စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Friday, August 2, 2013
Walter Lewin နှင့် သူ၏ ချစ်စရာကောင်းသော ရူပဗေဒ အကြောင်းအရာများ
         ကျွန်တော်တို့ မူကြိုကနေပြီးတော့ တက္ကသိုလ်တွေတက် ကျောင်းတွေပြီး၊  စာတွေသင်ခဲ့ကြတယ်။  ဒါပေမယ့် တစ်ချို့ ဘာသာရပ်တွေကို ဘာလို့ သင်ခဲ့မှန်း၊  ဘာကြောင့် သင်ရမှန်း သိတောင် မသိခဲ့ဘူး? ကြက်တူရွေးတွေလို ပုံသေကားချပ်လိုက်ကြီး စာမေးပွဲခန်းထဲမှာ ဟိုဘက်စာအုပ်ထဲကဟာကို အဖြေလွှာစာရွက်ပေါ် အတုံးလိုက် အတစ်လိုက်ရေးချ။  ၏ သည် မရွေး မှန်အောင် ခေါင်းထဲမှာ အလွတ်ကျက်ထားတဲ့ ဘာမှန်းမသိတဲ့ အက္ခရာတွေကို စာရွက်ပေါ် ရေးချ၊ အမှတ် ၁၀၀ ရ၊ အခန်းထဲမှာ အဆင့် ၁ ရ၊ ဂုဏ်ထူးတွေထွက်။  ပြီးရင် ကျွန်တော်တို့လက်ထဲမှာ အောင်လက်မှတ်တို့၊ ဘွဲ့လက်မှတ်တို့ စတဲ့ စက္ကူ စာရွက်တွေရ။  ပြီးရင် အဲ့ဒီ စက္ကူစာရွက်တွေ ကိုင်ကိုင်ပြီး ဓာတ်ပုံအရိုက်ခံ၊  ဧည့်ခန်းထဲမှာ ပုံကြီးချဲ့ပြီးတော့ အကျအန ချိတ်။  အဲ့ဒီ စက္ကူစာရွက်တွေကိုင်ပြီးတော့ အလုပ်လိုက်ရှာ။ 
ထားတော့၊ ကျောင်းက ကျွန်တော့်တို့လက်ထဲကို ပေးလိုက်တဲ့ အဲ့ဒီ Certificate တို့၊ Diploma တို့၊ Degree တို့ ဘာညာ စတာတွေအပြင် ကျွန်တော်တို့ ခေါင်းထဲမှာ သင်ခဲ့တဲ့ ဘာသာရပ်နဲ့ ပါတ်သတ်ပြီး ဘာကျန်ခဲ့သလဲ?  ဘာမှ မကျန်ခဲ့ဘူးဆိုရင်တော့ ကျွန်တော့်အမြင် ကျွန်တော်တို့ကို မွေး သမိခင်၊ မွေး သဖခင်တို့က နဖူးကချွေး ခြေမကျအောင် ပင်ပင်ပန်းပန်းရှာ၊ “ငါ့သား… ပညာတတ်အောင်ကြိုးစား၊  အဖေတို့ အမေတို့ တတ်နိုင်သလောက် ထောက်ပံပေးမယ်၊ တစ်နေ့ငါ့သား ပညာတတ်ကြီး တတ်အောင်လုပ်”လို့ ဆိုပြီး ကျောင်းလွှတ်လိုက်တာဟာ အလဟသပါပဲ။  ကျွန်တော်တို့ဟာ အချိန်တွေအကုန်ခံပြီးတော့ အဲ့ဒီ စက္ကူစာရွက်တွေကို အချိန်၊ ငွေတွေနဲ့ လဲပြီး ပြန်လာခဲ့ကြတာ။
ဘာသာရပ်တစ်ခု၊  ပညာရပ်တစ်ခုရဲ့ အနှစ်သာရဟာ ပြဋ္ဌာန်းစာအုပ်ပေါ်က စာလုံးတွေကို တစ်လုံးမှ မလွဲအောင် မနားမနေကျက်ပြီး အဲ့ဒါတွေ အားလုံးမှန်အောင် စာရွက်ပေါ်မှာ ပြန်ရေးချဖို့ မဟုတ်ပါဘူး။  ဘာသာရပ်တစ်ခုတိုင်းမှာ သူ့ရဲ့ ဆက်စပ်တွေးခေါ်နိုင်ဖို့၊  ထိုးထွင်းကြံဆနိုင်ဖို့ ၊  သဘာဝတရားကြီးတဲ့ ဖြစ်ပျက်တည်ရှိမှု့၊  သမိုင်းတစ်ခုရဲ့  ဖြစ်ပျက် ပြောင်းလဲခဲ့မှု့ ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ပြီး၊  ဆုံးဖြတ်ချက်ချနိုင်တဲ့ အနာဂါတ်မျိုးဆက်သစ်၊  အနာဂါတ်တစ်ခုကို ဖန်တီးနိုင်မယ့် မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်ဖို့  စသည် စသည် အားဖြင့် မြောက်များလှစွာသော အဓိပ္ဗါယ်တွေ ပါဝင်တယ်။  ဒါတွေအားလုံးဟာ ပုံနှိပ်စာအုပ် စာလုံးတွေရဲ့ နောက်ကွယ်မှာ ရှိနေတာ။  ဒါမျိုးကို ကျွန်တော်တို့က ဦးနှောက်နဲ့သာမက နှလုံးသားနဲ့ပါ ဒီစာလုံးတွေရဲ့နောက်ကွယ်ကို ထိုးဖောက်ဝင်ရောက်ပြီး ဒီဘာသာရပ်တစ်ခုရဲ့ အနှစ်သာရကို ရအောင် ယူရမှာ။ 
ဒီအတွက် ဒါကို သင်ကြားပို့ချပေးတဲ့ ဆရာတွေကလည်း ဒီသဘောတရား၊ ဒီအနှစ်သာရကို အနာဂါတ်မျိုးဆက်သစ်လေးတွေကို နားလည်သဘောပေါက်ဖို့  ရှင်းပြပြီးမှ သင်ကြားပေးသင့်တယ်။  ဒါမှ အနာဂါတ်ကလေးငယ်တွေဟာ   “ငါပြောတာနားထောင်၊  ဟောဒီလို လိုက်ရေး၊  ဟောဒါမှန်ရင် တစ်မှတ်ရမယ်”  ဆိုတဲ့ ဥခွံကြီးထဲက ရုန်းထွက်နိုင်မှာပါ။  မဟုတ်ရင် သူတို့ရဲ့ အတွေးအခေါ်တွေဟာ အမြဲတမ်း နောက်လိုက် အတွေးအခေါ်တွေပဲ ဖြစ်နေမှာပဲ။  နောက်လိုက် အတွေးအခေါ်ဆိုတာ အမြဲတမ်း သူများပြောတာတွေကို ကျောင်းမှာ အတုံးလိုက် အတစ်လိုက် ကျက်၊ပြန်ရေး သင်ခဲ့ရတဲ့ စနစ်အတိုင်း ဝေဖန်ပိုင်းခြားမှု့ မလုပ်တော့ပဲ ဟုတ်ကဲ့  ဟုတ်ကဲ့ဆို ပြီးပြောတဲ့အတိုင်း လိုက်လုပ်တာပဲ။  ဒီအတွက် ကိုယ်တိုင်လည်း ယုံကြည်မှု့ဆိုတာကို တည်ဆောက်လို့ မဖြစ်နိုင်တော့ဘူး။  ဘာဖြစ်လို့လဲဆိုတော့ မှန်တယ်၊ မှားတယ်ဆိုတာကို ခွဲခြားပိုင်းဖြတ်နိုင်တဲ့ ပညာရပ်ကို သင်မလာခဲ့ရလို့။  ဒီလိုမျိုး အနာဂါတ်ကလေးငယ်တွေ များလာတဲ့ နိုင်ငံဟာ နောက်လိုက်နိုင်ငံဖြစ်လာမှာပဲ။  နောက်လိုက်နိုင်ငံဖြစ်လာတာနဲ့ အဲ့ဒီနိုင်ငံဟာ သူ့ကို ဦးဆောင်ပေးမယ့် နိုင်ငံတစ်ခုခုကို ချင်းကပ်ရတော့တာပဲ။  ဘာဖြစ်လို့လဲဆိုတော့ နောက်လိုက်နိုင်ငံကလူတွေဟာ သူ့ကိုယ်သူ ရပ်တည်နိုင်စွမ်း မရှိ (သို့မဟုတ်) ရပ်တည်ဖို့အတွက် ယုံကြည်မှု့မရှိလို့ (သို့မဟုတ်)ဘယ်လိုရပ်တည်ရမှန်းမသိလို့  (သို့မဟုတ်) ရပ်တည်နိုင်သော အသိပညာ မရှိလို့။
