ချောင်းသာသည် ခု တစ်ခေါက်တော့ ရင်ခုန်ဖွယ်
ကောင်းသည်။ ရင်ခုန်ဆို သူမကို တွေ့သောကြောင့်ဖြစ်သည်။ ကမ်းခြေတစ်လျှောက် သဲမွမွလေးတွေပေါ်မှာ လမ်းလျှောက်ရင်း
သူမကို တွေ့သည်။ တွေ့တွေ့ချင်း နှစ်ပေါင်းများစွာ
ရင်းနှီးဖူး သလိုမျိုးခံစားရသည်။ သူမရဲ့ အပြုံးလေးတွေက
ချစ်ဖို့ကောင်းသည်။ ဒီလိုနှင့် သူမနောက်ကို
မယောင်မလည်လိုက်ကြည့်သည်။
ဒီဇင်ဘာလပေမယ့် မအေး…. နေရောင်နွေးနွေးနှင့်
ချောင်းသာသည် လှချင်တိုင်းလှနေသည်။ သူမကဲ့သို့ပင်
ဖြစ်သည်။ သူမဘေးကို မယောင်မလည်လိုက်ကပ်ပြီး
“နေကောင်းလားဟု” မေးတော့ သူမက “အင်း” ဟုပြန်ဖြေသည်။ ဒီလိုနဲ့ စကားစမြည်ပြောဖြစ်သည်။ (မြန်မာ သဒ္ဒါတွင် နာမ်စားကို “သူ” ဟုသာသုံးပြီး
“သူမ” ဟု မသုံးဟာ တစ်ချို့က ဆိုကြသော်လည်း “သူမ” ဟုသာ သုံးချင်သောကြောင့် သုံးသည်)
ဒီလိုနှင့် သူမကို ချစ်ကြောင်းဖွင့်ပြောဖြစ်သည်။ သူမကလည်း ချစ်သည်ဟုပြန်ဖြေသည်။ အားလုံး ၁၀ မိနစ်သာကြာသည်။ သူမနှင့် လက်ထပ်ပြီး ၃ နှစ်ကျော်အကြာမှာ သူမကို
ထပ်မံချစ်ခွင့်ပန်ခြင်းပင်ဖြစ်သည်။ ချောင်းသာတွင်
သူမကို ချစ်ခွင့်မပန်ဖူးသေး။ ထို့ကြောင့် လင်မယားနှစ်ယောက်
သမီးရည်းစား လုပ်တမ်းပြန်ကစားကြခြင်းဖြစ်သည်။
တစ်ခါတစ်လေ အဲ့ဒီလို ပေါတောတောလုပ်ရသည်မှာ ပျော်ဖို့ကောင်းသည်။
ရွှေပြည်တော်ကို ပြန်ရသည်မှာ ရက်ကသိပ်မရ။ ရသည့်ရက်ကလေးမှာ ချောင်းသာကို မရောက်ရောက်အောင်သွားခြင်းဖြစ်သည်။ Immigration က အရင်အတိုင်းရစ်တုန်းဖြစ်သည်။ ရစ်တာမှ စောင်းငန်း စောင်းငန်းကို ရစ်ခြင်းဖြစ်သည်။ ဘာကြောင့်မှန်းတော့မသိ။ Passport ပြလိုက်တော့ Visa နှင့် တုန်းထုထားသော
အ၀င်အထွက်တွေလျှောက်စစ်သည်။ သင်္ဘောသားလားမေးသည်။ သင်္ဘောသားမဟုတ်ကြောင်း အတန်တန်ရှင်းပြရသည်။ တစ်ခြားနိုင်ငံတွေ ဘာလို့လျှောက်သွားနေလဲမေးသည်။ ရေယာဉ်ဗိသုကာအလုပ်လုပ်သောကြောင့် သင်္ဘောဆောက်သည့်နေရာ
လျှောက်သွားနေရကြောင်း ဖြစ်ကြောင်းရှင်းပြသည်။
