စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, December 29, 2012

အရုပ်ကျွန်း


         အရုပ်ကျွန်း ဆိုတာက မက္ကစီကိုနိုင်ငံ မှာရှိတဲ့ ထူးဆန်းတဲ့နေရာလေးပါ။  ဒီကျွန်းလေးတစ်ခုလုံးမှာ ရာပေါင်းများစွာသော အရုပ်တွေနဲ့ ပြည့်နေပါတယ်။  ဒါပေမယ့် အဲ့ဒီအရုပ်တွေအားလုံးဟာ ကိုယ်လက်အင်္ဂါမစုံတဲ့ အရုပ်တွေချည်းပါပဲ။  ခြေပြတ်လက်ပြတ် အရုပ်တွေ၊ ခေါင်းပြတ်အရုပ်တွေကို ကျွန်းရဲ့ သစ်ပင်တွေ၊ ထိုင်ခုံတွေ အနှံမှာ ချိတ်ဆွဲလို့ထားပါတယ်။ 
          ဒီကျွန်းလေးရဲ့ ပုံပြင်လေးကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။  အစတုန်းကတော့ ဒီနေရာလေးဟာ လူသူမရှိတဲ့ နေရာလေးတစ်ခုပါပဲ။  ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက ဒွန် ဂျူလီယံ ဆန်တာနာ ဆိုတဲ့ လူတစ်ယောက် ရေနစ်ပြီးသေဆုံးနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အလောင်းကို ဒီနေရာလေးနားက တူမြောင်းထဲမှာတွေ့ခဲ့ပါတယ်။  ဒီလိုတွေ့ရှိခဲ့တဲ့ အချိန်ကစပြီးတော့ အဆိုပါ မိန်းကလေးဟာ ဒွန်ကို အမြဲတမ်းခြောက်လှန့်နေပါသတဲ့။  ဒီလိုနဲ့ ဒွန်ဟာ တူးမြောင်းထဲမှာမျောနေတဲ့ အရုပ်တစ်ခုကို ယူပြီးတော့ သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲကာ မိန်းကလေး စိတ်ကျေနပ်စေဖို့ ပြုလုပ်ခဲ့ပါသတဲ့။  ဒွန်က သူ့အထင် ဒီလိုအရုပ်ကို ချိတ်ဆွဲလိုက်ခြင်းအားဖြင့် မိန်းမငယ်လေး ကျေနပ်နှစ်သိမ့်ပြီး ဒီကျွန်းလေးကိုလည်း အခြားသော မကောင်းဆိုးဝါးတွေ မလာဘူးလို့ ထင်မြင်ပြီး ချိတ်ဆွဲခဲ့တာပါ။
          ဒါပေမယ့် မိန်းမငယ်လေးဟာ ဒွန်ကို ဆက်လက်ခြောက်လှန့်နေတုန်းပါပဲတဲ့။  ဒီလိုနဲ့ ဒွန်ဟာ တူးမြောင်းထဲမှာရှိနေတဲ့ အရုပ်တွေ၊ အရုပ်တွေရဲ့ အပိုင်းအစတွေကို ဆယ်ယူပြီးတော့ အရုပ်တစ်ရုပ်ချင်းစီကို တစ်နေရာစီမှာ သေသေချာချာကို ချိတ်ဆွဲခဲ့ပါသတဲ့။  ဒီလိုချိတ်ဆွဲပေမယ့်လည်း ဒွန်ဟာ သူ့ကို ခြောက်လှန့်နေတဲ့ ၀ညာဉ်လက်ကနေ မလွတ်မြောက်နိုင်ပါဘူးတဲ့။  ဒီလိုနဲ့ ဒွန်တစ်ယောက်ဟာ စွန့်ပစ်ထားတဲ့ အရုပ်တွေကို လိုက်လံစုဆောင်းတော့တာပါပဲ။  သူ့ဘ၀တစ်လျှောက်လုံးမှာ သူကိုယ်တိုင်စိုက်ပျိုးတဲ့ သီးနှံတွေနဲ့ အရုပ်တွေကို လဲယူတဲ့အထိ ဒွန်ဟာ အစွဲအလမ်းကြီးခဲ့ပါတယ်။

