စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, February 7, 2013

နှင်းဝေတဲ့ နှစ်ကူး


           နှစ်ကူးဆိုသည်မှာ တရုတ်နှစ်သစ်ကူးကို ဆိုလိုသည်။  “တရုတ်နှစ်သစ်ကူးပွဲတော်ဘယ်က စတယ်” ဆိုတဲ့ပိုစ့်လေးကို မနှစ်က တင်ဖြစ်သည်။  စိတ်ဝင်စားသူများ ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါ။  ဘာလိုလိုနှင့် ချိနခေါ် ကာဋ္ဌေးခေါ် စီလုတ်ပြည်ကြီးတွင် နှစ်သစ်ကူးရသည်မှာ ခုဆိုလျှင် ၃ နှစ်ရှိပေပြီ။   “ကုန်စီး… ကုန်စီး…. ကုန်စီးနီရာ… ကုန်စီး… ကုန်စီး… ကုန်စီး..နီ” ဆိုပြီးတော့ လမ်းတွေမှာ သီချင်းတွေ ဖွင့်ကြသည်။  ကုန်းစီးဖားချိုင်ဆိုပြီးတော့ လူတွေ့လျှင် “မင်္ဂလာ နှစ်သစ်ကူးပါ” ဆိုပြီး နှုတ်မဆက်လေနှင့် “အမ်ပေါင်း နားလိုင်” ဆိုပြီးမေးသည်။  အမ်ပေါင်းကတော့ ဘယ်နားမှာနေမှန်းမသိ။  လူတွေ့တိုင်း အမ်ပေါင်း ပေးရလျှင် သေရချည့်။
          ဟိုနား ဒီနား ဘယ်သွားသွား တဖောင်းဖောင်း ဖောက်လိုက်တဲ့ ဗျောက်အိုးတွေမှ သောက်သောက်လဲ။  တစ်ခါတစ်လေ ညအိပ်ကောင်းနေတုန်း အုန်းဒိုင်းဆိုပြီး ဆူညံနေလို့ လန့်နိုးရတဲ့ ညတွေလဲ ရှိရဲ့။  နှစ်သစ်ကူးဆိုသည်မှာ စီလုတ်ပြည်ကြီးမှာတော့ အလွန်အရေးကြီးတဲ့ ပွဲတော်ကြီး။  အနယ်နယ်အရပ်ရပ်က မိသားစုတွေ တစ်နှစ်တစ်ခါ ပြန်လည်ဆုံစည်းရတဲ့ အချိန်။  တရုတ် စတော့ ဈေးကွက်မှာ ၁၁ လပဲ အလုပ်လုပ်သည်။  ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူးချိန်ဆိုလျှင် စတော့ ဈေးကွက် မှာ မြားဦးက အောက်ခြေထိလုနီး။ 

