စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, July 2, 2012

ပျောက်ဆုံးခြင်း

ခပ်သောသောလေး ရယ်ရရင်တော့ ဒါဟာ ဟာသဇာတ်ပေါ့လေ
ခပ်အုပ်အုပ်လေး လူမသိအောင် ငိုတော့ ဒါဟာ အလွမ်းဇာတ်
ခပ်တည်တည်ကြီးနေတော့ ငါ့ကို ဘာပြောကြမလဲ
မရယ်တော့ဘူးလား၊ မငိုတော့ဘူးလား
ငါဟာ ငါဘာလည်းဆိုတာကို ငါကိုယ်တိုင်တောင် မသိဘူး

အမေရိကန် အိပ်မက်တွေ လူတိုင်းမက်ကြသပေါ့လေ
လုပ်သလောက် အကျိုးရှိမယ်၊ ယောက်ျားတံခွန်အောင်လံထူလို့
ဒါပေမယ့် ငါဘာလုပ်နေမှန်း ငါ့ကိုယ်ငါ မသိဘူးဖြစ်နေတာ
အင်း…  လုပ်တော့လုပ်နေတာပဲ…
ဒါပေမယ့် ပျောက်ဆုံးခြင်းတွေက အရိပ်လိုလိုက်လာတော့
သဲပြင်ပေါ်မှာရေးတဲ့ စာလုံးလိုပဲ လှိုင်းတစ်ချက်စာပဲရှိတယ်

ဘာမှ မလုပ်ဘဲ ထိုင်စားလို့ရတဲ့နေရာဟာ အမေ့အိမ်ပဲလို့
သိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ ဟိုးအဝေးကြီးကို
ရောက်ရှိနေခဲ့ပါပြီ ဆိုတာမျိုးကတော့ မဖြစ်ချင်လှ
အတောင်စုံတဲ့ ငှက်ဟာ မပျံရင် ငှက်ဘ၀ ဆုံးမယ်
ဒါပေမယ့် ဦးတည်ချက်မရှိ ပျံသန်းနေတော့ ခက်သား

ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက်၊ တစ်မနက်ပြီး တစ်မနက်
ပျံလိုက် နားလိုက်၊ ဆောင်းခိုလိုက်ပေါ့
ဒါပေမယ့် ဦးတည်ချက်မှ မရှိလေတော့
ပျံလေတဲ့ ငှက်ခါး ဘယ်နား သွားနားရမှန်းကို မသိတာ။
ဒီလိုနဲ့ ငါဟာ ပျောက်ဆုံးလို့ ကောင်းနေတုန်း…….

2 comments:

  1. ဒီမလာခင်က စလုံးအိမ်မက်...ဒီလာတော့ ဇာတိရွာအိမ်မက်....
    အင်း.......ဘာမှမလုပ်ပဲထိုင်စားလို့ရတဲ့နေရာဟာ အမေ့အိမ်ပဲလို့သိလိုက်ရ
    တော့..........:P အတော်ခိုက်သဗျာ...အဲ့စာသားကတော့

    ReplyDelete
  2. ကဗျာလေးကောင်းတယ် မောင်အောင်ထွဋ်ရေ။
    'အတောင်စုံတဲ့ ငှက်ဟာ မပျံရင် ငှက်ဘ၀ ဆုံးမယ်' မှန်လိုက်တဲ့စကားလေး။
    ပျောက်ဆုံးနေတဲ့ကွန်းခိုရာကို ငှက်ကလေး အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete