ပြည်တော်ပြန်ချင်သည်။ သို့ရာတွင် ပြည်တော်ပြန်ပြီး ဘာလုပ်ရမည်နည်း ဆိုသည်ကို
မသိသည်က ဆိုးသည်။ ကိုယ့်ပြည်ကိုယ့်ရွာမှာ ကိုယ့်တိုင်းပြည်က အစားအစာတွေစားပြီး နေချင်သည်။ မြန်မာပြည်ရဲ့
လယ်ကွင်းစိမ်းစိမ်းလေးတွေလွမ်းသည်၊ မနက်တိုင်း ကောက်ညှင်းပေါင်းပူပူလေးကို နှမ်းလေးဖြူးစားရတာကို
သဘောကျသည်။ လက်ဖက်ရည်ဆိုင်ကိုလွမ်းသည်။ Brain Drain ဆိုပြီး အော်နေကြသည်။ Brain Drain မှာ အကျိုးအမြတ်ရသတဲ့၊ ဆုံးရှုံးမှု့တွေရှိသတဲ့။ စုံသည်။
ဆရာကြီး ဦးအောင်သင်းရဲ့ စကားတစ်ချို့ကို မှတ်မိသည်။ လူငယ်တွေ နိုင်ငံခြားကို သွားပြီးတော့ စီးပွားရှာကြသည်။ ထိုအတွက် အချိန်တွေ ရင်းနှီးကြသည်။ ထိုအချိန်အတွင်း ပိုက်ဆံသာမက အတတ်ပညာကိုပါ ရှာမှီးရန်လိုသည်။ အနှီ အတတ်ပညာကို အခြေပြုပြီး ပိုမိုမြင့်မားသော
အဆင့်အတန်းကို ရောက်ရန် ကြိုးပမ်းသင့်သည်။
မဟုတ်ပါက အရွယ်၏ ဆုံးရှုံးမှု့ကို ပြန်ကုစား၍ မရနိုင်။ ကြိုးစားသူများကလည်း ကြိုးစားကြပါသည်။ ရွှေပြည်တော် မျှော်တိုင်းမဝေးတော့ဟု အားတော့ တင်းထားသည်။ ဘယ်တော့လည်းတော့ မသိ။
တရုတ်ပြည်မှာ တိန့်ရှောင်ဖိန်လက်ထက်တုန်းက
ပညာတော်သင်တွေ တစ်အုပ်တစ်မကြီး လွှတ်လိုက်သည်။
တစ်ဝက်လောက်သာ ပြန်ဝင်လာသည်။ သို့သော် တရုတ်ပြည်ကြီး တိုးတက်သင့်သလောက် တိုးတက်သွားသည်။ ဟိုမှ သည်မှ သယ်ဆောင်လာသော ပညာရပ်များကို ပြန်လည်
စုစည်းသည်။ လပေါ် တရုတ်တွေ ရောက်သွားသည်။ တစ်ပြည်လုံး မိတ်အင် ချိုင်းနားကားတွေ စီးကြသည်။ မိတ်အင် ချိုင်းနားဖြစ် လူသုံးကုန်၊ လျှပ်စစ် ပစ္စည်းတွေ
လှိုင်လှိုင်ပေါသည်။ ကော်ပီများသည် သို့သော်
အလုပ်ဖြစ်နေသေးသည်။ သို့သော် ပညာရှင်တွေဘက်ကကြည့်ပြန်တော့လည်း
ကသိကအောက်ရောက်လှသည်။ လုပ်ပိုင်ခွင့် ကို ဗဟိုက
ချုပ်ကိုင်ထားသည်။ မလှုပ်သာ မရှားသာ။ ပါမောက္ခတွေကလည်း ကွန်မြူနစ်စာတွေသာ ပြန်ပြီး ပို့ချခွင့်ရသည်။ သိပ္ပံပညာရှင်တွေ၊ သုတေသန ပြုသုတွေအတွက် ရံပုံငွေတွေကိုလည်း
အမြင်ကျဉ်းသော ဗဟိုမှ လူများ ကချုပ်ကိုင်ထားသည်။
သူတို့အဆိုအရတော့ ပြန်လာသူတွေဟာ ဘိုရူး ရူးနေတယ်ဟုဆိုသည်။ ပြန်လာသူများလည်း သိပ်ကြာကြာသိပ်မနေနိုင်ချေ။
ကျွန်တော်တို့ရော… ရွှေပြည်တော်ကြီး မျှော်တိုင်းမဝေးလို့
ပြန်သွားရင် ဘာလုပ်ရမည်နည်း။ နိုင်ငံခြားကို
ထွက်တော့ Brain Drain ကနေ Brain Gain ဖြစ်ခွင့်ရပါသည်။ စနစ်တွေ၊ နည်းပညာတွေ၊ အတွေ့အကြုံတွေ သင်ခွင့်၊ မြင်ခွင့်၊
