စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 28, 2011

လေလွင့်ငှက်

[အပိုင်း ၁၊ ၂၊ ၃ ကို ပေါင်းပြီး ပိုစ့်တစ်ခုထဲမှာ တင်လိုက်ပါတယ်]




“တီ တီ တီ တီ…”
ဆတ်ကနဲ သူလန့်နိုးသွားသည်။ ကျင့်သားရနေသော လက်က အလိုလိုပင် နှိုးစက်ကို လှမ်းပိတ်လိုက်မိသည်။ နာရီလက်တံက ၅ နာရီခွဲ ကို ပြနေသည်။ တင်းကျပ်နေသည်။ စိတ်ထဲမှာ တော်တော်တင်းကျပ်နေသည်။ ပင့်သက်မျှင်းမျှင်း ချလိုက်မိသည်။ နွမ်းလျှနေသော ကိုယ်ကို အားယူ၍ အိပ်ယာမှထလိုက်သည်။ ခြေဖ၀ါးနှစ်ခုအပေါ် တစ်ကိုယ်လုံး၏ အလေးချိန် ကျရောက်သောအချိန်တွင် ပင့်သက်တစ်ခုပါ လိုက်ပါလာသည်။ ထိုအရာကို သတိပြုမိသောအခါ စိတ်ပျက်သည့်အနေဖြင့် နောက်ထပ်ပင့်သက်တစ်ခု ချလိုက်မိပြန်သည်။ နိုးနိုးချင်း သက်ပြင်း ၃ခါချမိသော သူ့အဖြစ်ကို သတိရသွားသည့်အနေဖြင့် နှုတ်ခမ်းတွင် လှိုင်းတွန့်တစ်ခု ဖြတ်သွားသည်။ ဒါဟာ အသက်မပါသော အပြုံးမှန်း သူသိသည်။

ပြတင်းပေါက်မှ အပြင်ကို သူ လှမ်းကြည့်လိုက်မိသည်။ ဖျော့တော့တော့အလင်းရောင်များက အမှောင်ထုကောင်းကင်ယံကို နိုင်လိုမင်းထက် ၀ါးမျိုနေကြသည်။ တိုက်ခန်းအောက်ရှိ လမ်းမပေါ်မှာ ကားအနည်းငယ် ဥဒဟို သွားလာစပြုနေသည်။ လမ်းမီးများ ထိန်ထိန်လင်းလျှက်…။ မကြာခင် ထိုမီးများမှိတ်တော့မည်။ ငှက်ကလေးများ၏ ချစ်စဖွယ် အော်မည်သံဖြင့် နိုးထသော သူ့မြို့ကလေး၏ မနက်ခင်းကို လွမ်းဆွတ်မိသလိုလို ဖြစ်သွားသည်။ သူ... မျက်စိကို ခဏမှိတ်လိုက်သည်။ အတွေးများက အတိတ်ဆီကို ခပ်လွင့်လွင့်မျောပါသွားသည်။ မိမိချစ်သော ဖခင်၏ မျက်နှာကို ဖျတ်ခနဲ့တွေ့လိုက်ရသည်။ မှတ်မိသည် ၁၀ တန်းအောင်တော့ တစ်ခါမှ မငိုဖူးသော(အဖေ ငိုခဲ့သည်ကို မမြင်ဖူးသော ကျွန်တော်) အဖေ့ မျက်ဝန်းတွင် မျက်ရည်စ အနည်းငယ်စို့နေသည်…..
"တီ……….." ကျယ်လောင်သော ကားဟွန်းတီးသံကြောင့် သူ့အတွေးစတွေ ပျက်တောက်သွားသည်။ နာရီကို ကြည့်လိုက်တော့ ၆ နာရီတီးရန် မိနစ် ၂၀ အလို…. ကမန်းကတန်း နောက်ဖေးသို့ ပြေးဝင်သွားသည်။ သွားပြီ……… အခန်းဖော်တစ်ယောက် ရေချိုးခန်းဝင်သွားပြီ။ မထူးတော့…. သူ ရေခဲသတ္တာကို ဖွင့်လိုက်သည်။ အေးခဲနေသော ပေါင်မုန့်ထုတ်ထဲမှ ၃ချပ်လောက်ကို ပန်းကန်ပြားပေါ်တွင် တင်ထားလိုက်သည်။ ထမင်းစားခန်း ရှိ နံရံကပ်ဗီဒို မှန်တံခါးကို ဖွင့်ပြီး ကော်ဖီမစ်ထုတ် တစ်ထုတ်ကို ဖောက်ကာ ရေနွေးနှင့် ရောထားလိုက်သည်။ ထို ၂ခုပေါင်းစပ်လျှင် သူ၏ မနက်စာဖြစ်ပြီ။ အခန်းဖော် ရေချိုးခန်းထဲမှ ထွက်လာသော အခါ သူရေသွက်သွက်ချိုးလိုက်သည်။ ကလိုရင်းနံများ ဖောဖောသီသီပါသော အဆိုပါရေနှင့် သူ ရင်းနှီးနေသည်မှာ ၃ နှစ် ကျော်ကျော်ရှိပြီ.... သိပ်မထူးဆန်းတော့။ အနည်းငယ်တော့ သက်သောင့်သက်သာ ရှိသွားသည်။
ရေချိုးပြီးတော့ အခန်းထဲခပ်သုတ်သုတ်ပြေးဝင်သွားကာ ဘီဒိုကို ဖွင့်ကြည့်လိုက်သည်။ တီရှပ်များခပ်လပ်လပ်လေးများကို နေ့စဉ်မြင်တွေ့နေရသည့်အတိုင်း…. ထိုအထဲမှ တစ်ထည်ကို ကောက်စွပ်လိုက်သည်။ ဘာအရောင်မှန်း ကြည့်မနေတော့… ။ အရောင်များနှင့် သူ မရင်းနှီးသည်မှာ ကြာပြီဖြစ်သည်။ ဂျင်းဘောင်းဘီ တစ်ထည်သာတွေ့သည်။ ကျန်သော ၃ ထည်က လျှော်ထားသည်ကိုး…. သူ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

အခန်းထောင့်ရှိ ကျောပိုးလွယ်အိတ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုအထဲတွင် သူ့၏ ခရီးဆောင် ကွန်ပျူတာရှိမည်။ ကျန်တာတွေကိုတော့ သိပ်မမှတ်မိ။ ဖောက်လက်စ တီရှုးတစ်ထုပ်၊ မှတ်စုစာအုပ် (တို့ကနန်း ဆိတ်ကနန်း ဖုန်းနံပါတ်၊ သူငယ်ချင်းများနှင့် ဆုံရန် နေ့စွဲ) စသည်တို့ ရေးထားသော စာအုပ်ရှိမည်။ ဘော့ပင် တစ်ချောင်းတစ်လေလည်း ရှိကောင်းရှိနိုင်သည်၊ ထီးတစ်ချောင်းလဲ ရှိချင်ရှိမည်။ သိပ်အရေးမကြီး အရေးကြီးသည်မှာ ထို ကျောပိုးအိတ်ကို သူလွယ်ရမည်။ ဘာကြောင့်လွယ်ရမှန်းတော့မသိ။ ထိုအထဲမှ ပစ္စည်းများကို ရုံးတွင် အသုံးပြုခြင်းမရှိ။ တစ်ခါတစ်ရံတော့ ကွန်ပျူတာကို ဖွင့်ကြည့်မိသည်။ သို့သော် များသောအားဖြင့် အချိန်မရသောကြောင့် ထိုအိတ်ကို ထိပင် မထိဖြစ်ခဲ့။ သို့သော် ထိုအိတ်ကို သူလွယ်ရမည်။ ဘာကြောင့် လွယ်ရမည်ကို မစဉ်းစားချင်…. သူ၏ နိစ္စဓူဝ ဖြစ်သည်။ ထို့ကြောင့် သူလွယ်သည်။
အဲကွန်းကို တစ်ချက်လှမ်းကြည့်သည် ပိတ်ထားသည်။ ဒါဆိုရပြီ.. ကျွန်တော့် သူငယ်ချင်းက ဒါကို ခရေဇီဖြစ်သည်။ မပိတ်မိလျှင် အိမ်ပြန်ရောက်ပါက မီးရေချွေတာရေး တရားကို ၁နာရီခွဲလောက် နာရမည်။ ဖွင့်ထားသော ပြုတင်းပေါက်ကို ပြန်ပိတ်လိုက်သည်။ အိမ်ရှေ့ရောက်တော့ ထားနေကျ ဖိနပ်စင်က စီးနေကျ ဖိနပ်ကိုပင် ထုံးစံအတိုင်း ကောက်စွပ်လိုက်သည်။ နောက်ထပ် ၁၀ မိနစ်ခန့်ကြာလျှင် ရုံးမှ ဖယ်ရီကား အိမ်နားမှာလာကြိုတော့မည်။ သူ … ဓာတ်လှေကားခလုပ်ကို နှိပ်လိုက်သည်။ ဓာတ်လှေကားတစ်ခါး ပွင့်သွားသောအခါ လှမ်းဝင်လိုက်သည်။ တစိမ်းဆန်သော မျက်လုံး ၄လုံးက အသက်မပါသော အပြုံး၂ခုဖြင့် ဆီးကြိုသည်။ သူ နှုတ်ခမ်းတွန့်သွားသည်။ ဒါသည် သူပြုံးပြတာဖြစ်သည်။ သူကြိုးစားပြီး ပြုံးပြသည်။ သို့သော် မဲ့ပြုံးတစ်ခုသာထွက်လာမည်…ဒါကို သူအလိုလိုသိနေသည်။ ခဏနေရင် ဖယ်ရီရောက်လာတော့မည်။
**********************************************************



ဖယ်ရီပေါ်ရှိ ဆိုဖာခုံမှာ သူထိုင်နေရင်း မျက်စေ့ကို မှိတ်ထားလိုက်သည်။ အတွေးတွေက အတိတ်ဆီကို တလွင့်လွင့် ထွက်ခွာသွားပြန်သည်……..

သူ…. ….. …… မှတ်မိသည်.. သူငိုနေသည်… အဖေကို တင်းတင်းကျပ်ကျပ်ဖက်ရင်း သူငိုနေသည်…
“အဖေ… အဖေ… အမေဘယ်မှာလဲအဖေ…..” သူ တတွတ်တွတ်မေးရင်း ငိုနေသည်။ အဖေက သူ့ကို သနားဖွယ် အကြည့်ဖြင့် ကြည့်နေသည်။ ထိုမျက်ဝန်းကို သူမြင်နေရသည်… မျက်ဝန်းကို ထိုးဖောက်ပြီး အသည်းနှလုံးအထိ သူမြင်နေရသည်။
နောက်ဆုံး အဖေဆီမှ အဖြေ တစ်ခုရသည်။ သူ့အမေသည် သူမီးတွင်းထဲက ဆုံးပါးသွားသည် တဲ့… ထိုချိန်မှ စပြီး အမေ့အကြောင်းကို သူ မမေးတော့….. မေးစရာလဲမလိုတော့… အဖေ့ နှလုံးသားမှာ ဘယ်လိုခံစားရတယ်ဆိုတာကို အဖေမျက်လုံးတွေက တစ်ဆင့် သူသိပြီးနောက်ပိုင်းမှာ သူမမေးတော့… သူ့အတွက် အဖေသည် အမေ၊ အဖေသည် အဖေ…… အဖေသည် သူ့အတွက် နားခိုရာ သစ်ပင်တစ်ပင်…. အဖေသည် သူ့ကို အေးချမ်းတဲ့ အရိပ်မိုးပေးမယ့် သစ်ပင်တစ်ပင်…. သူ့ကို အန္တရာယ်တွေကနေ ကာကွယ်ပေးမယ့် သစ်ပင်တစ်ပင်… သူဟာ အဖေ့ရင်ခွင်ထဲက ငှက်ကလေး တစ်ကောင်……အဖေဟာ မြေဆီမြေနှစ်ကောင်းမွန်တဲ့ မြေလွှာပေါ်မှာ ရှင်သန်ကြီးပြင်းနေတဲ့ သစ်ပင်ကြီးတစ်ပင်၊ ကျွန်တော်ဟာ ထိုသစ်ပင်ကြီးရဲ့ အကိုင်းအခက်ပေါ်မှာ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ငှက်ငယ်လေးတစ်ကောင်…

အဖေ့ကို မြင်ရသည်… သူပြုံးနေသည်…. ညိုစိမ့်စိမ့် အသားအရည်၊ ကြံခိုင်သောမေးရိုး၊ သန်မာသော ကြွက်သားတွေနှင့် အဖေဟာသူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သစ်ပင်ကြီး။ အဖေက မြေတွေကို ချစ်သည်… ထိုအတူ ကျွန်တော့ကို ချစ်သည်။ အဖေက ထိုမြေကြီးကနေ ပွင့်ဖူးလာမယ့် သီနှံတွေကို တယုတယ မြေတောင်မြှောက်သည်၊ ထိုအတူ ကျွန်တော့်ကိုလည်း မြေတောင်မြှောက်ပေးသည်။ သို့သော် အဖေသည် အလုပ်နှင့်ပတ်သတ်ပြီး တင်းကျပ်သည်၊ စည်းစနစ်တကျ အလုပ်လုပ်သည်၊ သူ့လယ်ထဲမှာ ပိုးမွှားတွေ အ၀င်မခံ… ထို့အတူ ကျွန်တော့်ကိုလည်း ပုံစံတစ်ကျ အုပ်ချုပ်သည်။ အဖေနှင့် ကျွန်တော်…ကျွန်တော်နှင့်အဖေ ဒီလိုနဲ့ဘဲ မြိုလေးနဲ့ မနီးမဝေးမှာ အချိန်တွေဖြတ်သန်းခဲ့ကြသည်။
သူ…. ၁၀ တန်းအောင်တော့ အဖေပြုံးသည်…. ကြည်လင်နေတဲ့ သူ့ရဲ့ သွားတွေ ပေါ်အောင်ကို ပြုံးနေသည်… တစ်မြို့လုံးမှာ ကျွန်တော်သည်သာလျှင် အထူးချွန်ဆုံးနှင့် အောင်ခဲ့သည်။ လေးဘာသာ ဂုဏ်ထူးဟူသော ၀ိသေသမှာ ထိုမြို့ကလေးအတွက် ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ အဖေမျက်ဝန်းမှာ မျက်ရည်တွေစို့နေသည်… အဖေ… ကျွန်တော် ကို တင်းတင်းကျပ်ကျပ်ဖက်ထားသည်… သား စာကို ထူးချွန်အောင်လုပ်… ဒါမှ နိုင်ငံအတွက် သားကောင်းရတနာဖြစ်လာမှာ… အဖေမှာသည်၊ ကျွန်တော် ခေါင်းညှိမ့်မိသည်…. ကျွန်တော်လဲပြုံးနေသည်…. ပြုံးနေသည်…. ပြာလဲ့နေတဲ့ မိုးကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကျွန်တော်ပြုံးနေသည်….. တစ်ဟူးဟူး တိုက်ခတ်နေတဲ့ ကွင်းပြင်ကြီးထဲက လေတွေကို တစ်ရှိုက်မက်မက် ရှုရှိက်လိုက်မိသည်…. ထူးထူးခြားခြား ထိုလေတွေက မွှေးရနံသင်းပျံနေသည်….. သဘာဝ မွှေးရနံ မဟုတ်တာတော့ သေချာသည်… ရေမွှေးနံဖြစ်ရမည်…. ဆတ်ကနဲ့ ဘေးသို့ လှည့်ကြည့်လိုက်မိသည်။ သူမကလည်း ပြန်ပြုံးပြသည်… လမ်းတစ်ဝက်မှာ တက်လာသော ရုံးမှ ရုံးစာရေးမလေးဖြစ်သည်။ သူ ပြန်ပြုံးပြလိုက်သည်…. သို့သော် မဲ့ပြုံးသာထွက်လာလိမ့်မည်… သူသိသည်။ သူမ အူကြောင်ကြောင်ဖြင့် တစ်ဘက်သို့ ပြန်လှည့်သွားသည်။ သူလည်း ကားမှန်ပြုတင်းမှ တစ်ဆင့် လမ်းမတစ်လျှောက် ငေးနေလိုက်မိသည်။
လမ်းမတစ်လျှောက် ခေတ်မီတိုက်ကြီးများ အတန်းလိုက် အတန်းလိုက် ကျန်ရစ်ခဲ့သည်။ နောက်ဆုံးပေါ်ကားများ တစ်ဝီးဝီးနှင့် ကျော်တက်သွားကြသည်။ ဘာသယံဇာတမှ မရှိသောဤကျွန်းလေးပေါ်မှာ တတိယနိုင်ငံတစ်ခု ဖြစ်ပေါ်နေသည်။ လူများ ဥဒဟို သွားလာနေကြသည်။ အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံး၊ အသန့်ရှင်းဆုံး၊ စီးပွားရေး အချက်အခြာ မြို့ပေါ်မှာ လေလွင့်ငှက်တစ်ကောင် ဘက်စ်ကားစီးနေတယ်။ လူစိမ်းတွေ၊ လူမျိုးခြားတွေ၊ တစ်စိမ်းတရံတွေကြားထဲမှာ လေလွင့်ငှက်တစ်ကောင် တောင်ပံဖြန့်ပြီး အင်အားတွေစိုက်ထုတ်နေတယ်။ ထိုအင်အားတွေကို တစ်စိမ်းတရံတွေက ၀ါးမြိုသောက်သုံးနေကြတယ်။ သူ မွန်းကျပ်လာတယ်… အံကို တင်းတင်းကြိတ်မိတယ်… လက်သီးကို တင်းတင်း ဆုပ်မိတယ်…. “အာယူ.. အိုကေ” ဆိုပြီး တစ်ရုတ်သံဝဲ၀ဲနဲ့ ဘေးက တစ်ယောက်က လာမေးတယ်… သူ ပြန်ပြုံးပြလိုက်တယ်… ဒါပေမယ့် မဲ့ပြုံးပဲ ထွက်လာမှာပါ.. ဒါကို သူသိနေတယ်…




