မှတ်မိသေးတယ် ၁၀ တန်းတက်နေတုန်းက။ စာလည်း ကောင်းကောင်းဖတ်တယ်ကို သိပ်မရှိလှပါဘူး။ ၉ တန်းအောင်သွားကထည်းက မာတာမိခင်က အသေဗျင်းတော့တာပါပဲ၊
ဗျင်းမယ်ဆိုလည်း ဗျင်းလောက်ပါတယ် ၉ တန်းအောင်ပြီး ၁၀ တန်းတက်တော့ ရတဲ့အခန်းက G ခန်း။ ဂလိုနဲ့ ကျွန်တော့်ကို ၉တန်းဖြေပြီး နွေရာသီကျောင်းပိတ်ကထည်းက
ကျူရှင်စထားပါတော့တယ်။ ကျွန်တော်တို့တုန်းက
၅ဘာသာ သင်ရိုး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊
သိပ္ပံ နဲ့ လူမှု့ရေးဆိုပြီး ၅ ဘာသာ။ ကျွန်တော်တို့နှစ်ပြီးတော့ ၆ဘာသာ စနစ်ပြန်ပြောင်းသွားပြန်ရော။
မှတ်မိသေးတယ်
သင်္ချာဆရာကြီးက ကျွန်တော်တို့အိမ်ဘေးက၊ အသင်အပြကတော့ အလွန်ကောင်း။ နောက်ဖေးမှာ ခွေးတစ်အုပ်နဲ့ ကျွန်တော်တို့ ဆော့နေတာမြင်လို့ကတော့
သူသင်နေတဲ့ အတန်းထဲခေါ်ပြီး ထိုင်ခိုင်း၊ တွက်ခိုင်းတော့တာပဲ။ ဒီလိုနဲ့ တွက်လာလိုက်တာ ကျောင်းလဲဖွင့်ရော နောက်ဆုံး
၃ခန်းလားပဲ ကျန်တော့တယ် တြီဂိုရယ်၊ Circle ရယ်၊ နောက်တစ်ခုက Vector ရယ်နဲ့ တူတယ်။ ကျန်တဲ့ အခန်းတွေက တွက်လို့ကုန်ပြီ။ သင်္ချာချိန်တော့ ပျော်တယ်၊ မဆော့သာ မဆော့ရတာ ဆရာနဲ့ဆိုရင်
မပျင်းရဘူး အမျိုးမျိုး စဉ်းစားခိုင်း ဟိုဟာတွက်ခိုင်း ဒီဟာတွက်ခိုင်းနဲ့။
အဲ…
အင်္ဂလိပ်စာကတော့ လမ်းထိပ်က ဆရာဆီသွားအပ်တယ်၊
ကျွန်တော်တို့ သူငယ်ချင်း ၄ယောက်အတူတူ သွားတက်ကြတာ။ အဲ့ဒီဆရာစာသင်ပုံကျတော့ တစ်မျိုး ကဗျာ တစ်ပုဒ်၊
ပုံပြင် တစ်ပိုဒ်၊ သဒ္ဒါတစ်မျိုး အဲ့ဒါကို တစ်နေ့ တစ်ခုသင်တာ ပြီးရင် အက်ဆေး တစ်ပုဒ်ရေးခိုင်းတယ်။ နောက်တစ်နေ့ကျရင် မနေ့ကသင်လိုက်တာကို မေးခွန်းထုတ်ပြီး
ဖြေခိုင်းတယ်။ ထိုနည်းလည်းကောင်း အသစ်ထပ်သင်တယ်။
သူ့သင်တဲ့ပုံစံက အချိန်မရှိဘူး မြန်မြန်ပြီးရင် မြန်မြန်ပြန် မပြီးလို့ကတော့
ထိုင်နေဘဲ။ တစ်ပတ်လောက်ကြာတော့ အကြောင်းသိသွားတော့
သူ့အတန်းဆိုရင် ၁ နာရီ စွန်းစွန်းဆိုရင် ပြီးအောင် ဒရောသောပါးရေးတယ် ပြီးရင် ဂိမ်းသွားဆော့တယ်။ အဲ့ဒီလိုအလုပ်ကောင်းတော့ တစ်လလောက်နေတော့ ဆရာက အိမ်ကို
စာပို့ပါတယ် ကျွန်တော်တို့ ၄ ယောက် ၁၀ တန်းမှာ အင်္ဂလိပ်စာ ဂုဏ်ထူးပါခဲ့ရင် သူ့ခေါင်းကို