ကြားခွင့် ရပါသည်။ သို့သော် အင်ဂျင်နီယာတစ်ယောက်ပြန်သွားပြီး
ဈေးဆိုင်ဖွင့်ရန်မှာ အတော့်ကို မဆီလျှော်သော အကြံအစဉ်တစ်ခုအဖြစ် ရှု့မြင်မိသည်။ လူတစ်ယောက်၏ ကိုယ်ကာယရှင်သန် ဖွံဖြိုးရန် အစားအစာလိုအပ်သည်၊ သို့သော် အသိဥာဏ်ဖွံဖြိုးရန် စဉ်ဆက်မပြတ် သင်ကြားအပ်သော
ပညာလိုအပ်သည်။ နိုင်ငံတစ်နိုင်ငံသည်လည်း မြေပေါ်မြေအောက်
သယံဇာတ ရှိလျှင် အသက်ဆက်နိုင်သည်(မကုန်သေး သ၍ပေါ့လေ)၊ သို့သော် တိုင်းပြည်ဖွံဖြိုးရန်မှာ နည်းပညာလိုအပ်သည်။ အထက်ပါ ဆိုခဲ့ပြီးသော Brain Drain ဟုဆိုသူများ ပြန်ရောက်လာပြီး
ဆိုင်ရာဆိုင်ရာ တာဝန်မထမ်းပဲ ဈေးရောင်းနေလျှင်
Brain Waste ဖြစ်သွားမည်။ ပုဂ္ဂလိက တစ်ဦးချစ်စီအတွက်
မသိသာလှသော်လည်း နိုင်ငံတော် တိုးတက်ရေးအတွက်မှာမူ များစွာ ဆုံးရှုံးသွားလိမ့်မည်ဟု
မြင်မိသည်။
ယခု အစိုးရသစ်လက်ထက်တွင် စီးပွားရေးဦးတည်ချက်
တစ်ခုဖြစ်တဲ့ “စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံဖြိုးတိုးတက်အောင်
တည်ဆောက်ရေး” ဆိုတဲ့ ဦးတည်ချက် စာသားနေရာမှာ “စိုက်ပျိုးရေးကို ပိုမိုဖွံဖြိုးတိုးတက်အောင်
ဆောင်ရွက်ပြီး ခေတ်မီစက်မှု့နိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံဖြိုးတိုးတက်အောင်
တည်ဆောက်ရေး” ဆိုတဲ့ စာသားကို ပြောင်းလိုက်သည်။ အလွန်ကြိုက်သည်။ ထိုစာသားကို။
ထိုသို့ဖြစ်လာပါစေဟု ဆုတောင်းမိသည်။
သို့ရာတွင် ဘယ်သို့ ဘယ်ပုံ ပြောင်းမည်နည်း။ လုပ်ပိုင်ခွင့် မည်မျှရမည်နည်း။ ဒါတွေကို မသိ။ လုပ်ပိုင်ခွင့်ထက် လူမှန်၊ နေရာမှန်တွင် စွမ်းစွမ်းတမံ
လုပ်ကိုင်နေကြသော မြန်မာ့သားကောင်းများကို မြင်ချင်လှသည်။
စက်မှု့အကြောင်း မသိသော သူတစ်ယောက်ကို ဆရာခေါ်ရသော
စက်မှု့ရပ်ဝန်း၊ ဆေးပညာ မသိသောသူတစ်ယောက်ကို
တင်ပြနေရသော ဆရာဝန်မျိုးဖြစ်နေရသည် ဆေးရပ်ဝန်း စသည် စသည် ရပ်ဝန်းတွေမှ လွတ်မြောက်ခွင့်ရလျှင် အလွန်ကောင်းလှမည်။ Specialization သည် Professional တို့၏ စုရပ်ဖြစ်သည်။ ထိုစုရပ်ကို ဦးဆောင်သူသည် ထို Specialization
Field မှ လာသောသူဖြစ်မှသာလျှင် မည်သို့ ကိုင်တွယ်ရမည်၊ မည်သို့ တိုးတက်အောင် လုပ်ဆောင်ရသည်ကို
အခြေခံကျကျ သိရှိပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မိမိ Professional မဟုတ်သော ရပ်ဝန်းတွင် ထိုသူသည်
မည်ကဲ့သို့ တိုးတက်အောင် လုပ်ဆောင်နေသလဲ ဆိုသော မေးခွန်းအတွက် ယခုအထိ ကျွန်တော့်ဟာ
ကျွန်တော် မစဉ်းစားတတ်။ ထို့အတွက် ထိုနေရာများကို