**************************************************
ရုံးကိုရောက်တော့ အ၀တ်အစားလဲခန်းကိုသွားပြီးတော့ ကာဗာအောလ်လို့ခေါ်တဲ့ အလုပ်လုပ်မယ့် ၀တ်စုံကို လဲလှယ်လိုက်တယ်… အဖြူရောင်ဝတ်စုံပေါ်မှာ စွန်းပေနေတဲ့ စက်ဆီတွေ၊ ဖုန်တွေနှင့် အတူ သူ သူ့ရဲ့ ချွေးနဲ့ကို ရှုရှိုက်လိုက်မိတယ်…. ဒီချွေးတွေဟာ သူ့အင်အားတွေကို စိုက်ထုတ်ပြီးမှ စွန်းပေလာတဲ့ချွေးတွေ…. သူသင်ကြားခဲ့တဲ့ ပညာရပ်တွေကို ဒီကျွန်းပေါ်ကလူတွေအတွက် သူအသုံးချနေတယ်… သူ ခေါင်းကို တစ်ချက်ရမ်းလိုက်တယ်……မည်သို့ပင်ဖြစ်စေ သူဆက်လက်ပြီး ၀တ်လိုက်တယ်… ဇစ်ကို လည်ပင်းနားရောက်တဲ့အထိ ဆွဲတင်လိုက်ပြီးတော့ လက်ကိုလည်း တံတောင်ဆစ်နားရောက်တဲ့အထိ ပင့်တင်လိုက်တယ်… မသေသပ်တဲ့ ခေါက်ကြောင်းတွေကို ညီညာသွားအောင် တစ်ခေါက်ပြန်ပြီးခေါက်တယ်…… နောက်လေးလံတဲ့ ခြေထောက်တွေနဲ့အတူ အလုပ်စားပွဲကို လျှောက်လာမိတယ်… အလုပ်စားပွဲက ကွန်ပျူတာကို ဖွင့်ပြီး မေးလ်တွေစစ်ဆေးတယ်။ ၉ နာရီခွဲမှာ အစည်းအဝေးတစ်ခုရှိတယ်… ပရောဂျက်အသစ်အတွက် ဆိုပြီး ရုံးရဲ့ ကော်မာရှယ် ဒီပါ့မန့်က ပို့ထားတယ်… အစီးအဝေးတက်ရဦးမှာပေါ့….. သူ… ထုံးစံအတိုင်း ဆိုက်ထဲကို ဆင်းသွားတယ်… လိုအပ်တဲ့ ဝေါ့ပါမစ်လို့ခေါ်တဲ့ တစ်နေ့တာ အလုပ်သမားတွေ လုပ်ရမယ့် အလုပ်တွေကို ခွင့်ပြုတဲ့ စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်တယ်…. နေ့စဉ် မနက် အစဉ်းအဝေးမှာ တစ်နေ့တာလုပ်ရမယ့် လုပ်ငန်းတာဝန်တွေကို အစီအစဉ်ချပေးတယ်…. ပြသနာတွေကို ဆွေးနွေးတယ်…. နာရီကို ကြည့်လိုက်တော့ ၉နာရီ စွန်းစွန်းဖြစ်နေပြီ….ဒီလိုနဲ့ဘဲ သူရုံးပေါ်ကို ပြန်တက်လာတယ်…

အစည်းအဝေးက ထုံးစံအတိုင်းပါဘဲ…. တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်….အစပိုင်းမှာ ဆောက်မယ့် သင်္ဘောမှာ ပါဝင်မယ့် အချက်တွေ… ဈေးစကားတွေ ပြောနေကြတယ်… နောက် တည်ဆောက်ရေးအကြောင်း စတင်ဆွေးနွေးတော့ ကျွန်တော်နဲ့ အလုပ်အပ်မည့်သူတွေနဲ့ စပြီး စကားပြောဖြစ်တယ်…. ဘယ်နိုင်ငံကလဲတယ့်… ကျွန်တော်ပြန်ပြောလိုက်တယ်….. သူတို့ မျက်လုံးတွေက အရောင်တစ်မျိုးဖြစ်သွားတယ်…. စိတ်ထဲမှာ တင်းကနဲ ဖြစ်သွားတယ်….. မျက်နှာမှာ တင်းမာတဲ့ အရိပ်တွေ ဖြတ်သန်းသွားတယ်…. ဒါပေမယ့် သူချက်ခြင်း ပြန်ထိန်းလိုက်တယ်… သူတို့ကလဲ ချက်ချင်းကို မျက်နှာတွေ ပြန်ပြင်လိုက်တယ်…. ဆက်ပြီး အလုပ်ကိစ္စတွေကို ဆွေးနွေးဖြစ်တယ်… ကျင်းရဲ့ ပံပိုးနိုင်မှု့၊ ကျွမ်းကျင်အလုပ်သမားအခြေအနေ၊ ကျင်းရဲ့ စွမ်းဆောင်နိုင်ရည်၊ ဖြစ်နိုင်တဲ့ သင်္ဘောရဲ့ ပြီးစီးချိန်၊ သင်္ဘောတည်ဆောက်မှု့ အဆင့်ဆင့်ရဲ့ စီမံကိန်း စတာ စတာတွေကို သူ ဆွေးနွေးခဲ့တယ်….. ဒီလိုနဲ့ ထမင်းစားချိန်ပြီးတော့ သူစိတ်တွေ ရှုပ်ထွေးနေတယ်…. နောက်ကျိနေတယ်... မခံချိမခံသာဖြစ်နေတယ်.... မျက်စိကို မှိတ်လိုက်မိတယ်...

ေ၀၀ါးနေတဲ့စိတ်က အဖေကို ပြန်သတိရမိစေသည်…. အဖေလက်ရေးတွေက ခပ်စောင်းစောင်းရယ်…. လက်ရေးမလှပေမယ့် အဖေ့လက်ရေးတွေကို ကျွန်တော် ချစ်သည်….
“သား.. စာကြိုးစားပါ…. အိမ်ကိစ္စတွေကို ခေါင်းထဲမှာ မထည့်နဲ့….” အဖေလက်ရေးကို ပြန်မြင်ယောင်လာသည်။ သူ ဒုတိယနှစ်ကျောင်းပြီးတော့ အိမ်ပြန်ဖြစ်သည်.. အဖေအရင်ကလို ဖျတ်ဖျတ်လက်လက် မရှိတော့…. ပိန်ကျသွားသော အဖေကိုယ်ထည်…. သန်မာသော မေးရိုးများကတော့ အရင်အတိုင်း။
“အဖေ… နေကောင်းရဲ့လား…..” သူ စိုးရိမ်စွာ မေးလိုက်သည်။
“ဘာမှ မဖြစ်ပါဘူးသားရယ်…. ဒီလိုပါဘဲ” အေးစက်စက်နှင့် အဖေပြန်ဖြေသည်…..
ထိုနေ့က မိုးတွေ သည်းကြီးမည်းကြီးရွာနေသည်….. အဖေ မိုးကာတစ်ထည်နှင့် ခမောက်ကို ကိုင်ကာ ကိုင်းထဲဆင်းသွားသည်…
“အဖေ… မိုးတွေသည်းနေတယ်… မသွားပါနဲ့ဦး”….. သူပြောမိသည်…..
“တုပ်ထားတဲ့ တမန်တွေကို ဖြိုလိုက်ဦးမယ်ကွာ.. မဟုတ်ရင် ရေအိုက်နေလိမ့်မယ်…” ပြောပြောဆိုဆို အဖေအိမ်ပေါ်မှ ဆင်းသွားသည်။

