ဘလော့
မဂင်းဖြစ်သည်မှာ ကြာလေပြီ။ အဘယ့်ကြောင့်ဆိုသော
မဂင်းဖြစ်သောကြောင့်ဖြစ်သည်။ မဂင်းရသည်မှာ
အချိန်မရခြင်းသည် တစ်ကြောင်း၊ အလုပ်ရှုပ်ခြင်းသည် တစ်ကြောင်း၊ ရသောအချိန်တွင် ဂိမ်းဆော့ခြင်းသည် တစ်ကြောင်း၊ ဘလော့ဂင်းဖို့
စိတ်အားထက်သန်မှု့ မရှိခြင်းသည် တစ်ကြောင်း အစရှိသော ဆင်ခြေများကြောင့် ဖြစ်သည်။ ထိုအခါ ကျွန်တော့် ဘလော့မှာ ဘလော့ အသေကြီးဖြစ်သွားလေသတည်း။
နောက်တစ်ခုမှာ
ဝင်းဒိုးမှ ပန်းသီးကို ပြောင်းလိုက်လေသော် မက်ဘုတ်၏ မြန်မာကီးဘုတ်မှာ ဟထိုးတွေ ယပင်းတွေ
ယရစ်တွေမှာ တစ်ခုစီပိုပိုပြီး ပါနေပြန်သည်။
ထိုအရာသည် စာရိုက်ရာတွင် အတော့်ကို စိတ်မသက်မသာ ဖြစ်စေသည်။ စိတ်ရှည်သော အချိန်မှာ အပိုတွေကို တစ်ခုချင်းစီ
လိုက်ရှာပြီး ပြန်ပြန်ဖျက်ဖြစ်သော်လည်း ကြာလေသော် စာရေးခြင်းအမှု့ထက် ကွန်ပျူတာကို လက်နှင့်
ထုခြင်းအမှုကို ပိုမိုပြုမိချင်သလိုဖြစ်လာသည်။ အခု ရုံးမှ အလုပ်လုပ်ရန်ပေးထားသော လက်ပဒေါကို
ဘလော့ဂင်းရန် မြန်မာဖောင့်ရော ကီးဘုတ်ပါ သွင်းလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ရုံးချိန်တွင်
ဘလော့ဂ်ဂင်းပြီး အိမ်ပြန်ချိန်မှာ ဂိမ်းဆော့ရန် အခွင့်ကောင်းများ ရရှိပြီဖြစ်သည်။ အလုပ်ကိုမူကား အိပ်ချိန်တွင် အိပ်မက်ထဲတွင် လုပ်ရန်
လျှာထားသည်။ သို့သော် အိပ်မက်ထဲတွင် မအားလျှင်
နောက်နေ့မှ ထပ်မက်ရန် အစီအစဉ်ရှိသည်။
အရင်က
သင်္ဘောအသစ်ဆောက်သည်၊ အခု သင်္ဘောအဟောင်းပြင်သည်။ လက်ရှိ သင်္ဘောလောက စီးပွားရေးကျနေသည်။ ရေနံတွေကို နိုင်ငံပေါင်းစုံမှ လှိမ့်ထုတ်ပြီး၊
စက်ရုံအလုပ်ရုံတွေက ကုန်အောင် မဖြုန်းနိုင်ပေ။
ရေနံဈေးကျနေသမျှကာလပတ်လုံး ကမ်းလွန်ရေနံ အသစ်များဆောက်သည်ကို ဆိုင်းထားဦးမည်။ ကမ္ဘာ့အရေးကို ကျွန်တော်သည် ထိုမျှလောက် စိတ်ဝင်စားသည်မဟုတ်။ သို့သော် ထိုအခြေအနေက ကျွန်တော့်ကို ၂ မျိုးဖြစ်ရန်
တွန်းအားပေးသည်။ တစ်မျိုးမှာ အလုပ်ပြုတ်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ယခုကဲ့သို့ ရုံးတွင် အလုပ်မရှိ
အကိုင်မရှိ ဒီအတိုင်းထိုင်ပြီး ဘလော့ဂင်းရန် အခြေအနေပေးသည်။ ကံကောင်းစွာဖြင့် အလုပ်မပြုတ်ဘဲ ဘလော့ဂင်းရသည်။ တွတ်ပီ အနည်းငယ် ကံကောင်းသွားသည်။ မဟုတ်လျှင် အလုပ်ပြုတ်ပြီ ဖြစ်သည်။ ရေနံဈေးကျခြင်းကို ကျေးဇူးအများကြီးတင်သည်။ သို့သော် ဓာတ်ဆီနှင့် ဒီဇယ်ဈေးမှာ ပိုနေမြဲ ကျားနေမြဲဖြစ်သည်။ ထို့ကြောင့် ကားစီးရန်ထက် ဘက်စ်ကားနှင့် ရထားစီးခြင်းသည်
ပိုက်ပိုက်ကို အိပ်ထောင်ထဲမှာ ပိုပြီး ခပ်ကြာကြာရှိစေသည်။ သို့သော် နိုင်ငံပေါင်းစုံက စီးကရက်၊ အရက်နှင့်
ဘီယာများကို လှိမ့်ကန် ထုတ်နေသော်လည်း ဈေးမကျခြေ။ သောက်သုံးသူတွေက ထုတ်သလောက်ကို နိုင်အောင် သောက်နိုင်သည့်
သဘောမှာ ရှိသည်ဟု ယူဆသည်။ ထိုအခြေအနေကို ထိုအတိုင်း
ရှိစေရန် ကျွန်တော်တက်နိုင်သလောက် ကူညီမည်ဟု ဆုံးဖြတ်ထားသည်။
အလုပ်ပြုတ်လျှင်
တစ်ခုခုလုပ်ရမည်ဟု ထင်သောကြောင့် မြန်မာပြည်ပြန်ပြီး ဈေးကွက်အခြေအနေပြန်ကြည့်သည်။ လူတိုင်းသည် အစိုးရအသစ်တက်သောအခါ ဘာပြောင်းမလဲဟု
စောင့်ကြည့်နေကြသည်။ သို့သော် လမ်းထိပ်က ဒုတ်ထိုးသည်ကတော့
သူ့ဟာသူ ရောင်းကောင်းသည်။ နိုင်ငံရေးပြောင်းလဲလျှင်
သူ နေ့စဉ်ပေးနေသော စည်ပင်ကြေးသည် နိုင်ငံတော်အခွန်အခထဲသို့ ၀င်ကောင်းဝင်နိုင်သည်။ လောလောဆယ်တော့ စည်ပင်သာယာထဲမှ ဟင်းအိုးထဲသို့ သွားနေဦးမည်ဖြစ်သည်။ ဈေးကွက်ပြိုင်ဆိုင်မှု့ကောင်းစေရန် အဆိုပါ ဒုတ်ထိုးသည်ဘေးတွင်
ဒုတ်ထိုးဆိုင်ထပ်ဖွင့်ရန် ရည်စူးသော်လည်း ဒုတ်ထိုးလုပ်ငန်းမှာ ချဲ့ထွင်ဖို့ အလွန်ပင်
ခက်ခဲသော လုပ်ငန်းဖြစ်သောကြောင့် အဆိုပါ micro economic လုပ်ငန်းကို မလုပ်လိုပေ။ ထိုထက်ပိုသော အကြောင်းအရာမှ ကျွန်တော်သည် ဒုတ်ထိုးအလွန်ကြိုက်သောကြောင့်
ရောင်းဖို့ထက် ကိုယ့်ဒုတ်ထိုးဘန်းထဲမှ ဒုတ်ထိုးများကို ကိုယ့်ဟာကိုယ် ယူစားပြီး အရင်းပြုတ်နိုင်သည်။
ရင်းနှီးမြှုပ်နှံမှု့အတွက်
risk assessment လုပ်ကြည့်သော နောက်ဆုံး ခိုင်မာသည့် စီးပွားရေးလုပ်ငန်းမှာ အာလူးကြော်ဟု
ထင်သည်။ အာလူးသည် တစ်လလောက်အထားခံသည်။ ဆီသည် မပုတ်မသိုးပစ္စည်းဖြစ်သည်။ ဒယ်အိုးမှာ ကြီးစွားသော ရင်းနှီးမြှုပ်နှံမှု့ဖြစ်သည်။ မီးကိုတော့ တွေ့သည်သစ်တိုသစ်စများကို အချိန်ရလျှင်ရသလို
ကောက်မည်ဟု စိတ်ကူးသည်။ ရပ်ကွက်ထဲက အိမ်ဆိုင်လေးတွေကို
လျှောက်ပြီး ရေတွက်ကြည့်သည်။ မြတ်စွာဘုရား
တိုက်တိုင်းနီးပါး အိမ်ဆိုင်ရှိသည်။ အဆိုပါ
အိမ်ဆိုင်ကို မြေပုံပေါ်မှာမှတ်၊ တစ်ဆိုင်ကို
အာလူးကြော် ၁၀ ထုပ်တင်ပေးလျှင် ရပ်ကွက်တစ်ခုကို အထုပ် ၂၀၀၀ ၀န်းကျင်ရောင်းရမည်။ ပြန်သိမ်းချိန် တစ်ပတ်။ အာလူးကြော် တစ်ထုပ်ကို ငွေ ၅၀ မြတ်လျှင် တစ်ပတ်လျှင်
ရပ်ကွက်တစ်ခုကို ငွေတစ်သိန်းလောက်မြတ်နိုင်သည်။
တစ်ပတ်ကို ၁၀ သိန်းမြတ်ရန် ရပ်ကွက် ၁၀ လောက်လှည့်ပြီးသွင်းရမည်။ ရပ်ကွက် ၁၀ခု ကို စနေ တနင်္ဂနွေဖယ်လိုက်ရင် တစ်နေ့ကို
ရပ်ကွက်နှစ်ခုလောက် သွားရန်လိုသည်။ တစ်ရက်ကို
ဆိုင် ၄၀၀ အ၀င်အထွက်လုပ်ရမည်။ ရန်ကုန်ကားကျပ်ပုံနှင့်
ဆိုင်၄၀၀ ကို တစ်ရက်ထဲ ရောက်ဖို့ လျှာထွက်နိုင်သည်။ အာလူးကြော်လိုက် အာလူးသွင်းလိုက်နှင့်ပုံကို မျက်စေ့ထဲမှာ
မြင်ယောင်ကြည့်သည်။ သိပ်မဟန်သေးပေ။ တစ်ခြား Resource တွေကို စဉ်းစားကြည့်သည်။ အမေဆိုသည်မှာ သဘာဝတရားကြီးမှ ပေးသော သယံဇာတဖြစ်ပြီး
ယောက်ခမဆိုသည်မှာ ရေရှည်ရင်းနှီးမြှုပ်နှံမှု့ဖြစ်သည်။ ထိုသို့သော အခြေခံကောင်းများကို ပိုင်ဆိုင်ထားသော
ကျွန်တော့်မှာ ထွေထွေထူးထူး စဉ်းစားစရာမလိုပဲ ထိုနှစ်အိမ်တွင် တစ်လှည့်စီနေပါက ဘာမှ
မလုပ်ဘဲ အချိန်တန်လျှင် ထမင်းနှစ်နပ်စာ ရရှိနိုင်သည့် မဟာ အခွင့်အရေးကြီး ရှိနေသည်။ Ear Plug ကို နားထဲ ထည့်ထားလိုက်ပါက ပတ်ဝန်းကျင်၏
မည်တွန်တောက်တည်းမှု့ဟူသော noise level များမှာ အလိုလို လျှော့ပါးသွားမည်ဖြစ်သည်။ အားလုံးကလည်း ကျွန်တော့်ကို ချစ်ကြတော့၊ ကျွန်တော်ကလည်း အားလုံးကို ချစ်သောကြောင့် မျှတစေရန်