အဲ့ဒီမှာ ရှုပ်ကုန်သည်။ သင်္ဘောပေါ်တက်လားမေးသည်။ သင်္ဘောဆောက်မှတော့ သင်္ဘောပေါ်တက်ရသည်ပေါ့။ သင်္ဘောပေါ်တက်တော့ သင်္ဘောသားလား ထပ်မေးသည်။ မဟုတ်ရကြောင်းထပ်ပြောသည်။ သင်္ဘောသားမဟုတ်ပဲ ဘာကြောင့် သင်္ဘောပေါ်တက်လဲ ထပ်မေးသည်။ ဂျာအေးကို သူ့အမေရိုက်သည့် ဇာတ်ခင်းလိုက်သည်မှာ
တော်တော်ကြာသည်။ နောက်ဆုံးတော့ စလုံး ၅၀ တောင်းသည်။ မြတ်စွာဘုရား….. ၅၀ တောင်းချေ၏။ သကောင့်သားကို ဓာတ်ပုံရိုက်ပြီး အထဲဝင်တွေ့ချင်တာမှ
ယားနေသည်။ အချိန်က မရ။ လေဆိပ်ကနေ ပုသိမ်ကို ဆင်းဖို့ ကားချိန်က ကပ်နေပြီ။ သူစောင်းငန်း စောင်းငန်းရစ်သို ကိုယ်လည်း စောင်းငန်း
စောင်းငန်း ပြန်ရစ်လျှင် ကားလွတ်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံသားတစ်ယောက် မြန်မာနိုင်ငံ၏ Immigration တွင် ကိုယ့်ပြည်ကိုယ်ဝင်ခွင့်ရဖို့အတွက်
ဈေးဆစ်နေရသည်မှာ သိပ်တော့ အလုပ်မဟုတ်။ နောက်ဆုံး
စလုံး ၂၀နှင့် ဈေးတည့်သည်။ ဂလု ဂလုနှင့် ဒေါသတွေကို
မြိုချနေရသည်။
လှည်းတန်းအ၀ိုင်းတွင် ၄ လနှင့်အပြီးဆောက်မည့်
ကုန်းကျော်တံတားကြီးသည် ဟီးထနေသည်။ ဟီး ထနေသည်မှာ
ကားတန်းကြီးဖြစ်သည်။ သံချီ သံကွေးကို လမ်းပိတ်ပြီး
လုပ်နေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မြေနေရာ
အတော်ရှားပါးလှသောကြောင့် သံချီသံကွေးအလုပ်ကို လမ်းပေါ်တက်လုပ်နေကြရော့ထင်။ Pre-Fab လုပ်ပြီး Block Pre-fab တွေ နောက်ဆုံးအဆင့်ကြတော့မှ
တွင်းတူး၊ လမ်းခင်းဖို့ လမ်းပိတ်ပြီး နောက်ဆုံးအဆင့် ဆောက်လျှင် ငရဲကြီးမှာ ကြောက်သောကြောင့်လား
မပြောတတ်။
ပုသိမ်ကားဂိတ်သွားတဲ့ ဘုရင်နောင်လမ်းဆုံမှာတော့
ပိုဆိုးသည်။ Pile တောင် မမြင်ရသေး။ ဖုန်တွေကတော့ တစ်လုံးလုံး။ နောက်ဆုံးတော့ ပြီးသွားမည်ဖြစ်သည်။ ဘယ်တော့လဲတော့မသိ။ Plan (ပလ္လင်) ဟုခေါ်သောအရာမှာ စာရွက်ပေါ်တွင် အလွန်ကောင်းကြောင်း
လက်တွေ့သိနိုင်သည်။ ကားတွေကတော့ ပလူပျံထနေသည်။ တိုက်ခန်းတွေမှာ ၀ယ်ထားတဲ့ကားတွေကတော့ ကားပါကင်