    ဖတ်လက်စ စာအုပ်ကလေးကို သူဆက်ဖတ်နေမိသည်။ ဆရာ လယ်တွင်းသာစောချစ်ရေးတဲ့ “ပန်းမြိုင်လည်မှ ဥယျာဉ်မှုး” ဆိုတဲ့ စာအုပ်ကလေးဖြစ်သည်။ ၀တ္တုစာအုပ်ထဲမှ ကျောင်းဆရာလေး ငြိမ်းချမ်းကို သူအားကျမိသည်။ တစ်နေ့နေ့မှာ ကျောင်းဆရာလေးလို အနာဂတ်မျိုးဆက်လေးတွေကို ပျိုးထောင်ပေးမည်။ သူပြုံးမိသည် နှစ်နှစ်ချိုက်ချိုက်ကို ပြုံးမိသည်။ အေးမြမြလေက သူ့နံဘေးမှာ တိုးဝှေ့သွားသည်။ မိုးစက်မိုးပေါက်ကလေးများ သူ့ပါးပြင်နားမှာ လာရောက်နားခိုကြသည်။ သူ အိပ်ပျော်သွားသည်…..
     သူနိုးလာတော့ မိုးကစဲနေပြီ… နေရောင်ခြည်နုနုကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်မိသည်။ သစ်ရွက်ကလေးတွေပေါ်မှာ မိုးစက်ကလေးတွေ တွဲလွဲခိုနေကြသည်။ ငှက်ကလေးတွေ မိုးခိုရာကနေ ဟိုမှ သည်မှ ပျံသန်းထွက်ခွာသွားကြသည်…. “အဖေ”…. သူ ခေါ်လိုက်သည်…
      “အဖေ”….. သူအသံ အနည်းငယ် မြှင့်ပြီး ထပ်ခေါ်လိုက်သည်… တိတ်ဆိတ်နေသော အိမ်ကလေးမှ မိုးစက်သံလေးများမှ အပ တိတ်ဆိတ်မြဲ။ သူ အခန်းထဲသို့ဝင်လိုက်သည်။ သပ်ရပ်စွာခေါက်ထားသော အဖေ၏ အိပ်ယာတွင် အဖေမရှိ။ တစ်အိမ်လုံး လှည့်ပတ်ရှာကြည့်သည် အဖေ့ အရိပ်အယောင်ပင်မတွေ့….
သူ ပုဆိုးကို ခပ်တိုတိုဝတ်လိုက်သည်…. ကိုင်းထဲသို့သွားရန်ဖြစ်သည်.. စိတ်ထဲတွင် ထင့်နေသည်.. မည်သည့်အတွက်ကြောင့် ဤသို့ဖြစ်သည်ကို သူမသိ… သို့သော် သူ့ စိတ်ထဲတွင် လေးလံနေသည်။ ဘူးစဉ်များရှိရာအောက်သို့ ငုံဝင်လိုက်သည်။ ဘူးပင်လေးများ တက်ကြွစွာ စင်ပေါ်သို့တက်နေရန် အားပြုနေကြသည်။ အချို့ကတော့ မိုးဒဏ်ကြောင့် လဲကျနေသည်။ သူပြန်လည် တည်မတ်ပေးလိုက်သည်…. “အဖေ” သတိပြန်ဝင်လာတော့ အဖေ့ကို သူဆက်ရှာသည်……
“အဖေ”……. သူအော်ခေါ်လိုက်သည်… သူ့အသံက ကိုင်းတော တစ်လျှောက် ပြန့်နှံသွားသည်… ခဏနေတော့ တိတ်ဆိတ်သွားသည်….
“အဖေ”…. သူခဏ ရပ်ပြီး ခေါ်ကြည့်ပြန်သည်…. စိုးရိမ်စိတ်သည် တဖြည်းဖြည်းမြင့်တက်လာသည်…. “အဖေ” …. “အဖေ”…. သူ ဆက်ခါ ဆက်ခါ အော်မိသည်…. သူ့ခြေလှမ်းများ မြန်သထက်မြန်လာသည်…. စိုးရိမ်စိတ်တို့ တိုးသထက် တိုးလာသည်….
     သူခြေလှမ်းများ ရုတ်တရက် ရက်သွားသည်…. မျက်လုံးများ ၀ိုင်းစက်ပြူးကျယ်သွားသည်…. ပတ်ဝန်းကျင်ရှိ မည်သည့်အရာကို မျှသဲသဲကွဲကွဲ မမြင်ရတော့…… မြင်နေရသည်မှာ အဖေသည် မိုးကာအင်္ကျီဝတ်လျှက် လဲကျနေသည်။ အဖေ့ ဘေးနားတွင် သူ့ရဲ့ ခမောက်ကလေးက ပက်လက်လန်လျှက်…. မိုးရေအနည်းငယ် ခမောက်အတွင်းသို့ ၀င်နေသည်… ရွှံစက်ကလေးများက မိုးရေတို့နှင့် အတူ လဲလျှောင်းလျှက် ခမောက်၏ နှုတ်ခမ်းသပ်တွင် ပြန့်ကျဲနေသည်။
“အဖေ”…. သူခေါ်လိုက်သည်… ဆက်ခါဆက်ခါခေါ်သည်… အာခေါင်များ ခြောက်ကပ်လာသည်… ဘေးဘီကို ကြည့်မိသည်…. မည်သူမျှမရှိ…. နှလုံးသားတွင် နာကျင်လာသည်… ထိုအတွက် မျက်ရည်စများ မျက်ဝန်းများတွင် ပြည့်နှက်လာသည်…. “အဖေ”…. အဖေလက်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ပေါက်တူးကို သူ အဓိပ္ပာယ်မဲ့စွာ ကြည့်မိသည်….. သူအဖေ့ကို ပွေ့ဖက်မိသည်…. မျက်ရည်များက စီးဆင်းလျှက်ရှိသော မိုးရေများထဲ မျောပါသွားသည်…..
      “သား”….. အဖေ့ထံက အသံမျဉ်းမျဉ်းကလေးထွက်လာသည်…. သူ အားတက်သွားသည်…. အဖေ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်… ဟင် “အဖေ”…. သူ မှင်တက်သွားသည်…. သူချစ်ရသော အဖေ့နှုတ်ခမ်းတို့က မညီညာတော့….. တစ်ဘက်သို့ ရွဲ့စောင်းလျှက်ရှိသည်…. သူ့အဖေကို ဖေးမပြီး ထူလိုက်သည်… အဖေ ဘယ်ဘက်တစ်ခြမ်းလုံး မလှုပ်ရှားတော့….. အားငယ်စိတ်များ စိုးရွံစိတ်များ၊ ကြောက်စိတ်များ တစ်စ တစ်စ ၀င်လာသည်….. အဖေ့ကို အိမ်ရှိသို့သာ တစ်ဖြည်းဖြည်းတွဲလာခဲ့သည်….. အဖေ ပြန်လည်မေ့မျောသွားသည်။ သူ အဖေ့အခန်းထဲသို့ အပြေးအလွှားဝင်သွားသည်…. အဖေ့ သတ္တာထဲမှ ငွေစက္ကူ တစ်ထပ်ကို သူယူလိုက်သည်… ဒါဟာအဖေ ချွေးနဲစာနှင့် စုဆောင်းထားတာဖြစ်မည်… ဒါဟာ သူ့ပညာရေးအတွက် အဖေ ကြိုးစားထားတာဖြစ်မည်…. ပိုက်ဆံတစ်ထပ်ပေါ်တွင် စွတ်စို သွားသည်…. မျက်ရည်တွေ… ဟင် သူငိုနေပါလား…. သူမျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်သည်….. မြို့ထဲသို့ အဖေစီးနေကျ စက်ဘီးဖြင့် အပြေးနှင်ရင်း ဘကြီး အုံးတို့ အိမ်သွားပြေးသွားသည်…. ဘကြီး အုံး ဆီမှာ ကားရှိသည် မဟုတ်ပါလား။
********************************************




