စွန်လွှတ်တယ်ဆိုတာက တစ်ကယ့် စွန်လွှတ်တဲ့ အကြောင်းပါ။ ငယ်ငယ်တုန်း အထက်တန်းကျောင်းသားဘ၀လေး တုန်းက အသည်းအမဲ
စွန်လွှတ်တာပါ။ ကျောင်းတွေသာပြီးသွားတာ စာလည်း
တစ်ခါမှ သေသေချာချာ ကျက်မှတ်တယ်ကို မရှိတာ။
ကျောင်းသွားတယ်၊ ပြန်လာရင် ဘောလုံးကန်၊ မကန်ရင် စွန်လွှတ်၊ မလွှတ်ရင် ဂိမ်းဆော့၊
မဆော့ရင် ရပ်ကွက်ထဲက ကလေးတွေနဲ့ နည်းမျိုးစုံဆော့ကြတာပါ။
စွန်လွှတ်တာကိုတော့ တော်တော်လေးကြိုက်ခဲ့ပါတယ်။ စွန်လွှတ်တယ်ဆိုတာက အစပိုင်းတော့ အမွှေးဖွားဖွား လေးတွေနဲ့
အလှစွန်လေးတွေကို လွှတ်ပြီး ကြိုးလေးနဲ့ဆွဲပြေးတာမျိုးပေါ့။ ၅ တန်း၊ ၆ တန်း၊ ရ တန်းလောက်အထိကတော့ အဲ့ဒီ ပန်းဖွားစွန်လေးကိုကိုင်ပြီး
ရပ်ကွက်ထဲ လျှောက်ပြေးနေတာ။ နောက် ၈ တန်းလောက်ရောက်လာတော့
တိုက်စွန်လွှတ်စပြုလာပြီ။ တိုက်စွန်လွှတ်ရင်
ရစ်ဘီးက မဖြစ်မနေလိုတာကိုး။ မှတ်မိတယ် အဲ့ဒီတုန်းက
ရန်ကုန်က ဦးလေးတစ်ယောက်လာလည်တော့ ရစ်ဘီး ခပ်လတ်လတ် တစ်လုံးဝယ်ပေးသွားတာ။ အဲ့ဒီရစ်ဘီးနဲ့
စွန်ကို အသည်းအမဲကို လွှတ်တော့တာ။ တိုက်စွန်တာက
ကောင်းကင်မှာ စွန်အချင်းချင်း ပြတ်အောင် တိုက်ရတာကိုး အဲ့ဒီမှာ လေတိုက်တဲ့ ဘက်ရွေးတာ၊
စွန်ရဲ့ ခေါင်းတည်သွားတဲ့ အချိန်အဆကို မှန်းပြီး တစ်ခြားစွန်တွေ ပြတ်အောင် ဖြတ်ရတဲ့
ကစားနည်းကိုး။ အဲ့ဒီတော့ တစ်ခြား စွန်တွေပြတ်အောင်က
ကိုယ့်ရဲ့ စွန်ကြိုးမှာ မှန်စာကောင်းကောင်းလိုပါတယ်။
မှန်စာ ဆိုတာက ပုလင်းကွဲတွေ၊ မီးချောင်းအကွဲတွေကို
ထည့်ထောင်း၊ ပြီးရင် အမှုံသေးသေးလေးတွေရအောင် ပုဝါပါးလေးနဲ့ တိုက်ချ၊ ရတဲ့ အမှုံကို ကျွဲကော်ရယ်၊ သာကူစေ့ရယ် စတဲ့ ကော်တွေနဲ့
ရောကျို၊ ရလာတဲ့ ကော်ကို ကလေးလေးတွေ သောက်တဲ့ နို့သီးခေါင်းလေးတွေကို အပေါက်နည်းနည်းချဲ့
အဲ့ဒီထဲကိုထည့်၊ ပြီးတော့ အပ်ချဉ်ကြိုး ကို အဲ့ဒီနို့သီးခေါင်းအပေါက်ထဲကနေ ဆွဲသွားတာ။ အဲ့ဒီတော့မှ မှန်မှုံတွေပါတဲ့ ကော်က အထူအပါးညီညီနဲ့
အပ်ချည်ကြိုးမှာ စွဲသွားတာကိုး။ အဲ့ဒါကိုတော့ မှန်စာကြိုးလို့ ခေါ်သဗျ။ ၀ယ်ရင်ရပေမယ့် ဈေးပေါတဲ့ အပ်ချဉ်ကြိုး၊ ကော်ကျိုနည်းမမှန်တာ၊