အဲ့ဒီတော့ အဲ့ဒီနောက်လိုက်နိုင်ငံဟာ သူ့ကို ဦးဖေးမပေးမယ်လို့ ယူဆတဲ့ နိုင်ငံတစ်ခုခုကို ဦးညွှတ်ရတာပဲ။  ဖေးမမယ့် နိုင်ငံကလည်း သူ့နိုင်ငံအကျိုးပဲ သူကြည့်ပြီး လုပ်မှာပဲ။  အဲ့ဒီတော့ ကိုယ့်နိုင်ငံ ကောင်းကျိုးအတွက် သူများနိုင်ငံက ကိုယ့်ထမင်းကိုစားပြီး အလကားမတ်တင်း အချိန်ကုန်ခံပြီး လာမယ်ထင်လို့လား?  လာလည်း ဒါဟာ ကောင်းသော လာခြင်းမဟုတ်ဘူး။  ဒီလိုနဲ့ တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံလာပြီး ဘာလုပ်မလဲဆိုတာကို ဝေဖန်ပိုင်းခြား၊ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရည်အချင်း အဲ့ဒီနောက်လိုက်နိုင်ငံတွေမှာ မရှိဘူးဆိုရင် ကျန်တဲ့ နိုင်ငံတွေ ပြုသမျှ နုရတာပဲ။  အဲ့ဒီလို နောက်လိုက်နိုင်ငံမျိုးကို ဘယ်နိုင်ငံမှလည်း လေးစားမှာမဟုတ်ဘူး။  အဲ့ဒီ နိုင်ငံသားတွေကိုလည်း ဘယ်နိုင်ငံမှ လေးစားမှာမဟုတ်ဘူး။   သူတောင်းစားသာသာ လောက်အဆင့်ရှိတဲ့ ကောင်တွေပါကွာဆိုတဲ့ မျက်လုံးမျိုးနဲ့ အကြည့်ခံနေရမှာပဲ။  ဒီလိုမှ မဟုတ်ရင် ဒီ ဥခွံထဲက ရုံးထွက်ဖို့ ကြိုးစားရမှာပဲ။  ဆိုလိုတာက ပညာရေး ပန်းတိုင်ဆိုတဲ့ဟာကြီး၊  နိုင်ငံအနာဂါတ်ကို ဖော်ဆောင်ပေးမယ့် ပညာရေးဆိုတဲ့ ထောက်တိုင်ကြီးကထွက်ပေါ်လာတဲ့ နိုင်ငံရဲ့မျိုးဆက်သစ်တွေဟာ creativity ကောင်းကောင်းလိုတယ်၊  critical thinking၊  lateral thinking များများလိုတယ်၊  ဒီတော့မှ အဲ့ဒီနိုင်ငံက အမှီအခိုကင်းလာနိုင်မယ် ဆိုတာကို ပြောပါတယ်။  ဒီအတွက် အနာဂါတ် ကလေးငယ်လေးတွေကို ဘယ်လိုပုံစံ မြေတောင်မြှောက်မလဲဆိုတဲ့ မေးခွန်းက ထပ်ပြီးတော့ စဉ်းစားစရာတစ်ခု။
Saturday, July 27, 2013
ငွေကြေးနှင့် ကသောင်းကနင်းများ
         “ငွေ… ငွေ.. ငွေ… လောကမှာ ငွေဟာလေ လူတန်းစား မခွဲခြားဘဲ ဖျက်ဆီးတတ်ကြပေ” ဒီသီချင်းကတော့ လူတိုင်း ကြားဖူးမှာပေါ့။  ငွေ.. ဆိုတော့ ငွေကြေး၊ ပိုက်ဆံပေါ့။  ပိုက်ဆံဆိုရင် ငွေစက္ကူရယ်၊ အကြွေစေ့ရယ်ဆိုပြီး ရှိတာပေါ့လေ။  ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ အကြွေစေ့ဆိုတာက ရှားပါး ပစ္စည်းဖြစ်နေပြီ။  ထားတော့။  ဒီနေ့ ကမ္ဘာကြီးမှာ ငွေဆိုတာ ပေါ်မလာခဲ့ရင် ကျွန်တော်တို့ ဘာကို ဖလှယ်ပြီး သုံးမလဲ?
Thursday, July 25, 2013
သွားကြဦးမလား ဆစ်ဒနီမြို့ရဲ့ သင်္ဘောသစ်တော
         အရာရာအားလုံးကတော့ အချိန်တန်ရင် ကြွေလွင့်သွားကြရတာ ပါပဲလေ… ဒါပေမယ့် ဆစ်ဒနီမြို့ရဲ့ Homebush ကမ်းခြေက သက်တမ်း ၁၀၂ နှစ်ရှိပြီဖြစ်တဲ့ သင်္ဘောပျက် ကြီးကတော့ တစ်မျိုး ဆန်းသစ် နေပြန်ပါတယ်။  SS Ayrfield လို့ အမည်ရတဲ့ သင်္ဘောကြီးက ၁၉၁၁ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ တည်ဆောက်ခဲ့ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်စစ်သည်တွေ အသုံးပြုခဲ့ပါတယ်။  ၁၉၇၂ ခုနှစ်မှာတော့ သူမကို စွန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ ခုလက်ရှိရှိနေတဲ့ ကမ်းခြေရာ သူမရဲ့ နားခိုရာနေရာ ဖြစ်လာခဲ့ပါတယ်။ 
         ဒါပေမယ့် ခုချိန်မှာတော့ SS Ayrfield ဟာ ရေပေါ်သင်္ဘော သစ်ပင်ကြီးအဖြစ် ဓာတ်ပုံပညာရှင်တွေကြားထဲမှာ ရေပန်းစားနေပါတယ်။  သံချေးတွေနဲ့ ဆွေးမြေ့နေတဲ့ သင်္ဘောအိုကြီးပေါ်မှာ ဒီလိုမျိုး သစ်ပင်တွေ လှပစွာ ပေါက်နေတာကိုက ဆွဲဆောင်မှု့တစ်မျိုးဖြစ်နေလို့ ခုဆိုရင် ကမ္ဘာအရပ်ရပ်က ဓာတ်ပုံပညာရှင်တွေဟာ ဒီသင်္ဘောကြီးကို လာရောက်ပြီး ဓာတ်ပုံရိုက်ကူးနေကြပါပြီ… ကဲ… ရေပေါ် သစ်တောကြီးရဲ့ အလှအပကို ခံစားကြပါစို့လားဗျာ..
