ငယ်ငယ်တုန်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်ရင် ကျောင်းစာအကြောင်းပြောဖြစ်တာက
မရှိသလောက်ရယ်၊ ဂိမ်းအကြောင်း၊ ကောင်မလေးတွေအကြောင်း
ဒါမျိုးတွေပဲများတယ်။ တက္ကသိုလ်ပိုင်းရောက်လာတော့
အဲ…. ကောင်မလေးတွေအကြောင်းကတော့ ပါမြဲပါတာပဲ၊ သို့ပေမယ့် ဘောလုံးပွဲအကြောင်းလဲပါရဲ့၊
စာပေအကြောင်းလေးတွေ နဲနဲပါလာပြီ၊ လှည်းတန်းက စာရေးစရာတွေ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်ကဖြင့်
ဘယ်လို၊ လေထန်ကုန်းကဖြင့် ဘယ်လို စသည်အားဖြင့်တွေ ပါလာသလို၊ နိုင်ငံရေးအကြောင့် ပြောတဲ့
ဝိုင်းမျိုးလဲ တွေ့ဖူးရဲ့။ လက်ဖက်ရည်ဆိုင်ပိတ်ချိန်ရောက်လို့
စကားစ မပြတ်တာနဲ့ အလင်းဆိုင်မှာလည်း မိုးလင်းဖူးရဲ့။ ဘာသာရေးနွှယ်တာလေးတွေလည်း တွေ့ဖူးရဲ့။ သို့ပေမယ့် လက်ဖက်ရည်ဆိုင်ရဲ့ အရသာဆိုတာက လက်ဖက်ရည်ကောင်းတာလည်းပါမယ်၊
ထိုင်တဲ့ ပတ်ဝန်းကျင်လည်း အရေးကြီးတယ်။ ဒီပတ်ဝန်းကျင်ဟာ
ကိုယ်နဲ့လည်း သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်မျိုး၊ ကိုယ်နဲက ပြောနေကျဆိုနေကျ လူမျိုးတွေနဲ့
တွေ့ရင် လက်ဖက်ရည်ဆိုင်ထိုင်ရတာ တော်တော်လေး အဆင်ပြေတယ်။ ပတ်ဝန်းကျင်ဆိုလို့ ကျွန်တော့်မိန်းမကို ပိုးတုန်းကတောင်
လက်ဖက်ရည်ဆိုင်ကနေ ပိုးခဲ့တာ။ သူ့အိမ်ရှေ့မှာက ဟိုဘက်အိမ်က ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေ။ အဲ့ဒီကို သွားသွားပြီးတော့ ငုတ်တုတ်ထိုင်ခဲ့တာ မှတ်မိသေးတယ်။ သူ ကျောင်းပိတ်၊ ကျွန်တော် ကျောင်းပိတ်လို့ ပြန်လာတဲ့
ရက်ဆိုရင် အဲ့ဒီ လက်ဖက်ရည်ဆိုင်သွားပြီး သူ့အခန်း တံခါးပေါက်က မြင်ရလောက်တဲ့ နေရာ ခုံကလေးကို
ရွေးပြီးတော့ တစ်ယောက်ထဲ လက်ဖက်ရည်တစ်ခွက်နဲ့ ငုတ်တုတ်ထိုင်ခဲ့တာ။ သို့ပေတည့် ပါလာတဲ့ စာအုပ်က စိတ်ဝင်စားဖို့ ကောင်းရင်
အဲ့ဒီစာအုပ်ဖတ်ရင်းနဲ့ အချိန်က ဘယ်လို ကုန်လို့ ကုန်သွားမှန်းတောင်မသိတော့ တစ်ခါတစ်လေ
သူ့ကို မတွေ့ရတဲ့ ရက်တွေလည်း ရှိရဲ့။ သို့ပေတည့်
ယောက်ခမလောင်းများကတော့ ကျွန်တော့်ဆို အမြင်ကပ်မကပ်တော့မသိ အတော့်ကို မှတ်မိလောက်သော
မျက်နှာရှိတဲ့ အခြေအနေကို ရောက်သွားပါတယ်။
မည်သို့ပင်ဖြစ်စေ ခုတော့ အဲ့ဒီ လက်ဖက်ရည်ဆိုင်က ပိတ်သွားပါပြီ။
