေ မှာယူလို့ရပါတယ်။  သင် စားသောက်နေတဲ့အချိန်မှာလည်း စက်ရုပ် ဖျော်ဖြေရေးအဖွဲ့က တေးသီချင်းတွေ သီဆိုတီးမှုတ်ပြီး ဖျော်ဖြေပေးဦးမှာပါတဲ့။ 

Monday, January 21, 2013

မောင်ဝဏ္ဏနှင့် တွေ့ဆုံခြင်း


            ၁၉၈၂ခုနှစ်၊ နိုဝင်ဘာလ ပေဖူးလွှာမဂ္ဂဇင်း အမှတ် ၁၈ ရဲ့ အင်တာဗျူး မှာ ဆရာ ဦးဝင်းငြိမ်းက ဆရာ မောင်ဝဏ္ဏကို အင်တာဗျူးထားတဲ့ အခန်းလေးပါ။  ဆရာ မောင်ဝဏ္ဏရဲ့ အနုပညာအပေါ် တန်ဖိုးထား ခုံမင်မြတ်နိုးမှု့ကို ကြိုက်လွန်းလို့ ဘလော့ဂ်ပေါ်ကို တင်ဖြစ်သွားတာပါ။
    “ပထမအချက်အနေနဲ့ ဆရာ ဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး စာပေကို စိတ်ဝင်စားခဲ့တယ်ဆိုတာက စ,လိုက်ရအောင်”
          “ကျွန်တော့်အဖေက ပဒေသာမဂ္ဂဇင်းတို့၊ စာသဘင်စာအုပ်တိုက်တို့ လုပ်ထားတော့ အိမ်မှာ ကျွန်တော်တို့ ငယ်ငယ်ကထည်းက စာရေးဆရာ အ၀င်အထွက် အများကြီးရှိတယ်။  ဦးအောင်လင်း၊ ဦးလေးသော်တာဆွေ၊ ဦးတင့်တယ်၊ ဦးလေးဘုန်းမြင့်၊ ဦးလေး ကိုတင်အောင်(ဗန်းမော်)တို့ပေါ့။  ဒီတော့ ကျွန်တော်တို့ စာအုပ်ပုံကြားမှာ ကြီးရသလို ဖြစ်နေတယ်။  အဲဒီတော့ ဒီ ပတ်ဝန်းကျင်နဲ့ ဆက်စပ်မှု့ ရှိနေတာပေါ့လေ။  နောက် စာသဘင်က ထုတ်တဲ့ ဦးလေးကိုတင်အောင် ၀တ္တုတွေ၊ ဦးဘုန်းမြင့် ၀တ္တုတွေ ဖတ်တယ်။  နောက်တော့ တဖြည်းဖြည်း တခြားဝတ္တုတွေပါ ဖတ်လာတယ်။
          အဲဒီတုန်းက ၁၉၅၀ ပြည့်နှစ်တွေမှာ တစ္ဆေ၀တ္တုတွေ ခေတ်စားနေတယ်။  ဒါပေမဲ့ ကျွန်တော်က အဲဒီဝတ္တုတွေကို စိတ်မ၀င်စားဘူး။  အဲဒီလို တစ္ဆေ၀တ္တုတွေ သိပ်ခေတ်စားနေပေမယ့် ကျွန်တော် မဖတ်ဖြစ်ခဲ့ဘူး။  ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က နားရည်ဝနေပြီ ဆိုရမလားဘဲ။  စာပေလောကထဲမှာရှိတဲ့ အဲဒီအချိန်က အများစုဖြစ်တဲ့ ဦးတင့်တယ်တို့၊ ဦးသော်တာဆွေတို့၊ ကျွန်တော့်အဖေတို့၊ ဗန်းမော်တင်အောင်တို့၊ သူတို့ချင်း ပြေနေတဲ့ စကားတွေ ကျွန်တော်တို့ ငယ်ငယ်ကထည်းက ကြားနေရတယ်။  အဲဒီတော့ ကျွန်တော့်မှာ စာပေ စိတ်ဝင်စားစေတဲ့ ပတ်ဝန်းကျင် ရှိနေတယ်။  ဒါ ကျွန်တော် စာပေကို စိတ်ဝင်စားစေတဲ့ အကြောင်းပါပဲ။ 
          နောက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ၀တ္တုတွေ ဖတ်ပြီး ကိုယ်တိုင် ရေးချင်စိတ် ရှိလာတယ်။  ဒါက ရှင်းရှင်းကလေးပါ။  ၀တ္တုဖတ်တဲ့ သူတိုင်းဟာ အခွင့်အရေးရရင် ရေးဖြစ်သွားကြတာပါပဲ။  ကျွန်တော့်မှာကတော့ အဖေ စာအုပ်တိုက် လုပ်နေတုန်းက စာရေးဖို့ အခွင့်အလမ်းမရခဲ့ပါဘူး။  ကျွန်တော်က ငယ်သေးတာကိုး။  ရုပ်ရှင်နဲ့ ပတ်သက်လို့လည်း အဲဒီလိုပဲ။  အဖေ့လုပ်ငန်းတွေ ကြည့်ပြီး နားရည်၊ မျက်စိရည်ဝသွားတာပဲ ရှိတယ်။  လုပ်ဖို့ အခွင့်အလမ်းမရခဲ့ဘူး။
          ကျွန်တော် စာစရေးဖြစ်တာကတော့ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က ‘အတွေးအခေါ် မဂ္ဂဇင်း’ မှာပါ။  ကျွန်တော် တက်နေတဲ့ ဒဿနိကဗေဋ္ဌာနက ထုတ်တာပါ။  ၁၉၆၈-၆၉ လောက်ကထုတ်တယ်။  အဲဒီမှာ ကျွန်တော် ကဗျာတစ်ပုဒ် စရေးဖြစ်သွားတယ်။  နာမည်က ‘ကားလမ်းဘေးက ဆိုင်းဘုတ်ကလေး’ပါ။  ဒါ ကျွန်တော် ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရတဲ့ စာပါပဲ။