          တရုတ်နှစ်သစ်ကူး မတိုင်ခင်ဆိုလျှင် ကုမ္ပဏီတွေက နှစ်ကူးမတိုင်ခင် နှုတ်ဆက်ပွဲ ဒင်နာတွေ ဘာတွေလုပ်ကြသည်။  ဋ္ဌာနအလိုက်လုပ်ကြတာရှိသလို… ကုမ္ပဏီလုံးကျွတ် လုပ်တာတွေလည်းရှိသည်။  ခု သင်္ဘောဆောက်နေတဲ့ ကုမ္ပဏီမှာတော့ ၀န်ထမ်းပေါင်း ၁သောင်းခွဲလောက်ရှိတော့ ကုမ္ပဏီလုံးကျွတ် လုပ်ဖို့ရာမလွယ်။  ဟိုတစ်စု၊ ဒီတစ်စုသာ လုပ်ကြပြီး လုပ်သမျှ ပွဲတိုင်း လိုက်စားဖို့သာ။  သို့သော် စားကောင်းခြင်းမစားရ၊  သူတို့၏ ပိုင်ကျိုဟု အမည်နာမ သက်ရောက်စေသော ဆန်အရက်၊ ၅၆% အဲလ်ကိုဟော ပါသော ခွက်ကို ကမ်းပေးဟုဆိုကာ ဂွက် ကနဲမော့သောက်ရသည့် ထုံးစံက တော်တော်ကို ကသိကအောက်ရောက်သည်။  လူ ၂၀ ၀ိုင်းတွင် ညစာစားပါက တစ်ယောက်ခြင်း ကမ်းပေး လုပ်လိုက်လျှင် one round ခွက် ၂၀၊ ဘယ်လိုမှ မခံနိုင်၊ သွက်သွက်ခါလေ၏။  ဒါမျိုးကို ဘယ်နှစ် round မှန်းမသိ round လေသော် ဂွမ်းလေ၏။
          စီလုတ်ပြည်ကြီး ရောက်စက အထာမသိ၊  ဒီကောင်တွေက အမူးတိုက်ခြင်းဖြစ်သည်။  လူဆိုသည်မှာ မူးလျှင် ဗီဇမှန်ပေါ်သည်၊  ထို့ကြောင့် ဒီလူ၏ အတွင်း ဗီဇ ကောင်းမကောင်းသိချင်လျှင် အမူးတိုက်၊  ပြီးလျှင် အကဲခတ်ဟု နောက်ကျမှ ပြောသံကြားမိသည်။  အစပိုင်းတုန်းကပြောသည်… ဟေ့ကောင်တွေ ငါ့ကို အမူးမတိုက်နဲ့ ငါမူးရင် မလွယ်ဘူး ဆိုတော့ သောက်သာသောက် ကျန်တာငါတို့တာဝန်ယူတယ် ဘာညာ နဲ့ အမူးတိုက်လေ၏။ မူးလေသော်……. ငါမူးလျှင် မလွယ်ဘူးဆိုသောအရာကို သူတို့သဘောပေါက်သွားကြသည်။  အိမ်သာခွက်ထဲ ခေါင်းစိုက်လိုက်သည်မှာ ဆိုင်ပိတ်ပြီး… မီးတွေမှိတ်၊ တစ်ဝိုင်းထဲကျန်တဲ့အထိ အခန်းထဲက အိမ်သာခွက်ထဲမှာ ခေါင်းစိုက်တုန်း။  ဆိုင်ရှင်က ဆိုင်ပိတ်ချင်တယ် ဘာညာလာပြောလဲ လက်သာ ထောင်ပြနိုင်သည်။  ဥသြသံတို၊ သံရှည်၊ သံလတ် မနား မီးရထားကြီး ခုတ်လိုက်သည်မှာ ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်သည်အထိ။  ကျန်တဲ့လူတွေကတော့ ငုတ်တုတ်ထိုင်စောင့်ယူရသည်။  နောက်တော့မှ ဟိုတယ်ကို ကားမောင်းပြန်တော့ ပို့ရှာသည်။  ထိုမှစ၍ ဘယ်တော့မှ အမူးမတိုက်တော့ချေ။
          ဒီနှစ်တော့ အမူးပါးသွားပြီဖြစ်သည်။   အဆိုပါ ပိုင်ကျိုဟုခေါ်သော ဆန်အရက်ကို မျက်စောင်းမျှပင် မထိုးတော့ချေ။  ၀ိုင်လေးဘာလေး တို့တိ၊ တို့တိနှင့်သာ ပြီးသည်။  တို့တိ၊ တို့တိ ဆိုပေမယ့် တခါတလေ လူအယောက် ၁၀၀၀ လောက်ရှိတဲ့ စားပွဲဆိုလျှင် ဟိုဘက်ဝိုင်းကူး၊ ဒီဘက်ဝိုင်းကူးပြီး “ကမ်းပေး” သမျှ လူတွေအကုန်လုံးနှင့် တို့တိ၊ တို့တိလိုက်သည်မှာ ၄ ပုလင်း၊ ၅ ပုလင်းစာလောက် ပြောင်လေ၏။ 
          ဒီလိုနှင့် တရုတ်နှစ်သစ်ကူးက စပြီဖြစ်လေသည်။  မနက်မိုးလင်းလျှင် ပုရွက်ဆိတ်တွေလို လူတွေ လူတွေမှ အများကြီး အိမ်ပြန်ဖို့ တန်းစီနေကြသည်။  အိမ်မပြန်ရသည်မှာကား ကျွန်တော်တို့ပင်ဖြစ်ချေ၏။  သင်္ဘောကား Delivery နောက်ကျနေပြီ။  ကျင်းက အလုပ်လားလားမျှ မနားချေ။  ပြန်ချင်တဲ့လူတွေပြန်၊  အနည်းဆုံးတော့ အလုပ်သမား ၆၀ လောက်ကျန်သည်။  ထို ၆၀ နှင့် run သည်။  ဒီတော့ လျှောက်ကြည့်ရပြန်သည်။  အလုပ်နည်းနည်းပါးနေတော့ သင်္ဘောတစ်စီးလုံးလျှောက်သွား အပြစ်အနာအဆာတွေ လျှောက်ရှာ၊ ရုံးပေါ်က paper work တွေ ပြန်စစ်၊ နှစ်သစ်ကူးမစခင် အပြီးရှင်း၊  မနားရချေ။