တစ်ပတ်တိတိလျှင် တစ်အိမ်စီ ရွေ့ပြောင်းနေထိုင်ရန်စိတ်ကူးသည်။ ထို့အပြင် အခြားသော အမျိုးများလည်း ရှိသေးရာ ၂ လလျှင်
တစ်ကြိမ်လောက် အမျိုးတွေအိမ်သို့ သွားရောက်နေထိုင်နိုင်ရန် အခွင့်အရေးရှိသေးသည်။ ထို့ကြောင့် အလုပ်ပြုတ်လျှင် ဘာလုပ်ရမည်နည်းဟုသော
မေးခွန်းအတွက် အဖြေကို ရရှိသွားသောအခါ အလုပ်ပြုတ်မှာကို စိုးရိမ်စရာမလိုတော့ချေ။
အလုပ်ကလည်း
မပြုတ်သေးသဖြင့် ယခုကဲ့သို့ စိတ်အေးလက်အေး နှင့် နားကျပ်ကို နားထဲထည့် နားထောင်ချင်သော
သီချင်းကို ရုံးတွင် အခန့်သားနားဆင်နိုင်သကဲ့သို့ ဖဘနှင့် YouTube ကိုလည်း လူလစ်ရင်
လစ်သလို ခိုးကြည့်နိုင်သည်။ ထိုမျှထက် မကျေနပ်နိုင်သေးလျှင်
ဖုန်းယူပြီး အိမ်သာထဲမှာ တစ်ဆွေးတစ်နွေး ဂိမ်းဆော့နိုင်သည့် အခွင့်အရေးလည်း ရှိပေသေးသည်။ သို့သော် ကိုယ်ဘာလုပ်နေသလဲကို ဘယ်သူမှ စိတ်မ၀င်စားသော်လည်း
သိများသိသွားကြလေမလားဟု ကိုယ့်စိတ်ကိုယ်မလုံသောကြောင့် ပတ်ဝန်းကျင်သို့ ရန်ဖန်ရန်ခါ
လှည့်လှည့်ပြီး ကြည့်ရလေသည်။ ကျန်သောသူများမှာ
ကီးဘုတ်နှိပ်သံများ တစ်ဖြောင်းဖြောင်းနှင့် အလုပ်ရှုပ်နေကြလေရာ ကျွန်တော့ကွန်ပျူတာဆီမှ
youtube တစ်ပိုင်းပြီး တစ်ခြားတစ်ပိုင်းရွေးသည့်အခါ Mouse သံလောက်သာ ထွက်ပြီး ဖဘမှာ
ကွန်မန့်ပေးသောအခါမှ ရန်ဖန်ရန်ခါ ကီးဘုတ်နှိပ်သံထွက်လေသည်။ ထို့ပြင် ရယ်စရာပါသော အခန်းများတွင် တစ်ယောက်ထဲ
ရုံးထဲတွင် ရယ်သံထွက်သွားပါက မကောင်းတတ်သောကြောင့် ကြိတ်ပြီး ရယ်ရ ရသည်မှာ လူကို တော်တော်လေး
ပင်ပန်းစေသည်။ သူများတွေကို အားကျမခံ ကီးဘုတ်နှိပ်သံ တစ်ဖြောင်းဖြောင်း ထွက်စေရန် ယခု
ဘလော့ဂ်ကို ရေးပြီး တင်လိုက်ပါသည်။ နောက်များလည်း
မကြာမကြာဆိုသလို ဘလော့ဂ်ဂင်းရန် ရည်ရွယ်ထားသော်ကြောင့် အရင်လိုမျိုးပဲ ကျွန်တော့် ဘလော့လေးကို
မကြာမကြာ လာပြီးအားပေးကြပါလို့ အဟမ်း.. အဟမ်း… ချောင်းဟန့်သံပေးပြီး ပိုစ့်တင်လိုက်ပါတယ်
ခင်ဗျာ။
No comments:
Post a Comment