လက်ဖက်ရည်ဆိုင်ဆိုရင် ခုံပုလေးတွေရယ်၊ လက်ဖက်ရည်သောက်နေကျ ခွက်ခပ်သေးသေး
ခပ်ပြားပြားလေးတွေကိုပဲ အသားကျနေတဲ့ ကျွန်တော် အလုပ်စလုပ်တော့ လက်ဖက်ရည်ဆိုင်နဲ့ ပြတ်သွားပါရောလား။ လက်ဖက်ရည်ဆိုင် အရသာဆိုတာကို မခံစားရတာကြာပေါ့။ သူငယ်ချင်းတွေဆုံရင်လည်း မြန်မာပြည်မှာ လက်ဖက်ရည်သောက်ရတဲ့
အရသာမျိုး စင်ကျားပေါမှာက ရှာရခက်သား၊ တေးဂါးတိုက်ဆိုပြီးမှာလဲ ချိုစိမ့်မကျတကျ အရသာမျိုးပဲရတယ်။
တေးတာရိတ်လိုဆိုင်မျိုးကျတော့လဲ အရသာဆင်ပေမယ့် ပတ်ဝန်းကျင်က ကျွန်တော်တို့ ထိုင်ခဲ့တဲ့
ပတ်ဝန်းကျင်မျိုးမဟုတ်တော့ သိပ်ပြီး စိတ်ထဲမှာ ဘ၀င်ကျလှတာမဟုတ်ဘူး။ တရုတ်ကျတော့ ပိုဆိုး။ အထူးသဖြင့်က ခွက်… ခွက်ဆိုတာက သူ့နေရာနဲ့သူ ကိုယ်စားပြုထားတာ။ ဖန်ခွက်… ဆိုတဲ့ ပိုစ့်ထဲမှာ ရေးခဲ့သလိုပဲ ကိုယ်သောက်နေတဲ့
အရည်ဟာ သူ့ကို ကိုယ်စားပြုတဲ့ ခွက်နဲက မဟုတ်ဘူးဆိုရင် အရသာပျက်သွားတာပဲ။ နောက်တစ်ခုက သောက်တဲ့ ပတ်ဝန်းကျင်က မဆီလျှော်ရင်လဲ
အရသာပျက်သွားတာပဲ။ ဆိုတော့ လက်ဖက်ရည်ဆိုင်နဲ့
ကျွန်တော် အိုးစားကွဲသွားပါရောလား။
နောက်ပိုင်း အလုပ်လုပ်တာကြာလာတော့ အလုပ်ထဲ အလုပ်များတယ်၊ အလုပ်နည်းတယ်၊
ဘယ်လိုမျိုး handle လုပ်ရမယ်
ဆိုတာက ကိုယ့်အပေါ်မူတည်တယ်၊ ကိုယ့်အပေါ်က လူတွေနဲ့ အဆင်ပြေအောင် နေတယ်၊ မနေဘူး၊ ကိုယ့်အောက်က လူတွေနဲ့ အဆင်ပြေတယ်၊ မပြေဘူး ဒါတွေဟာ
ကိုယ့်အပေါ် မူတည်တယ်။ ဒါပေမယ့် အလုပ်ချိန်ပြင်ပ
ညစာစားရတဲ့ အခါမျိုးမှာ စိတ်ဖိစီးမှုကပိုများပါတယ်။ အဖွဲ့အစည်းအလိုက် သွားရတဲ့ ညစာစားပွဲမျိုးဆိုရင်
အတော့်ကို စိတ်ဖိစိမှု့များတဲ့ အချိန်မျိုး။
အထူးသဖြင့် ခွက်ချင်း ရိုက်ရတဲ့ အခါမျိုးမှာ ဘယ်လောက်ပဲ မူးသွားသည်ဖြစ်စေ စကားမမှားရအောင်
ထိန်းရတဲ့အခါမှာ အတော့်ကို သတိထားရပါတယ်။ ကိုယ်၊
စိတ်၊ နှလုံး သုံးပါးစလုံးကို လွဲမှားမှု့မရှိအောင် ထိန်းရတာ အတော့်ကို မလွယ်တဲ့ အလုပ်တစ်ခုပါ။ ကိုယ့်စိတ်နဲ့ကိုယ် သောက်ရတဲ့ ပုံစံမျိုးမဟုတ်တော့ပဲ
ကိုယ့်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းအတွက် သောက်နေရသလိုပါပဲ။ Confidential
လို့သတ်မှတ်ထားတဲ့ အရာအားလုံးကို စိတ်ထဲမှာ အပြီး သော့ခတ်ပြီးတော့