Tuesday, January 15, 2013

ကျွန်တော်နှင့် ဘေဂျင်း အပိုင်းအစများ ၂


          ဘေဂျင်းကိုရောက်တော့ ည ၁၀ နာရီလောက်ရှိနေပြီ။  နန်းတော်ဘေးက Jade Garden Hotel မှာ တည်းဖြစ်သည်။  ဟိုတယ်ကတော့ ရှေးမူမပျက်ကို ခေတ်မီအောင်ပြင်ထားသည်၊ ကြယ်လေးပွင့်လို့ ပြောထားပေမယ့် ကြယ် ၃ ပွင့်သာသာ တော့ ရှိမည်။  ပစ္စည်းတွေချပြီးတော့ ဟိုတယ်ရဲ့ ဘားမှာပဲ ဘီယာစုပ်ရင်း စကားပြောဖြစ်သည်။  သိပ်တော့ ထွေထွေထူးထူးမဟုတ်လှ၊ သင်္ဘောအကြောင်းသာ ပြန်ရောက်သွားသည်။ 
          နောက်နေ့မနက် ၇နာရီလောက်ကျတော့ Forbidden City ဘက်ကို လမ်းလျှောက်သွားဖြစ်သည်။  ဘေဂျင်းဆောင်းသည် အတော်လေးအေးနေပြီဖြစ်သည်။  -၁၅ လောက်ဆိုတော့ မြင်လေရာရာ ရေခဲနေပြီ။  သို့သော် Humidity က နိမ့်တော့ ခြောက်ခြောက်သွေ့သွေ့နှင့် နေသာထိုင်သာရှိသည်။  ရှန်ဟိုင်းလို မိုးရွာပြီး အေးနေတာထက်စာရင် အများကြီး နေသာထိုင်သာရှိသည်။ ကံကောင်းသည်က ဘေဂျင်းတွင် နေသာနေခြင်းဖြစ်သည်။