Monday, July 22, 2013
လောကကြီး စိမ်းလန်းစေဖို့ မြက်ပင်တွေ ဆေးဆိုးကြစို့
            မြို့တော်ကြီး စိမ်းလန်းစိုပြေဖို့ အလှစိုက်ထားတဲ့ မြက်တွေ ခြောက်သွေ့သွားလို့ စိတ်ပျက်မနေပါနဲ့။  တရုတ်နိုင်ငံ ချန်ဒူးမြို့မှာတော့ မြက်ပင်တွေ စိမ်းလန်းစိုပြေနေစေဖို့ ဆေးဆိုးနေတယ်လို့ဆိုပါတယ်။  ဒါပေမယ့် မြို့တော် စိမ်းလန်းစိုပြေ စည်ပင်သာယာရေး အရာရှိကတော့ “ဒါဟာ အစိမ်းရောင် ဆိုးဆေးမဟုတ်ပါဘူး။  ဒါဟာ မြက်ပင်တွေအတွက် ဓာတ်မြေသြဇာနဲ့ မြက်တွေပိုပြီး ရာသီဥတု ခံနိုင်ရည်ရှိလာအောင် ဓာတုဗေဒ ဆေးတွေ ထည့်ထားတဲ့ အရည်တွေဖြစ်ပါတယ်။  ဒါပေမယ့် ဒီဆေးရည်ဟာ အပင်တွေ၊ လူတွေ၊ မြေကြီး နဲ့ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှု့မရှိစေပါဘူး။  ဒီစနစ်ကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ထဲကနေ စပြီးတော့ သုံးလာတာ ဒီနေ့အထိ ဘာပြဿနာမှ မရှိပါဘူးလို့” ဆိုသွားပါတယ်။ 
Sunday, July 21, 2013
ဘွဲ့များသခင် ဘွဲ ၁၈ ခုပိုင်ရှင်
         အကောင်ကြီးကြီး အမြီးရှည်ရှည်ဆိုတာကို ကြားဖူးမှာပေါ့။  မင်္ဂလာဆောင်ဖြစ်ဖြစ်၊ မွေးနေ့ဖြစ်ဖြစ် နာမည်နောက်မှာ သက်ဆိုင်ရာ ဘွဲ့လေးတွေထည့်မှ တင့်တယ်သကိုး။  အဲ့ဒီတော့ ကိုယ့်လူတို့ တစ်သက်မှာ ဘွဲ့ပေါင်း ဘယ်နှစ်ခုလောက် ယူမယ်လို့ မှန်းထားပါသလဲ?  အင်ဒိုနီးရှားက ၀ယ်လင် ကူစူမား ဆိုတဲ့ လူငယ်ကတော့ အသက် ၃၁ နှစ်မှာ ဘွဲ့နဲ့ အသိအမှတ်ပြုလက်မှတ်ပေါင်း ၁၈  ခုလက်ဝယ်ပိုင်ပိုင်ရထားပြီဖြစ်လို့  သူသာ မင်္ဂလာဆောင်လိုက်ရင် သတို့သားနဲ့ သတို့သမီး ဖိတ်စာထဲမှာ ဟိုဖက် ဒီဖက်ရိုက်ပြီး ဝေရမလို ဖြစ်နေပါပြီ။ 
         “ကျွန်တော် အင်ဒိုနီရှား ကမ္ဘာ့ စံချိန်တင်တဲ့ ပြတိုက်ကနေ အသိအမှတ်ပြု လက်မှတ်ရထားပါပြီ။  ဒီထဲမှာတော့ ကျွန်တော့်နာမည်ရယ် နောက်ပြီး ကျွန်တော်ရတဲ့ ဘွဲ့တွေဖြစ်တဲ့ ST, SE, SSos, SKom, SS, SAP, SStat, MT, MSM, MKn, RFP-1, CPBD, CPPM, CFP, AffWM, BKP, QWP အားလုံးပါပါတယ်။  ဘွဲ့နာမည်တွေက ရှည်လွန်းတော့ စာကြောင်းသုံးကြောင်းလောက် ရေးယူရတယ်” လို့ ဘွဲ့ပေါင်း ၁၈ ခုပိုင်ရှင် ၀ယ်လင်က ဆိုပါတယ်။
         ကျွန်တော့်ရဲ့ ဘွဲ့တွေက စီမံခန့်ခွဲမှု့၊  ငွေကြေးဆိုင်ရာ နဲ့ အခွန်တွေနဲ့သက်ဆိုင်တဲ့ ဘွဲ့တွေများပါတယ်။  စီမံခန့်ခွဲမှု့ကို အဓိက ဦးတည်ပြီး ကျောင်းတွေတက်ပေမယ့် ကျွန်တော် ဥပဒေနဲ့  အင်ဂျင်နီယာ ပညာရပ်တွေကိုလဲ လိုက်စားခဲ့ပါတယ်လို့ ဘွဲ့များသခင်က ဆိုသွားပါသေးတယ်။
         သူရထားတဲ့ ဘွဲ့တွေထဲမှာ Bachelor ဒီဂရီ ၈ ခုနဲ့  Master ဒီဂရီ ဘွဲ့ ၃ ခုတောင် ပါဝင်ပါသေးတယ်။  အခုလဲ နောက်ထပ်ကျောင်းတွေ ထပ်တက်ဦးမယ်လို့ ဆိုထားပါတယ်။  အင်း ဘွဲ့တွေ တသီကြီးနဲ့  ဘယ်လိုအလုပ်မျိုး လုပ်ဦးမယ်တော့မသိ။
Source : (Link)
Thursday, June 20, 2013
ဂူဂဲလ်ရဲ့ အင်တာနက် မီးပုံးပျံများ
            ကွန်ပျူတာ၊ နောက်တော့ အင်တာနက်၊ အီးမေးလ် စတာတွေပေါ်လာတော့ ကမ္ဘာကြီးဟာ သတင်းအချက်အလက် (information) တွေကို စက္ကန့်နှင့်မခြား အင်တာနက်ကို အသုံးပြုပြီး လွယ်ကူစွာ သိလာနိုင်ပြီး သတင်းအချက်အလက်နဲ့ ပါတ်သက်ရင် ကမ္ဘာ့နေရာဒေသ မရွေးအချိန်နဲ့ တပြေးညီ သိလာနိုင်လို့ ကမ္ဘာ့ကြီးကို ရွာတစ်ရွာလို့ သတ်မှတ်လို့ ရလာနိုင်တဲ့ ခေတ်ကို ကျွန်တော်တို့ ရောက်ရှိလာပါပြီ။ 
            ဒါပေမယ့် ကမ္ဘာပေါ်မှာ ရှိတဲ့စုစုပေါင်း လူဦးရေ ၇ ဘီလီယံမှာ အင်တာနက် အသုံးပြုနိုင်တဲ့ လူဦးရေ ၂.၂ ဘီလီယံပဲ ရှိပါသေးတယ်။  ကျန်ရှိနေတဲ့ ၄.၈ ဘီလီယံသော လူဦးရေဟာ မတိုးတက်တဲ့ ဒေသတွေ၊ အင်တာနက်နှင့် နည်းပညာ မဖွံဖြိုးတဲ့ ဒေသတွေမှာ နေထိုင်ရှင်သန်နေကြပါတယ်။  ဒီအတွက် သူတို့ဟာ သတင်းအချက်အလက်တွေကို လွယ်ကူစွာ ရရှိနိုင်ဖို့  မလွယ်ကူလှသေးပါဘူး။