          ရေးရင်း၊ ရေးရင်း နှင်းဝေတဲ့ နှစ်ကူးက ဘယ်နားရောက်သွားသည်မသိ။  သြော်… ဒီနေ့  နှင်းကျသည်။  ၃ နှစ်အတွင်း ဒီနှစ် နှစ်သစ်ကူးကျတော့မှ နှင်းက ကျသည်။  နှင်းကလေးတွေ ဖွေးဖွေးလှုပ်နေသည်။  ဟယ်… ပျော်စရာကြီးလို့တော့ မတွက်လိုက်ပါနှင့်။  လမ်းလျှောက်လျှင် ချော်မလဲအောင် တော်တော်ကို သတိထားယူရသည်။  ဒီနေ့အလုပ်ဆင်းတော့ နှင်းတွေက အပုံလိုက်ဖြစ်နေပြီ။  စီးတော် ဘက်ထရီ ဆိုင်ကယ်လေးကို သော့စိုက်ပြီး လှည့်လိုက်တော့ လှည့်မရချေ။  သော့ပေါက်က ခဲနေပြီ။  သော့တံကို မီးမြှိုက်ပြီး အတော်လေး ကြိုးစားတော့မှ ဒီကောင်ကလေးက အလုပ်လုပ်၏။

          ဒီ ဘက်ထရီ ဆိုင်ကယ်ကလေးကို ၀ယ်ထားသည်မှာ ၂ နှစ်ကျော်ပြီဖြစ်သည်။  ၂ နှစ်အတွင်း ဘက်ထရီ အသစ် တစ်ခါလဲ၊  တစ်လ တစ်ခါလောက် တာယာ အသစ်လဲသည်မှလွဲပြီးတော့ ကျန်တာတော့ မပျက်။  တာယာ အသစ်လဲရသည်မှာ သင်္ဘောကျင်းမှာရှိသော သံတို၊ သံစ၊ မူလီ အတိုအစတွေက ဒုက္ခပေးသောကြောင့်ပင်ဖြစ်သည်။  နောက်ကြည့်မှန်တွေကတော့ မရှိတော့၊  ညာဘက်က နောက်ကြည့်မှန်က ဆိုင်ကယ်ခြင်း ပွတ်တုန်းက ပြုတ်ထွက်သွားခြင်းဖြစ်ပြီး၊  ဘယ်ဘက်က နောက်ကြည့်မှန်ကတော့ ရပ်ထားတုန်း ဘယ်ဆိုင်ကယ်က ၀င်သမသွားသည်မသိ။  ပြုတ်ထွက်သွားလေ၏။  ရှေ့က ဒူးကာကတော့ ဟိုတစ်လောက ကားကို ၀င်အောင်းလိုက်သောကြောင့် တစ်ခြမ်း ကြွေနေပြီဖြစ်သည်။  နောက်က မားလကတ်ဟု မြန်မာပြည်တွင်  အမည်တွင်သည့် ဘီးကာကတော့ နောက်မှ ဆိုင်ကယ်တစ်စီး ၀င်အအောင်းခံရပြီးသကာလ ထိပ်ဖျားနည်းနည်း ပဲ့နေသည်။  ရှေ့က ဘီးကာကတော့ ပြုတ်သွားသည်မှာ ကြာလေပြီ ဘယ်တုန်းက တိုက်မိသောကြောင့် ပြုတ်ထွက်သွားသည်ကို မသိချေ။  သို့သော် ခြုံကြည့်လျှင် ကောင်းသေးသည်။  ရှေ့မီး နောက်မီးမလင်း၊ signal မီးမပွင့်သည်သာ နဲနဲ အပြစ်ဟုဆိုရမည်။ 
