စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, February 21, 2013

ပိုင်


          စက်ဝိုင်းတစ်ခုရဲ့ ပိုင် ဆိုတာက ၂၂ ကိုတည် ၇ နဲ့စား အဲ့ဒါပိုင်၊  ၃.၁၄၁၅၉ ဆိုပြီးတော့ ကျောင်းတုန်းကတော့ သင်ခဲ့ရတာပဲ။  ဒါပေမယ့် ဘာဖြစ်လို့ အဲဒီ တန်ဖိုးရလာလဲ၊  Pi (သို့) π  (သို့) ပိုင် လို့ခေါ်တဲ့ အဓိပ္ပာယ်လေးကို သေသေချာချာကို မသိခဲ့တာ။  ဆရာတွေကို မေးဖို့ကြံတိုင်း တစ်ခြား အခန်းတွေရောက်ရောက်သွားတာနဲ့ ပိုင် အကြောင်းကို မမေးဖြစ်ခဲ့ဘူး။  နောက်ပိုင်း အင်တာနက်ပေါ်လာတော့မှ ပိုင်အကြောင်းကို နဲနဲပါးပါး သိလာရတော့တယ်။
          ပိုင် ဆိုတာ စက်ဝိုင်းတစ်ခုရဲ့ အချင်း (diameter) နဲ့ သူ့ရဲ့ စက်ဝန်း (circumference) ရဲ့ အချိုးကို ပိုင်လို့ခေါ်တာ။  စက်ဝိုင်း ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်သေးသေး ဒီအချိုးဟာ ပြောင်းလဲမသွားပါဘူး။  ဒါကိုတော့ ကျောင်းတုန်းက သိခဲ့တယ်။  ဒါပေမယ့် စက်ဝိုင်းရဲ့ အချင်း (diameter) နဲ့ စက်ဝန်း (circumference) ကို ဘယ်လို အချိုးချသလဲဆိုတာက စဉ်းစားစရာ ပြဿနာတစ်ခု။  အဲဒါကို မြင်သာအောင် ဟောဒီ ပုံလေးကို ကြည့်နိုင်ပါတယ်။