လာဖြတ်ပါတဲ့။ ဟုတ်လည်းဟုတ်တယ် ဂုဏ်ထူးမပါဘူး။
မြန်မာစာကတော့
ကျောင်းက ဆရာနဲ့သင်ခဲ့တာ ခက်ဆစ်တို့၊ သဒ္ဒါတို့ ကတော့ မှတ်လို့ရပေမယ့် စကားပြေကျတော့
ဒုက္ခတော်တော်ကိုရောက်ရော။ ဘယ့်နှယ် စကားလုံးတွေအားလုံးက
ကွန့်ညွန့်ပြီးတော့ အလင်္ကာမြောက်အောင်ရေးရသတဲ့။
ကျွန်တော်နဲ့ နဲနဲမှကို မကိုက်တာ၊ ရေးလိုက်ရင် တုန်းတိ။ ဟိုမင်းနဲ့ ဒီမင်းစစ်ခင်းတယ်၊
ဟိုဘက်က လှံကိုင်တယ်၊ ဒီဘက်က ဓားကိုင်တယ်။ နှစ်ယောက်လုံး ဆင်စီးတယ် ပြီးတော့ တိုက်တယ်။
ဟိုဘက်က နိုင်တယ် ဒီဘက်က ရှုံးတယ်။ အဲ့သလို
တုန်းတိရေးတော့ ဘယ်တော့မှ အမှတ်ထွက်လာရင် ကောင်းကောင်းကို မရဘူး။ စာစီစာကုံးဆိုလည်း ထိုနည်းလည်းကောင်း ရေးတော့ အမှတ်မကောင်းလှဘူး။
လူမှု့ရေးတွဲကိုကျတော့ ကျွန်တော့် ကြီးဒေါ်က
လူမှု့ရေးသင်တဲ့ ဆရာမ။ သူက အိပ်ယာဝင်ခါနီးတိုင်
ပုံပြောသလိုနဲ့ ကျွန်တော့်ကို လူမှု့ရေးသင်ပေးတယ်။
၉ တန်းနွေရာသီကျောင်းစပိတ်ကထည်းက ပထ၀ီဆိုရင် တစ်နေ့ကို ပြည်နယ် တစ်ခု၊ ကမ္ဘာ့နိုင်ငံတစ်ခု၊ လူမှု့ရေးဆိုရင် ၁၈မှတ်တန် ၁ပုဒ်၊ သမိုင်းက မြန်မာသမိုင်းတစ်ပုဒ်၊
ကမ္ဘာသမိုင်းတစ်ပုဒ် မရရင် ကျွန်တော့်ကို ပေး မဆော့ဘူး။ အဲ့ဒီတော့ အဲ့ဒါတွေကို သဗ္မုဒ္ဓေ ရွတ်သလို ရွတ်နေရတာနဲ့
ကစားချိန်တွေ တော်တော်ပဲ့ပါသွားတယ်။ ရွတ်သာရွတ်တာ စာတွေက အဟောင်းကြီးတွေ ဥပမာ ပထ၀ီထဲက လူဦးရေဆိုရင် နှစ်တိုင်း လူမွေး လူသေကရှိနေတာ ဒီစာအုပ်ပြဋ္ဌာန်းထားတာဖြင့် နှစ်ပေါင်း ၁၀စုကျော်ကြာနေပြီ ခုချိန်ထိ update တွေဘာတွေလည်းလုပ်ထားတာမဟုတ်ဘူး။ အဲ့ဒီတော့ လူဦးရေ အမှားကြီးတွေ ကျက်နေရတာ၊ အဲ့ဒီ အမှားကြီးကို အမှားကြီးအတိုင်းမရေးရင် အမှန်မပေးဘူးဆိုတော့ စိတ်မပါ့တစ်ပါနဲ့ အမှားကြီးကို ကျက်ရရော။ နောက်ပိုင်း
ရွတ်သားကျသွားတော့ စနေ၊ တနင်္ဂနွေဆိုရင် မြန်မာ့သမိုင်း တစ်အုပ်လုံးဆိုခိုင်းရင်ဆိုခိုင်း၊
မဟုတ်ရင် ကမ္ဘာ့သမိုင်းတစ်အုပ်လုံးဆိုခိုင်း၊ မဟုတ်ရင် ပထ၀ီ တစ်အုပ်လုံးကို အလွတ်ဆိုခိုင်းရင်
ဆိုခိုင်းတတ်သေးတယ်။ အဲ့ဒါမျိုးကျတော့ အချိန်က
အတော်ကုန်သကိုး ပတွတ် ပတွတ်နဲ့ ရွတ်ရတာ ရေ ၁ပုလင်းလောက်ကုန်မယ် ရေသောက်လိုက် ရွတ်လိုက်နဲ့။ ထစ်သွားရင်လည်း ပြန်ကျက်ရဆိုတော့ မထစ်အောင် အတော်လေး