အထူအပါးမညီတာ၊ မှန်မှုံ့တွေ နည်းတာများတာတွေက စွန်ဖြတ်တဲ့အခါမှာ စကားပြောလေတော့ ကျွန်တော်တို့
တစ်သိုက်ကတော့ မှန်စာကြိုးကို ကိုယ့်ဟာကိုယ် တိုက်ပါတယ်။ ညနေစောင်းရင်တော့ ဘယ်ပြောကောင်းလိမ့်မလည်း အထက်တန်းကျောင်းက
ဘောလုံးကွင်းထဲသွား စွန်ကို နေစောင်းတဲ့အထိ ဖြတ်တာပဲ။ တိုက်စွန်ကလည်း တစ်နေ့ကို ၅ စွန်၊ ၆ စွန်လောက် ယူသွားရတာကိုး။
စွန်ဖြတ်တဲ့နေရာမှာကလည်း နည်း ၂ မျိုးရှိသဗျ။ အဲ့ဒါက ကိုယ်တိုက်ထားတဲ့ မှန်စာကြိုးပေါ်မူတည်ပြီးတော့
လျှော့ကြိုးနဲ့ ဆွဲကြိုးဆိုပြီးတော့ ၂ မျိုးရှိတယ်။ အဲ့ဒီတော့ ရစ်ဘီးက နှစ်ဘီးရှိမှ အဆင်ပြေသဗျ။ လျှော့ကြိုးဆိုတာက တိုက်စွန်နှစ်ခု ကြိုးချင်းပူးတာနဲ့
လေအောက်ဘက်ကို စွန်ကို မျှောပစ်လိုက်တာ။ လေဆွဲသလောက်
ကြိုးကလိုက်လေတော့ များများလျှော့နိုင်တဲ့လူက အနိုင်ပဲ။ အနိုင်ဆိုတာက တစ်ဘက်စွန်ကြိုးပြတ်သွားတာပါ။ အဲ့ဒီမျိုးက လေကြောင်းသင့်တဲ့၊ လေတိုက်နှုန်းမြင့်တဲ့နေတွေမှာ
အဲ့ဒီလိုကြိုးတွေကို သုံးတာများတယ်။
ဆွဲကြိုးကတော့ တိုက်စွန် နှစ်စွန် ဆိုင်တာနဲ့
ရစ်လုံးကို လက်အံသေအောင် ဆွဲပြီး ကြိုးကို ပြန်ရစ်ရတာပါ။ အဲ့ဒီတော့ ဟိုဘက်က စွန်ကြိုးပြတ်တယ်ဆိုပါတော့ဗျာ။ ကျွန်တော်တို့ကတော့ ဆွဲကြိုးအတွက် မှန်စာတိုက်တဲ့
အချိန်မှာ အသွား၊ အပြန်ဆိုပြီး နှစ်ကြောင်းတိုက်တယ်။ အဲ့ဒီတော့ မှန်စာကြိုးက ပုံမှန် လျှော့ကြိုးတွေထက်
မဆိုသလောက် မျက်နှာပြင်ကြမ်းတယ်။ အဲ့ဒီကြိုးတွေက
အလွှတ်သိပ်မခံဘူး။ မျက်နှာပြင်ကြမ်းတော့ သုံး
လေး ခေါက်လောက် လွှတ်ပြီးရင် ကြိုးပေါ်မှာ မှန်စာမှုံ့မကျန်တော့ဘူး။ အဲ့ဒီတော့ အသုံးနည်းတယ်။ တစ်ခါတစ်လေလည်း လျှော့ကြိုးသုံးနေရင်းနဲ့ လေကြောပြတ်သွားရင်
ဆွဲပြီး ဖြတ်ရတာမျိုးလည်းရှိတာပေါ့လေ။ အဲ့ဒီတော့
စွန်မလွှတ်ခင်ကထည်းက လေကြောင်းကို အရင်ကြည့်၊ သူများစွန်တွေ လေထဲဝဲနေတာ အရင်ကြည့်ပြီးတော့မှ
လွှတ်ရင်တော့ ကိုယ့်အတွက် သေချာတာပေါ့လေ။ မှန်စာဆိုတာကလည်း
တိုက်ပြီး တစ်လလောက်နေရင် ဆွေးသွားရော၊ အဲ့ဒီတော့ အမြဲတမ်းကို တိုက်နေရတာ။