ထိုးစရာနေရာမရှိ။ ထိုင်ကြည့်နေလျှင် ကားပိုင်ရှင်တွေ
နာရီဝက်လောက်တစ်ခါ တိုက်ခန်းပေါ်က ဆင်းဆင်းပြီးတော့ ကားတွေကို ဟိုရွှေ့ဒီရွှေ့လုပ်နေသည်ကို
တွေ့ရမည်။
ချောင်းသာလမ်းတစ်လျှောက် လျှောပြာမှသည် ဥတိုတံတားရောက်သည်အထိ
တစ်လမ်းလုံ့း  ရော်ဘာခြံတွေ လှိုင်လှိုင်ထနေသည်။
မြေဂရံတွေကို ဘယ်ကနေ ဘယ်လိုချပေးသည်တော့မသိ။ အငှားလား၊ အပိုင်လား၊ ဘယ်နှစ်နှစ် ပိုင်ဆိုင်ခွင့်
ဒါတွေတော့ သေသေချာချာ မသိ။ အားလုံး ရော်ဘာပင်လေးတွေ
ထိုးထိုးထောင်ထောင်နှင့်ဖြစ်သည်။ ရော်ဘာပင်ဆိုသည်မှာ
မျိုးကအရေးကြီးသည်။ အရင် မော်လမြိုင်ဘက်သွားတုန်းက
အဲ့ဒီက စံပြခြံကို မလေးကရော်ဘာခင်းစိုက်တဲ့ လူတွေလာပြီးတော့ ကြည့်သည်။ မြေသြဇာနည်းလွန်းသည်ဟုဆိုသည်။ ရော်ဘာဆိုသော အမျိုးမှာ တစ်သီးစားမဟုတ်။ နှစ်ရှည်ပင်ဖြစ်သည်။ မြေသြဇာ သေအောင်လိုက်ရသည်။ မလိုက်နိုင်လျှင်၊ မျိုးမကောင်းလျှင် နိုင်ငံတစ်ကာ
ရောင်းတန်းမ၀င်တော့။ မ၀င်လျှင် ဈေးသိပ်မရတော့။ နှစ်၃၀ တွက်ကိန်းက ပျိုးပင် အစမှာ အလွန်အရေးကြီးသည်။ မည်သို့ပင်ဆိုစေ မြေဈေးတွေကတော့ နင်းကန်ပြီး လှိမ့်တက်နေသည်။ ဒီနေ့ မြေတစ်ကွက်ကို ၆၀ နှင့်ဝယ်လိုက် နောက်တစ်ပတ်ကြာလျှင်
၁၂၀ နောက်တစ်ပတ် ၃၀၀ ဖြစ်ချင်ဖြစ်နေမည်။ နောက်တစ်လလောက်နေလျှင်
ထောင်ချီ၊ သောင်းချီချင် ချီသွားမည်။ နိုင်ငံတော်ကြီးက
ဒီလို မြေကစားတာကို လက်ပိုက်ကြည့်နေရော့ထင်… ဒီအတိုင်းဆိုလျှင် ပိုက်ပိုက်ကို ပိုက်ပိုက်နှင့်
ကစားနိုင်သော လူတွေ ဘာလုပ်မှ လုပ်စရာမလိုတော့ချေ။
မွဲသူတို့ကတော့ တွင်းခပ်ကြီးကြီး တူးထားဖို့သာ။ သြော်… ကောင်းလေစွ တစ်ကား။
ချောင်းသာ Hotel Max မှသည် ဒီဘက် Hotel
Ace အထိကတော့ ဟိုတယ်တွေ ကျပ်သွားပြီဖြစ်သည်။
ဒီဘက် ကျောက်မောင်နှမ ဘက်အထိ မြေတွေကတော့ တစ်ချို့က အမှု့ဖြစ်သည့်မြေက ဖြစ်နေသည်။ လက်သိပ်ထိုးသည့် မြေတွေကတော့ လက်သိပ်ထိုးထည့်ထားကြသည်။ ဒီပုံအတိုင်းဆိုလျှင် အလယ် အလတ်တန်းစား အလွှာမှလူတွေ
ဒီထက်အောက်ရောက်ဖို့သာရှိသည်။ မြေယာပိုင်ဆိုင်ခွင့်ကတော့