            Search Engine နဲ့ အောင်မြင်လာတဲ့ ဂူဂဲလ်ကတော့ တစ်မျိုးပြီး တစ်မျိုး ဆန်းသစ်တီထွင်နေပြန်ပါပြီ။  ဟိုအရင် ပိုစ့်မှာ ရေးခဲ့တဲ့ ဂူဂဲလ် မျက်မှန်နဲ့ အင်တာနက် အသုံးပြုလို့ ရအောင်တီထွင်ထားသလို၊ ခုလဲ အင်တာနက်မီးပုံးပျံကို စတင် စမ်းသပ်နေပါပြီ။  အင်တာနက် မီးပုံးပျံဆိုတာက ဟီလီယံ ဓာတ်ငွေ့သုံး  မိုးပျံ မီးပုံးတွေဖြစ်ပြီးတော့ အဲ့ဒီဘောလုံးတွေမှာ နေစွမ်းအင်သုံး ဆိုလာပြားတွေ တပ်ဆင်ထားပါတယ်။  ဒီအတွက် နေရောင်ခြည်စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုပြီးတော့ မိုးပျံပူပေါင်းမှာ တပ်ဆင်ထားတဲ့ internet circuit boardတွေ၊ ရေဒီယိုတွေနဲ့ အင်တင်နာတွေကို အမြဲတမ်း လျှပ်စစ်ရရှိစေမှာဖြစ်ပါတယ်။ 
Thursday, June 13, 2013
ထိုင်ကြည့်မနေနဲ့
            ကျွန်တော့် အဒေါ်တစ်ယောက်က ကျွန်တော့်ကို ၉ တန်းလောက်တုန်းက ပြောဖူးတယ်။  ငါ့တူ မင်းအရွယ်ရောက်တော့မယ်တဲ့။  အဲ့ဒီတော့ မင်းကြိုက်တဲ့ လမ်းကို မင်းရွေးချယ်ရတော့မယ်။  ဒါပေမယ့် မင်းလျှောက်မယ့်လမ်းကို မင်းကိုယ်တိုင် သေသေချာချာ သိအောင်လေ့လာ ရွေးချယ်ပြီးတော့ လျှောက်၊ ဒါပေမယ့် ထိုင်ကြည့်မနေနဲတဲ့။
မင်းမိုက်ချင်လား၊  လူမိုက်ခေါင်းဆောင်ကြီး ဖြစ်ချင်လား?  ဒါဆိုလဲ ငါ အားပေးမယ်။ ဒါပေမယ့် မင်းမှာ မိုက်ရဲတဲ့ သတ္တိရှိရမယ်၊ လူမိုက်တွေကို စိန်ခေါ်နိုင်တဲ့ အတွေးအခေါ်၊ ကိုယ်ခံပညာ တွေရှိရမယ်၊ ပါးနပ်မှု့၊ သြဇာအာဏာ ရှိရမယ်။  ထောင်တွေ၊ ဂါတ်တွေမှာ ပျော်ပျော်ကြီး နေနိုင်တဲ့ စိတ်ရှိရမယ်။  ရဲတွေ၊ စစ်တပ်တွေ ကြားထဲမှာ ကျင်လည်ကျက်စားနိုင်တဲ့ အရည်အချင်းရှိရမယ်။  တစ်နေ့ကျရင် လူမိုက်ခေါင်းဆောင်ကြီးဖြစ်ရမယ်။  လူမိုက်ဘ၀နဲ့ ပျော်ပျော်ကြီး သေရဲတဲ့ စိတ်ရှိရမယ်။  ငါကတော့ ဘယ်တော့မှ ဂါတ်တွေမှာ အာမခံ လိုက်ပေးမှာမဟုတ်ဘူး၊  ဒီတော့မှ မင်းဟာ မိုက်သထက် ပိုပြီး မိုက်လာမယ်။  ဒါပေမယ့် လမ်းဘေးမှာ လေလွင့်နေတဲ့ လူတစ်ယောက်၊ သာမာန် လေလွင့်နေတဲ့ လူတစ်ယောက်လို ဖြစ်သွားလို့ မရဘူး။  တစ်နေ့ကျရင် မင်းဟာ လူတိုင်းက သိနေတဲ့ လူမိုက်ခေါင်းဆောင်တစ်ယောက် ဖြစ်နေရမယ်။  မဟုတ်လဲ ငါပြောင်းလဲပေးလို့ ရတာမှ မဟုတ်တာ။   လူတွေက မင်းအပေါ် ဘယ်လိုမြင်မလဲဆိုတာက မင်းလုပ်တဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်လာမှာပဲ။ 
ဒါမှမဟုတ် မင်းလိမ္မာချင်လား?  မင်းလိုချင်တဲ့ ပညာရေး ထောက်ပံစရိတ်၊ စာအုပ်စာတမ်း၊ ပံပိုးမှု့ပစ္စည်းတွေ ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။  ဒါပေမယ့် မင်းဟာ သူလို ကိုယ်လို ၁၀ တန်းအောင် တစ်ယောက်ဘ၀နဲ့ ဆုံးခန်းသတ်သွားလို့ မရဘူး။  မင်းရဲ့ Professional လမ်းကြောင်းတစ်ခုကို မင်းရွေးချယ်ပြီးတော့ ဆုံးခန်းတိုင်အောင် လျှောက်လှမ်းရမယ်။  ငါဆိုလိုတာက မင်းဟာ ဆရာဝန်ကြီးဖြစ်ရမယ်၊ အင်ဂျင်နီယာကြီးဖြစ်ကိုဖြစ်ရမယ် ဒါကို ဆိုလိုတာမဟုတ်ဘူး။  မင်းလျှောက်လှမ်းတဲ့ ဘယ်လမ်းမှာ ဖြစ်ဖြစ်၊ မင်းဘယ် အလုပ်, လုပ် မင်းဟာ သူများတွေထက်ပိုပြီးတော့ အောင်မြင်အောင် ကြိုးစားရမယ်လို့ ဆိုလိုတာ။  ဒီအချိန်မှာ မင်းခြေထောက်ပေါ် မင်းရပ်တည်ရချင် ရပ်တည်ရမယ်၊  ငါကတော့ ငါတတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ်။  အချိန်တန်ရင် မင်းကျွမ်းကျင်နိုင်နင်းတဲ့ ပညာရပ် အသိုင်းအ၀ိုင်းမှာ မင်းနာမည်ကို လူတိုင်းက သိနေရမယ်။  ငါ့တူ professional တစ်ယောက်အဖြစ် လျှောက်လှမ်းနေတာကို ငါ ဂုဏ်ယူစွာနဲ့ ကျေနပ်နေမယ်။  တစ်ချိန်ကျရင် မင်းရဲ့ သမိုင်းကို မင်းကိုယ်တိုင်ရေးရမှာ။  မင်းပြန်လှည့်ကြည်လိုက်ရင် မင်းလုပ်ခဲ့တာတွေအားလုံးကို မင်းကျေနပ်နေဖို့လိုတယ်။  ဒါတွေ အားလုံးဖြစ်လာဖို့ မင်း ထိုင်ကြည့်နေလို့ မရဘူးဆိုတဲ့ အကြောင်းလေး ကျွန်တော် ပြန်သတိရမိတယ်။
Tuesday, June 11, 2013
ပန်းသီးရဲ့ iOS 7