      အဖေ့ကို မြင်တော့ လူနာတွန်းလှည်းတစ်ခု ဖြင့် ဆေးရုံမှ အကူတစ်ယောက် ပြာပြာသလဲ တွန်းလာပေးသည်…. အဖေ့ကို တင်ပြီး အရေးပေါ်လူနာဋ္ဌာနသို့ တွန်းယူသွားသည်… သူ မျက်စေ့သူငယ်နားသူငယ်ဖြင့် တွန်းလှည်းနောက်မှ လိုက်သွားမိသည်။ ဆရာလေး…. လက်ဖက်ရည်ဖိုး…. သူမကြားမိ…. ဆရာလေး လက်ဖက်ရည်ဖိုးလေးမစပါ…. သူ ရင်ထဲတွင် ကျင်ခနဲဖြစ်သွားသည်….
“ခင်ဗျာ”…… သူ ပြန်မေးမိသည်။
      လူနာကို ဒီအထိသယ်လာပေးတာ လက်ဖက်ရည်ဖိုးလေးတော့ ပေးမှပေါ့ဗျ…. သူထိုသူကို ပြန်ကြည့်မိသည်… ဂရုဏာ၊ စေတနာ…. ဒါတွေရဲ့ အဓိပ္ပာယ်ကို သူပြန်တွေးနေမိသည်။
ဟေ့လူ လက်ဖက်ရည်ဖိုးတောင်နေတယ်လေဗျာ….. ခပ်ဆပ်ဆပ် အသံကြားလိုက်ရသည်…. သြော်.. ဟုတ်ကဲ့ ဟုတ်ကဲ့… သူ ၅၀၀ တန်တစ်ရွက်ထုတ်ပေးလိုက်သည်….
        မရဘူးဆရာရဲ့ ၁၅၀၀ ဒါက ပုံမှန်ဈေး…. သူ ဆစ်ကနဲဖြစ်သွားသည်…. သူ၏ ၀ဲဘက်ရင်အုံမှ ဆစ်ကနဲ့ ဖြစ်သွားသည်…. လူတစ်ယောက်ရဲ့ သေရေးရှင်ရေးမှာ ဒါတွေနဲ့ ဈေးဖြတ်တာလား….. သို့သော် ဘာမှ မပြောဖြစ် နောက်ထပ် ထောင်တန်တစ်ရွက်သူထုတ်ပေးလိုက်သည်။
     အရေးပေါ်ဋ္ဌာနရောက်တော့ ဆေးရုံ စာအုပ်လုပ်ရန် တာဝန်ကျ အမျိုးသမီးက စက်ရုပ်အသံဖြင့်ပြောသည်။ ပြီးတော့ ဘေးဘက်ရှိ စက္ကူပုံးကို မေးဆတ်ပြသည်….. အထဲတွင် ၅၀၀ တန်၊ ထောင်တန်များ ပြန့်ကျဲနေသည်။ ပုံးက A4 စာရွက်တွေထည့်သည့်ပုံး…. သူအိတ်ထဲမှ မည်သည့် ငွေစက္ကူမှန်း မသိတော့ တစ်ရွက်ပြီး တစ်ရွက် လမ်းတစ်လျှောက် ဝေလာခဲ့သည်။ စိတ်ထဲတွင် အဖေ အခြေအနေကို စိုးရိမ်နေမိသည်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသော အဖေ့ကို ကြည့်ရင်း မျက်ရည်ဝဲလာခဲ့သည်။
ဆေးရုံခုတင်ပေါ်ရောက်တော့ သူ့တို့ ကုတင်မှာ အဖေနှင့် သူ ဒီ၂ ဦးသာရှိသည်။ သူနာပြုဆရာဝန်မများ ပျားပန်းခတ်မက လှုပ်ရှားနေကြသည်…. ဆရာဝန်များက ဥဒဟို…
     ဆရာမ… ဆရာမ ကျွန်တော့် အဖေကို ကယ်ပါဗျာ… သူခပ်တိုးတိုးလေး ပြောမိသည်….. အဖေလက်သည် အေးစက်နေသည်…. သူနွေးထွေးစွာ ဆုပ်ကိုင်ထားမိသည်…. သည်လက်များဖြင့် သူ့ဘ၀ကို ပျိုးထောင်ပေးခဲ့သည်၊ သည်လက်များဖြင့် သူကို ကြင်နာစွာ ထွေးပွေ့ခဲ့သည်၊ သည်လက်များ ယခုတော့ အေးစက်နေကြသည်။ သူ၏ အားကိုးရာ သစ်ပင်ကြီး…ယခုတော့ မုန်တိုင်းများကြားမှာ ယိုင်နဲ့နေပြီ….
     နားထဲတွင် အမျိုးသမီးကြီး၏ အသံကို ခပ်သဲ့သဲ့ကြားနေရသည်…. ဒါက ဆရာမတို့အတွက် ဟောလစ်…. ဟောဒါက ဆရာဝန်ကြီးအတွက် ကွေကာအုပ်…. သူလှည့်ကြည့်လိုက်မိသည်…. ခပ်၀၀ အဒေါ်ကြီးတစ်ယောက်က ပြုံးပြုံး ပြုံးပြုံးဖြင့် စကားတွေ ရွှန်းရွှန်းဝေနေသည်… သူမ စကားပြောတိုင်း စကားပြောတိုင်း သူမနားမှာရှိတဲ့ စိန်နားကပ်ကြီးက ဆေးရုံမီးချောင်းတွေ ရဲ့အလင်းနဲ့ ထိတွေ့ပြီး သူ့အမြင်အာရုံထင်ကို ပျိုးကနဲ ပျက်ကနဲ ၀င်ရောက်လာသည်…. တာဝန်ကျ ဆရာမလေးတွေကတော့ သူမနားမှာ ၀ိုင်းအုံလျှက်..
       သူ… ဖခင်ကို ညှိုးငယ်စွာ ပြန်ကြည့်မိသည်…. ယခုအချိန်ထိ ကုသမှု့ တစ်ခုမှ မပြုလုပ်ရသေး…. ဆရာမ ဆရာမ… သူ အားကို တစ်ကြီးခေါ်လိုက်သည်….. ဆရာမလေးတစ်ယောက်ရောက်လာပြီး သူ့ကို အသက်မပါသော မျက်လုံးဖြင့် ကြည့်သည်….. ရှင်ခဏ နေပါဦး… မကြာခင်မှာ ဒေါက်တာရောက်လာတော့မယ်…..။ သူ…. သူ့လက်ပတ်နာရီလေးရဲ့ စက္ကန့်တံကို အကြမ်ပေါင်းများစွာ အဓိပ္ပာယ်မရှိရေတွက်နေမိသည်…. ။ သူ သိမ်ငယ်လာသည်…. သူ့၏ အသွေးအသားများကို ပတ်ဝန်းကျင်မှ စားသုံးနေသလို ခံစားရလာသည်….။ သူ…. အားလုံးကို လှည့်ပတ်ကြည်မိသည်…. အားလုံး အစွယ်တစ်ဖွေးဖွေးနှင့် သူ့ဆီသို့ လက်ဖြန့်တောင်းယူနေကြသည်….. သူယိုင်နဲ့နေပြီ… သူ ပင်ပန်းနေပြီ…. သူ… သူ….. သူ………….
********************************************


      သူပြန်နိုးလာတော့ ပထမဆုံးမြင်ရသည်က ခေါင်းအထက်ရှိ လည်ပတ်နေသည့် ပန်ကာ…. တစ်ချက်ခြင်း တစ်ချက်ခြင်း…. တစ်ပတ်ခြင်း တစ်ပတ်ခြင်း သူ့ အသွေးအသားများကို ခုတ်ထွင်လျှက်…. “အဖေ” …… သူ အော်ခေါ်လိုက်မိသည်။ ဖခင်ကြီးမှာ ကုတင်ပေါ်တွင် မလှုပ်မယှက်လည်းလျှောင်းလျှက်…. မကြာခင်မှာ ဆရာဝန်ရောက်လာသည်… လိုအပ်သည်များကို စစ်ဆေးကြည့်သည်…. သူ ဆရာဝန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်…… အားကိုးသော အကြည့်များ သူ့ထံမှ ထွက်ပေါ်နေသည်……
ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းသွားသော ဆရာဝန်၏ ကျောခိုင်းမှု့နောက်တွင် သူ့ စိတ်ဓာတ် ပုံလဲကျသွားသည်…. သူ့အားကိုးရာ သစ်ပင်ကြီး… မျက်စိရှေတွင်ပင် ပြိုလဲသွားသည်….. သူ့ဘ၀တွင် အားကိုးရသော… ချစ်ခင်မြတ်နိုးရသော သစ်ပင်ကြီး…. သူမျက်စေ့ကို မှိတ်လိုက်သည်…. လေလွင့်သွားသော ငှက်ကလေးတစ်ကောင် ခိုကိုးရမယ့် ပျံသန်းနေသည်…..အားလုံးက လက်ဖြန့်သူ့ထံတွင် လက်ဖြန့်တောင်းနေသည်…. သူ အံကို တစ်ချက်ကြိတ်လိုက်သည်….
     “တောက်…..” ကျယ်လောင်သော တောက်ခေါက်သံကြောင့် ဆေးရုံမှ လူများ သူ့ကို ၀ိုင်းအုံကြည့်ကြသည်…. သူထွက်ပြေးနေသည်….. မည်သည့် အရပ်သို့ ထွက်ပြေးနေသည်ကို သူမသိ…. အစွယ်တစ်ဖွေးဖွေးနှင့် လက်ဖြန့်တောင်းနေသူများထံမှ ဝေးရာသို့ သူပြေးနေသည်….. သူမောပန်းလာသည်… အသက်ရှု့မမှန်အောင် မောပန်းနေသည်… သဲမဲစွာရွာနေသော မိုးစက်များက သူ့ကိုယ်ပေါ်ကို ထိမှန်ရိုက်ခတ်လာကြသည်….။ “အဖေ….” သူ ဆို့နင့်စွာ ခေါ်လိုက်သည်…. မိုးစက်များက သူ့ကို မညှာမတာ ၀ိုင်းဝန်းတိုက်ခိုက်နေကြသည်။ သို့သော် သူ သက်သာရာရသည်…. လက်ဖြန့်တောင်းနေသူများနှင့် ဝေးရာတွင် နေရာသောကြောင့် သူသက်သာရာရသည်…. ရင်ထဲမှာ ဆို့နင့်လာပြန်သည်…. ဖခင်သေဆုံးမှု့ကြောင့် ၀မ်းနဲ့ကြေကွဲမှု့ ကြောင့်လား၊ ဒါကြီးဘဲတော့မဟုတ် သူသိသည်… သူ့ရင်ထဲမှာ တစ်စုံတစ်ရာကို ခံစားနေရသည်…. ဘာကိုလဲ… သူစဉ်းစား၍မရ…. သူမောပန်းနေသည်…. ခြေအစုံက ရပ်တည်နိုင်စွမ်းမရှိတော့… သူဒူးထောက်လိုက်မိသည်… မိုးများကတော့ သည်းဆဲ…. မာကျူရီမီးလင်းနေသော လမ်းမီးတိုင်အောက်ရှိ ဖလက်ဖောင်းဘေးမှာ မိုးရေစိုနဲ့ ဒူးထောက်နေသောသူ့ကို ဖြတ်သွားဖြတ်လာများက အထူးအဆန်းသဖွယ် ကြည့်နေကြသည်။ သူပတ်ဝန်းကျင်ကို သတိပြုမိတော့ အားလုံးက အစွယ်တစ်ဖွေးဖွေးနှင့် သူ့ဆီသို့ လက်ဆန့်တန်းပြီး လာနေကြသည်….. “အဖေ”… သူ ဒီစကားလုံးကို ရွတ်ဆိုပြီးတော့ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားသည်….
****************************************************