ဒီပုံလေးက ၀ီကီပီဒီယာထဲက ပုံလေး


ဆက်လိုက်ပါဦးမယ်……  စဉ်းစားကြည့်လေ စက်ဝိုင်းရဲ့ circumference ကို ဘယ်လိုတိုင်းကြသလဲဆိုတာ။  စက်ဝိုင်းရဲ့ ဧရိယာကိုသိချင်ရင် π နဲ့အချင်းဝက် နှစ်ထပ်ကိန်းနဲ့ မြှောက်ရတယ်ဆိုတော့ အဲဒီမှာတင် ပိုင် ဆိုတဲ့ဟာက စပြီးတော့ ပါလာပြီ။  ဒီတော့  circumference ကိုတိုင်းချင်ရင် စက်ဝိုင်းကို ဖြန့်ခင်းပြီးတော့ တိုင်းရမလိုဖြစ်နေတယ်။    ဒီတော့ ဒီနေ့ AutoCAD ထဲမှာ ဆွဲကြည့်တယ်။  Diameter ၁၀၀မီလီမီတာ အချင်းရှိတဲ့ စက်ဝိုင်းတစ်ခု။  အဲ့ဒီမှာ အချင်းဝက် လိုင်းတစ်လိုင်းဆွဲလိုက်တယ်။  Array Command ကတော့ ဘာမှ မဟုတ်ဘူး၊ စောင်းစောင်းရေးထားတဲ့ စာတွေကို ကျော်ဖတ်သွားလို့ရပါတယ်။  [-ar enter ဆိုပြီးတော့ စောစောက အချင်းဝက်ကို select object လုပ်၊ rectangular/polar မှာ p ကို ရိုက်ထဲ့ပြီးတော့ polar ကိုရွေး၊  ပြီးရင် Base point ကို စက်ဝိုင်းရဲ့ center ကို ကလစ်လုပ်၊  နောက် array ဘယ်နှစ်ခု ပွားချင်သလဲဆိုတာကို ရိုက်ထည့်။  ၃၆၀ ဒီဂရီကို မပြောင်းပဲထား၊  clock wise၊ counter clock wise က ဘာမှမထူးတော့ ဒီအတိုင်းပဲထား၊  rotate array object ကို yes အတိုင်းပဲ enter ခေါက်လိုက်ရင် စက်ဝိုင်းကို အညီအမျှပိုင်းထားတဲ့ အချင်းဝက်လိုင်းလေးတွေရလာရော။  အဲဒီလိုင်းနှစ်ခုကြားထဲက distance ကို တိုင်းပြီးတော့ အပိုင်းအရေအတွက်နဲ့ မြှောက်လိုက်ရင် စက်ဝန်းရဲ့ အကြမ်းဖျင်းအရှည်ကို သိရော။  အဲ့ဒီတော့ array ထဲမှာ ၅သောင်းလို့ရိုက်ထည့်လိုက်တယ်။  မရဘူး… အများဆုံး ၃၂၇၆၇ ပဲလက်ခံတယ်။  အဲ့ဒါနဲ့ အများဆုံးကို ရိုက်လိုက်တယ်။  ပြီးတော့ တိုင်းကြည့်လိုက်တယ်။  ရလာတာကို ၃၂၇၆၇ နဲ့မြှောက်လိုက်တယ်။  ပြီးတော့ စက်ဝိုင်းအချင်း ၁၀၀ နဲ့စားလိုက်တော့ ၃.၁၄၅၆၃၂ ဆိုပြီးထွက်လာတယ်။  အနီးစပ်ဆုံးတော့ ဒဿမ နောက် နှစ်နေရာအထိတော့ တူတယ်။]
ဒါပေမယ့် ပိုင်ရဲတန်ဖိုးကို ၃.၁၄၁၅၉ လို့ပဲ သိထားတာ။  ဒါကို ဘယ်လိုရသလဲဆိုတာကို ဆက်ပြီးလိုက်ကြည့်တော့ ကျွန်တော့် ဖေးဘရိတ်ကြီး အာခီမီးဒီးစ် အကြောင်းကို သွားတွေ့တယ်။  ကျွန်တော်လေးစားတာထက်ပိုပြီးတော့ လေးစားသွားတယ်။  သူ့ အကြောင်းကို ဟောဒီပိုစ့်လေးမှာ ကျွန်တော်ရေးဖူးတယ်။  သူက ပထမဦးဆုံးသော ပိုင် ရဲ့ တန်ဖိုးကို သတ်မှတ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။  သူ့အရင်အရင်တုန်းက အီဂျစ်ဖက်မှာ သချာင်္ပညာ ထွန်းကားခဲ့လို့ ပိုင် တန်ဖိုး အကြမ်းဖျင်း သတ်မှတ်ခဲ့ကြပေမယ့် အာခီမီးဒီးစ်ကတော့ ညီမျှခြင်းနဲ့ သက်သေထူပြီး ဖြေရှင်းပြနိုင်ခဲ့ပါတယ်။  ဘီစီ ၂၅၀ ၀န်းကျင်တုန်းက အာခီမီးဒီးစ်ဟာ ပိုင်ရဲ့တန်ဖိုးကို အနားညီ polygon တွေနဲ့ ဖြေရှင်းပေးခဲ့ပါတယ်။  သူဟာ စက်ဝိုင်းတစ်ခုရဲ့ အတွင်းမှာ အနားညီ polygon တစ်ခုဆွဲ၊  စက်ဝိုင်းရဲ့ အပြင်ဖက်မှာ အနားညီ polygon တစ်ခုဆွဲပြီးတော့ အဆိုပါ polygon တွေရဲ့ အနားတွေကို ထပ်ထပ်တိုးပြီး ပိုပြီးတိကျအောင်လုပ်ရင်း အနားပေါင်း ၉၆ ခုအထိတိုးကာ ပိုင်ရဲ့ တန်ဖိုးကို တွက်ချက်ခဲ့ပါတယ်။  