သူတို့ပြောနေတဲ့ အကြောင်းအရာတွေအားလုံးကို လိုက်လျှောညီထွေစွာ ပြောရင်းနဲ့ ကိုယ့်ရဲ့
ပြောချင်နေတဲ့ အတ္တစိတ်တွေကို မျိုသိပ်၊ စီးမြောနေတဲ့
အကြောင်းအရာတွေထဲကနေပြီးတော့ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို informally သိအောင်လုပ်၊
ရလာတဲ့ ကိန်းဂဏန်း၊ အချက်အလက်တွေကို မပျောက်ပျက်ရအောင် မည်မျှမူးနေသည်ဖြစ်စေ၊ သိမ်းဆည်းရတဲ့
ဘ၀ဟာ တော်တော်ကို မွန်းကျပ်ဖို့ကောင်းပါတယ်။
ဒါ့အပြင် ပွင့်လင်းမြင်သာမှု့ဆိုတဲ့ အတိုင်းအတာကို စောစောကပြောတဲ့ Confendital ပါ
အချက်အလက်တွေနဲ့ လွတ်အောင် ပြောဆိုရတာဟာ အတော့်ကို စိတ်ဖိစီးမှု့ကောင်းတဲ့ အလုပ်ပါ။ ဒီလိုဝိုင်းတွေမှာ ပွင့်လင်းမြင်သာမှု့ မရှိရင် လုပ်ငန်းက
အလုပ်မဖြစ်တော့ပြန်ပါဘူး။ အထူးသဖြင့် တရုတ်တွေနဲ့
ဆက်ဆံရတဲ့ အခါမျိုးမှာ ပိုပြီးဆိုးဝါးပါတယ်။
ဒီလို အချိန်တွေကြုံလာရရင် တောင့်တမိတာကတော့ လက်ဖက်ရည်ဆိုင်လေးပါပဲ။
သို့ပေမယ့် နန်တုန်မြို့မှာနေတုန်းကတော့ လက်ဖက်ရည်ဆိုင်မရှိတော့
ကော်ဖီဆိုင်ကို အချိန်ပိုလေးများရရင် သွားပြီး ထိုင်ဖြစ်ပါတယ်။ အချိန်ရတယ်ဆိုတာက မနက်ပိုင်း အလုပ်မသွားရတဲ့အချိန်၊
ညပိုင်း စောစောကပြောတဲ့ ခွက်ချင်းရိုက်ရတဲ့ အချိန်မျိုးကို ဖယ်လိုက်ရင် တစ်လကို ၂ရက်လောက်
ရောက်ဖြစ်ဖို့အနိုင်နိုင်ရယ်။ ဒီလိုမျိုးရက်ရခဲ့ရင်တော့
ကော်ဖီဆိုင်ကို သွားထိုင်ဖြစ်တာပဲ။ ကော်ဖီဆိုင်ဆိုလို့
ကော်ဖီအကြောင်းပြောရဦးမယ်။ ကျွန်တော့် အကြိုက်ဆုံး
ကော်ဖီ ပြောပါဆိုရင် လှည်းတန်းက “ဆု” ကော်ဖီအမှုန့်ရောင်းတဲ့
ဆိုင်လို့ပြောရမှာပဲ။ ကျွန်တော် တက္ကသိုလ်ရောက်တော့
စနေ၊ တနင်္ဂနွေလိုမျိုး တစ်ချို့ရက်တွေဆိုရင်
အဲ့ဒီ အိမ်ကလေးကို သွားဖြစ်တာများပါတယ်။ ရှေးရိုးဆန်တဲ့
အိမ်ကြီးနောက်မှာ ဂျပန်ပုံစံနဲ့ ဆောက်ထားတဲ့ အိမ်ကလေးပါ။ ကျွန်တော့် သူငယ်ချင်းဦးလေးက ကျွန်တော်တို့လို
အဲ့ဒီအချိန်က တက္ကသိုလ်ကျောင်းသား လေးတွေကို မျက်နှာမရွေး အမြဲတမ်းဧည့်ခံပါတယ်။ စနေ၊ တနင်္ဂနွေလို ညမျိုး ဘောလုံးပွဲကြည့်ရင်းနဲ့
များသွားပြီးနောက်နေ့ကျရင် မနက်တိုင်း မပျက်မကွက် ဖျော်ပေးတတ်တာက ဆု ကော်ဖီဆိုင်က သူကိုယ်တိုင်ဖျော်ပေးတဲ့
