စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 2, 2012

ကျွန်တော်နှင့် ဒေါ်ဇာဖြူ


          ­­ဒေါ်ဇာဖြူတို့က ပင်လယ်ပိုင်းက။  ပွင့်ကောင်း ငံပြာရည်တို့နဲ့ တစ်ရွာထဲသားတွေ။ ပွင့်ကောင်း ငံပြာရည်ဆိုတာက အခု ရွှေပုဇွန် ကိတ်နှင့် အအေးဆိုပြီး နာမည်ကြီးလာတဲ့ ဦးပွင့်ကောင်း။  ဆိုလိုချင်တာက ငံပြာရည်ကောင်းတယ်ဆိုတာကိုပါ။  ဒေါ်ဇာဖြူက သူတို့နယ်က ငံပြာရည်ကို ယူပြီး ပုသိမ်မှာရောင်းတာ။  ရောင်းတယ်ဆိုတာက သူများတွေလို ပုလင်းတွေဘာတွေသွပ်ပြီး စီးပွားဖြစ် ရောင်းတာမဟုတ်ဘူး။  လက်လီရောင်းတာ။  သူတို့အိမ်မှာက ငံပြာရည်ကို စဥ့်အိုးကြီးတွေနဲ့ လှောင်ထားတာ။  ရပ်ကွက်ထဲက ၀ယ်ချင်တဲ့သူတွေက ပုလင်းလေးတွေနဲ့လာ ဒေါ်ဇာဖြူက ခွက်နဲ့ချိန် ပုလင်းထဲထည့် ၁၀ ဖိုး၊ ၂၀ ဖိုး စသည်ဖြင့် လာဝယ်ကြတာများတယ်။
          တစ်ခြား ဘာစီးပွားရေးရှိလည်းဆိုတော့ သူတို့အိမ်မှာ ကျောင်းသူလေး တစ်ယောက်နှစ်ယောက် တင်ထားမယ်။  အိမ်ရှေ့မှာတော့ ဆေးခန်းလေးတစ်ခုကို ငှားထားတယ်။  အဲ့ဒီဆေးခန်းမှာ ကျွန်တော့် အမေက ဆေးခန်းထိုင်တယ်။  ဒီတော့ ကျွန်တော်လည်း အမေ့ဆေးခန်းကို ငယ်ငယ်တုန်းက လိုက်သွားပြီး ဆော့လေ့ရှိတယ်။  အဲ့ဒီမှာတင် ဒေါ်ဇာဖြူရယ်၊ သူ့သမီးရယ် သူ့သမီး တူမနှစ်ယောက်ရယ်နဲ့ အသိဖြစ်တယ် ဆိုပါတော့။  ဒေါ်ဇာဖြူက အဲ့ဒီအချိန် အသက် ၆၅၊ ၇၀ လောက်ရှိပြီထင်ပ။  ဖွားဇာဖြူလို့ ခေါ်ကြတာပေါ့လေ။  ကျွန်တော်ကတော့ လူကြီးတွေခေါ်တဲ့ ဒေါ်ဇာဖြူကို နှုတ်ကျိုးနေတော့ ဒေါ်ဇာဖြူလို့ပဲခေါ်တယ်။ ဖြူဖြူဖွေးဖွေးနဲ့ အမြဲတမ်း သနပ်ခါးလေး တဖွေးဖွေးပေါ့။
          အဲ့ဒီအိမ်လေးကလည်း အဆန်းသား။  ထူးထူးဆန်းဆန်းတွေကြုံရတာလည်း အဲ့ဒီအိမ်မှာပဲ။  အရင်တစ်ခေါက်တုန်းက ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား ဆိုပြီး ပိုစ့်တင်ဖူးပါတယ်။  အဲ့ဒီ အဖြစ်အပျက်ကလေးကလည်း အဲ့ဒီအိမ်မှာပဲဖြစ်တာပဲ။  ဒေါ်ဇာဖြူ့သမီးရဲ့ တူမအကြီးက သိုက်ကလာတာလို့ဆိုတယ်။  နောက်သိုက်က မောင်နှမတွေ ၀င်ပူး၊ သိုက်ကြောတွေဘာတွေဖြတ် အဲ့ဒီလို ထူးထူးဆန်းဆန်းတွေ။  နောက်ပိုင်း ဖြစ်ရပ်တွေကတော့ အဲ့ဒီပိုစ့်မှာ ရေးထားလို့ ဖတ်ချင်ရင် အဲ့ဒီကိုသွားဖတ်ကြပါ။  အဲ.. အခုတော့ ဒေါ်ဇာဖြူ့အကြောင်းဆက်လိုက်ဦးမယ်။