အဲ့ဒီလိုပြောလို့ စွန်လွှတ်ကောင်းတဲ့ ငနဲလို့တော့
မထင်ပါနဲ့။ ဖြတ်တိုင်းရှုံးတာများတယ်။ သို့ပေမယ့်လည်း ၀ါသနာက မစွန့်နိုင်လေတော့ လွှတ်တာပါပဲ။ တစ်ခါတစ်လေတော့လည်း ကာမီကာဇေ လွှတ်နည်းဆိုတာလည်း
ရှိသေး။ ကာမီကာဇေဆိုတာကတော့ ကိုယ့်စွန်ရော၊
သူ့စွန်ကိုပါ တစ်ခါထဲ သစ်ပင်ကို ညိသွားအောင် လေအောက်ကို နှိမ့်ချပြီး အပင်နဲ့ ၀င်တိုးပစ်တာပါ။ ကိုယ့် မှန်စာကြိုးက အခြေအနေသိပ်မကောင်းတော့ရင်
အဲ့ဒီလိုမျိုး လုပ်တတ်တယ်။
မှန်စာကြိုးအကြောင်းသာပြောနေတာ စွန်အကြောင်းမပါသေးဘူး။ စွန်ဖြတ်တာနိုင်ဖို့မှာ စွန်ကလည်း အခရာတစ်ခု။ ပန်းဖွားစွန်ဆိုတာက ကျွပ်ကျွပ်အိတ်နဲ့ လုပ်ထားတာ
လေတိုက်ရင် တဗျည်းဗျည်းနဲ့ သူ့ဟာသူ အပေါ်ကို တက်နေတာပဲ။ တိုက်စွန်တွေကတော့ ဆီစိမ်စက္ကူနဲ့ ချိုးထားပြီး ကိုယ်လိုချင်တဲ့
ဘက်ကို ဆွဲယူပြီး ထိန်းလို့ရတယ်။ မလွှတ်တတ်သေးတုန်းကတော့
စွန်ခေါင်းမနိုင်တာနဲ့တင် သစ်ပင်နဲ့ ၀င်တိုးလိုက်၊ အောက်စိုက်ကျသွားလိုက်နဲ့ တိုက်စွန်ပေါင်း
တော်တော်ကုန်သွားတယ်။ တိုက်စွန် ထိန်းလို့ရတယ်ဆိုတာက
သူ့ရဲ့ ခေါင်းဦးတည်တဲ့ နေရာကို ကြည့်ရတာပါ။
ကိုယ်က ညာဘက်ကို ချိုးချချင်တယ်ဆိုရင် ခေါင်းညာဘက်ကို ရိမ်းတဲ့အခါ ညာဘက်ကိုဆွဲလိုက်၊ ဘယ်ဘက်ဆိုလည်း ဘယ်ဘက်ပေါ့လေ။ အဲ့ဒီမှာမှ စွန်ရဲ့ ဘက်ညီမှု့ကလည်း အလွန်အရေးကြီးသဗျ။ ဘက်မညီရင်လည်း တိုက်စွန်ဖြတ်တဲ့အခါ ရှုံးဖို့များတယ်။ အဲ့ဒီလို ဘက်ညီဖို့က စွန်ကို အရင် စမ်းပြီး လွှတ်ကြည့်ရတယ်။ အဲ့ဒီတော့မှ စွန်က ကိုယ်ဆွဲချင်တဲ့ ဘက်ကိုပါတာကိုး။ အဲ့ဒီလို ဖြစ်ဖို့က ဆိုင်းကြိုးက အထိက။ ဆိုင်းကြိုးဆိုတာက စွန်နဲ့ မှန်စာကြိုးနဲ့ ဆက်ဖို့
စွန်ကို ခွပြီးတော့ ဆိုင်းရတဲ့ ကြိုး။ အဲ့ဒီကြိုးကို
ခပ်ရှည်ရှည်ထားရင် စွန်က သိပ်ပြီးတော့ မလည်တော့ဘူး။ ဒါပေမယ့် လေအရမ်းပြင်းလာရင် စွန်က ခေါင်းမလည်တော့
လိုချင်တဲ့ဘက်ကို ဆွဲယူလို့ မရတော့ဘူး။ ဆိုင်းကြိုး
အရမ်းတိုသွားပြန်ရင်လည်း စွန်က ခေါင်းအရမ်းလည်ပြီးတော့ ထိန်းဖို့ အရမ်းခက်ပါတယ်။ နောက်ဆိုင်းကြိုးကို ခပ်မော့မော့လေးထားရင် လေသိပ်မလာလည်း