Friday, December 28, 2012

ကျွန်တော်နှင့် ဘေဂျင်း အပိုင်းအစများ ၁


          ဘေဂျင်း ကို အသံထွက်ပေါင်း မြောက်များစွာထွက်သည်။  မြန်မာလို ပီကင်းဟုခေါ်ကြသလို အင်္ဂလိပ်လို ဘေဂျင်း ဟုခေါ်သည်။  တရုတ်လို အနီးစပ်ဆုံး ပေါင်းရလျှင် ပေကျင်း ဟုထွက်မည်ထင်သည်။  ဘာကြောင့် “ပေကျင်း” လို့ ခေါ်သလဲမေးကြည့်သည်။  အရှေ့၊ အနောက်၊ တောင်၊ မြောက် ကို ခွဲပြီးခေါ်သည်ဟု ပြောသည်။  တုန်း၊ နန်၊ စီး၊ ပေ -  “တုန်း” ဆိုသည်မှာ အရှေ့၊ “နန်” ဆိုသည်မှာ တောင်၊ “စီး” ဆိုသည်မှာ အနောက်၊ “ပေ” ဆိုသည်မှာ မြောက်ဟူသတဲ့။  “ကျင်း” ဆိုသည်မှာ မြို့တော် ဖြစ်သတဲ့။  ထို့ကြောင့် “ပေကျင်း” ဆိုသည်မှာ မြောက်ပိုင်း မြို့တော်ဟု အဓိပ္ပာယ်တွင်၏။  တောင်ပိုင်းမှာလည်း မြို့တော်ဟောင်းရှိသည် နန်ကျင်းဖြစ်သည်။  ဒါဆို အနောက်ဖက်မြို့တောင် “စီကျင်း” ဆိုပြီး ရှိလားမေးတော့ မရှိပါတဲ့။  အရှေ့ဖက်မြို့တော် “တုန်းကျင်း” ရောရှိလားမေးတော့ ဂျပန်နိုင်ငံက “တိုကျို” ပါတဲ့။  အွမ်…. ဘယ့်နှယ် အရှေ့ဖက်မြို့တော်က မဆီမဆိုင် ဂျပန်ပြည်ရောက်သွားရသနည်း။  မြို့တော်ဟောင်း ကျိုတိုကို အရှေ့ဖက်မြို့တော်ဟု မခေါ်ဘူးလားဆိုတော့ ဒီငနဲ ဘာတွေ လာမေးနေမှန်းမသိဘူးဆိုတဲ့ ပုံစံနဲ့ လူကိုပြန်ရှိုးသည်။
          မည်သို့ပင်ဆိုစေ ဘေဂျင်းသည် နန်းမြို့ဖြစ်သည်။  ရှေးခေတ်အဆောက်အဦးတွေကို ရှေးမူမပျက်ထိန်းသိမ်းထားသည်။  အသစ်အသစ်သော နေရာတွေမှာ မိုးမျှော်တိုက်တွေ ထိုးထောင်ထွက်နေသည်။  နန်းတော်သည် စတုရန်းပေပေါင်း ၇.၈ သန်း ကျယ်၏။  မန္တလေးလိုတော့ လေးထောင့်စပ်စပ်မဟုတ်၊  ထောင့်မှန်စတုဂံ ပုံဖြစ်သည်။  ကျုံးကတော့ ရေတွေခဲနေပြီ။  နန်းမြို့ဆိုတော့ မန္တလေးသူတွေလို နန်းဆန် (ခုခေတ်တော့ ဟုတ်ချင်မှ ဟုတ်ချင်တော့မှာပေါ့လေ)  သလိုတော့မဟုတ်။  ခေတ်သစ် ယဉ်ကျေးမှု့အောက် စီးမျောသွားပြီဖြစ်သည်။  နန်းဆန်ချင်လို့ မမလေးဟု တရုတ်အခေါ် “ရှောင်ကြယ်” လို့ သွားတော့ မခေါ်လိုက်လေနဲ့ ပါးရိုက်ခံရဖို့ နီးသည်။  အဘယ့်ကြောင့်ဆိုသော် ပြည်မကြီးတွင် “ရှောင်ကြယ်” ဟူသော ဝေါဟာရမှာ ယခုအချိန်တွင် ညဥ့်ငှက်များကို ကိုယ်စားပြုနေလို့ပါတဲ့။  အံရောသောဝ်… အံရောသောဝ်… ဒါဆို အဲ့ဒီလို မိန်မမျိုးတွေ့ရင် “ရှောင်ကြယ်” လို့ခေါ်လို့ရမလားမေးတော့ အဲ့ဒါလည်း ပါးရိုက်ခံရဖို့ နီးတယ်၊  လူလည်ကောင်မှာ သူ့ကို အရှက်ခွဲတယ်ဆိုပြီး ပါးရိုက်ချင်ရိုက်ဦးမှာတဲ့။