လုပ်ယူရတယ်။
ဘိုင်အိုကျတော့
မာတာမိခင်ကြီးက သူဆေးခန်းက ပြန်လာတာနဲ့ စာကြည့်စားပွဲလာပြီး သင်တော့တာပဲ။ မာတာမိခင်နဲ့ သင်ရတာတော့ မဆိုးလှဘူး သူ့က လူအကြောင်းတွေနဲ့
ယှဉ်ယှဉ်ပြီးတော့ ယုန် အကြောင်းသင်သကိုး…. ဟိုဟာမေး ဒီဟာမေးနဲ့ ဘိုင်အိုက အတော်လေး
သင်လို့ကောင်းသဗျ။ ဓာတုဗေဒကျတော့ ရပ်ကွက်မနည်းဝေးသဗျ
အဲ့ဒီမှာ ဓာတုဗေဒ သွားတက်ရတာ။ စိတ်ဝင်စားဖို့ကောင်းတယ်။ မှန်မှန်တက်ဖြစ်တယ်။ ရူပဗေဒကတော့ မတက်ဘူး အားရင် ဂိမ်းသွားဆော့တယ်။
မှတ်မိတယ်
မနက်ကျရင် ကျောင်းတက် စာသင်၊ နေ့လည် ဆော့၊ ဆရာ၊ဆရာမတွေ အတန်းမ၀င်လို့ကတော့ ဗျောင်းသတ်အောင်ဆော့၊
ခုံခေါက် သီချင်းဆို၊ ပြန်လာ ဘောလုံးကန်၊ ရပ်ကွက်ထဲမှာ ကလေးတွေနဲ့ဆော့၊ ဒါမှ မဟုတ်ရင်
ဖတ်ချင်တဲ့ အပြင်စာအုပ်ဖတ် မဖတ်ချင်ရင် ကျောင်းစာအုပ်ကို ဟိုလှန်ဒီလှန် ဘာဖြစ်လို့
ဒီလိုရေးရတာတုန်း၊ ဟိုလိုလေးဆို ပိုမကောင်းဘူးလားဘာလား ကိုယ်ဟာကိုယ် ဖတ်ပြီး ဝေဖန်။ ၁၀ တန်းမှာတော့ တစ်ချို့တွေက Time Table တွေဘာတွေဆွဲပြီး
ဟိုဟာ အပြတ် ဒီဟာ အပြတ်လုပ်ကြတယ် ပြောဖူးတယ်။
ကျွန်တော့်မှာတော့ အချိန်ဇယားကို မရှိဘူး တစ်ခါတစ်လေ ပျင်းနေရင် ကိုယ်ကျက်ထားတဲ့ဟာလေး
ပြန်စဉ်းစားလိုက် မမှတ်မိရင် စာအုပ်ပြန်ကြည့်လိုက်တယ် ရပြီထင်ရင် ဂိမ်းဆော့တယ်၊ ခြံထဲဆင်းပြီး
ကစားတယ်။ ကစားလို့မောလာရင် စာအကြောင်းနဲနဲလေးပြန်စဉ်းစားလိုက် မမှတ်မိရင် အိမ်ပေါ်ပြန်တက်
စာအုပ်တစ်ခေါက်ပြန်ကြည့် ရသွားရင် ပြန်ဆင်းဆော့။
၁၀
တန်းတုန်းက ဘေးအိမ်မှာလည်း ၁၀ တန်းတက်နေတဲ့ ကောင်မလေးတစ်ယောက်ရှိသဗျ။ မနက်ဆို ၄ နာရီခွဲ ၅ နာရီလောက်ကထည်းကထပြီး စာကျက်ပါလေရော။ ဟိုဘက်အိမ်က စာကျက်သံကြားပြီဆိုရင် မာတာမိခင်က ကျွန်တော့်ကို
နှိုးပါလေရော။ ကျွန်တော်ကလည်း ဘယ်တော့မှမထဘူး။ စိတ်မပါပဲနဲ့ စာလုပ်တော့ ဘာရမှာတုန်း အချိန်လည်းကုန်သေး။
နောက် လူတစ်ယောက်ရဲ့ ဦးနှောက်က ၄၅ မိနစ်စာလောက်ပဲ တချိန်ထည်း ဆက်တိုက် ကောင်းကောင်း
အာရုံစူးစိုက်လို့ရတာ။ အဲ့ဒါကျော်သွားရင် မှတ်ဥာဏ်ထဲဝင်ဖို့ မလွယ်တော့ဘူး။ အဲ့ဒီတော့ ကျွန်တော်စာကို ဘယ်တော့မှ ၁ နာရီပြည့်အောင်