          ကမ္ဘာကျော် ပန်းသီးကတော့ မနေ့က iOS 7 ကို ချပြသွားပါတယ်။  ဒီ operation system ကိုတော့ အိုင်ဖုန်း၊ အိုင်ပတ်၊ အိုင်ပေါ့ စတဲ့ အိုင် အိုင် အိုင် တွေမှာ သုံးလို့ရလာမှာပါ။  ဘယ်တော့ ကျွန်တော်တို့ရဲ့ အိုင်ဖုန်းတို့၊ အိုင်ပတ်တို့ထဲကို Update လုပ်လို့ရမလဲဆိုတာကတော့ မသိသေးပါဘူး။  ထင်တာကတော့ နောက်ထပ်ထွက်လာမယ့် next generation iPhone၊ iPod၊ iPad တွေနဲ့ အတူတူ ရောပြီးထွက်လာဖို့ရှိပါတယ်။  ဒါပေမယ့် iPhone အတွက်ကတော့ လောလောဆယ် iOS developer register လုပ်ထားသူတွေကတော့ ခုထွက်လာတဲ့ iOS 7 ကို အစမ်းသွင်းပြီး ကလိကြည့်လို့ ရနေပါပြီ။  iPad အတွက်ကတော့ developer တွေ နောက်ထပ် ရက်အနည်းတော့ သည်းခံပြီး စောင့်ရဦးမှာဖြစ်ပါတယ်။  iOS 7 မှာ ဘာတွေ အသစ်ထပ်ပြီး ထူးလာလဲဆိုတာလေး နည်းနည်း ပြောပါရစေ။
ဒီဇိုင်း
          iOS 7 ရဲ့ ဒီဇိုင်းပိုင်းမှာ အမြင်ပိုပြီး ဆန်းသစ်ထားပါတယ်။  အဓိကအားဖြင့်ကတော့ အရင် iOS 6 မှာပါတဲ့ icon လေးတွေဟာ ပိုပြီး ရုပ်လုံးကြွလာပြီး ဖန်သားပြင်ပေါ်မှာ ဖောင်းကြွပေါ်နေသယောင် မြင်ရမှာဖြစ်ပါသတဲ့။  ဒီအတွက် နောက်ခံ Wall Paper နဲ့ icon လေးတွေကြားမှာ လေဟာနယ်လေး ဖြစ်ပေါ်နေသယောင် မြင်နေရမှာဖြစ်ပါတယ်။  ဖုန်းခေါ်တဲ့ နေရာမှာတော့ လေးထောင့်တုံးလေးတွေအစား အ၀ိုင်းလေးတွေ မြင်ရမှာ ဖြစ်ပါသတဲ့။  နောက်တစ်ခုကတော့ Screen တစ်ခုနဲ့ တစ်ခု ပြောင်းတဲ့နေရာလေးတွေမှာ ပိုပြီးတော့ ပြေပြစ်လာမှာဖြစ်ပါတယ်။  နောက်ပြီးတော့ ပွတ်လို့ ပိုကောင်းလာမှာ ဖြစ်ပါသတဲ့…. ဆိုလိုတာက လက်ညှိုးကလေးနဲ့ ဟိုတို့ ဒီတို့ တို့လို့၊ ပွတ်လို့ ပိုကောင်းလာမယ်လို့ ဆိုပါတယ်။  ခြုံကြည့်လိုက်ရင်တော့ အညာစောင်က ပိုနွေး အဲလေ… iOS 7 ဟာ အရင် iOS တွေထက်ပိုပြီးတော့ Graphic ပိုင်း အားသာချက်တွေ ရှိအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
Saturday, June 8, 2013
၁၀ တန်းအောင်တို့အတွက် Singapore Scholarships
            စင်ကာပူ ပညာရေးဝန်ကြီးဋ္ဌာန (Ministry of Education)မှာ အရှေ့တောင် အာရှနိုင်ငံတွေက လူငယ်လူရွယ်လေးတွေအတွက် စကော်လာ ပေးထားပါတယ်။  မြန်မာနိုင်ငံလည်း ဒီအထဲမှာပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေပြီးတော့ နောက်ထပ် ၄ နှစ်လောက်အထိ ပေးထားမယ်လို့ ဆိုပါတယ်။  ဒီ စကော်လာ ရွေးချယ်ခံခဲ့ရရင်တော့ စင်ကာပူမှာ ကျောင်းတက်ခွင့်ရပြီးတော့ Singapore-Cambridge General Certificate of Education Advance Level (GCE-A Level) ဒါမှမဟုတ် ဒါနဲ့ ညီမျှတဲ့ အသိအမှတ်ပြု Certificate ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ 
            ခေါင်းစဉ်မှာ ၁၀ တန်းအောင်တို့အတွက်လို့ ရေးထားပေမယ့် တစ်ကယ်တော့ ၁၉၉၇ ခုနှစ်ကနေ ၁၉၉၉ ကြားမှာမွေးတဲ့ ကလေးတွေ အားလုံးအတွက် အကျုံးဝင်ပါတယ်။  အဲ့ဒါရပြီးရင် ဘာဖြစ်လဲဆိုတော့ GCE-A လက်မှတ် ရတာပေါ့။  ရတော့ ဘာဖြစ်လဲဆိုတော့ စင်ကာပူကျောင်းမှာ ပြီးရင် ရတဲ့ အမှတ်ပေါ်မူတည်ပြီးတော့ တက္ကသိုလ်ဖြစ်ဖြစ်၊ Polytechnic ဖြစ်ဖြစ် ဆက်တက်ပေါ့။  ဒါပေမယ့် အဲ့ဒီ ဆက်တက်မယ့် ကျောင်းတွေအတွက်တော့  ထောက်ပံကြေး အကျုံးမ၀င်ပါဘူး။ 
            သူတို့ဆီက Website မှာ ရေးထားတာကတော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာနကနေပြီးတော့ ရွေးချယ်ပေးမယ်လို့ ဆိုပါတယ်။  ဒီတော့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာနက ဒီအကြောင်းကို ရွှေပြည်တော်ကြီးမှာ သတင်းစာတွေကနေ ကြော်ငြာလားတော့ အကျွန်လည်း မသိ။
ဒီ ကျောင်းကို လျှောက်ထားမယ့် လူတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကတော့
  • -       မြန်မာနိုင်ငံသား ဖြစ်ရမည်
  • -       ၁၉၉၇ ကနေ ၁၉၉၉ ကြားမွေးဖွားသူဖြစ်ရမည်
  • -       အနည်းဆုံး Grade 9 (၉ တန်း) အောင်ပြီးသူများဖြစ်ရမည်
  • -       ၉ တန်းနဲ့ ၁၀ တန်းမှာ အင်္ဂလိပ်စာ သင်ခဲ့ဖူးသူများဖြစ်ရမည်
  • -       ကျောင်းစာမေးပွဲတွေမှာ အမှတ်ကောင်းကောင်း ရခဲ့သူများဖြစ်ရမည်
  • - အင်္ဂလိပ်စာ ကျွမ်းကျင်ပြီး၊ ကျောင်းရဲ့ လှုပ်ရှားမှု့လေးတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ဖူးတဲ့ အထောက်အထားရှိရမည်။
Friday, June 7, 2013
မိန်းမနဲ့ ယောကျာ်း
မိန်းမနဲ့  ယောကျာ်း ဘာကွာသလဲ သိချင်ရင် ဟောဒီ Youtube Video လေးသာကြည့်ပါ...