          အရှင်အနုဒ္ဓါက ဘုရားရှင်ကို လျှောက်တဲ့အခါမှာ “အရှင်ဘုရား ငရဲပြည်မှာ များသောအားဖြင့် အမျိုးသမီး (မာတုဂါမ)တွေကို တွေ့ရပါတယ် ဘုရား၊  ဘယ်လိုအရာတွေနဲ့ ပြည်စုံတဲ့ အမျိုးသမီး(မာတုဂါမ) တွေ သေလွန်ရင် ငရဲပြည်ရောက်ရပါသလဲဘုရား” လို့ လျှောက်လေတော့ ဘုရားရှင်က
“ချစ်သား၊
၁။ မနက်ပိုင်းမှာ ၀န်တိုမှု့အညစ်အကြေးတွေ၊ ကိုယ့်ကိုယ်ကို ရောင့်ရဲတင်းတိမ်ခြင်းမရှိတဲ့ စိတ်တွေနဲ့ နေသော (ဣသာ)
၂။ နေ့လယ်ပိုင်းအချိန်မှာ သူတစ်ပါး ပစ္စည်းဥစ္စာကို ငြူစူလွန်ကဲ၊ မနာလိုဝန်တိုတဲ့ စိတ်တွေနဲ့နေသော (မစ္ဆရိယ)
၃။ ညနေပိုင်းအချိန်မှာ ကာမဂုဏ်တပ်မက်မှု့လွန်ကဲတဲ့ စိတ်တွေနဲ့ နေသော (ရာဂ)
အဲ့ဒီ တရားသုံးပါးနှင့် ပြည့်စုံတဲ့ အမျိုးသမီး (မာတုဂါမ)တွေ သေလွန်ရင် ငရဲသို့ ရောက်တာပဲ”လို့ ပြန်လည်ဖြေကြားပါတယ်။
          ဒေါ်ဇာဖြူကတော့ ဘယ်လိုစိတ်တွေနဲ့ နေတယ်မသိ။  တွေ့လိုက်ရင်တော့ သူ့ချွေးမကဖြင့် ဘယ်ပုံ၊ ဘယ်ချမ်းသာ၊ သူ့သားကဖြင့် ဘယ်လိုထွန်းကားလို့ သူ့ချွေးမက ဘယ်လို သုံးဖြုန်းတာ၊ သူ့မှာဖြင့် ဟောဒီလိုဆင်းရဲနေရတာ။  စသည် စသည်ကို ပရိတ်ရွတ်တတ်ပါတယ်။  သို့ပေမယ့် သူ့ သားနဲ့ ချွေးမကလည်း အိုဗာတင်း၊ ဟောလစ်၊ မိုင်လို၊ ဆေး၊ အစားအစာ ဘာလိုလို အမြဲဖြည့်ဆည်းပေးနေတာပါပဲ။  ဆေးဝါးဆိုလည်း သူ့အိမ်ရှေ့မှာတင် ဆေးခန်းဖွင့်ထားတော့ တံခါးတစ်ချပ်ဖွင့်လိုက်တာနဲ့ ဆေးခန်းတန်းရောက်တာပဲ။  ဘာမှကို သိပ်လေသေးမရှိတာပါ။  ဒီတော့ ဒေါ်ဇာဖြူ ဘာကိုမကျေမနပ်ဖြစ်နေလည်း ကျွန်တော်တော့နားမလည်။  ဘုရားတရားကတော့ ဘုရားစင်ရှေ့မှာ ဦးချရင် ဦးချမှာပေါ့လေ။  သို့ပေသည့် အ၀ိဇ္ဇာနဲ့ တဏှာမှ မချွတ်နိုင်ရင်လည်း ဒီသံသရာဝဋ်ဆင်းရဲတွင်းကြီးထဲက လွတ်အောင် လမ်းပြပေးတော်မူခဲ့တဲ့ ဘုရားရှင်ကို ရည်စူးပြီး ဦးချတာ သူ့အနေနဲကတော့ ဘယ်လိုအဓိပ္ပာယ်ရှိမယ် ကျွန်တော်လည်း မသိ။
          အဲ….  နောက်ပိုင်းတော့ ဒေါ်ဇာဖြူ ကျန်းမာရေးက နည်းနည်းချူခြာလာပါတယ်။  သစ်သီးတွေ အမှည့်လွန်သလိုပေါ့လေ။  အိုနာ ပေါ့။  နောက်ပိုင်းတော့ တဖြည်းဖြည်းဆိုးလာပါတယ်။  သို့ပေမယ့် အဲ့ဒီမှာတင် ထူးဆန်းတာက ဖြစ်တာပဲ။  ဒေါ်ဇာဖြူက မနက်ပိုင်းဆို အိပ်ကိုနေတော့တာ။  ညနေပိုင်းဆိုရင် ညည်းပြီ။  တအင်းအင်း…. တအဲအဲ နဲ့ အဆက်မပြတ်ကို ညည်းတော့တာ။  သူညည်းရင် နှိပ်ပေးရတယ်။  နောက် ညပိုင်းဆို မအိပ်တော့တာပါ။ 
          နောက်ပိုင်း တဖြည်းဖြည်းဆိုလာတာက ညညဆိုရင် ဒေါ်ဇာဖြူ ထမင်းတွေ ထ ထစားတာပါ။  လူမမာဆိုတော့ ခေါင်းစုတ်ဖွား၊ ညဖက်ကြီး ထမင်းပန်းကန်ကြီးကိုကိုင် မီးဖိုချောင်မှာ ငုတ်တုတ်ထိုင်စားနေတဲ့ ဒေါ်ဇာဖြူ့ကို တရေးနိုး အပေါ့အပါးသွားချင်လို့ ထတဲ့လူတွေ မြင်ရင် လိပ်ပြာလွင့်မှာ သေချာလောက်တယ်။  မနေ့ကချက်တဲ့ ထမင်းတွေ ဟင်းတွေဆို မနက်ရောက်ရင် ဒေါ်ဇာဖြူစားလို့ကုန်ပြီ။  စားပေမယ့် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ပြန်ကျန်းမာလာသလားဆိုတော့ အဲ့ဒီလိုလည်း မဟုတ်ဘူး။  ဒီပုံက ဒီပုံအတိုင်းပဲ။  မနက်ကျရင် အိပ်မယ်၊ ညနေထမယ်၊ ညည်းမယ်…  ညကျရင် ထမင်းတွေထစားမယ်။  အဲ့ဒီလိုကို သံသရာလည်နေတာ။