သူသုံးသွားတဲ့ ဥပဒေသကတော့ “If an angle of a triangle be bisected and the straight line cutting the angle cut the base also, the segments of the base will have the same ratio as the remaining sides of the triangle; and, if the segments of the base have the same ratio as the remaining side of the triangle, the straight line joined from the vertex to the point of the section will bisect the angle of the triangle” ဆိုတဲ့ ယူကလစ်ရဲ့ အချိုးညီ မျှခြင်း သီအိုရီပဲဖြစ်ပါတယ်။

အောက်ကပုံလေးကို ကြည့်လိုက်ရင် ပိုရှင်းသွားမှာပါ။  ထောင့်မှန်တြိဂံတစ်ခုရဲ့ opposite  ဘက်ခြမ်းက အနားရဲ့ တစ်ဝက်တိတိကို ပိုင်းထားတဲ့ မျဉ်းမှာ BD:CD=BA:AC အချိုးနဲ့ တူပါတယ်။  အဲဒီ သီအိုရီလေးကိုပဲ အာခီမီးဒီးစ်က သုံးသွားတာပါ။  အဲ့ဒီလို သုံးပြီးတော့ စက်ဝိုင်းရဲ့ အပြင်က 96 နားရှိတဲ့ polygon နဲ့ စက်ဝိုင်းရဲ့ အတွင်းက 96 နားရှိတဲ့ polygon တို့ရဲ့ တန်ဖိုးကို တွက်ယူပြီးတော့ စက်ဝိုင်းရဲ့ စက်ဝန်းဟာ အဆိုပါ polygon နှစ်ခုရလဒ်ရဲ့ အတွင်းမှာ  ရှိရမယ်ဆိုပြီးတော့ ၂၂၃/၇၁< π < ၂၂/၇ ဆိုပြီး ပိုင်ရဲ့တန်ဖိုးကို သက်သေပြသွားခဲ့ပါတယ်။   သူ့ခေတ် သူ့အခါတုန်းက ဒသမ ကိန်းဆိုတာ မပေါ်သေးတဲ့အတွက် အပိုင်းကိန်းနဲ့ပဲ ပြသွားရှာပါတယ်။  အသေးစိတ်တွက်တဲ့ အဆင့်တွေကို သိချင်ရင် ဟောဒီလင့်ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

          ဒီလို ဒီပုဂ္ဂိုလ်ကြီး ပြသွားတဲ့နီးထဲက ပိုင်ရဲ့ တန်ဖိုးဟာ ၂၂/၇ ထက် ငယ်ရမည်ဆိုတာကို ကျွန်တော်တို့က အလွယ်သုံးပြီးတော့ ပိုင်ရဲ့ တန်ဖိုးကို ၂၂ ကို ၇ နဲ့စား ၃.၁၄၂၈၅၇ ဆိုပြီး သုံးနေကြပေမယ့် ဒါဟာ ပိုင်ရဲ့ တန်ဖိုး အတိအကျမဟုတ်ပါဘူး။  ပိုင်ဟာ ဘယ်တော့မှ 22/7 နဲ့ မညီပါဘူး။  ကွာဟချက်နဲနဲလေးစီတော့ ရှိပါတယ်။  နောက်ပိုင်း Infinite series ပေါ်လာတော့ ပိုင်ကို infinite series နဲ့ အသုံးပြုပြီးတွက်ခဲ့ကြပါတယ်။  သိပ္ပံပညာရှင်ကြီး အိုင်းဆက် နယူတန်ဟာလည်း infinite series ကို အသုံးပြုပြီး ပိုင်ရဲ့တန်ဖိုးကို တွက်ချက်ခဲ့ကြပါတယ်။  နောက်ပိုင်း ကွန်ပျူတာတွေ ပေါ်လာတော့ ကွန်ပျူတာတွေကို အသုံးပြုပြီးတော့ ပိုင်ရဲ့ တန်ဖိုးကို အနီးစပ်ဆုံးအထိရအောင် တွက်ချက်ခဲ့ကြပါတယ်။ ၂၀၁၀ မှာတော့ Yahoo! ကုမ္ပဏီက ၀န်ထမ်းတစ်ယောက်ဟာ ကုမ္ပဏီရဲ့  Hadoop application ကို အသုံးပြုပြီး ကွန်ပျူတာအလုံးပေါင်း ၁၀၀၀ နဲ့ ၂၃ ရက်ကြာတွက်ချက်ခဲပါတယ်။
          ဒီနေ့အထိ ပိုင်ရဲ့ တန်ဖိုးဟာ ဒဿမနောက်မှာ ကိန်းပေါင်း မြောက်များစွာရှိနေတုန်းပါပဲ။  ပိုင်ရဲ့ တန်ဖိုးအတိအကျ ဘယ်တော့မှ သိရမလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။  ပိုင် ဟာ သချာင်္ပညာရပ်ရဲ့ အရေးပါလှတဲ့ ကိန်းညွှန်းတစ်ခုပါပဲ။  ပိုင်ကို သိပ္ပံပညာတွေဖြစ်တဲ့ statistics, fractals, thermodynamics, mechanics, cosmology, number theory နဲ့ electromagnetism စတဲ့ မြောက်များလှစွာသော ပညာရပ်တွေမှာ အသုံးပြုနေကြပါတယ်။
          ပိုင်ရဲ့ decimal (၁၀ ကို အခြေပြုတဲ့ ကိန်းညွှန်း) မှာ ဒဿမ နောက်က အလုံး ၁၀၀ အထိဖြတ်လိုက်မယ်ဆိုရင် သူ့ရဲ့ တန်ဖိုးဟာ 3.14159 26535 89793 23846 26433 83279 50288 41971 69399 37510 58209 74944 59230 78164 06286 20899 86280 34825 34211 70679……. ဖြစ်ပါတယ်။  ဒီနေ့အထိတော့ ပိုင်ရဲ့ တန်ဖိုးဟာ ဒဿမနောက်မှာ အဆုံးမရှိသေးပါဘူး။  