သဘောထားကြီးကြီးဖြင့် လွတ်လပ်ခွင့်ပေးသင့်သည်။
စည်းလွတ် ၀ါးလွတ် လွပ်လပ်ခွင့်မျိုးတော့မဟုတ်။ စည်းကမ်းတကျ နှင့် လုပ်ကိုင်ခွင့်ပေးလျှင် ယခု ပြောင်းလဲလိုက်သော
ဦးတည်ချက် စာသား အသက်ဝင်လာမည်ဟု မြင်မိသည်။
စင်ကာပူတွင် စားနေရသော ထိုင်း ဆန်များနေရာတွင်
မြန်မာနိုင်ငံက ပို့သော ဆန်များကို မြင်ရချင်သည်။
မလေးရှားမှ ပို့နေသော ရာဘာများဈေးကောင်းသလို မြန်မာ့ ပို့ကုန်ရာဘာများလည်း
ဈေးကောင်းရစေချင်သည်။ ကိုယ်နိုင်ငံထုတ် အင်ဂျင်ဖြင့်
ဆင်ထားသော ကားကို ခုံခုံမင်မင် စီးချင်သည်။
မိတ်အင် မြန်မာ စာတမ်းကပ်ထားသော ပစ္စည်းလေးတွေကို တစ်စိမ့်စိမ့်ကြည့်ပြီး ကြည်နူးချင်သည်။ ဗဟိုက ထောက်ပံပေးပြီး စီမံခန့်ခွဲမှု့အပိုင်းကို
လွတ်လပ်စွာစီမံခန့်ခွဲနိုင်သည့် ကော်ပိုရေးရှင်းကြီးတွေ ပေါ်ထွန်းလာသည်ကို လှိုက်လှိုက်လှဲလှဲမြင်ရချင်သည်။ လောလောဆယ်တော့ “လူချွန် လူကောင်း” သီချင်းကို ဆိုနေသည်။
တစ်နေ့နေ့တော့ လှိုက်လှိုက်လှဲလှဲမြင်ရမှာပါ
ReplyDeleteကိုအောင်ထွဋ်ရဲ့ ဖြစ်ချင်တာလေးတွေ... ဖြစ်လာနိုင်မလားပဲ.... စောင့်ကြည့်ရဦးမှာပေါ့ဗျာ...
ReplyDeleteခင်မင်လျက်
နေ၀သန်
အခုအချိန်မှာ အားလုံးကတော့ မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့ပါပဲ..။
ReplyDeleteရွှေပြည်တော် မျှော်လေတိုင်း...မဝေးတော့ဘူးထင်ရပါတယ်။
အစ်ကို ဖြစ်ချင်တဲ. ရွှေပြည်တော်က ဖြစ်လာတော.မှာပါ။ ကျွန်တော်တို. လူငယ်တွေလည်း ကြိုးစားကြဖို.လိုပါတယ်။
ReplyDeleteBrain Drain လား Gain လားဆိုတာကတော့ ပြည်ပရောက် မြန်မာတွေရဲ့ ခံယူချက်တွေနဲ့လည်း ဆိုင်မယ်ထင်ပါရဲ့ ကိုအောင်ထွဋ်ရေ...ငွေရှာဖို့ ရည်ရွယ်ချက်ထားရသလို သူရို့တွေဆီက ပညာတွေ၊ စီမံခန့်ခွဲမှု နည်းဗျူဟာတွေကိုပါ ရအောင် ယူလာနိုင်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ...
ReplyDeleteဒီဘက် ယိုးဒယားနယ်မှာတော့ စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ ကလေးတွေ( ပညာရှင်တော့ မဟုတ်ကြဘူးပေါ့လေ ) ကျတော့ သူရို့ဆီက ငွေတစ်ခုပဲ ရကြတာကလား...အထည်ချုပ်စက်ရုံမှာ လုပ်ကြတယ်ဆိုပါစို့ သူရို့ဆီက စူးစိုက်ထုတ်တဲ့ နည်းစနစ်အရ တစ်ယောက်ကို တစ်မျိုးပဲ လုပ်ရတာ မဟုတ်လား...
တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ပြည်ပရောက် ပညာရှင်တွေရဲ့ အင်အားနဲ့ မြန်မာပြည်ကြီး တိုးတက်လာမယ်လို့ တစ်ထစ်ချ ယုံကြည်ထားပါရဲ့...