         အဖေ့ ကျွင်းကျန်ရစ်တဲ့ ဥတုဇရုပ်ကို အကြောင်းပြုပြီး သူတို့ အမျိုးမျိုး လက်ဖြန့်တောင်းကြတယ်... “သူ”…. သူတို့ကို ကြည့်ရင် ရွံရှာလာတယ်…. သွေးစုပ်ဖုတ်ကောင်လိုမျိုး သူ့ဆီကနေ စုပ်ယူနေကြတယ်… ဒီလိုမျိုး ဘယ်နှစ်ယောက်ဆီကနေ စုပ်ယူနေကြပြီးပြီလဲ… ဒီလိုမျိုး ဘယ်နှစ်ယောက်ဆီကနေ စုပ်ယူကြဦးမှာလဲ….. နေရာတိုင်းမှာ သွေးစုပ်ဖုတ်ကောင်တွေ တွေ့တွေ့နေရတယ်…. အားလုံးက သူ့ကို အစွယ်တဖွေးဖွေးနဲ့ ကြည့်နေတယ်……. ငါရော.. သွေးစုတ်ဖုတ်ကောင်ဖြစ်ဦးမှာလား…. မိုးခါးရေတွေ ….. မိုးခါးရေတွေ….. သူ့ဆီကို တစ်ဝေါဝေါနဲ့ ရွာချနေတယ်… သူ ပါးစပ်ကို အတင်းပိတ်လိုက်တယ်…. ခေါင်းကို တွင်တွင် ခါယမ်းမိတယ်….. ငါမသောက်ပါရစေနဲ့ မိုးခါးရေတွေရယ်.. မသောက်ပါရစေနဲ့….. မလုပ်နဲ့ … မလုပ်ကြပါနဲ့… သူ ငြီးညူနေတယ်… သူတိုးတိုးလေး အော်ငြီးနေမိတယ်…… ခေါင်းတိုင်ကထွက်လာတဲ့ မီးခိုးဖြူဖြူတွေကို သူငေးကြည့်နေတယ်…. ကောင်းပါတယ်အဖေ… အဖေမီးခိုးဖြစ်သွားတော့ သူတို့ အဖေ့ဆီကနေ သွေးမစုပ်နိုင်ကြတော့ဘူး….. သူ နှုတ်ခမ်းမှာ လှိုင်းတွန့်တစ်ခု ဖြတ်ပြေးသွားတယ်။ သူပြုံးကြည့်တယ်… ဒါပေမယ့် အသက်မပါတဲ့ အပြုံးမှန်းသူသိတယ်…
သူပြုံးနေတယ်……သူ့ကို ပြန်ပြုံးပြနေတယ်… အဲ့ဒီလူကတော့ အစွယ်မပါဘူး….. ဒါပေမယ့်.. သူ့လိုဘဲ အဖြူရောင် ကာဗာအောလ်ဝတ်ထားတယ်…. “ဘာဖြစ်နေတာလဲတဲ့” သူ့ကို မေးတယ်…. သူခေါင်းကို ဖြေးညှင်းစွာခါလိုက်တယ်…. နောက်ပြီး..
         သူပြန်ပြုံးပြလိုက်တယ်… ဒါပေမယ့် အဲ့ဒီအပြုံးမှာ အသက်မပါမှန်းသူသိတယ်…..
နာရီကို ပြန်ကြည့်လိုက်တော့… ၁ နာရီ နည်းနည်းစွန်းနေပြီ…. သူလေးကန်စွာနဲ့ သန့်စင်ခန်းဆီကို လျှောက်လာမိတယ်… အဓိပ္ပာယ်မဲ့စွာ. ဘေစင်ကရေပိုက်ခေါင်းကို ဖွင့်လိုက်တယ်…. ရေတွေ စီးကျနေတယ်… ဒါဟာ မိုးခါရေတော့ မဟုတ်လောက်ပါဘူး… သူတွေးမိတယ်… သူတွေးမိတာကို သူသတိပြုမိတော့ သူပြုံးလိုက်တယ်…. မှန်ထဲမှာ သူ့ကိုယ်သူပြန်မြင်နေရတယ်… ပါးစပ်ကို ဖြဲကြည့်လိုက်တယ်… သူ့ရဲ့သွားတွေကို သေသေချာချာမြင်ရအောင်… အင်း အစွယ်မပေါက်ပါဘူး…. သူခပ်မဲ့မဲ့ပြုံးလိုက်တယ်…. ရေတွေကို လက်ခုပ်ထဲထည့်လိုက်တယ်….. ကြည်လင်နေတယ်.. ဒါပေမယ့် ကလိုရင်းနံတွေထွက်နေတယ်….. ဘာဘဲဖြစ်ဖြစ် သူမျက်နှာကို ထိုရေတွေနှင့် ထိတွေ့လိုက်တယ်… လန်းဆန်းသွားတယ်…. စိတ်နဲ့ ကိုယ်နဲ့ နဲနဲ ကပ်သွားတယ်…..
ဘေးဘီဝဲယာကို သူကြည့်လိုက်မိတယ်…ဘေးကလူတစ်ယောက်က သူလုပ်သမျှကို လိုက်ကြည့်နေတယ်…ခုမှ အိပ်သာထဲကထွက်လာတဲ့သူတစ်ယောက်ထင်တယ်…. သူအခုမှ သတိပြုမိတယ်… ခပ်တည်တည်နဲ့ မသိချင်ယောင်ဆောင်ပြီး အလုပ်စားပွဲကို ပြန်လာခဲ့တယ်…. နောက် ဦးထုပ်ကို ရှာတယ်…. ပြီးတော့ ဆိုဒ်ထဲကို သူဆင်းသွားတယ်…. စက်ရုပ်တစ်ရုပ်လို တစ်ခုပြီးတစ်ခု သူ ဆက်တိုက် အလုပ်လုပ်နေခဲ့တယ်…….ဒီလိုနဲ့ ဥသြဆွဲတော့မှ သူရုံးပေါ်ပြန်တက်လာပြီး…. ထုံးစံအတိုင်း အ၀တ်အစားလဲတယ်… ခဏနေရင် အိမ်ပြန်ဖို့ ကားပေါ်တက်ရဦးမှာဘဲ.....
******************************************************



 အိမ်ကိုပြန်ရောက်တော့ လွယ်လာတဲ့ ကျောပိုးအိတ်ကို ထားနေကျနေရာမှာ ပစ်ချလိုက်တယ်….. ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တယ်…. ရေသန့်ဘူးဟောင်းတစ်ခုထဲမှာ ရေထပ်ဖြည့်ထားတဲ့ ရေဘူးကို သူဆွဲထုတ်လိုက်တယ်…. ဖန်ခွက်ကို ပန်းကန်စင်ပေါ်ကနေ လှမ်းယူလိုက်တယ်…. ရေတစ်ခွပ်ကို ခပ်မြန်မြန်လေး သောက်ချလိုက်တယ်….  နောက်ထပ် ထည့်ပြီး ဖန်ခွက်ထဲကို ရေဖြည့်လိုက်တယ်…. သူ… ပြုတင်းပေါက်ဆီကို ထွက်သွားတယ်… ဘာရယ်မသိ အပြင်ကို ငေးကြည့်နေမိတယ်…  မကြာခင် လမ်းမီးတွေလင်းဦးမှာပါလေ…..
          သူအခန်းထဲကို ပြန်ဝင်လာတယ်.. ရုံးမှာ တချက်မှတို့ထိခဲ့ခြင်းမရှိသော ကွန်ပျူတာကို ထမင်းစားခန်းထဲကို ယူလာလိုက်တယ်….  သူဖွင့်နေကျ အရိုးရဲ့ လူလည်အာရှသားသီချင်းလေးကို ဖွင့်လိုက်တယ်… စည်းချက်နှင့်ညီညီ ခြေထောက်ကို စည်းလိုက်နေမိတယ်….
          “တစ်ချို့လူတွေကို တစ်ချို့လူတွေကို အားကျပြီး.. ရှိစုမယ့်စုတွေရောင်းချပြီး…. လေယာဉ်ပျံပေါ်တက်နှုတ်ဆက်တော့ ကျွန်တော် ခန့်ခန့်ကြီးနဲ့ဗျ……”  သီချင်းသံက ပျံလွင့်လာသည်….
          သေချာတာကတော့ သူရှိစုမယ့်စုလေးတွေကို ရောင်းချခဲ့တာပါ…. ကျန်တဲ့လူတွေ အားကျမကျတော့ခဲ့တော့…သူမသိ….. သူဒီကိုထွက်လာတော့ မည်သူ့မှလည်း သူ့ကို နှုတ်မဆက်ပါ… မည်သူ့ကို မှလည်း သူနှုတ်မဆက်ခဲ့။ သူမှတ်မိသည်က ထိုလူတွေနှင့် ဝေးရာသို့ သူထွက်သွားချင်သည်… ထို့ကြောင့်.. သူလာခဲ့သည်။