Thursday, December 27, 2012

၂၀၁၂ ကို ပြန်လှည့်ကြည့်ခြင်း (တဂ်)


          ၂၀၁၂ ကို ပြန်လှည့်ကြည့်လိုက်တော့ ဇက်နဲနဲ နာသွားသည်။  ကမ္ဘာကြီးကတော့ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဆက်လည်နေတုန်းပါပဲ။  ဘာလိုလိုနဲ့ နှစ်သစ်ကိုတောင်ရောက်တော့မှာ။  သင်္ဘောကျင်းနဲ့ သတ်ပုတ်နေရင်း ခေါင်းထောင်ကြည့်လိုက်တော့ လား… လား… ၂၀၁၂ ကုန်တော့မှာပါလား ဟရို့။  မြန်လိုက်သည်ဖြစ်ခြင်း။ 
          ၂၀၁၂ မှာ ဘာမှ  ထူးထူးခြားခြားတော့ ကျွန်တော့်အတွက်မရှိလှ။  ၂၀၁၂ ဇန်န၀ါရီထဲက ရှန်ဟိုင်းမှာ သောင်တင်နေလိုက်သည်မှာ ခုချိန်အထိပင်ဖြစ်သည်။  ရှု့မငြီးနှင့် ရှန်ဟိုင်းမှာ ၃ လကျော်လောက် အတူရှိဖြစ်သည်။  ကျန်တဲ့အချိန်တွေမှတော့ လင်မယားနှစ်ယောက်က တစ်ယောက်တစ်နေရာစီ။  သူလည်း သူ့စာသူကျက်၊ ကိုယ်လည်း ကိုယ်အလုပ်ကိုယ်လုပ်နှင့် လုံးလည်ချာလပတ်လိုက်နေတုန်း။  ရွှေပြည်တော်ကြီးကို အပြီးပြန်ဖို့ကျတော့ ဘာလုပ်ရမှန်းကိုမသိ။  ပြန်လိုက်တိုင်း ယောင်တောင်တောင်နှင့် ပြန်လာဖြစ်သည်။
          တရုတ်တွင်နေရသည်မှာ တံခါးပိတ်ထားသလို ခံစားရသည်။  သင်တန်းလေးဘာလေး တက်ချင်လဲ lack of information ဖြစ်နေသည်။  တရုတ်စာဆိုတာကလည်း ကြည့်လိုက်ရင် နံရံမှာ ရိုက်ထားတဲ့ ခြင် တွေလိုမျိုး စာလုံးတွေဖြစ်သည်။  တစ်လုံးမှ နားမလည်။  စလုံးမှာလို ဟိုဟိုဒီဒီ သင်တန်းတွေ တက်ဖို့က အတော်ခက်သည်။  သိချင်တာအကုန်လုံးကို အင်တာနက်သာကြည့်နေရသည်။  အင်တာနက်ဆိုပြန်တော့လဲ တော်တော်များများ ဆိုဒ်တွေက ပိတ်ထားပြန်သည်။  ဟိုတယ်က ကွန်နက်ရှင်ကလဲ အတော့်ကို နှေးသည်။  ဆိုးလိုက်ပ။  နောက်ထပ် သင်္ဘော ၄၊ ၅ စီးလောက်ထပ်ဆောက်ပြီးလျှင်တော့ တရုတ်ကို ထပ်မသွားချင်တော့။  ရှု့မငြီး စာမေးပွဲတွေ ပြီးသွားလျှင်တော့ လျှောက်သွားဦးမည်။  တရုတ်ကလွဲလို့ ဘယ်နိုင်ငံဖြစ်ဖြစ်ပေါ့လေ။  ရောက်ရာပေါက်ရာ လျှောက်သွားမည်။  ရှု့မငြီး ကတော့ စလုံးမှာ အခြေကျအောင် စာမေးပွဲတွေ ဖြေပြီးတော့မှ နောက်တစ်နိုင်ငံရွှေ့လို့ကတော့ လက်သီးစာမိမည်ဟု ကျိန်းနေသည်။  တစ်နေရာထဲ အကြာကြီးနေရတာ ပျင်းဖို့ကောင်းလိုက်သည့် ဖြစ်ခြင်း။
