ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေကတော့ ကျိုးစန်းပြည်နယ်မှာရှိတဲ့၊
တင့်ဟိုင်မြို့ကလေးကို အလည်သွားဖြစ်ပါတယ်။
အလည်သွားတယ်ဆိုတာထက် အလုပ်ကသူငယ်ချင်းက ထမင်းစားပွဲသွားမယ်၊ လိုက်ခဲ့ဆိုတာနဲ့ "အစားအသောက်" ဆိုတဲ့ အသံကြားလိုက်တာနဲ့ ခေါင်းထဲမှာ "တီ.. တီ... တီ..."ဆို အချက်ပြလေတော့ ဘာမှ အထွေအထူးဆက်မမေးတော့ဘူး၊ ထလိုက်ဖြစ်သွားတာပါ။ ကျိုးဆန်းကတော့ ရှန်ဟိုင်းကနေ
၃နာရီခွဲလောက် ကားစီးရင်ရောက်တဲ့ ပြည်နယ်ပါ။
အဲ့ဒီက တံငါမြို့ကလေး တင့်ဟိုင်ကိုရောက်သွားတာ။ အပူချိန်က နေ့ခင်းတောင် ၂ ဒီဂရီ၊ ၃ ဒီဂရီလောက်ပဲ ရှိလေတော့ အတော်လေး
ဂတ်၊ ဂတ်၊ ဂတ် ဖြစ်နေပါတယ်။
ရှန်ဟိုင်းမှာတော့ အဝေးပြေးကားလက်မှတ်ရောင်းပုံလေးက
မဆိုးလှဘူး။ ကားအုံနာတွေအားလုံးကို ကားဂိတ်က
ချုပ်ထားပါတယ်။ ဒီတော့ လက်မှတ်ဝယ်ရမယ့် နေရာက
ပြန့်ကြဲမနေတော့ပဲ တန်းစီပြီးဝယ်လိုက်ရင် အဆင်ပြေပါတယ်။ ခုံနံပါတ်ကတော့ စောစောဝယ်မိရင် ရှေ့နားက ခုံကို ရပြီး၊ နောက်ကျရင်တော့
ခုံနောက်ကျမှာပေါ့လေ၊ မဟုတ်ရင် နောက်ထွက်မယ့်ကား
ထပ်ဝယ်ပေါ့။
တင့်ဟိုင်ကို သွားတဲ့ကားခကတော့
ယွမ် ၁၅၀ ၀န်းကျင်လောက်ရှိပါတယ်။ ၁၀ မိနစ်၊
၁၅ မိနစ်တိုင်းမှာ ၁ စီးစီ ရှိပါတယ်။
နောက်ပြီးတော့ ကားဂိတ်မှာတော့ မြို့အသီးသီးကို ထွက်မယ့် ကားတွေရဲ့ အချိန်တွေကို အမြဲပြထားလေတော့ သူတို့အတွက် သွားရ လာရ အဆင်ပြေမှာပေါ့လေ၊ ကျွန်တော်ကတော့ တရုတ်စာ ပြောလည်း မပြောတတ်၊ ဖတ်လည်း မဖတ်တတ်လေတော့ “ပညာမတတ် မျက်ကန်းနှင့်တူ” ဆိုသလိုမဟုတ်ပဲ တရုတ်ရောက်ပြီး တရုတ်စာမတတ်လေတော့ ဘာရေးလို့ ရေးထားမှန်းကို မသိ။
မျက်မှန် ကြော်ငြာလို့ ပြောတာပဲ၊ အမှိုက်မပစ်ဖို့ပါ ပညာပေးတယ်ထင်ပါ့... အဲ့ဒီအောက်မှာ အမှိုက်ပုံရှိတယ်... မရိုက်ဖြစ်လိုက်။
အဝေးပြေးကားရုံထဲက လူတွေ ကားစောင့်ဖို့ လုပ်ပေးထားတဲ့ နေရာ...