စွန်ကို တင်လို့ရပေမယ့် အရမ်းမော့သွားပြန်ရင်လည်း လေဒဏ်ကို မခံနိုင်ပဲနဲ့ စွန်ပြဲသွားတတ်ပါတယ်။ အဲ့ဒါကို စွန်ရဲ့ အချိုးလေးကို ကြည့်ပြီးတော့ ဆိုင်းကြိုးတပ်ရတယ်။
နောက်တစ်ခု တစ်ချို့စွန်တွေက တစ်ဘက်ဆွဲတာပါ။ အဲ့ဒီအခါမျိုးကျတော့ စွန်ရဲ့ လေးကိုင်းလေးလိုကွေးနေတဲ့
ဝါးလေးကို ပြန်ပြီးတော့ ကစားပေးရတယ်။ ဘက်လိုက်တဲ့ဘက်ကို
ပိုပြီးတော့ ကွေးပေးတာမျိုး၊ ဒါမှမဟုတ် တစ်ခြားတစ်ဘက်ကို
ကွေးပေးတာမျိုးဆိုရင် စွန်က လွှတ်လို့ကောင်းသွားပါတယ်။ ဒီလိုနည်းနဲ့မှ မရရင်တော့ ဘက်လိုက်နေတဲ့ ဘက်ရဲ့
ဆန်ကျင်ဘက် တစ်ဘက်ကို မြက်လိုမျိုး အလေးချိန်နည်းနည်းရှိတဲ့ ဟာ ချည်ပေးလိုက်တာပါ။ အဲ့ဒီလိုဆိုရင်လည်း စွန်က ဘက်ပြန်တည့်သွားရော။ အဲ့ဒီတော့ အရမ်းလွှတ်လို့ရတဲ့ စွန်တစ်စွန် ရဖို့ဆိုတာက
ဘယ်လောက်အထိ ရခဲတယ်ဆိုတာ သိလောက်ပါပြီ။ အဲ့ဒီလို
စွန်များ အဖြတ်ခံလိုက်ရလို့ရတော့ အမလေး နှမျောလိုက်သည်ဖြစ်ချင်း။ တစ်ခါတစ်လေ အားမရရင် ပြတ်သွားတဲ့ စွန်နောက်ကို စက်ဘီးပေါ်တက်ခွပြီး
ပြန်ရအောင် လိုက်တော့တာပါပဲ။ စက်ဘီမှာက ပစ္စည်းကအပြည်အစုံ
ရစ်ဘီးကို ချိတ်ဖို့ရယ်၊ စွန်လိုက်တဲ့ ၀ါးလုံးရယ်။ စွန်ဖြတ်တဲ့ ၀ါးလုံးဆိုတာက ၀ါးလုံး အဖျားမှာ သစ်ကိုင်းခြောက်ကို
ကြိုးနဲ့ချည်ထားတာ။ အဲ့ဒီတော့မှ ကိုယ်လိုက်တဲ့စွန်က
အဲ့ဒီ သစ်ကိုင်းခြောက်မှာ ငြိမှကိုး။
စွန်လိုက်တယ်ဆိုတာကလည်း အတော်အန္တရယ်များတဲ့အလုပ်။ ကိုယ်တွေသာ စက်ဘီနဲ့လိုက်တာ တစ်ချို့လူကြီးတွေဆို
ကားနဲ့ပါလိုက်သဗျ။ သူတို့ အရမ်းကြိုက်တဲ့ စွန်ပြတ်သွားရင်ပြောပါတယ်။ အဲ့ဒီစွန် ကျလောက်တဲ့နေရာကိုပြေး စွန်ပြန်ကောက်ပြီးတော့
စွန်ဖြတ်တဲ့ နေရာကိုပြန်လာ၊ စွန်ပြန်ဖြတ် အဲ့ဒီလိုနဲ့ စွန်ဖြတ်လိုက်တာ ကျွန်တော်
AH တစ်ယောက် ၉တန်းတုန်းက အတန်းထဲမှာ လူ ၆၅ ယောက်ရှိတဲ့အထဲ အမြဲတမ်း အဆင့်က ၆၄ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့ ကျွန်တော့်သူငယ်ချင်းက
ကျွန်တော့်ကို အားနာလို့လားမသိဘူး၊ ဘယ်တော့မှ အဆင့် ၆၅ ကို မယူဘူး။ အဲ့ဒီတော့ ကျွန်တော်က အဆင့် ၆၄။