          စောစောက ပြောခဲ့သလို ဒေါ်ဇာဖြူ ညည်းရင် နှိပ်ပေးရတယ်လို့ ဆိုပါတယ်။  အဲ့ဒီလို နှိပ်ပေးလိုက်ရင်တော့ ဒေါ်ဇာဖြူ မညည်းတော့ဘူး။  သို့ပေမယ့် နှိပ်ပေးတဲ့လူကတော့ ခေါင်းမူးသလိုလို၊ သွေးအားနည်းသလိုလို၊ အားမရှိတော့သလိုလို ဖြစ်တယ်လို့ ဆိုပါတယ်။  နှိပ်တယ်ဆိုတာကလည်း အနှိပ်သည်တွေရော၊ အိမ်သားတွေရော၊ အမျိုးတွေပါ ကြုံရင် ကြုံတဲ့လူက နှိပ်ပေးလေတော့ ဘယ်သူနှိပ်နှိပ်၊ နှိပ်ပြီးရင် အဲ့ဒီ လက္ခဏာတွေ ပြတာပဲ။  ဆိုလေတော့ ဒေါ်ဇာဖြူ ရိုးမှ ရိုးရဲလားလို့ အားလုံးက သံသယ ဖြစ်လာကြတယ်။
          နောက်ပိုင်း အိမ်ကို ဆရာတော်တွေ ပင့် ပရိတ်တွေဘာတွေရွတ်ရင်လည်း ဒေါ်ဇာဖြူ ညည်းပါတယ်။  သူ့အနားကို လူတစ်ယောက်ယောက်ကပ်ပြီး နှိပ်ပေးမနေရင်လည်း ဒေါ်ဇာဖြူညည်းပါတယ်။  ထမင်းတွေကတော့ ထုံးစံအတိုင်း ညညထပြီး စားနေတုန်းပဲ။  ဒီတော့ တစ်ချို့ကမှတ်ချက်ချကြတယ်။  ဒေါ်ဇာဖြူ့ကို ဖုတ်ဝင်နေသတဲ့။  ဖုတ်ဝင်တော့ ဖုတ်ကို ဘယ်လိုထုတ်မလဲ? 
          တစ်ချို့ကတော့ အကြံပေးတယ် ပရိတ်ရေတိုက်၊ သြဇာရွက်ကို အိပ်ယာထဲထည့် ဒီလိုပေါ့လေ။  ဒါပေမယ့် အိမ်သားတွေကတော့ အစပိုင်း မလုပ်ရက်ကြပါဘူး။  သူတို့ အမေအသက်ရှင်နေတာကိုပဲ မြင်ချင်ကြတယ်ပေါ့လေ။  သို့ပေမယ့် နောက်ပိုင်း တဖြည်းဖြည်းဆိုလာတော့ နည်းအမျိုးမျိုးနဲ့စမ်းကြတာပါပဲ။  နောက်ဆုံးကြားတာကတော့ သြဇာရွက်ကို ဖျာအောက်ထဲထည့်တယ်လို့ဆိုပါတယ်။   အဲ့ဒီမှာတင် ဒေါ်ဇာဖြူလည်း ဆုံးတာပဲ။
          အဲ့… ဆုံးတော့ ပြောကြသေးတယ်။  အဲ့ဒါကတော့ ကျွန်တော်လည်း ကိုယ်တိုင် အနားမှာမရှိတော့ ဟုတ်တယ် မဟုတ်တယ်မသိ။  ဒေါ်ဇာဖြူဆုံးခါနီးက ဖုတ်ထွက်သွားသတဲ့။  ထွက်တာမှ အိမ်နံရံကို အရိပ်မည်းမည်းကြီး ၀င်တိုက်သွားတာ “ဘုတ်” ဆိုပြီးတော့တောင် အသံမည်သွားတယ် ဆိုပဲ။