ကားထွက်မယ့် အချိန်၊ ဘာကားထွက်ပြီး ဘယ်သွားမယ်မှန်းတော့ ကျွန်ုပ် မသိ။
ဒီလိုနဲ့ ရှန်ဟိုင်းကနေထွက်၊ အိပ်ငိုက်၊ ဘေးကလူကို ထူးထူးဆန်းဆန်းနေရာတွေ့ရင်နှိုးဆိုတာနဲ့ တစ်လမ်းလုံး နှိုးလိုက်တာ ကောင်းကောင်းကို မအိပ်လိုက်ရဘူး။ ဒါကတော့ တရုတ်ပြည်မှာ အရှည်ဆုံး တံတားတွေထဲမှာ ပါတယ်ဆိုလားပဲ...အဲ့ဒီတံတားအပေါ်ကိုလည်း ဖြတ်သွားရပါတယ်၊ သို့ပေမယ့် အိပ်ငိုက်နေတာကို ဘေးကလူက လှမ်းလှမ်းနှိုးပြီး လျှောက်ပြနေတာနဲ့ ဓာတ်ပုံရိုက်ပြီး ယူလာတာ.... တံတားအလည်လောက်မှာ အဲ့ဒီလို နားနေစရာလိုလို ဘာလိုလိုရှိတယ်၊ ခဏတဖြုတ် ၀င်နားလို့ရတယ်ထင်ပါ့
ဒါကတော့ မိတ်အင် ချိုးနား ကားတွေပါ၊ သူတို့နိုင်ငံကတော့ သံ၊ ကွန်ကရစ်၊ စက်မှု့လက်မှု့ ကတော့ ကောင်းကောင်းကြီးနိုင်လို့ ထမင်းစားရေသောက်ဖြစ်နေပါပြီ။ ဒီလိုကားကြီးတွေလည်း နေရာတိုင်း ဟို နဲ့ ဒီပြေးရင် ဒါတွေပဲ သုံးတော့တယ်။ ပြည်တွင်းဖြစ်ဆိုတော့ ဈေးကလည်းချို၊ နိုင်ငံသားတွေလည်း သွားရေးလာရေး ပိုအဆင်ပြေတာပေါ့လေ။ သို့ပေမယ့် လူနေမှု့အဆင့်အတန်းကတော့ အတန်ငယ် ညစ်ပတ်သည်။ အမှိုက်တွေ ပစ်ချင်ရာပစ်သလို၊ တံတွေးကိုလည်း ကားပေါ်(ကားထဲ)မှာ ထွေးချင်ရင် ထွေးတတ်သေးသည်။
လမ်းမှာတွေ့တဲ့ ဘုရားကျောင်းလေး... သဘောကျလို့ ရိုက်ထားတာ... ရှန်ဟိုင်းကနေထွက်ပြီးတော့ ၂ နာရီလောက် ကြာလာတော့ တောင်ခပ်နိမ့်နိမ့်လေးတွေ တွေ့လာရတယ်.....
အဲ့ဒီတောင်တွေကို သူတို့ကတော့ လှိုင်ခေါင်းတွေ ဖောက်ပြီးတော့ လမ်းတွေဆောက်ကြပါတယ်၊ တောင်ပေါ်ကို ကွေ့ပတ်တက်စရာမလိုတော့ဘူးပေါ့လေ...