          “မောင်ရင် ဘယ်လိုလုပ်မယ်စိတ်ကူးလဲ….”  ဦးလေးအုံးက မေးသည်။ 
          “ကျွန်တော်… ကျွန်တော်…..” သူဆွံအနေသည်။  မည်ကဲ့သို့ ရှေ့ဆက်ရမည်သူမသိ……  အဖေမရှိတော့ ခိုကိုးရာမဲ့ တစ်ကောင်ကြွက် သူဘ၀ကို သူပြန်စဉ်းစားနေမိသည်။
          “ကျွန်တော် တက္ကသိုလ် ဆက်တက်မယ် ဦးလေးအုံး….”  သူပြန်ဖြေမိသည်….  “ကျွန်တော် ကျောင်းပြီးအောင်တက်မယ်…”
          “အင်း ဒါကလည်း တစ်ပိုင်း နောက်ပြီး မင်းအဖေရဲ့ ခြံနဲ့ အိမ်ကို ဘယ်လိုလုပ်မယ်စိတ်ကူးလဲ…..” ဦးလေးအုံးက ထပ်မေးသည်။
          “ရောင်းသာ ရောင်းလိုက်ပါ ဦးလေးအုံးရယ်….. သင့်တောမယ်ဈေးနဲ့ သာရောင်းလိုက်ပါ…..”
ဦးလေးအုံး ပင့်သက် တစ်ချက် ရှိုက်လိုက်သည်။  သူလည်း ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။  အဖေ့ အိမ်ကလေးကို လှမ်းကြည့်လိုက်သည်။  နေရောင်ခြည် လေးများ မိုးသားမှအထက်မှ အဖေ့ မြေပေါ်ဖြာကျနေသည်။  အိမ်နားရှိဘူးစင်၊ ခပ်လှမ်းလှမ်းမှာရှိတဲ့ ခရမ်းချဉ် ပျိုးထားသော မြောင်းများ အားလုံး စီစရီ။  ထိုမြေ…. မြေဆီမြေနှစ်ကောင်းမွန်တဲ့ မြေ……  ထိုမြေအောက်မှာ ထိုမြေအပေါ်မှာ သီးနှံတွေကို ဖျက်စီးမယ့် ပိုးကောင်တွေရှိသည်…. အဖေရဲ့ ချွေးနဲ့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ဖျက်ဆီးဝါးမြိုမယ့် ပိုးမွှားတွေ…. တစ်ပင်ခြင်း တစ်ပင်ခြင်း တစ်ရွက်ချင်း တစ်ရွက်ချင်းကို ဖျက်ဆီးပစ်မယ့် ပိုးကောင်တွေ….. ပိုးကောင်တွေ သူ့ဆီကို လာနေကြသည်…. လက်တွေဆန့်တန်းပြီးလာနေကြသည်…. ပိုးကောင်တွေက အော်မည်နေသည်…. “လက်ဖက်ရည်ဖိုး”… “လက်ဖက်ရည်ဖိုး”… 
သူ့နားတွေကို လက်နှစ်ဖက်ဖြင့် ပိတ်လိုက်သည်… သူမုန်းတီးသည်… ထိုသို့ ဖြစ်ပျက်နေမှု့များကို မုန်းတီးသည်… သာယာသောအိမ်ကလေးကို ထောက်ကန်ထားသည့် အိမ်တိုင်များကို ၀ါးမြိုနေသော ခြများကို သူမုန်းတီးသည်…..  သွေးနှင့် ချွေးနှင့် တည်ဆောက်ထားသော အိမ်ကလေး၏ အသွေးအသားတွေကို လှိုက်ကာ လှိုက်ကာ ၀ါးမြိုနေသော ခြကောင်တွေကို သူမုန်းတီးသည်။
သူ့ ကျောင်းပြန်တက်ရန် မြို့သို့ ပြန်လာခဲ့သည်။  ခေါင်းထဲမှာတော့ အတွေးတို့ တစ်ဝဲလည်လည်………..  သူမည်သို့ ရှေ့ဆက်သွားရမလဲ….. မေးခွန်းပေါင်းများစွာ… အဖြေကို ရှာနေဆဲ….

******************************************



သူ ကျောင်းပြန်တက်တော့ လက်ထဲမှာ ငွေ ၅သိန်းသာသာ ကျန်သည်။  ရင်မောရသည်… သုံးနှစ်ကျန်သေးသည်….  ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်ရမည်….  သူ… ရပ်ကွက်ထဲမှာရှိသည့် ၁၀တန်းကလေးတွေကို စာသင်ပေးသည်။  ဒါကသူ့အတွက် ထမင်းဖိုးနှင့် ကျောင်းစရိတ်ကို ကာမိသည်။  သူ့အတွက် အချိန်ပို မရှိ။  ကျန်သောငွေကို ကျစ်ကျစ်ပါအောင်သူစုသည်။  တစ်နေ့ဘာဖြစ်မယ် သူမသိ….။ သူသိသည်က ထိုလူများနှင့်ဝေးရာသို့ သူထွက်ပြေးချင်နေသည်။
ဦးလေးအုံးထံမှ စာတစ်စောင်ရသည်…. ရောင်းထွက်ပြီတဲ့ ငွေလွှဲလိုက်မယ်တဲ့…..  ထိုငွေတွေကို ဘယ်လိုလုပ်ရမလဲ….. သူစဉ်းစားသည်…. ဒီအတိုင်းဆက်နေရင် ခြတွေ တမြည့်မြည့်စားတာနှင့် ထိုငွေတွေကုန်မည်။ လမ်းလျှောက်တိုင်း သူ့ကို ခြကောင်တွေ ၀ိုင်းအုံနေသည်။  တစ်ခုခုလုပ်ခါနီးတိုင်း ခြတွေက သူ့ကို တွယ်ကပ်သည်။  မဟုတ်ရင် အလုပ်ကမတွင်။  မဟုတ်ရင် တစ်နေ့ သူ “ခြကောင်” အဖြစ် ပီပြင်အောင် လေ့ကျင့်ရမည်….  မိုးခါးရေတွေသောက်ပြီး သူ့တို့မိသားစုလို လူတွေဆီကနေ သွေးစုပ်ရဦးမည်…. သူမလုပ်ချင်။ သူဘယ်တော့မှ မလုပ်ချင်…. ကျောင်းပြီးသွားတော့ သူဒီကို ထွက်လာခဲ့သည်။
“ချောက်”……  သော့ဖွင်သံကြားလိုက်ရသည်။  အခန်းဖော် သူငယ်ချင်းပြန်လာထည်ထင်သည်။  ဟုတ်သည်။  အခန်းဖော်သူငယ်ခြင်း ပြန်လာခြင်းဖြစ်သည်။ 
“သားကြီး… ဘယ်လိုလဲ”  နိစ္စဓူဝ မေးနေကျ မေးခွန်း သူ့ပါးစပ်မှ အလိုလိုထွက်သွားသည်….
“ဒီလိုပါဘဲ ကွာ…” သူငယ်ချင်းက ပြန်ဖြေသည်…. ဒီအဖြေကို ပြန်ရမည်မှန်း သူလည်းသိသည်။  ဒီလိုပါဘဲကွာ ဆိုသည့် အဓိပ္ပာယ်ကို သူစဉ်းစားမိသည်။  အရင်အတိုင်းဘဲလား၊ အဆင်ပြေတာလား၊ အဆင်မပြေတာလား။  အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ သူတို့လို စက်ရုပ်လူသားတွေ အတွက် ထွေထွေထူးထူးရှိလှသည်မဟုတ်။ မည်သို့ပင်ဖြစ်စေ “ဒီလိုပါဘဲ”… ဟူသော စကားလုံးက လုံလောက်သော အဖြေဖြစ်မည်ထင်သည်။ သူငယ်ချင်းရေချိုးခန်းထဲဝင်သွားသည်….. သူ… သောက်လက်စ ဖန်ခွက်ကလေးကို ကြည့်နေမိသည်။ 
ဖန်ခွက်ကလေးတွင်ရော…. ရေဗူးတွင်ရော ရေစပ်ကလေးများ ကပ်ညိနေကြသည်။  ငွေ့ရည်ဖွဲ့ခြင်းဖြစ်သည်။  သူ့စိတ်ထဲတွင် ဖန်ခွက်မှာ ကပ်ညိနေတဲ့ ရေစက်ကလေးတွေကို ခြတွေလိုမြင်ယောင်လာသည်။  ဖန်ခွက်ကလေးကို သူတို့လိုလူတွေလို မြင်ယောင်လာသည်။  ဘာကြောင့် ငွေ့ရည်ဖွဲ့ရသလဲ….. ပတ်ဝန်းကျင်ရှိ အပူချိန်မြင့်တက်လာလို့ဖြစ်သည်။  ဘာကြောင့် ရေခဲသတ္တာထဲမှာရော ဒီဗူးတွေ ဒီဖန်ခွက်တွေ ငွေ့ရည် မဖွဲ့ရသလဲ…… လုံလောက်သော အအေးဓာတ်ကို ရရှိနေသောကြောင့်ဖြစ်သည်။  မှန်သည် ထို အအေးဓာတ်မျိုးကိုလိုအပ်နေသည်….. ထိုအအေးဓာတ်ရရှိဖို့ ရေခဲသတ္တာတစ်လုံးလိုအပ်သည်…. သို့မဟုတ် ၁၀ ဒီဂရီ စဲလ်စီအက်စ် လောက်လိုသည်…
“ငါ ပြန်တော့မယ်သူငယ်ချင်း၊ ငါ အပြီးပြန်တော့မယ်………..”  ဆိုင်းမဆင့် ဗုံမဆင့် ရေချိုးခန်းထဲမှ ထွက်လာသော သူငယ်ချင်းမှပြောသည်။  သူ့ကိုယ်ပေါ်တွင် ရေစပ်လေးများတွယ်ကပ်နေသည်။ ငွေ့ရည်ဖွဲ့ခြင်းကြောင့်မဟုတ်။ ရေချိုးလာသောကြောင့်ဖြစ်သည်။  ထိုရေစက်များကို မျက်နှာသုတ်ပ၀ါဖြင့် သုတ်ပစ်လျှင် ထပ်မံ ရေစက်များ တွဲခိုစေရန် အကြောင်းမရှိ။  သုတ်ပစ်လျှင် ရေစက်များမရှိနိုင်။  သူ့ သူငယ်ချင်း၏ ခန္တာကိုယ်အပူချိန်နှင့် လေထုရှိရေငွေ့ပမာဏက အဆိုပါရေစက်များကို တွဲခိုခွင့်ပြုမည်မဟုတ်…..သို့သော် သူစိုးရိမ်နေမိသည်….ရေစက်များ ထပ်မံ ငွေ့ရည်ဖွဲ့လာမည်ကို…..
          “အင်း…..”  သူပြောရင်း ဆေးလိပ်တစ်လိပ်ကို ဖွာရှိက်လိုက်သည်……… မီးခိုးများ မျက်နှာကျက်ဆီသို့ ပေါ့ပါးစွာ လွင့်တက်သွားသည်…… “မင်း ပြန်ပြီး ဘာလုပ်မယ်စိတ်ကူးလဲ” သူထပ်မေးမည့်သည်။  “ဒီလိုပဲပေါ့ကွာ…” သူ့သူငယ်ချင်းဖြေသည်…။
 “အင်း……….” “ကောင်းပါတယ်….” စကားလုံးနှစ်လုံးကြားမှာ ၃စက္ကန့်လောက် အချိန်ကြာသွားသည်…..
“မင်း…. မလေလွင့်တော့ဘူးပေါ့”…. သူထပ်ပြောသည်… 
“စက်ရုပ် ဘ၀ကို မင်းငြီးငွေ့နေပြီလား…”  သူ မေးခွန်းထုတ်လိုက်သည်…..
“ဟွန်း……..”  သူ့ သူငယ်ချင်းဆီမှ အဖြေဖြစ်သည်… သူလိုတော့ ပင့်သက်မရှိုက်ပါ…….  ဒါပေမယ့် မဲပြုံးလေးတော့ အနည်းငယ် သူ့ကို ပြုံးပြသည်။
“ငါ့အိမ်က ငါ့ကို ပြန်လာခဲ့လို့ပြောတယ်ကွာ… ငါ့ အဖေ အမေလည်း အသက်ကြီးပြီလေ… သူတို့ကို ငါ ပြန်ပြီး ပြုစုရဦးမယ်…..”
“အင်း…..” သူပြန်ပြောမိသည်….
သူရော… သူပြန်တွေးမိသည်… သူသည် လေလွင့်ငှက်တစ်ကောင်….. သူသည် ခိုလှုံရာမရှိသည့် လေလွင့်ငှက်တစ်ကောင်…..။ 
“မင်း ဘာလုပ်မယ်စိတ်ကူးလဲ….”  သူ ထပ်မေးမိသည်….
“စီးပွားရေးလေး ဘာလေးလုပ်မှာပေါ့ကွာ…” သူ့သူငယ်ချင်းပြန်ဖြေသည်…… 
“ဟက်.. ဟက်….”  သူ မဲ့ပြုံးပြုံးရင်း ရယ်လိုက်သည်….. “အင်း..ကောင်းပါတယ်…..” 