Saturday, June 1, 2013
အားမငယ်ပါနဲ့ တာတမ်
          တာတမ်ရေ့ဇ် ဆိုတာက ငါးနှစ်အရွယ် ကလေးမလေး။  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူမရဲ့     မူကြိုကျောင်းပြီးတဲ့ အထိမ်းအမှတ် ကျောင်းဆင်းပွဲလေးပေါ့။  ဒီလိုနေ့မျိုးမှာ မိဘ နှစ်ပါး စုံညီစွာနဲ့ တက်ရောက်ပြီးတော့ သမီးငယ်လေးကို ဂုဏ်ပြုရမယ့်နေ့။  ဒါပေမယ့် တာတမ်ရဲ့ အိပ်မက်ဟာ ပျက်စီးခဲ့ရတယ်။ 
          တာတမ်ရဲ့ ဖခင်ဟာ Phoenix ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိတစ်ယောက်ပါ။  တာတမ်လေး ကျောင်းဆင်းပွဲ မတိုင်ခင် ၃ ရက်အလိုမှာ ဖခင်ဖြစ်သူဟာ တာဝန်ထမ်းဆောင်နေရင်းနဲ့ ကွယ်လွန်သွားခဲ့ပြီးတော့ ဇနီးဖြစ်သူနဲ့ တာတမ်လေးကို ခွဲခွာသွားခဲ့ပါတယ်။  ဒီအတွက် Phoenix ရဲတပ်ဖွဲ့က ရဲဝန်ထမ်းတွေ ဟာ တာတမ်လေး ကျောင်းဆင်းပွဲမှာ လာရောက်ခဲ့ပြီးတော့ တာတမ်လေးကို လမ်းတစ်လျှောက် လက်ခုပ်တီးပြီးတော့ ဂုဏ်ပြုပေးခဲ့ကြပါတယ်။
Wednesday, May 29, 2013
Norah Jones
          သူမရဲ့ သီချင်းလေးတွေက Country music ကို jazz နဲ့ ရောထားတဲ့ သီချင်းအေးအေးလေးတွေ…။   မိုးအေးအေးလေးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ညဖက် သူမရဲ့ သီချင်းလေးတွေကို အခန်းထဲမှာ ခပ်တိုးတိုးလေးဖွင့်ထားပြီး နားထောင်ရတဲ့ အရသာက ကျွန်တော့် ဖေးဘရိတ်။  သူမရဲ့ သီချင်းတွေကို စပြီးတော့ နားထောင်ဖြစ်တာက ၂၀၀၉ ခုနှစ်လောက်မှ။  ကျွန်တော်တို့ အိမ်က အစ်ကိုကြီးက နားထောင်ကြည့်ဆိုပြီး ပေးတော့ နားထောင်ကြည့်လိုက်တာ။  အဲဒီထဲက ရှတတ အသံလေးနဲ့ သူမရဲ့ သီချင်း အေးအေး လေးတွေကို ကြိုက်တယ်။  ၂၀၀၂ ခုနှစ်ကထွက်တဲ့ Come away with me ထဲက သီချင်းလေးတွေကိုလဲ အကုန်ကြိုက်တယ်။  နောက်ပိုင်း Feels like home၊ Not Too late ထဲက သီချင်းတွေကိုလဲကြိုက်တယ်။
Come away with me
Tuesday, May 28, 2013
မနီ မနီ ထထ၊ ထထ နီမ နီမ (သို့) တြီဂို
          အလုပ်ထဲမှာ ခဏ ခဏ ပြဿနာတက်ရသည်မှာ မနီ မနီ ထထ၊ ထထ နီမ နီမ ပြဿနာပင်ဖြစ်သည်။  ထုံးစံအတိုင်း အလုပ်ထဲမှာ Thruster well machining လုပ်တဲ့အခါတွေ၊ Inclining test လုပ်တဲ့အခါတွေမှာ၊ Shaft alignment ရဲ့ tolerance ပြန်တွက်တဲ့အခါတွေမှာ ဒီပြဿနာ ခဏ ခဏတက်သည်။  မနီ၊ မနီ ထ ထ ကိုပင် ပြန်ရှင်းရသည်မှာ ပိုပြီး အချိန်ကုန်သည်။  တစ်ကယ်တော့ တြီဂိုဟာ စိတ်ဝင်စားစရာ တော်တော်ကောင်းသော ဘာသာရပ်ဖြစ်သည်။
          တြီဂို အကြောင်း မစခင် စက်ဝိုင်း နှင့် တြိဂံ အကြောင်း အရင်စပြောရတာ ပိုကောင်းမည်။  စက်ဝိုင်းဆိုသည်မှာ စက်ဝိုင်းဖြစ်သည်။  တြိဂံ ဆိုသည်မှာ တြိဂံဖြစ်သည်။  စက်ဝိုင်းတွင် ဒီဂရီပေါင်း ၃၆၀ အားဖြင့် ပိုင်းထားသည်။  ဘာကြောင့် ၃၆၀ ပိုင်းလဲ?  အပိုင်းပေါင်း ၈၀၀၊ ၉၀၀၊ ၁၀၀၀ ပိုင်းရော မဖြစ်နိုင်ဘူးလား မေးစရာတော့ ရှိသည်။  ရနိုင်သည်။  စိတ်ကြိုက်ပိုင်းပေါ့။  ဒါပေမယ့် ဒီဂရီ ဆိုသော အခေါ်အဝေါ်ကို ဆူမားရီးယန်း တွေက ကြေးခေတ် (ခရစ်တော် မပေါ်ခင် နှစ်ပေါင်း ၄၀၀၀၊ ၄၅၀၀ လောက်ကထဲက) ထွင်ပြီးဖြစ်သည်။  ထို့ကြောင့် သူတို့ ထွင်ပြီးသာကို လိုက်ပြီး သုံးရတာ အဆင်ပြေသည်။  ကိုယ့်အရင်လူတွေကလည်း စက်ဝိုင်းကို အပိုင်းပေါင်း ၃၆၀ ပိုင်းပြီးတော့ စဉ်းစားပြီး သီအိုရီတွေ၊ ညီမျှခြင်းတွေ၊ မှန်ကန်မှု့တွေ တွက်ချက်ခဲ့ကြသည်။ 