12 comments:

  1. နောက်ဒီဘလော့ကိုလာရင် ပရိတ်ရွတ်လာရမယ်း)))

    ReplyDelete
  2. ဟာကွာ .....ဇာတ်သိမ်းကြမ်းလိုက်တာ
    ကိုအေအိတ်ရေးထားတာ ပြောပါတယ် :P
    ဒေါ်ဇာဖြူ ဆုံးလေသတည်း ဘုတ် ဆိုပြီး ပြီးသွားတယ်
    ကျူတီက ဒုတိယပိုင်းမျှော် (စာတန်းလေးများ) ပါမလားလို့ ရှာနေတာ ဟိဟိ
    အဲလိုဟာတွေ ညားညားရေ မီကျောက်တက်ဖူး
    မီးပိတ်ဖတ်ရဲတယ် :D

    ReplyDelete
  3. ဇာတ်ရှိန်က တက်လာပြီးမှ ဘုတ်ဆိုပြီးကျသွားရသလားကောင်လေးရ။ မြန်မာပြည်မှာ တီဗီဇာတ်လမ်းကြည့်ရသလိုပဲ။ ရုတ်တရက်ကြီး။ anyway, good post man, bravo.

    ReplyDelete
  4. စိတ်ဝင်စားစရာ အကြောင်းလေးဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။
    ဆန်းကျယ်မှုဖြစ်ရပ်တွေက မယုံရခက် ယုံရခက်ဆိုပေမယ့်
    တစ်ချို့အရာတွေမှာ ငြင်းလို့မရတဲ့ အထောက်အထားတွေရှိတယ်လေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အံ့သြပြီးစိတ်ဝင်စားစရာကောင်းတယ်
    ဟုတ်ချင်လဲဟုတ်မှာပါ ကိုယ်တိုင်မတွေ့ရလို့ မဟုတ်ဘူးလို့လဲပြောမရတဲ့အကြောင်းတွေပဲလေ

    ReplyDelete
  6. ကိုကိုမောင်(ပန်းရနံ့)June 2, 2012 at 5:23 PM

    ဖုတ်ဝင်တဲံ အကြောင်း ဖတ်လိုက်ရင် အမျိုးသမီးတွေကို ၀င်တာချည်းဘဲ။ အမျိုးသားတွေကို ဖုတ်ဝင်တာ တစ်ခါမှ မကြားဖူးသလောက်ဘဲ။
    သူကြီးမင်းတို့ အရပ်ဖက်မှာလဲ ဖုတ်ဝင်ပြီဆိုတဲ့ သတင်းကြားရရင် အမျိုးသမီးကို ၀င်တာပါဘဲ။ အဲဒါကြောင့် ဖုတ်ဝင်တယ်ဆိုတဲ့ အသံကို ကြားရရင် အမျိုးသမီး အဘွားကြီး ဆံပင်စုပ်ဖွားဖွားနဲ့ဘဲ မြင်ယောင်နေမိတော့တယ်။

    ဒါဖြင့်
    အမျိုးသားကိုကော ဖုတ်မ၀င်နိုင်တော့ပြီလော။
    ဘဇာကြောင့် အမျိုးသမီးကိုသာ ဖုတ်ဝင်ရပါသနည်း။
    ဖုတ်ကိုယ်တိုင်က အမျိုးသမီးလော အမျိုးသားလော။

    အဲဒီပြဿနာကို မောင်အွတ်ထောင် ဖြေကြားပေးပါ။း)

    ReplyDelete
  7. အဲလို ဖုတ်ဝင်တာ ပစ်ပစ်လည်းမြင်ဖူးတယ်..
    မြင်ဖူးတယ်မဟုတ်ဘူး..ကြားဖူးတာ
    အမျိုးထဲမှာကိုရှိတယ်...
    နောက်မှပိုစ့်တင်မယ်..အဲအကြောင်း..

    ReplyDelete
  8. တစ်မျိုးကြီးဘဲခံစားရတယ်ကိုအေအိတ်ရယ်။
    ကြောက်သလိုလို စိတ်မကောင်းသလိုလို...
    အိုင်အိုရာ

    ReplyDelete
  9. ကြားဖူးတယ်..ထူးဆန်းတယ်..

    ReplyDelete
  10. ပို့စ်ဖတ်ပြီးကာမှာတော့ ဗျာ သချီးမင်းမေးခွန်းကြောင့် မောင်ဘကြောင် အဲ မောင်ဘကြိုင် တွေးမရဖြစ်သွားတယ်
    ဗိုလ်ထဋ်ဖြေပေးပါး)


    ပုံ
    မောင်ဘကြိုင်

    ReplyDelete
  11. လန့်စရာကြီး
    အဲလိုတွေ ကြားဖူးတယ် ကြုံတော့မကြုံဖူးဘူး..
    ထူးတော့ထူးဆန်းတယ်နော်
    မယုံလို့လည်း မဖြစ်..

    ReplyDelete