သူ့မျက်စေ့ထဲတွင် ခြကောင်များ တစ်ရွရွ တက်လာသည်…..  သူ့ သူငယ်ချင်းကိုယ်ပေါ်ကို ခြကောင်များ တစ်ရွရွတက်လာကြသည်…… သူမျက်စေ့မှိတ်လိုက်သည်။
“ငါ ထမင်းသွားစားလိုက်ဦးမယ်..” သူ ပြောရင်း အောက်သို့ဆင်းကာ ထမင်းသွားစားသည်… ပုံပွဲတစ်ပွဲပါ ထမင်းက… အသာဟင်းတစ်မျိုး ဟင်းသီးဟင်းရွက်တစ်မျိုးပါသည်… သူ ပါးစပ်ထဲသို့ ထမင်းတစ်လုပ် ထိုးထည့်လိုက်သည်….. ၀ါးမြိုလိုက်သည်… ဤထမင်းဟင်းထဲမှာတော့ ခြကောင်များ မပါလောက်ပါဘူး… သူတွေးကြည့်သည်။
ဆေးလိပ်တစ်လိပ်ကို ဖွာရင်း သူပြန်တက်လာခဲ့သည်။  ကွန်ပျူတာရှေ့ထိုင်ရင်းရောက်တတ်ရာရာ သတင်းများလျှောက်ဖတ်မိသည်။  အချိန်များဤသို့နှင့်ပင် ကုန်ဆုံးဦးမည်။ သူသိသည်။  သူ ပင့်သက်ကို ရှိုက်လိုက်မိသည်။ 
သူ အခန်းထဲသို့ ၀င်လာသည်….. သူငယ်ချင်းကို လှမ်းပြီးပြောလိုက်သည်…. “မင်းကို ငါ “ခြ” တစ်ကောင်အဖြစ် မမြင်ချင်ဘူး…” သူလှမ်းပြီးပြောလိုက်သည်။ 
သူ့သူငယ်ချင်းက သူ့ကို နားမလည်သလို မျက်လုံးများနှင့် ကြည့်နေသည်။
“မင်း ဘာပြောတာလဲ”
“ဘာမှမဟုတ်ပါဘူး… ငါအိပ်တော့မယ်” သူပြန်ပြောရင်း  နာရီကို နှိုးစက်ပေးလိုက်သည်။ မျက်လုံးများကို မှိတ်လိုက်သည်။  သူ အိပ်ပျော်တော့မည်.. မကြာခင် သူအိပ်ပျော်တော့မည်။
***************************************

သူ ပျံသန်းနေသည်။  ကြည်လင်သော ကောင်းကင်ပြာအောက်မှာ သူပျံသန်းနေသည်။  သူ့၏ မွေးဖွားရာ မြေကြီးဆီကို ပျံသန်းနေသည်။ သူသည် ပေါ့ပါသော ငှက်ကလေးတစ်ကောင်။ သူသည် အားမာန်အပြည့်ဖြင့် တောင်ပံများကို ရိုက်ခတ်ကာ ပျံသန်းနေသည်။  သူသည် သီးနှံကလေးများကို ကိုက်ချီကာ ပျံသန်းနေသည်။  မြေဆီမြေနှစ်ပြည့်ဝသော သူ့မွေးဖွားရာ ဇာတိမြေမှာ မျိုးစေ့ကလေးများ ကြဲချရန် အလို့ငှာ သူပျံသန်းနေသည်။  ထိုမြေတွင် ခြများမရှိ၊  သွေးစုပ်တတ်သော အစွယ်တဖွေးဖွေးနှင့် သူရွံမုန်းသော သူများမရှိ။ ပကတိ တိတ်ဆိတ်နေသည်။ သူ ပျော်နေသည်။ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေသည်။  သူ ကျေနပ်သည်။
************************************
 “တီ တီ တီ တီ…”
ဆတ်ကနဲ သူလန့်နိုးသွားသည်။  ကျင့်သားရနေသော လက်က အလိုလိုပင် နှိုးစက်ကို လှမ်းပိတ်လိုက်မိသည်။ နာရီလက်တံက ၅ နာရီခွဲ ကို ပြနေသည်။  တင်းကျပ်နေသည်။ စိတ်ထဲမှာ တော်တော်တင်းကျပ်နေသည်။ ပင့်သက်မျှင်းမျှင်း ချလိုက်မိသည်။ နွမ်းလျှသော ကိုယ်ကို အားယူ၍ အိပ်ယာမှထလိုက်သည်။ ခြေဖ၀ါးနှစ်ခုအပေါ် တစ်ကိုယ်လုံး၏ အလေးချိန် ကျရောက်သောအချိန်တွင် ပင့်သက်တစ်ခုပါ လိုက်ပါလာသည်။ ထိုအရာကို သတိပြုမိသောအခါ စိတ်ပျက်သည့်အနေဖြင့် နောက်ထပ်ပင့်သက်တစ်ခုကို ချလိုက်မိပြန်သည်။  နိုးနိုးချင်း သက်ပြင်း ၃ခါချမိသော သူ့အဖြစ်ကို သတိရသွားသည့်အနေဖြင့် နှုတ်ခမ်းတွင် လှိုင်းတွန့်တစ်ခု ဖြတ်သန်းသွားသည်။  ဒါဟာ အသက်မပါသော အပြုံးမှန်း သူသိသည်။


****************************************

2 comments:

  1. လွယ်အိတ်August 29, 2011 at 1:45 AM

    ထွဋ်ကြီးရေ...
    စက်ရုပ်လူသားတွေရဲ့ ပြန်မပြောတတ်တဲ့ ရင်ထဲကစကားတွေကို စာစီပြလိုက်လို့ အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ ငါဖတ်ခွင့်ရသလို တခြား i-robotတွေလည်း ခံစားလို့ရအောင် စင်္ကာပူမှာထုတ်တဲ့မဂ္ဂဇင်း တစ်ခုခုကိုစာမူအနေနဲ့ပို့ပါလား။

    ReplyDelete
  2. ဟီး ဟီး မူရင်း စာမူတွေက ဘလော့ဂ်တွေမှာ မတင်ဘူးပါဘူးဆိုတဲ့ ၀န်ခံချက်နဲ့ တင်ရတယ်တဲ့။ ငါလည်း မပို့တော့ပါဘူးကွာ....

    လာလည်တဲ့အတွက် ကျေးဇူးအထူးပါ သယ်ရင်း.....
    တရုတ်ပြည်အမှတ်တရလေးတွေ လုပ်ပါဦး... စောင့် ဖတ်နေမယ်..

    ReplyDelete