စွန်လွှတ်လို့ဝရင်တော့ ဖုန်တွေတသောသောနဲ့
တစ်ကိုယ်လုံး ပေရေနေပါပြီ။ အဲ့ဒီအချိန်ဆိုရင်တော့
ဒါဟာ ဂိမ်းဆော့ရမယ့် အချိန်ကို ရောက်လို့လာပါပြီ။
PS2 ဂိမ်းဆိုင်သွားပြီးတော့ ဂိမ်းဆော့ပါတယ်။ အဲ့ဒီလိုနဲ့ မှတ်မိသေးတယ် အဲ့ဒီအချိန်က ကျွန်တော့်
အဖွားက ရောဂါတော်တော်ဖြစ်နေပြီ။ အဖွားကို ဆေးကုတော့
အမေက ရန်ကုန်မှာ အဖွားနဲ့လိုက်နေရပါတယ်။ ကျွန်တော်ကတော့
ပုသိမ်မှာ လွတ်လပ်ရေးကိုရလို့။ ဒီလိုနဲ့ ၉
တန်းစာမေးပွဲတွေဖြေပြီးတော့ အမေက ကျွန်တော့်ကို မေးပါတယ် “ဟဲ့ ငါ့သား နင်ဖြေနိုင်လားပေါ့လေ”။ ဘယ်ပြောကောင်းမလည်း ဖြေနိုင်တာပေါ့အမေရယ် စာရွက်အပိုတွေတောင်တောင်းပြီး
ဖြေခဲ့သေးသပေါ့။ စာရွက်က အပိုတောင်းမှာပေါ့
ရေးချင်တာတွေ လျှောက်ရေးခဲ့တာကိုး။ ဒီလိုနဲ့
အမေလည်း ပျော်နေတာပေါ့လေ။
ဒီလိုနဲ့ ၉ တန်း အောင်စာရင်းထွက်တဲ့နေ့၊
ပြီးတော့ ၁၀ တန်းတက်ဖို့ အတန်းတွေ ခွဲတဲ့ နေ့ကိုရောက်လာရောဆိုပါဆို့ဗျာ။ အဲ့ဒီနေ့က အမေက ငါ့သားလေးကျောင်းတက်ဖို့ဆိုပြီးတော့
အုန်းပင်တံဆိပ် ပုဆိုး အသစ် ၂ ထည်၊ ကျောင်းအကျီအသစ် ၂ထည်၊ ထီးရယ်၊ ဖိနပ်ရယ်၊ လွယ်အိတ်ရယ်
အသစ်တွေ ဈေးထဲမှာလိုက်ဝယ်ပေးသပေါ့။ ပြီးတော့
မေးတယ် ဟဲ့ နင် ဘယ်အခန်းရသတုန်း။ ကျွန်တော်ကလည်း
မသိဘူးအမေရယ် A ခန်းရရင်ရ မရရင်တော့ B ခန်းပေါ့။
ကျွန်တော်တို့ကျောင်းမှာက စာအတော်ဆုံး အမှတ်အကောင်းဆုံး ကျောင်းသားတွေက A ခန်း၊
ပြီးရင် B, C, D, E စသည်ဖြင့် အဲ့ဒီလို ခွဲတာကိုး။ ဒါနဲ့ အမေလည်း တပြုံး ပြုံး ကျောင်းသွားအပ်ပါလေရော။ A ခန်းလူစာရင်းကြည့်တယ် ကျွန်တော့် နာမည်မပါဘူး။ အိုမပါလည်း အမေရယ် B ခန်းပေါ့… B ခန်းလည်း မပါဘူး။ B ခန်းမပါတော့ အမေမျက်နှာက မဲ့နေပြီ။ စိတ်မပျက်ပါနဲ့ အမေရယ် B ခန်းမဟုတ်ရင်တော့ C ခန်းရမှာပါ
ဆိုလေတော့ အမေလည်း အေးပါ အေးပါ ဆိုပြီး C ခန်းကို မျှော်လင့် တကြီး ကြည့်ပါတယ်။ C ခန်းမှာလည်း မပါဘူး။ အမေ့ မျက်နှာကတော့ တော်တော်လေး မည်းနေသလို ကျွန်တော်လည်း
ဇက်ပုပု လာပါပြီ။ ဒီလိုနဲ့ ကြည်လာလိုက်တာ လားလား