          ဒီနှစ်ကတော့ ဘယ်မှ သိပ်မသွားဖြစ်။  စလုံးနှင့် တရုတ် အလုပ်ကိစ္စနဲ့ သွားလိုက်ပြန်လိုက်ကလွဲလို့ တစ်ခြားဘယ်ကိုမှ မသွားဖြစ်။  အဲ.. ရွှေပြည်ကြီးကိုတော့ တစ်ခေါက်ပြန်သည်။  မနေ့ကမှ ချောင်းသာ ပိုစ့်တင်ထားသည်။  ကျန်တာကတော့ တရုတ်ပြည်ထဲမှာပဲ အားရင် အားသလို လျှောက်သွားဖြစ်သည်။ 
          ဘလော့ဂ်ပေါ်မှာ ပိုစ့်အတင်ကျဲသွားတာ ၃ လ လောက်ရှိပြီဖြစ်သည်။  စုတ်ပြတ်သတ်နေသော ကွန်နက်ရှင်၊ ဆိုဒ်ကို ကျော်ရခွရသော ဒုက္ခ၊ မရှိသော အချိန်၊ ဘာမှန်းမသိသော အလုပ်ကိစ္စများ စသည် စသည် ဟု အကြောင်းပြချက်ပေးရမလိုဖြစ်နေသည်။  မည်သို့ပင်ဖြစ်စေ လာလည်ကြသော ဘလောဂ့်ပေါ်က သူငယ်ချင်းတွေနှင့် စာဖတ်သူတွေကို အားနာမိသည်။  ခုတော့ နဲနဲလေး ပြန်ပြီးအချိန်ရလာပြီဖြစ်သည်။  ကွန်နက်ရှင်ကတော့ နှေးတုန်း။  မည်သို့ပင်ဖြစ်စေ ပိုစ့်တွေ ပြန်ရေးဖြစ်မယ်လို့တော့ မျှော်လင့်ထားသည်။ ဘလောဂ့်တွေ လျှောက်လည်ဦးမည်ဟု ရည်ရွယ်ထားသည်။ 
ဒီပိုစ့်လေးကို စီအိုင်အေ အေးဂျင့်ကြီး မပစ်ပစ်က အစပြုပြီး ကိုမောင်ဘုန်း (မျောလွင့်တိမ်တိုက်တို့ နားခိုရာ) က ကျွန်တော့်ကို ရေးဖို့ တဂ်ထားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။  ၂၀၁၂မှာ ကမ္ဘာပျက်မသွားတော့ ၂၀၁၃မှာ ရှုလို့ရသေးသော လေထုထဲမှ လေများကို ၀၀ရှုကြပါစို့။   

Wednesday, December 26, 2012

ကျွန်တော်နှင့် ချောင်းသာ အပိုင်းအစများ

          ချောင်းသာသည် ခု တစ်ခေါက်တော့ ရင်ခုန်ဖွယ် ကောင်းသည်။  ရင်ခုန်ဆို သူမကို တွေ့သောကြောင့်ဖြစ်သည်။  ကမ်းခြေတစ်လျှောက် သဲမွမွလေးတွေပေါ်မှာ လမ်းလျှောက်ရင်း သူမကို တွေ့သည်။  တွေ့တွေ့ချင်း နှစ်ပေါင်းများစွာ ရင်းနှီးဖူး သလိုမျိုးခံစားရသည်။  သူမရဲ့ အပြုံးလေးတွေက ချစ်ဖို့ကောင်းသည်။  ဒီလိုနှင့် သူမနောက်ကို မယောင်မလည်လိုက်ကြည့်သည်။ 