ဒီလိုနဲ့ တင့်ဟိုင်မြို့လေးကို ရောက်ပါတယ်။ မြို့လေးက ခပ်သေးသေးလေးပါ။ သေးတယ်ဆိုပေမယ့် ပုသိမ်လောက်တော့ ရှိမယ်ထင်ပ။ အရင်တုန်းကတော့ တံငါရွာလေးလို့ ပြောကြပါတယ်။ ခုတော့ တိုက်ကြီးတွေ ဖြစ်တဲ့ဟာကဖြစ်၊ အရင်အတိုင်း ရှေးဟောင်းပုံစံ တိုက်တန်းလေးတွေ ရှိတဲ့ နေရာကရှိ ဆိုလေတော့ ကြည့်လို့ ကောင်းတယ်။
ကားဂိတ်ရှေ့မှာတော့ ကျောက်ဆူးကြီး ချထားပါတယ်။ ရေလုပ်ငန်းမြို့ကို ကိုယ်စားပြုတယ်လို့ ပြောတာပဲ။
ဒါလေးကတော့ ဘာဖြစ်လို့ မဖျက်ပဲ ချန်ထားခဲ့လည်း မသိ
မြို့လည်ကတော့ အတော်လေးကို တိုက်တွေဘာတွေ မြင့်ကုန်ပြီ။
အများသုံး တယ်လီဖုန်းရုံ ထူးထူးခြားခြား အင်္ဂလိပ်လို ရေးထားသည်
ခြင်္သေ့ကတော့ အတော်ကြိုက်သည်ထင်သည် အဆောက်အဦးခပ်ကြီးကြီးရှေ့ဆိုလျှင် ခြင်္သေ့နှစ်ကောင်စီ ချထားတတ်ကြသည်။ ဟောဒါက ခြင်္သေ့ပျံ
ဟောဒီမှာလည်း ခြင်္သေ့
မြို့ထဲမှာတော့ ကားတွေရော၊ ဆိုင်ကယ်တွေရော၊ ဆိုက်ကားတွေရော ယောက်ယက်ခတ်နေသည်။ မီးနီနီ၊ စိမ်းစိမ်း၊ ၀ါဝါ ဦးရာလူကဖြတ်သည်။ အဲ့ဒီလိုပဲလားလို့ မေးကြည့်တော့ TIC ဟုပြန်ဖြေသည်။ ဘာတုန်း TIC ဆိုတော့ This is China ပါတဲ့။ ဆိုလေတော့ ကိုယ်တွေလည်း မီးနီနီ၊ စိမ်းစိမ်း၊ ၀ါဝါ ရှင်းလျှင် လမ်းဖြတ်ကူးသည်။
ရေလုပ်ငန်းနဲ့ ပါတ်သတ်တဲ့ ဆိုင်တွေကတော့ ဟိုနားတစ်ဆိုင် ဒီနားတစ်ဆိုင်၊ နေရာတိုင်းတွင်ရှိသည်။
Handmade ဖြစ်သည်၊ ဓာတ်ပုံသာ ရိုက်ခဲ့သည်။
ဒီလမ်းလေးကတော့ အတော့်ကို လှသည်။ လမ်းတစ်ဘက် တစ်ချက်မှာ သစ်ပင်လေးတွေနှင့် နှစ်သစ်ကူးအကျန် မီးပုံးလေးတွေ ချိတ်ထားတော့ အတော်လေး မျက်စိ ပသာဒရှိလှပေသည်။
ဒီလမ်းလေးကတော့ လမ်းမကြီးဘေးကနေ ၀င်သွားရသည်။ တရုတ်သိုင်းကားထဲ ရောက်သွားသလိုလိုဖြစ်သွားသည်။ ရှေးဟောင်း အဆောက်အဦးလေးတွေကို အနည်းငယ်မွန်းမံကာ ဆိုင်များဖွင့်ထားခြင်းဖြစ်သည်။
ဟောဒါကတော့ စတော်ဘယ်ရီ၊ ချယ်ရီ၊ နာနတ် သီးများကို သကြားရည်စိမ်ကာ ရောင်းခြင်းဖြစ်သည်
တိုက်အဟောင်းတွေကို ဒီလိုလေး ပြင်လိုက်တော့ လှသား
ထို့နောက် မိုးရွာလာလေရာ မိုးခိုရလေတော့သည်။ ကင်မလောင်မှာလည်း ရေစိုမှာစိုးသဖြင့် မရိုက်တော့ချေ၊ ဖုန်းဖြင့်သာ တစ်ခါ တစ်ခါလှမ်းပြီး ကချက် ကချက်လုပ်သည်။ သို့နှင့် ဗိုက်ကလည်း တဂွီဂွီနှင့် အချက်ပြလေရကား ညစာ စားရန် ခြေလှမ်းပြင်လေတော့သည်။