သူတို့ကရော ဘာဖြစ်လို့ ၃၆၀ ပိုင်းလဲ ဆိုတာကျတော့ ပြောရတာ နဲနဲ လက်ပေါက်ကပ်သည်။  ဟိုးတုန်းက ကြယ်တွေကို ကြည့်ကြသည်။  အဲ့ဒီတုန်းက ပြက္ခဒိန်တွေက တစ်နှစ်ကို အကြမ်းအားဖြင့် ရက်ပေါင်း ၃၆၀ လို့ သက်မှတ်ကြသည်။  ခုလိုမျိုး ၃၆၅.၂၄၂ ရက် အတိအကျ မဟုတ်သေး။  ဒီတော့ ရက်တစ်ရက်ကုန်တိုင်း ကြယ်တွေ ရွှေ့သွားတဲ့ နေရာကို မှတ်ရလွယ်အောင် စက်ဝိုင်းပေါ်မှာ အပိုင်း ၁ ပိုင်း (၁ ဒီဂရီ) သတ်မှတ်ပြီး တစ်နှစ်ပြည့်တော့ ရက်ပေါင်း ၃၆၀ စက်ဝိုင်းပေါ်မှာ အပိုင်း ပေါင်း ၃၆၀ လို့ သတ်မှတ်တယ်လို့ ဆိုကြတာပဲ။    ကိုယ့်အလှည့်ကြတော့မှ ထူးပြီး ပိုပိုင်းလိုက်လျှင်၊ လျှော့ပိုင်းလိုက်လျှင် ကိုယ့်ထွင်ထားတာကို တစ်ခြားသော ယူနစ်တွေနှင့် လိုက်ချိန်ရင်း အချိန်ကုန်သွားနိုင်သည်။  ပြီးလျှင် ကိုယ့်ကို အရူးကြီးလို ၀ိုင်းကြည့်ကြဦးမည်။  ထားတော့၊ ထို့ကြောင့် စက်ဝိုင်းတွင် ဒီဂရီ အပိုင်းပေါင်း ၃၆၀ နှင့် ပိုင်းသည်။ ဒါကို မျက်စိထဲ မြင်နေရင် ပြီးတာပဲ။ 
Saturday, May 18, 2013
ပလက်စတစ်ရုပ်ကလေးလို မိန်းကလေး
          ယူကရိန်းနိုင်ငံက ဗာလီရီယာ ဆိုသူလေးကတော့ အများနဲ့ မတူ တစ်မူထူးလို့ ဘာဘီ ကော်ပတ်ရုပ်လေးနဲ့ တူပါတယ်ဆိုပြီး အင်တာနက်တစ်ခွင်မှာ နာမည်ကြီးနေပါတယ်။  သူမကတော့ ရုရှားဘာသာစကားသုံး အင်တာနက်မှာ နာမည်အကြီးဆုံး ဖြစ်ရမယ်လို့ ဆိုနေပါတယ် (အင်း ဗယာကြော် ရောင်းခိုင်းလိုက်ရင် ကောင်းမလားပဲ)။  အသက် ၂၁ နှစ်သာရှိသေးတဲ့ သူမရဲ့ ရွှေအိုရောင် ဆံပင်၊ အရုပ်လို အချိုးအစားတွေကြောင့် သူမကို ဘာဘီရုပ် သက်ရှိလူသားလို့ ခေါ်ဆိုနေကြပါတယ်။
Friday, April 26, 2013
H7N9
          စီလုတ်ပြည်တွင် နေရသည်မှာ ခုရက်ပိုင်း အတော့်ကို နေမထိထိုင်မသာ ဖြစ်နေ၏။  အကြောင်းမူကား H7N9 ကြောင့်ပင်ဖြစ်သည်။  ကျွန်တော်နေသည်က ရှန်ဟိုင်း၊  H7N9 ဖြစ်ပွားမှု့အများဆုံးနေရာကလည်း မြေပုံမှာ ပြထားသလို ဒီနေရာပင်ဖြစ်သည်။  ဧပြီလ ၁ ရက်နေ့တုန်းက WHOက Influza A (H7N9) တုပ်ကွေးကို လူတွေဆီမှာ ကူးစက်ကြောင်း တရားဝင်ထုတ်ပြန်သည်။  လောလောဆယ်အထိတော့ လူပေါင်း ၁၁၃ ယောက်ကို ကူးစက်ပြီးဖြစ်ကြောင်းကို ဓာတ်ခွဲခန်းစစ်ဆေးချက်များအရ အတည်ပြုထုတ်ပြန်ထားပြီး ဒီအထဲကနေ ၂၂ ယောက်ကတော့ သေသွားပြီ။ ငှက်တွေ၊ ကြက်တွေက ကူးသည်ဟုဆို၏။ အများဆုံး သံသယရှိသည်က ကြက်ခြံ၊ ဘဲခြံတွေကနေ စတင်ကူးသည်ဟု ဆိုသည်။
Sunday, April 14, 2013
Shanghai F1
         Formula 1 Grand Prix ကို ခုမှ အရှင်လတ်လတ် အပြင်မှာ မြင်ဖူးခြင်းဖြစ်သည်။  စလုံးမှာတုန်းကတော့ ညဖက် မောင်းသည့် F1 ပြိုင်ပွဲရှိသော်လည်း သွားမကြည့်ဖြစ်။  ဈေးကြီးသည်ဟု ဆိုသောကြောင့်ဖြစ်သည်။  ဟုတ်သည် မဟုတ်သည်တော့မသိ။  ရှန်ဟိုင်းမှာတော့ ရုံးက လက်မှတ်ပေးသောကြောင့် သွားကြည့်ဖြစ်သည်။  လက်မှတ်က စနေ၊ တနင်္ဂနွေ နှစ်ရက်စာ လက်မှတ်ဖြစ်သော်လည်း စနေနေ့ အလုပ်လုပ်ရသောကြောင့် တနင်္ဂနွေနေ့မှ သွားကြည့်ဖြစ်ခြင်းဖြစ်သည်။
Thursday, April 4, 2013
ဝက်ကလီစာ မဆလာချက်
          မင်းသိင်္ခရဲ့ ၀တ္တုထဲမှာ ဖတ်ဖူးတယ်…  တရုတ်ဆိုင်က ခေါက်ဆွဲကြော်ကိုဝယ်… ပြီးရင် မဆလာ ဖြူးပြီးစားရင် တယ်စားလို့ ကောင်းလို့ ဆိုတာပဲ။  ဒီလိုပဲ ဆိတ်ကလီစာမဟုတ်ပဲနဲ့ ၀က်ကလီစာကို မဆလာနိုင် နိုင်နဲ့ ချက်လိုက်ရင် မွှေးပြီးတော့ စားလို့အကောင်းသား။
          စင်ကျားပေါမှာ သောင်တင်နေတာ ၂ ပတ်ကျော်သွားပြီ။  အင်း… ဒီအတိုင်းနားနေရတော့လဲ နေရ၊ ထိုင်ရတာ တစ်ခုခုလိုနေသလိုပဲ။  ဒီနေ့တော့ ၀က် ကလီစာကို မဆလာတွေ ဘာတွေနဲ့ အုပ်ပြီးတော့ ချက်ဖြစ်လိုက်တယ်။  အစာအိမ်၊ နှလုံး၊ လျှုာ၊ အသည်း အင်း အဲ့ဒီ ၄ မျိုးပဲ ထည့်လိုက်တယ်။  ကလီစာလေးတွေကို အနေတော်လေးတွေ တုံး၊  ဆား၊ ဆနွင်း နည်းနည်း၊ သံပရာရည်လေး နဲနဲညှစ်ပြီးတော့ နယ်ပြီး သိပ်ထားလိုက်။  နောက် ကြက်သွန်လှီး၊ ဘာညာ စသည်အားဖြင့် ဟင်းချက်ဖို့ပြင်။  အသည်းကိုတော့ သပ်သပ် ခွဲထားရတယ်။  ဒီကောင်က ဟင်းချက်လို့ ကြာသွားရင် မာပြီးတော့ စားလို့ မကောင်းတော့ဘူး။