Black Coffee ပါ။ အနယ်နယ်အရပ်ရပ်ကလာတဲ့ သဘာဝ ကော်ဖီစေ့လေးတွေကို ကိုယ့်ရှေ့မှာတင်ကြိတ်ပြီးတော့
ရလာတဲ့ ကော်ဖီနဲ့ မွှေးမွှေးနဲ့ ကော်ဖီမှုန့်ကို ဖျော်ပြီး သံပရာသီးညှစ်ပေးလိုက်တဲ့ အရသာကို
ဒီနေ့အထိမမေ့သေးပါဘူး။ ဒီဆိုင်ရှေ့ကဖြတ်သွားရင်
ကော်ဖီနံလေး အမြဲတမ်းမွှေးနေပါတယ်။
အဲ့ဒီကစပြီးတော့ ကျွန်တော်
ကြီးကျယ်သွားတာပဲ။ ဆရာ နေ၀င်းမြင့်ရေးတဲ့ နတ်ကော်ဖီ
ဝတ္တုတိုလေးလိုပဲ။ ကျွန်တော်လည်း နတ်သားလေးက
ဖျော်တိုက်တဲ့ ကော်ဖီကိုစွဲလမ်းသွားတာပဲ။ အိမ်ကမိန်းမက တစ်ခါတုန်းကတော့ မေးဖူးတယ်။ မနက်စောစောလေး ကော်ဖီဘယ်လိုမျိုးသောက်ချင်လဲတဲ့။ Latte ကို ပင်လောင်းကဖြစ်ဖြစ်၊
ဘရာဇီးကဖြစ်ဖြစ် ရတဲ့ ကော်ဖီစေ့လေးကြိတ်ပြီးတော့ နွားနို့ လတ်လတ်ဆတ်ဆတ်ကို အရမ်းကြီး
ဆူအောင် မတည်ထားတဲ့ နို့လေးနဲ့ သကြားနဲနဲခပ်ပြီး ဖျော်ပေးပါ၊ ပြီးရင် ချော့ကလက် အစေ့လေးတွေပါတဲ့
ကွတ်ကီး ကြွပ်ကြွပ်လေး စားချင်တယ်ဆိုပြီး အိပ်ချင်မူးတူးပြောတော့ ကျွန်တော့်ခေါင်းကို
လက်ညှိုးထိုးပြီး လက်ခါပြတယ်။ ရှင့် အဲ့ဒါမျိုး
စားချင်ရင် ကိုယ့်ဟာကိုယ် ကော်ဖီဆိုင်ဖွင့်တဲ့။
အင်း စောစောက နန်တုန်အကြောင်းပြန်ပြောရဦးမယ်။ နန်တုန်းက လူဦးရေ ၇သန်းလောက်ပဲရှိတဲ့ တရုတ်က မြို့လေး။ အင်း လူဦးရေ ၇ သန်းဆိုတာက သူတို့ဆီမှာတော့ သေးတဲ့
မြို့ပေါ့။ KFC, Mc Donald, ဘာညာ
branded franchise တွေ
အခုဆိုရင် ခပ်ထူထူ ရှိလာတဲ မြို့ပေါ့။ Starbucks ဆိုင်လည်း ခုဆို တော်တော်လေး
နေရာအနှံရှိနေပါပြီ။ Starbucks ဆိုတွေသွားထိုင်ရင်
ကိုယ်လိုချင်တဲ့ ကော်ဖီကို ကိုယ်လိုချင်တဲ့ အရသာနဲ့ သောက်လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီက အရောင်းသမလေးတွေက တယ်ပြီး စက္ကူခွက်နဲ့
ထည့်ချင်တော့တာပဲ။ ကော်ဖီကို သောက်ချင်တာက ကော်ဖီရဲ့ အရသာရယ်၊ သူ့ရဲ့ ခွက်ရယ်၊ နောက်ပြီး
သူ့ရဲ့ ပတ်ဝန်းကျင်ရယ်၊ ဒါတွေ ပြည့်ဝမှ ကော်ဖီကို သောက်ရတာ အဓိပ္ပာယ်ရှိတာကိုး။ ခုတော့ ကိုယ်မှာချင်တာမှာ စက္ကူခွက်ကြီးနဲ့ ထည့်မှတော့
သောက်ချင်စိတ်ကို မရှိတော့တာ။ တစ်ခါတစ်လေ သူတို့ကို