ဟောဒါကတော့ တရုတ် ဘီယာပါ။ အယ်လ်ကိုဟော ၂.၀% ပဲပါတယ်။ သောက်လိုက် ပေါက်လိုက်၊ ပေါက်လိုက် သောက်လိုက်၊ ၄၊ ၅ လုံးသောက်သော်လည်း ဗိုက်သာ တင်းလာသည်၊ ထို့ကြောင့် အစား မစားနိုင်မှစိုးသဖြင့် လက်လျှော့လိုက်သည်။
ပဲပြားကို နုတ်နုတ်စဉ်း၊ နံနံပင်များများနှင့် ချဉ်၊ငံ၊စပ်သုတ်ထားခြင်းဖြစ်သည်။ စားလို့ ကောင်းသည်။
ဂေါ်ဖီနှင့် ၀က်သား ပြုတ်သလိုလို၊ ကြော်သလိုလို ဘာမှန်းမသိသော်လည်း စားလို့ကောင်းသည်။
မုန့်ညှင်းလား ဘာလား မသိ
ကြက်သား ဟင်းနှင့် ခပ်ဆင်ဆင်တူသည်
ဆေးလိပ်ကို မည်မျှသောက်သည်မသိ၊ ဓာတ်ပုံရိုက်ဖို့နေနေသာသာ တစ်ယောက်မျက်နှာ တစ်ယောက်ပင် မမြင်ရတော့၊ အာလူးကြော်ကိုလှမ်းရိုက်တာ အငွေ့တွေ ၀ဲနေတာသာကြည့်
ဒါကတော့ အီစကိုကြီးအကြိုက် ပြောင်းဖူး ခြောက်စပ်ကြော်... (ယွီမင်လော့ ဟုခေါ်သည်။ သည်နာမည်ကတော့ မှတ်ထားသည်။ ရောက်တာနှင့် အဲ့ဒါမှာသည်။) တစ်ချို့နယ်တွေမှာတော့ အ၀ိုင်းချပ်ကလေးတွေကြော်ပြီး အပေါ်မှာ နို့ဆီဆမ်းပေးသည်။ ဒီဟာကတော့ အစပ်ကြော်ထားသည်။ စားလို့ကောင်း၏
ဘာမှန်းလည်း မသိ၊ တို့လည်း မတို့၊ စားလည်း မစား
တို့ဟူးလိုလို ဘာလိုလိုက မုန့်နှစ်နှင့် ကြော်ထားသည်
ဂျပန် တို့ဟူး ကြော်ဟုဆိုသည်။ စားလို့ကောင်းသည်။
ဒါကတော့ သူတို့ဒေသမှ နာမည်ကြီးသော ငါး ဟုဆိုသည်။ အစပ်ချက်ထားသည်။ စားလို့ကောင်း၏
ညစာစားပြီးလေသော်.. တရုတ်တို့တစ်သိုက်ကား ကာရာအိုကေသို့ ချီတက်ကြလေတော့သည်။ ထိုအခါမှ ကျွန်ုပ်လည်း အမှားကြီးမှားလေတော့သည်။ ဘာဆိုမှန်း မသိ။ ဆိုချင်တာတွေ ဆိုနေကြလေသည်။ ၀ိုင်ဝိုင်း သီချင်းတွေတော့ပါသည် (သံစဉ်တူ သီချင်းများ)။ ကော်ပီကူးတော်သည်ဟု ပြောရမည် နောက်ဆုံး ဆွဲဆွဲတင်တဲ့ အသံထွက်လေးတွေကို ကွက်တိ။ နားဒုက္ခခံကာနေရသည်။
ကာရာအိုကေခန်းမှ အတော်ကျယ်သည်။ လူပေါင်း ၁၅ ယောက်၊ အယောက် ၂၀ လောက် ကောင်းကောင်း ထိုင်လို့ရသည်။ ခဏနေတော့ ဘီယာ ၂ ဖာ လာချသည်။ ပြီးတော့ ခွက်တစ်ခွက်၊ အထဲမှာ အံစာတုံး ၂ တုန်းပါသည်။ ထိုအံစာတုံးကို လူတိုင်း အလှည့်ကျ ခလောက်ရသည်။ ဘီယာခွက်ထဲသို့ ဘီယာထည့်သည်။ အံစာ နှစ်တုံးပေါင်းလို့ ၇ ကျလျှင် ခွက်ထဲသို့ ကြိုက်သလောက် ထပ်ဖြည့်ရသည်၊ ထိုနောက် ဆက်လှည့်ရသည်။ ၈ ကျလျှင် ထည့်ထားသော ခွက်ကို တစ်ဝက်မော့ရသည်။ ဆက်လှည့်ရသည်။ ၉ ကျလျှင် တစ်ခွက်လုံးကောင်အောင်သောက်ရသည်။ ၁၊ ၁ ဟု ၁ နှစ်လုံး ကျလျှင် ကြိုက်တဲ့သူကို ဘီယာတိုက်ရသည်။ တိုက်သလောက် ထိုသူက သောက်ရသည်။ ထို့သို့ မဟုတ်ပဲ ၇၊ ၈၊ ၉ နှင့် ၁နှစ်လုံး မကျသော် နောက်တစ်ယောက်က အံစာ ဆက်ခေါက်သည်။ ၇၊ ၈၊ ၉ နှင့် ၁ နှစ်လုံး ကျနေသမျှ ကာလပတ်လုံး သေဖို့သာပြင်။ ဤသို့နှင့် ဘီယာ နှစ်ဖာ တက်တက်စင်လေတော့သည်။
သောက်သော်လည်း မမူးသော ဒုက္ခမှာ အတော့်ကိုဆိုးဝါးလှသည်။ ဗိုက်ကြီးတင်း၍ နေရထိုင်ရ အတော်ခက်လှသည်။ သို့နှင့် နားဒုက္ခ ကင်းဝေး၊ ဆိုသောသူများ အသံဝင်သည့် အချိန်သို့ ရောက်လတ်သော် သူငယ်ချင်း၏ သူငယ်ချင်း အိမ်သို့ ချီတက်ကြလေသည်။ တစ်ည ထိုမြို့မှာ အိပ်ရန်ဖြစ်သည်။ အိမ်ရောက်သော် သူ့ အခန်းဖော်က မွေးနေ့ပွဲ ကျင်းပနေသည်။ ထို့ကြောင့် နောက်ထပ် တစ်ပွဲ ဆက်ရပြန်သည်။ ဘီယာကို ဖန်ခွက်နှင့် မသောက်ကြ။ ထမင်းစားသော ပန်းကန်လုံးနှင့် သောက်ကြသည်။ ဟင်းစားစရာက ပန်းကန်မရှိ၊ တူတစ်စုံသာပေးသည်။ ရှိတာနှင့် ထပ်တွယ်သည်။ ဗိုက်ကားသည်။ "ကမ်းပေး"ဟု တစ်ခါအော်တိုင်း ဘာမှန်းမသိ တစ်ခွက်လုံးကုန်အောင် ဂလု၊ ဂလုဟု မျိုမျိုချရသည်။
မွေးနေ့ ကိတ်
ညအိပ်လေသော်... အပူပေးစက်မရှိပါချေ။ ညရောက်သော်ကြောင့် ရေလေးတွေက ခဲနေရှာလေပြီ။ လေလေးက တစ်ဟူးဟူးနှင့်။ ကိုယ့်ဟာကိုယ်လည်း မနက်ကျ ခဲနေမလား စိုးရိမ်ရသေးသည်။ စောင်တစ်ထည်ကို တစ်ကိုယ်လုံးပတ်ကာ မလှုပ်ရဲချေ။ လှုပ်လိုက်ပါက အေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် တစ်ညလုံး အတောင့်လိုက်ကြီး အိပ်ရတော့သည်။ မနက်ကြတော့ လက်လှုပ်ကြည့်သည်။ ရ၏။ ခြေထောက်လှုပ်ကြည့်သည်၊ ရ၏။ တော်သေးသည် မခဲသေး။ သို့နှင့်ပင် ယောင်တောင် ပေါင်တောင်နှင့် ရှန်ဟိုင်းသို့ ပြန်လေတော့သတည်း................
ဟင်းးဟင်းး သူလဲ နာ့လိုမကြာခင်ဖစ်တော့မှာ ကိုအားထောင်လဲ အစာပုပ်သထက်ပုပ်လာဘီဗျိုးးး)
ReplyDeleteခင်မင်လျှက်
မဒိုးကန်
ကိုထွဋ်ရဲ့ မြန်မာ့ရိုးရာ ကြက်ဖခွပ်နည်း အဆီကျ ၀ိတ်လျှော့ လေ့ကျင့်ခန်းကြီးကို လုပ်မလို့ စဉ်းစားနေတာ... ဟွင်း ဟွင်း ဟွင်း
Deleteပုရွက်ဆိတ်ကိုက်ခံရမယ်တဲ့ မသိဘူးလားကိုအားထောင်ရဲ့ ဟဟဟဟဟဟဟး)
Delete