Wednesday, April 3, 2013
ဂူဂဲလ်နှင့် ကစားခြင်း
          တစ်ခုခုရှာချင်ရင် အသုံးများတာကတော့ ဂူဂဲလ်။  ဂူဂဲလ်မှာ ဂူဂဲလ်ရဲ့ ထူးခြားချက်လေးတွေလဲရှိတယ်….  စကားလုံးလေးရိုက်ထည့်ပြီး ရှာနေရမယ့်တူတူ ဂူဂဲလ်ရဲ့ စာမျက်နှာပေါ်မှာ အပျင်းပြေ ဆော့ကြည့်လို့လဲရပါတယ်။
ပထမတစ်ခုက do a barrel roll
          အဲဒီစာလုံးလေးကို ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…
နောက်တစ်ခုက askew
          သူ့ကိုလဲ အဲ့ဒီလိုပဲ ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…
နောက်တစ်ခုက equation.. ဂူဂဲလ် ဂဏန်းပေါင်းစက်ကနေတွက်ပေးတာ
ဟောဒီ equation လေးကို ကော်ပီကူးပြီးတော့ ရိုက်ကြည့်လိုက်.. sqrt(cos(x))*cos(300x)+sqrt(abs(x))-0.7)*(4-x*x)^0.01, sqrt(6-x^2), -sqrt(6-x^2) from -4.5 to 4.5 
ပေါ်လာတာလေးကို ကိုယ့်ကောင်မလေးကို ပြလိုက်ပေါ့..
Friday, March 29, 2013
Monkey D Luffy
        စင်ကျားပေါ ပြန်ရောက်တုန်း အလုပ်အတော်များနေသည်။  ဆိုင်ကယ် နောက်တစ်မျိုးထပ်ခေါက်သည်။  အရင်တစ်ခေါက်တုန်းက အဖြူအမည်း၊ အခုဟာက ကာလာနှင့်ဖြစ်သည်။  ထမင်းချက်ဖြစ်သည်။  လျှောက်သွားသည်။  ရုံးကိုတော့ မသွား။  ကျန်တဲ့ နေရာတွေ လျှောက်သွားသည်။  လျှောက်စားသည်။  ပိုက်ဆံတော်တော်ကုန်သွားတော့ နောင်တရချင်သလိုလို ဖြစ်နေသည်။  နောက်ပြီးတော့ Candy Crush ဆိုသော ဖဘမှ ဂိမ်းတစ်ခု ဆော့ဖြစ်သည်။ 
          အဓိကကတော့ Monkey D Luffy ဖြစ်သည်။ One Piece ကာတွန်းကားကို အွန်လိုင်းကနေ ကြည့်နေခြင်းဖြစ်သည်။  ကြည့်ချင်သူများ ဟောဒီလင့်ကနေ တစ်ဆင့် သွားကြည့်နိုင်ပါသည်။  ဘဖမှာ နိုင်ငံရေး သတင်းတွေ စုံနေသည်။  ကြည့်ရင်းကြည့်ရင်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပေ။  လောလောဆယ် နိုင်ငံရေးထက် ၀မ်းရေးကို ပိုပြီး စိတ်ကရောက်နေသည်။  ရွှေပြည်ကြီးကထွက်လာပြီးတော့ လက်ထဲမှာ ဘာမှ မည်မည်ရရ မရှိသေး။  အင်ဗက်စ်မန့် ဆိုသော ခပ်ရှိန်ရှိန်စာလုံးထွက်သည့်အရာကို နည်းနည်း တီးခေါက်ကြည့်သည်။  ဘာတဲ့ Risk Management ဆိုလားဘာလား… ဟိုနေ့က အဲ့သလို ကုမ္ပဏီက ကိုယ်စားလှယ် တစ်ယောက်နှင့် စကားပြောကြည့်သည်။  တစ်လကို ဘယ်၍ ဘယ်မျှစုလျှင် နှစ်ပေါင်း၂၀ ကြာလျှင်၊ နှစ်ပေါင်း ၃၀ ကြာလျှင် ဘယ်လောက်ရမည်။  စုတဲ့အထဲမှာ စုနေရင်း သေသွားလျှင် ကျန်သောလူကို ဘယ်လောက်ပေးမည်။  ကိုယ်အလုပ်မလုပ်နိုင်တော့လောက်အောင် ဒဏ်ရာ အပြင်းအထန်ရသွားလျှင် ဘယ်၍ဘယ်မျှ ပြန်ရနိုင်သည့် အာမခံရော ဘာရောပါသော saving ပုံစံမျိုးနှင့် မိတ်ဆက်ပေးသည်။
Sunday, March 24, 2013
ငါးပုဏ္ဏား
          စင်ကျားပေါသို့ ခဏပြန်ရောက်နေသည်။  ပူသည်။  ဘလောဂ့်မရေးဖြစ်သည်မှာ ကြာပြီဖြစ်သည်။  ဟင်းမချက်ရသည်မှာလည်း ကြာပြီ။  ရွှေပြည်ကြီးမှ မြန်မာအစားအစာတွေ ငတ်နေသည်မှာလည်းကြာပြီ။  မနေ့က ငါးပုဏ္ဏားချက်သည်။  Duty Free မှ ဘုမ်ဘေ ဒရိုင်းဂျင် ၂ လုံးပါလာသည်။  ဂျင်တိုးနစ်ရှိသည်။ ဆိတ်သားခြောက်၊ ငါးခြောက် ရွရွလေးတွေရှိသည်။ 
          ထမင်းနှင့် စားဖို့ရာသာ ဟင်းလို၏။  စီးတီးဟောမှာ ငါးပုဏ္ဏား တစ်ထုပ်ကို ၅ ကျပ်ဖြစ်သည်။   ခပ်လတ်လတ် အကောင် နှစ်ဆယ် အစိတ်လောက်ပါ၏။  ငါးကို အနံသတ်သည်။  အနံသတ်သည်ဆိုသည်မှာ အကြေးခွံထိုးပြီးတော့ နနွင်းရယ်၊ ဆားရယ်၊ Ground Pepper နည်းနည်းရယ်၊ သံပရာရည်လေးနည်းနည်း နှင့်ရောနယ်ပြီးတော့ နှပ်ထားခြင်းဖြစ်သည်။  ဤသို့လုပ်လိုက်လျှင် ငါး၏ အညှီနံ ပျောက်လေသတည်း။