သတ်သတ်မှတ်မှတ် ဥပဒေအတိုင်း မသွားလျှင် ပိုင်ဆိုင်ခွင့်ရဖို့ မိုးနတ်မင်းကြီးမစပါ လုပ်နေရဦးမည်ဖြစ်သည်။ ပွင့်လင်းမြင်သာဖို့ရာ မှန်ဘီလူးကြီးကြီးတပ်ကြည့်လျှင်တောင်
မှုန်မှုန်မှ မမြင်ရ။
Hotel ACE မှာ တည်းဖြစ်သည်။ အစွန်ဖက်မှာဆိုတော့ နားအေးပါးအေးနှင့် အေးအေးလူလူနေလို့ရသည်။ နားဖို့ အတော့်ကို အဆင်ပြေသည်။ ဘန်ဂလိုဘေးမှာ စပိန်စုံတွဲ နှစ်ယောက် နေပူစာလှုံနေသည်။ ဟိုတယ် အခန်းလေးတွေက သန့်ရှင်း သပ်ရပ်သည်။ ၀န်ဆောင်မှု့လည်း
ကောင်းသည်။ ဟိုတယ်ဝန်းရှေ့မှာ “အစ်ကိုရယ်…
ဂဏန်းလေးတွေ လွှတ်ပါဦးဆိုလို့” လွှတ်ပေးကြည်သည်။ လားလား ညနေ ကမ်းခြေ ရေထဲဆင်းတော့ ဂဏန်းအညှပ်ခံရသည်။ အနင်းခံရလို့ သေတဲ့ ဂဏန်းတွေကလည်း သေသည်။ အတော့်ကို ဆိုးတဲ့ ကောင်တွေ၊ သူ့ဟာသူ အေးအေးဆေးဆေးနေတဲ့ ဂဏန်းတွေကို ဖမ်းပြီး
လာလာလွှတ်ခိုင်းသေးသည်။
ချောင်းသာသည် တိုးတက်လာသည်။ အရင်လို မီးပုံပွဲတွေမှာ ဂစ်တာတီးပြီး သီချင်းမဆိုကြတော့…. ကမ်းခြေမှာ တီဗီနှင့် ကာရာအိုကေစက်ကိုချ ဘောက်စ်တွေ
ဖွင့်ပြီး အပီဟဲကြခြင်းဖြစ်သည်။ ထို့ကြောင့်
ညပိုင်း အေးအေးဆေးဆေး လမ်းလျှောက်ချင်လျှင် နားအေးပါးအေး မရှိတော့။ မီးပုံပွဲမှာ အကင်လဲပါသည်။ သို့သော် စနစ်တကျမဟုတ်သောကြောင့် အတော့်ကို ညှော်စော်နံသည်။ အမှိုက်ပုံးတွေ အနီးအနားမရှိတော့ ပစ်ချင်တဲ့နေရာ
အမှိုက်တွေ လျှောက်ပစ်ကြသည်။
တစ်ကယ်က
ညပိုင်း ရှု့မငြီးကို လက်တွဲပြီး ကြယ်လေးတွေကြည့်၊ လှိုင်းရိုက်သံလေးတွေကို နားထောင်၊
ကမ်းခြေမှာ ခြေဗလာနဲ့ လျှောက်ချင်တာ…. သို့ပေမယ့်
ညှော်နံ့ နှာခေါင်းထဲကို ၀င်၊ “ဒီရေ လှိုင်းဖွေး…
မုန်တိုင်းက ကြမ်းနေလို့ အိုး.ရေ….” ဆိုပြီး သာသာယာယာ လမ်းလျှောက်နေတဲ့ အထဲ ဘယ့်နှယ်
ကာရာအိုကေ ဆောင်းဘောက်ကနေ မုန်တိုင်းတိုက်ပါတယ်ဆိုပြီး ကုန်းကြုံးပြီးအော်လိုက်တဲ့
အသံက နားထဲကို ဆောင့်ဝင်။ ဘယ်လိုမှ ဖီးလ်မလာ။ ဆိုချင်လျှင် နောက်လမ်းမှာရှိတဲ့ ကာရာအိုကေဆိုင်တွေမှာ