          တရုတ်ပြည်ကြီးတွင် အဆိုပါ အဆိုပါ ဘက်ထရီဆိုင်ကယ်များမှာ ဖောခြင်း သောခြင်း များလှချေ၏။  ယာဉ်စည်းကမ်းမှာ ငါ့လမ်း ငါမောင်း ငါသာလျှင် အမှန်ဖြစ်တော့သည်။  နေရိပ်သော လမ်းဘက်ခြမ်းသည် လမ်းမှန်ဖြစ်သည်၊  ချိုင့်ခွက်မရှိသော လမ်းဖက်ခြမ်းသည် လမ်းမှန်ဖြစ်သည်။  ထိုအထဲတွင် ဖော်မြူလာဝမ်း ချန်ပီယံတွေကလည်း ရှိသည်။  ထို့ကြောင့် ဆိုင်ကယ်မောင်းလျှင် ရှောင်လင်သိုင်းကျင့်စဉ်တွေ၊  ထိုက်ချိသိုင်းကျင့်စဉ်တွေ ကျင့်ထားရသည်။  မည်သို့ပင်ဖြစ်စေ အဆိုပါ ဆိုင်ကယ်ကလေးမှာ အတော့်ကို အပေအတေခံသည်။ 

          အဲ.. ဒီနေ့ နှင်းတွေကျသည်။  သော့ဖွင့်လို့ရသော်…. နောက်ဘီးက ပြားနေလေ၏။  ညက မှောင်နေပြီ။  နှစ်သစ်ကူး ဆိုင်တွေတော်တော်များများပိတ်ပြီး အိမ်ပြန်ကြလေပြီ။  ဘီးဖာသော ဆိုင်မရှိလျှင် နှစ်ကူးကာလတွင် အကျွန်သည် ဒုက္ခနှင့် လှလှတွေ့ပေတော့မည်။  ဤသို့နှင့် ခြေတိုအောင် လျှောက်လေသော်.. လမ်းအဆုံးတွင် ကံကောင်းထောက်မစွာ ဘီးဖာသော ဆိုင်ကလေးကို တွေ့လေ၏။  မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သန်းထီကြီး ၁၀ ကာပြန်ပေါက်ပါစေ…..  ဘီးကိုဖာပေးသည်။  တာယာထဲကို မူလီဝင်ပြီး အထဲက ကျွတ်က အပေါက် ၂၀ လောက်ပေါက်နေပြီ။  ကျွတ်အသစ်လဲလိုက်သည်။  ငွေ ၃၀ ပေးလိုက်သည်။  ဟိုတယ်က ဆိုင်ကယ်ရုံမှာ ဆိုင်ကယ်ကို ဘက်ထရီ အားသွင်းထားလိုက်သည်။  မည်သို့ပင်ဆိုစေ ဒီနေ့ ရှန်ဟိုင်းတွင် နှင်းတွေ ဝေနေသည်။  တရုတ်နှစ်သစ် ကူးလေပြီတကား.......