Air Dome (သို့) ဝေဟင်ကာကွယ်ရေးစနစ်


           ရန်သူများပတ်လည်ဝိုင်းနေသောနိုင်ငံဆိုရင် အစ္စရေးနိုင်ငံကို မြင်ကြမည်ဖြစ်သည်။  ၁၉၉၀ လောက်ကစလို့ ဟစ်ဇဗိုလာတွေက အစ္စရေးကို ဒုံးကျည်တွေ အသုံးပြုပြီး နည်းလမ်းအသစ်နဲ့ ပစ်ခတ်လာကြတော့ ဒါဟာ အစ္စရေး ကာကွယ်ရေးအတွက် စိန်ခေါ်စရာ တစ်ခုဖြစ်လာသည်။  ဒီလိုနှင့် ၂၀၀၄ ခုနှစ်လောက်မှာ IDF (Israel Defense System) ရဲ့ Research and Development ဗြူရိုကနေပြီးတော့ ဝေဟင်ကာကွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ အကြံပြုသည်။  ၂၀၀၆ ခုနှစ် ဒုတိယ လက်ဘနွန် စစ်ပွဲမှာတော့ ဟစ်ဇဗိုလာတွေက အစ္စရေးဘက်ကို ဒုံးကျည် ၄၀၀၀ လောက် လက်ဆောင်ပေးသည်။  ဒီဒုံးကျည်တွေက အစ္စရေးရဲ့ တတိယအကြီးဆုံး မြို့ဖြစ်တဲ့ ဟိုင်ဖာ အပါအ၀င် အစ္စရေးမြောက်ပိုင်းတစ်ခွင်ကို ကျသည်။  လူပေါင်း ၄၄ ယောက် အသက်သေဆုံးပြီးတော့ အရပ်သားပေါင်း ၂သိန်းခွဲလောက် လွတ်ရာကို ရွေ့ပြောင်းရသည်။
          တောင်ပိုင်းမှာတော့ ဟားမားစ် တို့က ဂါဇာကမ်းမြှောင်တစ်လျှောက် ဒုံးကျည် ၄၀၀၀ ကျော်နှင့် မော်တာ ကျဉ်ဆံပေါင်း ၄၀၀၀ ကျော်ကို ၂၀၀၀ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်ကြားပစ်သွင်းခဲ့သည်။  ပုံမှန်သမားရိုးကျ ဒုံးကျည်ပစ်လွှတ်မှု့မဟုတ်ပဲ ၁၂၂ မမ Grad လောင်ချာတွေကို သုံးပြီးတော့ Qassams ဒုံးကျည်တွေကို တာဝေးပစ်လွှတ်ခြင်းဖြစ်သည်။  အစ္စရေးနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ လူ ၁သန်းကျော်ဟာ ဒုံးကျည် ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရောက်ရှိနေပြီးတော့ ဒါဟာ အစ္စရေးတို့ရဲ့ လုံခြုံရေးအတွက် အထူးကို စိုးရိမ်စရာ အခြေအနေကို ရောက်ရှိလာပါတယ်။
          ဒီလိုနဲ့ ၂၀၀၇ ဖေဖော်ဝါရီလမှာ အစ္စရေးရဲ့ ကာကွယ်ရေး ၀န်ကြီး Amir Peretz က အစ္စရေးရဲ့ ဝေဟင်ကို တာတိုပစ် ဒုံးကျည်တွေရန်က ကာကွယ်ဖို့အတွက် Iron Dome စနစ်ကို ရွေးချယ်ခဲ့တာပါ။  ဒီလိုနဲ့ အမေရိကန် ဒေါ်လာ သန်း ၂၁၀ တန် စနစ်ကို ရာဖဲ အဆင့်မြင့် ကာကွယ်ရေး စနစ် (Rafael Advanced Defense Systems) က အစ္စရေး ကာကွယ်ရေး တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ တီထွင်ခဲ့ပါတယ်။  ဒီ Iron Dome စနစ်ဟာ လူနေထူထပ်တဲ့ ဒေသတွေမှာ ကီလိုမီတာ ၇၀ (၄၅ မိုင်အတွင်း) ၀င်ရောက်လာတဲ့ ၄မီတာကနေ ၇၀ ကီလိုမီတာ အမြင့်အတွင်းမှာရှိတဲ့ ဒုံးကျည်တွေကို ဒုံးခွင်းဒုံးကို သုံးပြီးတော့ ကာကွယ်ပေးနိုင်ပါတယ်။  ဒီစနစ်ကို ၂၇ မတ်လ ၂၀၁၁ မှာ အစ္စရေးနိုင်ငံတောင်ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Beersheba မှာ စတင်အသုံးပြုခဲ့ပါတယ်။ ၇ ရက် ဧပြီလ ၂၀၁၁ မှာတော့ ဂါဇာဘက်က ပစ်လွှတ်လိုက်တဲ့ ဂရက်ဒုံးကျည်ကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပါတယ်။  ၁၀ရက် မတ်လ ၂၀၁၂ မှာတော့ ဂျေရုစလင် သတင်းစာက Iron Dome စနစ်ဟာ ဂါဇာဘက်ကနေ ပစ်လွှတ်တဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။  နိုဝင်ဘာ ၂၀၁၂ အထိ Iron Dome စနစ်ဟာ ဒုံးကျည်ပေါင်း ၄၀၀ ကျော်ကို ပစ်ချခဲ့ပြီး ဖြစ်ပါတယ်။  Iron Dome စနစ်ဟာ ဝေဟင်အမြင့် ပေ ၃၂၈၀၀ (မီတာ ၁သောင်း) အမြင့်အထိ ပျံသန်းနေတဲ့ လေယဉ်တွေကိုလဲ ဖြိုခွင်းနိုင်ပါတယ်။ 