ပြောပြတယ် ငါ ကော်ဖီကို ဆိုင်မှာ သောက်ချင်လို့လာတာ။ ဆိုင်အရသာ လိုချင်တယ်လို့။ ဒါကို သဘောမပေါက်ဘူးဗျ။ အင်း… မပေါက်လဲ တာလဲ အပြစ်လို့ ပြောလို့မရဘူးလေ။ သူတို့ မန်နေဂျာကို ခေါ်ပြီး ရော့ ငါ့ကော်ဖီသောက်ကြည့်လို့ပြောတော့
အင်း ဒီ အရသာပဲလေတဲ့။ သို့ပေမယ့် passion ပျောက်နေတာ၊
စေတနာပျောက်နေတာကို မြင်ဖို့ရာ တော်တော်ခက်ခဲတဲ့ ကိစ္စကြီး။ နောက်ဆုံးတော့ သူ့က ကျွန်တော့်ကို ပြန်ပြောတယ်၊
ငါ ငါ့အလုပ်ကို ငါလုပ်နေတာပါ၊ ဒီအတွက် လတိုင်းမှာ ငါ့ကို အလုပ်ရှင်က လစာပေးပါတယ် တဲ့။ ဆက်ပြီး ဆွေးနွေးရင် ကျွန်တော်ကို ဦးနှောက်ကျပ်မပြည့်တဲ့
လူတစ်ယောက်လို့ ထင်ရင်ထင်၊ မဟုတ်ရင် သူ့ကို ကျွန်တော်က မင်းလုပ်နေတဲ့ အလုပ် မင်းမသိတဲ့
ကောင်လို့ထင်ရင်ထင်၊ တစ်ခုခုနဲ့ အဆုံးသတ်ဖို့ပဲရှိတယ်။ ငွေကြေးအားဖြင့်၊ အထူးသဖြင့် ဒီ လိုမျိုး brand
ကြီးတစ်ခုကို လာသောက်နေတဲ့ လူတွေရှိနေရင် ဒီဆိုင်က အမြတ်ရနေမှာပဲ။ ဒီအတွက် ဆိုင်ဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ငွေကြေးအမြတ်ရဖို့
ဆိုတာက နောက်ဆုံး conclusion
တစ်ခု။ ဒါပေမယ့်
ဒီထက် ပိုပြီး customize
လုပ်ရမယ့်ဟာတွေ ရှိနေတယ်ဆိုတာကို အရောင်းဝန်ထမ်းတွေ ခေါင်းထဲ
ရောက်နေဖို့လိုတယ်။ နောက်တစ်ခုက ဒီလိုဆိုင်ကြီးတွေမှာ လိုချင်တဲ့ အရသာ ရပေမယ့်၊ အရမ်းကြီးကို formal
ဆန်လွန်းအားကြီးသွားပြန်ရော။ တစ်ခါတစ်လေ လူအရမ်းများရင် ထိုင်ရတာ သိပ်ပြီး မလွတ်လပ်ပြန်ဘူး။ အင်း ငွေကြေးသည် အချို့သော အချက်အလက်များတွင် ဘုရားသခင်ထက်
ပိုအရေးကြီးသည်။ သို့သော် ငွေကြေးဖြင့် မ၀ယ်ယူနိုင်သော
အရာများစွာရှိသည်။ သို့သော် ကျွန်တော်တို့သည်
အချို့သော အချက်အလက်ဟူသော အရာများကို ဦးစားပေး အနေနှင့် ခေါင်းထဲတွင် ပြည့်အောင်ထည့်ထားကြသည်။
ဒီလိုနဲ့
ပုံမှန်ကျွန်တော်သွားထိုင်ဖြစ်တဲ့ ဆိုင်လေးကိုပဲ သွားထိုင်ဖြစ်တယ်။ ကော်ဖီအိတ်လေးတွေထဲက ကော်ဖီစေ့လေးတွေကို ကိုယ်ကြိုက်တာရွေး၊
လိုချင်တဲ့ အချိုးအစားလေးကိုပြော၊ ဆိုင်ဒေါင့်လေးသွားထိုင်၊
cappuccino ခပ်ပေါ့ပေါ့
တစ်ခွက်မှာပြီး ဖတ်ချင်တဲ့စာအုပ်ကို တဆွေးတနွေးဖတ်၊ နဲနဲလေး ညီးစီစီဖြစ်လာရင်
Espresso double shot
မှာသောက်၊ ဆေးလိပ်ပြာခွက်ထဲမှာ
ကြိတ်ပြီးသား ကော်ဖီမှုန့်လေးတွေထည့်ပေးထားသည်။
