ဘောလီဝုဒ်
ဘောလီဝုဒ်သည် ဘုံဘေတွင် အခြေစိုက်လေ၏။ အမီတာဘချမ်း၊ ရှရွတ်ခမ်း၊ အမီရာခမ်း၊ ရှာမန်ခန်း၊
ကပူးခန်း၊ ခရီတီ ဆနွန်၊ အလီယာ ဘတ် အစရှိသော ကျွန်တော်သိသော၊ မသိသော မင်းသား မင်းသမီးတို့သည်
ဘုံဘေတွင် နေထိုင်ကုန်ကြလေသည်။ ပြီးခဲ့တဲ့
စနေနေ့က အေးဂျင့်ဆီမှ ကားသမားလေးက တစ်နေကုန်မောင်းပေးမည်၊ ရူပီး ၂၀၀၀ ပဲပေးဆိုပြီး
တနင်္ဂနွေနေ့အတွက် အောက်ဆိုဒ်ရှာလေသည်။ တစ်နေကုန်မောင်း
ရူပီ ၂၀၀၀ ဆိုတော့ မြန်မာငွေ ၄ သောင်းကျော်ကျော်ခန့် ကျသင့်သောကြောင့် မဆိုးလှ သူငယ်ချင်းနှင့်
ရှယ်လိုက်ပြီး တနင်္ဂနွေနေ့ ဘုံဘေမြို့ထဲ လျှောက်ကြည့်ကြသည်။ ကားဆရာ ကို ဘောလီဝုဒ် စတားတွေ ဟောလီးဝုဒ်မှာလို
ကြယ်တွေဘာတွေနဲ့ လျှောက်တဲ့လမ်းရှိလားလို့မေးကြည့်တော့ ဘယ်လို သဘောပေါက်သွားတယ်မသိ…
ကျွန်တော်တို့ကို မင်းသားအိမ်တွေ ကို ကားမောင်းပို့လေတော့သည်။ အစကတော့ ဘယ်ကိုသွားမှန်းမသိချေ…
လူတွေ စုဝေး စုဝေးနှင့် အိမ်ရှေ့နားရောက်တော့ ကားကို ထိုးရပ်လိုက်သည်။ ပြီးတော့ ရှရွတ်ခန်း..
ရှရွတ်ခန်း… ဆိုပြီး အိမ်ကို လက်ညှိုးထိုးပြလေသည်။
သေသေချာချာမေးကြည့်တော့မှ အဲ့ဒါ ရှရွတ်ခန်းနေတဲ့ အိမ်ဆိုပြီး ကားတံခါးလာဖွင့်ကာ
ဆင်းဟု ဆိုလေသည်။ လူတွေ တော်တော်များများ အိမ်ကြီးကို
နောက်ခံထားပြီး Selfie ဆွဲနေကြသည်။ ရှရွတ်ခန်း၏
အိမ်နာမည်မှာ Mannat ဟူ၏။ ရှရွတ်ခန်းရောဆိုတော့…
တွေ့ချင်ရင် ပြန်လာတဲ့အထိ စောင့်ရမှာပေါ့… ဆိုသောကြောင့် ဓာတ်ပုံပင် ရိုက်ခဲ့ရလေသည်။