Sunday, December 9, 2012

သင်္ချာတော်တဲ့ ခွေး

           YouTube မှာတွေ့တဲ့ သင်္ချာတော်တဲ့ ခွေးလေးတွေကို တင်ပေးလိုက်ပါကြောင်း.....  အပန်းလဲပြေ... စိတ်လဲ ကြည်လင်ကြပါစေ ခင်ဗျား..

မဖယ်ဘူးဆို… မဖယ်ဘူး… ဒါဘဲ


          တရုတ်နိုင်ငံက ကျစ်ကျန်းပြည်နယ်မှာတော့ ၄ လမ်းပြိုင်လမ်းမကြီး အလယ်တည့်တည့်မှာ အိမ်တစ်လုံး ထီးထီးကြီးရှိနေတာကို တွေ့ရမှာပါ။  ဒီအိမ်ပိုင်ရှင်တွေကတော့ လျှိုလို့ခေါ်တဲ့ အသက် ၆၇ နှစ်ရှိတဲ့ အဖိုးအိုနဲ့ သူ့ရဲ့ အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ ချစ်ဇနီး တို့ရဲ့ အိမ်ပဲဖြစ်ပါတယ်။  တရုတ်ပြည်မှာတော့ အစိုးရရဲ့ စီမံကိန်းတွေမှာ အိမ်ရှင်တွေရဲ့ သဘောတူညီမှု့မရမချင်း အဆိုပါ စီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ အိမ်တွေကို ဖျက်သိမ်းခွင့်မရှိပါဘူး။  ဖျက်သိမ်းချင်တယ်ဆိုရင် အိမ်ပိုင်ရှင်တွေနဲ့ သဘောတူညီမှု့ယူပြီးမှသာ ဖျက်သိမ်းခွင့်ပြုတယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါသတဲ့။  ဒီအတွက် အဖိုးအို လျှူဟာ သူရဲ့ အိမ်ကို အဝေးပြေးလမ်းမဖောက်ဖို့အတွက် နေရာမပေးပဲ သူ့ရဲ့ အိမ်ကလေးမှာပဲ လျှပ်စစ်မီး၊ ရေတွေ ပျက်တောက်သွားပေမယ် ဆက်လက်နေထိုင်နေဆဲပါပဲ။
          အစိုးရကတော့ သူ့ကို တရုတ်ယွမ်ငွေ ၂သိန်း ၆ သောင်း (ဒေါ်လာ ၄သောင်း ၁ထောင်)နဲ့ အခြားသော အိမ်ကလေး နှစ်လုံး အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် လျှူကတော့ ဒါဟာ လောက်ငှမှု့မရှိဘူးလို့ဆိုပြီး ခေါင်းမာစွာနဲ့ ၄လမ်းသွား လမ်းမကြီးရဲ့ အလည်မှာရှိတဲ့ သူ့ရဲ့ အိမ်ကလေးမှာ ဆက်လက်နေထိုင်နေဆဲပါပဲ။  ဒီလမ်းမကြီးဟာ ၀မ်လင်း ဘူတာရုံနဲ့ ဆက်သွယ်ပေးမယ့် လမ်းမကြီးဖြစ်ပြီးတော့ ဒီဘူတာရုံကတော့ မပြီးစီးသေးပါဘူး။  ဒီ လမ်းမကြီးဖွင့်လှစ်ပြီးသွားရင်တော့ လျှူတစ်ယောက် နေ့ရော ညရော သူ့အိမ်ဘေးကနေ ကားတွေ တစ်ဝီ၀ီနဲ့ ဖြတ်သန်းသွားတာနဲ့ အိပ်လို့တောင် ရပါတော့မလား မပြောတတ်ပါဘူး။  တရုတ်နိုင်ငံမှာတော့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအသစ်တွေတိုင်းမှာ ဒီလိုမျိုး ကိစ္စတွေနဲ့ မကြာခဏဆိုသလို ကြုံတွေ့ရတတ်ပါတယ်။