တစ်ဆိုင်လုံးက ကော်ဖီနံမွှေးနေသည်။ သို့သော်
ဒီဆိုင်လေး ကြာရှည်ခံမည် မခံမည် ကျွန်တော်မပြောတတ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လို လုပ်ငန်း အောင်မြင်အောင်၊
အမြတ်ရအောင် လုပ်ရမည်နည်း ဟူသောအရာသည်၊ ကိုယ် ဘာလုပ်ချင်သည်၊ ဘာကို စိတ်ဝင်စားသည် ဟူသော
အကြာင်းအရာနှင့် သံတူ ကြောင်းကွဲ တူသလိုလိုရှိသော်လဲ မတူချေ။ ထို့အတူ လုပ်ငန်းအောင်မြင်သည်ဟု ထင်သော်လဲ ကိုယ်ဘာလုပ်ချင်သလဲဟူသော
အရာသည် ဖြစ်ပေါ်လာဖို့ အတော့်ကို ခဲယဉ်းသည်။
သို့သော် ကျွန်တော် ကော်ဖီ ရံဖန်ရံခါ သောက်တတ်ပါသည်။ သောက်သော အခါ အလွန့်ကို ချေးများပါသည်။ ထို့ကြောင့် ကော်ဖီဆိုင် သိပ်မထိုင်ဖြစ်ပါ။
အမလဲကော်ဖီဆိုင်မှာထိုင်ပြီး အေးအေးလူလူနဲ့ ဆိုင်+ကော်ဖီအရသာလေးကိုလိုချင်သူတယောက်ဖြစ်ခဲ့ဖူးတယ်
ReplyDeleteအလုပ်ကိုမက်တာလား ငွေကိုမက်တာလား ကိုယ်တိုင်လဲမခွဲခြားနိုင်ခဲ့ဘူး ဒါကြောင့် ကော်ဖီဆိုင်ရဲ့အရသာကိုလိုချင်ပေမဲ့လဲ မခံစားရဘူးလေ...ဘယ်နေရာရောက်ရောက် Starbucks ကိုတော့သောက်ဖြစ်တယ်သူ့ရနံ့လေးကိုလဲသဘောကျတယ် ကော်ဖီကိုလဲကြိုက်တယ် Starbucks ကမုန့်တွေကိုလဲသဘောကျလို့
ခုလဲတခါတလေ ကိုလွင်ပြင်က အလုပ်ပြန်ချိန် Starbucks ကိုဝင်ပြီး အမကြိုက်တတ်တဲ့
ပုလင်း၁ပုလင်းတော့ဆွဲလာတတ်တယ်(ကိုလွင်ပြင်အလုပ်ချိန်ကညပိုင်းမို့လို့ မနက် ၈နာရီကိုအိမ်ပြန်ရောက်တယ်)ချေးများလို့မထိုင်ဖြစ်တဲ့သူရယ်....အချိန်မပေးနိုင်လို့ မထိုင်ဖြစ်တဲ့သူရယ်.....အကြောင်းကြောင်းတွေကြောင့် မထိုင်ဖြစ်တဲ့သူတွေ ထဲ အမလဲပါဝင်နေတယ် .....ခေါင်းစဉ်လေးမြင်ပြီးဖတ်ချင်စိတ်ပေါက်လာလို့ ဖတ်ပြီးကော်ဖီသောက်ချင်စိတ်ပါတွဲကပ်လာပါလေရဲ့။
အဲဒါတော့ ဒို့ လည်းထောက်ခံတယ်။
ReplyDeleteကော်ဖီဟာ ကော်ဖီနဲ့ လိုက်တဲ့ ခွက်..
ဝိုင် ဟာ ၀ိုင် နဲ့ လိုက်တဲ့ခွက်..
အရက် ဟာ အရက်နဲ့ လိုက်တဲ့ခွက်..
ဘီယာ ဟာ ဘီယာနဲ့ လိုက်တဲ့ခွက်...နဲ့ ထဲ့မှ သောက်ရတာ အရသာရှိတယ်လို့ ထင်တယ်။
ကော်ဖီခွက် ပူပူလေး ကို တခါတလေ လက်နှစ်ဖက်လုံးနဲ့ ဖွဖွဆုပ်ကိုင် ထားရတာလည်း အရသာ။
ကြွေသား ကော်ဖီခွက် ပေါ် ကို ဝေ့ တက် နေတဲ့ အငွေ့ ကို ကော်ဖီနံ့ သင်းသင်းလေး နဲ့ ကြည့်နေရတာကလည်း အရသာ။
အိုင်အိုရာ