ကျွန်တော့် နာမည်တွေ့တော့ အခန်းက G ခန်းတဲ့ ခင်ဗျား။
ဘယ်ပြောကောင်းလိမ့်မလည်း ဇက်ကပုပုလာတာ နောက်ဆုံး
ခေါင်းပဲ ကျန်တော့မယ်ထင်ပါ့၊ အမေမျက်နှာလည်း မည်းရုံတင်မက နီပြီးတော့ ဒေါသတွေ ထွက်နေတယ်ထင်တယ်။ သို့ပေမယ့်လည်း အတန်းပိုင် ဆရာမရှေ့ဆိုတော့ ဟန်ဆောင်ပြီး
ကျောင်းတွေဘာတွေအပ်၊ ပြန်လာတော့ တစ်လမ်းလုံး ဆူလာလိုက်ဟာ “ဟင် ငါ့ကိုပြောတော့ A ခန်းမဟုတ်
B ခန်းတော့ ၀င်မယ်ဆို၊ ခုတော့ ကြည့်စမ်း နင့်နောက်မှာ ဘယ်နှစ်ခန်းကျန်တော့တုန်း၊ ရှက်လိုက်တာ
မျက်နှာကို ဘယ်သွားထားရမှန်းတောင်မသိဘူး၊ စာမကြိုးစားရင် နင့်ဘ၀ ဘယ်လိုရပ်တည်မှာတုန်း၊
ငါ့မှာတော့ အကောင်းမှတ်လို့ ကျောင်းတက်ဖို့ ပစ္စည်းအသစ်တွေ ၀ယ်ပေးလိုက်ရတာ စသည်ဖြင့်
တပြစ်တောက်တောက်နဲ့ အိမ်ရောက်လာလိုက်တာ” အိမ်ရောက်တော့ အိမ်ဘေးက သွားဆရာဝန် ကျွန်တော့်
သူငယ်ချင်း အဖေနဲ့ သွားတွေ့ပါတယ်။ တွေ့တော့
ကျွန်တော့် အမေကို ကျွန်တော် ဘယ်အခန်းရလည်းလို့ လှမ်းမေးသပေါ့လေ။ အမေကလည်း အမလေး မပြောချင်ပါဘူး ဆရာရယ် G ခန်းတဲ့
ဆရာရေဆိုတော့… သွားဆရာဝန် ဆရာကလည်း အမလေးဗျာ ခင်ဗျားကတော်သေးတာပေါ့ ကျွန်တော့သားက
H ခန်းတဲ့ခင်ဗျ။ အဲ့ဒီလိုနဲ့ အတွဲညီညီ ငယ်ငယ်တုန်းက
ကမြင်းကြောထ ခဲ့ကြတာလေးကို မှတ်မိနေပါသေးတယ်။
ဓာတ်ပုံတွေကတော့ Google ထဲကယူသုံးထားပြီးတော့ မူရင်း ဓာတ်ပုံပိုင်ရှင်ကိုမသိလို့ credit ဒီအတိုင်းပဲ ပေးလိုက်ပါတယ် ခင်ဗျား။
ရယ်လဲရယ်မိပါတယ်
ReplyDeleteဟုတ်တာပေါ့နောက်ဆုံးအခန်းမှမဟုတ်တာ
တော်သေးတာပေါ့နော် G ခန်းရလို့
မောင်အောင်ထွဋ်ရဲ့ငယ်စဉ်ဘဝလေးကိုဖတ်သွားတယ်။
ReplyDeleteစွန်လွှတ်ကစားနည်းရဲ့သဘောတရားကတစ်ပါးသူကိုအနိုင်ရချင်တဲ့စိတ်ရှိနေသည့်တိုင်
အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နိုင်ဘို့လည်းကြိုတင်ပြင်ဆင်ထားရတဲ့ကစားနည်းပဲနော်။
တီတင့်မူလတန်းတုန်းကအောင်စာရင်းထွက်တိုင်းမြင်းစီးထွက်တာ :P ကိုယ့်နာမည်အောက်မှာမျဉ်းပဲရှိတော့လို့ ဟိဟိ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်