Monday, December 3, 2012

၂၆ နှစ်အတွင်း စင်ကာပူရဲ့ ပထမဆုံး ဆန္ဒပြပွဲ


          စင်ကာပူနိုင်ငံမှာတော့ ပြီးခဲ့တဲ့ အပတ်က နိုင်ငံရဲ့ ၂၆နှစ်သက်တမ်းအတွင်းမှာ ပထမဆုံး ဆန္ဒပြပွဲဖြစ်ပေါ်ခဲ့ပါတယ်။  စင်ကာပူရဲ့ ဘက်စ်ကားလိုင်း ၂ ခုထဲက တစ်ခုဖြစ်တဲ့ SMRT ဘက်စ်ကားလိုင်းမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေက သူတို့ရဲ့ လုပ်ခ လစာမညီမျှမှု့၊ လူနေမှု့အဆင့်အတန်း နိမ့်ကျမှု့တို့ကို မကျေနပ်လို့ ဆန္ဒပြခဲ့တယ်လို့ဆိုပါတယ်။  တရုတ်နိုင်ငံသား ဘက်စ်ကား ဒရိုင်ဘာတစ်ယောက်ကနေပြီးတော့ တရုတ်လူမှု့ကွန်ယက်ဆိုဒ် ဘိုင်ဒူးမှာ မကျေနပ်ချက်တွေအတွက် ဆန္ဒပြဖို့ ပိုစ့်တင်ပြီးနောက်ပိုင်းမှာ အခြားသော တရုတ်နိုင်ငံသား ဒရိုင်ဘာတွေပါ ပူးပေါင်းပါဝင်လာပြီး လူ ၂၀၀ နီးပါး ပါဝင်တဲ့ ဆန္ဒပြပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
          ဒီအထဲမှာ ပြီးခဲ့တဲ့နှစ်တုန်းက မလေးရှားနိုင်ငံသား ဒရိုင်ဘာတွေကို စင်ကာပူ ဒေါ်လာ ၂၇၅ လစာတိုးမြှင့်ပေးပြီး တစ်လစာ ဆုငွေချီးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံသား ဒရိုင်ဘာတွေကိုတော့ စင်ကာပူဒေါ်လာ ၇၅ ကျပ်သာတိုးမြှင့်ပြီး ဆုငွေချီးမြှင့်ခဲ့ခြင်းမရှိခဲ့တာဟာလဲ တင်းမာမှု့ရဲ့ အဓိက အချက်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။