8 comments:

  1. အိုးးးးးးးးးးးး
    နှင်းဝေတဲ့ နှစ်ကူးမှာ ကိုအောင်ထွဋ်တစ်ယောက်
    စီးတော်မြင်းလေးကြောင့် အလုပ်များသွားပါပေါ့....:P
    ဟုတ်တယ်...တရုတ်နှစ်ကူးရောက်ပြီလေ :)))

    ReplyDelete
  2. ဒီမှာလဲ အဲလိုပါပဲ အစ္စလမ် တိုင်းပြည်ဆိုပေမဲ့ တရုတ်တွေကအများသားလေ
    ဆိုင်တွေပိတ်လို့ ဈေးကို ၃-၄ ရက်စာဝယ်ထားရတယ် တရုတ်တွေကနားပြီလေ
    ကျွတ်အပေါက် ၂၀ ဆိုနဲလားဟယ်
    အဲလောက်များပေါက်အောင် ဘယ်လိုစီးသလဲ မသိ----

    ReplyDelete
  3. တရုတ်ပြည်က ယဉ်စည်းကမ်းက တကယ်မိုက်တယ်...အေးရင် စက်မနှိုးတာ တော်တော်ခက်တယ်...

    ReplyDelete
  4. ပစ်ပစ် တို့စီမယ်လည်းနှစ်ကူးအလုပ်ပိတ်ထားတယ်..
    ချမ်းလိုက်တာမပြောပါနဲ့တော့
    နှင်းတော့မကျပါဘူး..တော်သေးတယ်..

    ReplyDelete
  5. ဟုတ်ပဗျာ တစ်ညလုံး မအိပ့်ရဘူး စီရုတ်တွေတော့ ဘာလုပ်လုပ် ဖောက်မယ် ဆိုတာကြီးပဲ

    ReplyDelete
  6. ကိုအားထောင်တို့ စီလုပ်ပြည်ကြီးက ယာဉ်စည်းကမ်းက ကောင်းလိုက်တာဗျာ..... :))))

    ReplyDelete
  7. ဒီကနေ့ FMI City ထဲမှာ နဂါးကတွေ ဆက်တိုက်ပဲ မောင်အောင်ထွဋ်ရေ။
    နှင်းတွေဝေတဲ့ ရှန်ဟိုင်းရဲ့ နှစ်ကူးလေးမှာ ဘီးဖါတဲ့ဆိုင်လေးမြင်တာ
    ကံကောင်းခြင်းတွေ နှစ်သစ်နဲ့အတူ ၀င်ရောက်လာတဲ့သဘောပေါ့နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. မောင်အွတ်ထောင် ဆိုင်ကယ်က ဘဲလ်ကလွဲရင် အားလုံးအသံမြည်တယ်ဆိုတဲ့ စက်ဘီးလို ဖြစ်နေပြီကော။ သူ့ခမျာ တော်တော်လေး သခင့်အပေါ် သစ္စာရှိရှာတာကလား။း)

    လမ်းစည်းကမ်းကတော့ သဘောကျတယ်ဗျို့။ ဘာတဲ့။ နေရိပ်သော လမ်းဘက်ခြမ်းသည် လမ်းမှန်ဖြစ်သည်၊ ချိုင့်ခွက်မရှိသော လမ်းဖက်ခြမ်းသည် လမ်းမှန်ဖြစ်သည် တဲ့။ ကောင်းပါလေ့ ကောင်းပါလေ့။

    တရုတ်နှစ်သစ်ကူးမှာ ပျော်မြူးခဲ့ပြီးရောပေါ့။ ဆက်လက်ပြီးလဲ ပျော်မူးနိုင်ပါစေဗျာ။း)

    ReplyDelete