7 comments:

  1. ခေါင်းမူးသွားတယ် မောင်အွတ်ထောင်။း)

    ReplyDelete
  2. စိတ်တော့ ဝင်စားစရာဘဲ
    မျက်စိတော့ နည်းနည်းလည်တယ်
    ရူပကို ဝါသနာပါပေမဲ့ သချာင်္ကို ဝေးဝေးရှောင်သူဆိုတော့ :)

    ReplyDelete
  3. ဦးနှောက်စားနေချိန် သချာင်္နဲ့တိုးသွားတယ်...
    ဗဟုသုတတော့ ရလိုက်တာပေါ့..
    ကိုယ်တိုင်က အတွက်အချက် အတော်ညံ့တာ AH ရေ..

    ReplyDelete
  4. အင်းးးးးးးးး
ှဗဟုသုတတော့ ရတယ် အကိုရေ....
    ဒါပေသိ မီးလဲ ခေါင်းမူးတွားတယ်...:)))

    ReplyDelete
  5. အဲ့ပိုင်ကို သိပ်မုန်းတာ......၊ဘာလို့မှန်းကိုမသိ....၊ခုလည်း အစပိုင်းလေးပဲဖတ်တယ်....နောက်ပိုင်းတွေ နားမလည်လို့ကျော်ချပလိုက်တယ်....ဆြာထောင်....:)))

    ReplyDelete
  6. ပိုင် နေ့ကို မတ်လ ၁၄ ရက်နေ့လို့ဘာဖြစ်လို့သတ်မှတ်တာလဲ

    ReplyDelete
  7. ပိုင်ရဲ့ တန်ဖိုးကို decimal ကိန်းညွှန်းနဲ့ ရေးရင် 3.14.... အစပြုပြီးတော့ ရတဲ့အတွက် ဒီကိန်းနဲ့ကိုက်ညီတဲ့ နေ့တစ်ခုဖြစ်တဲ့ ၃ လပိုင်း ၁၄ ရက်နေ့မှာ ပိုင်နေ့လို့ သတ်မှတ် တယ်လို့ဆိုပါတယ်။ ပထမဆုံး ပိုင်နေ့ ကျင်းပဖို့ ကမကထ ပြုပေးသူကတော့ အမေရိကန်နိုင်ငံက ရူပဗေဒ ပညာရှင် လယ်ရီရှောဖြစ်ပြီး ၁၉၈၈ ခုနှစ်မှာ စတင်ကျင်းပ ဖြစ်တယ်လို့ ဆိုပါတယ်။

    ReplyDelete