သွားဆိုပါတော့လား။ ဘယ့်နှယ် ကမ်းခြေမှာမှ ဘောက်စ်ကြီးချပြီး
အသားကုန်အော်နေကြသည်။ ကမ်းခြေတစ်လျှောက်လုံး
၁၀ ပေခြား ကာရာအိုကေစက် တစ်လုံးလောက်ရှိလေတော့ ကမ်းခြေတစ်ခုလုံး စဉ်းစားသာကြည့် ပွက်လောကို
ရိုက်နေသည်။
ခြေဗလာလျှောက်ဖို့ကလဲ
အကင်သည်တွေနှင့် မီးပုံပွဲက အကင်တွေရဲ့ တုတ်တွေက ခြေထောက်စူးမှာ ကြောက်ရသည်။ ထို့ကြောင့် ဖိနပ်စီးပြီး လျှောက်ရသည်။ Hotel ACE ဘက်ကတော့ အတော်လေးကို ငြိမ်းငြိမ်းချမ်းချမ်းရှိသည်။ ရှု့မငြီး ဟိုတယ်ရွေးတော်သည်။ ဟိုဘက်ကပ်လျှက်မှာ ကာရေဘီယံ ဘားရှိသည်။ ဂျင်တိုးနစ်ကလေးနှင့် ငြိမ့်ငြိမ့်လေးနေလို့ရသည်။ Live Band လဲရှိသည်။ ၀ါသနာပါလျှင် ၀င်တီးလို့ရသေးသည်။
အဲ..
ချောင်းသာမှာ လှဘိုဆိုင်ကတော့ တော်တော့်ကို စားလို့ကောင်းသည်။ ရခိုင်စာ ကြိုက်သောသူများအတွက်ကတော့ ဒီဆိုင်က အတော့်ကို
ကောင်းသည်။ ငါးတူနီခြောက်သုပ်ကို ရခိုင်သုပ်လေးနှင့်
စားလို့ရသည်။ ပြည်ကြီးငါး ကုန်းဘောင်လည်း တော်တော်ကောင်းသည်။ ရေဘ၀ဲ လည်းကောင်းသည်။ အားလုံး စားလို့ကောင်းသည်။ စားလို့ကောင်းသောကြောင့် ချောင်းသာမှာ နေတဲ့ တစ်လျှောက်လုံး
လှဘိုမှာပဲစားသည်။ ဆိုင်ကယ်ငှားသည်။ ဆီပါဖြည့်ပေးသည်။ ရှု့မငြီးနှင့်အတူ ချောင်းသာတစ်ပတ် လျှောက်သွားကြသည်။ ငွေဆောင်ကိုတော့ မသွားဖြစ်တော့။ အချိန်ရလျှင်တော့ ချောင်းသာကနေ ငွေဆောင်ကို ဆိုင်ကယ်မောင်းပြီး
သွားချင်သည်။ ဤသို့နှင့်ပင် ချောင်းသာမှ မပြန်ချင်နှင့်
ပြန်ချင် ပြန်လာခဲ့ပါသည်။
အောင်မလေးဗျာ.....ရေးထားလိုက်တာ ဖတ်ရတဲ့သူ သွားချင်စိတ်ကိုပေါက်
ReplyDeleteရောပဲ....၊ကမ်းခြေမှာ ကာလာအိုကေအော်ကြတာတော့အတော်ဆိုးဗျာ....။
အင်း.....အင်မီဂရေးရှင်းကတော့ ရစ်စရာမရှိရင် ပေါ်တင်တောင်းသဗျ....၊
ဆိုးတဲ့ဟာတွေ......။
အေးအေးဆေးဆေးနားလိုက်ရတော့ကောင်းတာပေါ့။
ReplyDeleteနှစ်သစ်မှာပျော်ရွှင်ပါစေရှင်။
အိုင်အိုရာ
အင်းးး အင်မီဂရေရှင်းး
ReplyDeleteကတော့အရင်လိုပါဘဲ..
ချောင်းသာ..ကိုမြင်တော့သွားချင်လိုက်တာနော်...
အကိုရေ
မောင်ဘုန်းက တဂ်ထားတယ်နော်..
ရေးပေးပါဦး..
ပစ်ပစ်အစပြုလိုက်တဲ့ တက်ဂ်ပို့လေးကို..
အင်း.. ခြေနှစ်ချောင်း မြင်ကထဲက သိနေပြီ။ ဒါ လူဘဲ ဖြစ်ရမယ်ဆိုတာ။း)
ReplyDeleteမောင်အွတ်ချောင်။ ချောင်းသာသွားရင် အုန်းပင်အောက်က မုန့်ဟင်းခါးဆိုင် အကြာကြီး ထိုင်မစားလေလင့်။
ဟိုတစ်ခါဆီက စုံတွဲတစ်တွဲ အုန်းပင်အောက် မုန့်ဟင်းခါး ထိုင်စားရင်း အုန်းသီးကြီး ပြုတ်ကျလာပါရောလား။
အုန်းသီးကလဲ သန်သန်မာမာ ယောက်ျားပေါ်မကျဘဲ မုန့်ဟင်းခါးငုံ့စားနေတဲ့ နုနုထွတ်ထွတ် မဒီကညာရဲ့ လည်ဂုတ်ကြားနဲ့ကျောပြင်ကြားထဲ ဘုတ်ကနဲ
ပြုတ်ကျလာလေတော့ သူ့ခမျာ ပါးစပ်ထဲက မုန့်ဟင်းခါးတောင် အပြင်လွှင့်စင်ကျရရှာတယ်။
အပျော်ခရီးသွားကြတဲ့ စုံတွဲခမျာ ဘန်ဂလိုမှာ မအိပ်ကြရဘဲ ဆေးရုံမှာဘဲ အချိန်ကုန်ခဲ့ကြရတယ်ရော။
သွားသတိ စားသတိ ရှိပါလေ။
ဘေးရန်ကင်း ပျော်စရာတွေချဉ်းတဲ့ ခရီးကောင်းလေး တစ်ခု ဖြစ်ပါစေဗျာ။
ဒီတစ်ခေါက် ဖတ်ရတာ အသွင်တစ်မျိုးလေးပါလား မောင်အောင်ထွဋ်ရေ။ ချောင်းသာတောင် သွားချင်စိတ်ပေါ်လာပြီး)
ReplyDeleteဘုရင့်နောင်တံတားကျော်ကျော်ခြင်း ညာဖက်က ရပ်ကွက်က တီတင့်နေတဲ့ရပ်ကွက်လေ။ ဝင်လာရင် တစ်ခုခုကျွေးလိုက်ပါရဲ့
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပင်လယ်က လာလို့ လားမသိ..ကမ်းခြေဆို သိပ်စိတ်မပါဘူး..တောင်တွေဆို လာထား..ဒီပို့ စ်ဖတ်တော့မှ ကမ်းခြေ သွားချင်စိတ် ပေါက်တယ်..
ReplyDeleteလွန်ခဲ့တဲ့အပတ်က မြန်မာပြည်ပြန်သွားတယ်။ လေဆိပ်အင်မီကရေးရှင်းမှာ အရစ်ခံလိုက်ရပြီး ဘတ်(၁၀၀၀)ပါသွားတယ်။
ReplyDeleteIMMIGRATION ကသူ့အလုပ်သူလုပ်တာနားလည်ပေးလိုက်ပါ
ReplyDelete