မကြည့်ဘူး။ နာရီဝက်လောက်ကြည့်တယ်၊ ပြီးရင်
အပြင်သွားဆော့တယ်၊ ပြန်လာတယ် ၁၅ မိနစ်လောက်စာကြည့်တယ်။ တစ်နေ့ကို ၅ နာရီလောက်စာကြည့်စားပွဲထိုင်တယ် ဆိုတဲ့လူတွေ
ဘာလုပ်သလည်းဆိုတာ ခုချိန်ထိ စဉ်းစားလို့ကို မရဘူး။ ကိုယ့်ကိုယ်ကို ညည်းပန်းနှိပ်စက်နေကြတယ်လို့ပဲ ခံစားမိတယ်။
ဂိုက်ဆိုရင်တော့
သေအောင်ကို မုန်းတာ။ ဘယ့်နှယ် ကိုယ်အချိန်ကိုယ်
မသုံးရဘူး သူကလာပြီး ဟိုဟာကျက် ဒီဟာကျက်နဲ့ မေးတော့လည်း ကောင်းကောင်းရှင်းမပြသေးဘူး။ ဟိုလိုတွက် ဒီလိုတွက်နဲ့ ဘာကြောင့် ဟိုလိုတွက်ရတာလည်း၊
ဒီပုံသေနည်းကို ထွင်တဲ့လူက ဘယ်လို စဉ်းစားပြီး ထွင်ခဲ့တာလည်း။ သူခေတ်တုန်းကရော ဘယ်လို
အခြေအနေရှိလည်း၊ သူ့ခေါင်းထဲမှာ ဘယ်လိုအချက်အလက်တွေ လွှမ်းမိုးခဲ့လို့ ဒီလို ပုံသေနည်းကို
ထွင်နိုင်ရတာလည်း အဲ့ဒါတွေမေးရင် ပြန်မဖြေဘူး။ မဖြေတော့ ကျွန်တော့်သိချင်တဲ့ဟာကို ကျွန်တော်ရှာဖတ်တယ်။ အဲ့ဒီလိုနဲ့ ဂိုက်လည်း နောက် အိမ်မလာတော့ဘူး။ လာလည်း ကျွန်တော်က အပြင်ထွက်ပြီး ဂိမ်းသွားဆော့တယ်။ ဒီလိုနဲ့ ဂိုက်နဲ့ လမ်းခွဲတာပဲ။ အဲ့ဒါလည်းကောင်းတယ် ကိုယ်ပိုင်အချိန်မှာ ကိုယ်ကြိုက်တာလုပ်လို့ရတယ်။
ဒီလိုနဲ့
၁၀ တန်းဖြေခါနီးလေ စာသိပ်မကျက်ဖြစ်တော့လေပဲ။
စာမေးပွဲဖြေတော့ မြန်မာစာက စဖြေရတာ။
မှတ်မိသေးတယ် ၁၀ တန်းအစစ်ကြီး မြန်မာစာဖြေတဲ့နေ့က မာတာမိခင်နဲ့ စကားထများတာ။ မြန်မာစာမှာ စကားပြေတို့၊ ကဗျာတို့ကို ရေးရင် စာလုံးလှလှလေးတွေနဲ့
ရေးရကြောင်းဘာကြောင်းကို သူကပြော၊ ကျွန်တော်က အဓိပ္ပာယ်ပေါက်ဖို့က အဓိက သူက ကဗျာထဲမှာ
ဟိုလိုရေးထားလို့ ကိုယ်က ဒီလို အဓိပ္ပာယ်ဖွင့် ခက်ဆစ်ထဲကဟာနဲ့ ကိုက်ရင်ပြီးရော ဘာမှထပ်
လျှာရိုးရှည်ပြီး ရေးနေစရာ အကြောင်းမရှိကြောင်း ထုချေလွှာတင်ရင်း တင်ရင်းနဲ့ ရန်ပါထဖြစ်ပြီးတော့
စာအုပ်တွေ အကုန်လုံး လွှတ်ပစ် အိပ်ရာ အစောကြီး ၀င်ပြီး အိပ်တော့တာပဲ။ အဲ့ဒီလိုနဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာဖြေတဲ့နေ့တွေမှာပါ
စိတ်တိုနေတာနဲ့ စာအုပ်ကို လှန်ကို မကြည့်တော့ဘူး။
သိပ္ပံနဲ့ လူမှု့ရေးကျတော့မှ စာအုပ်လေး ဘာလေးပြန်ကြည့်ဖြစ်တော့တယ်။
ဒီလိုနဲ့
၁၀ တန်းအောင်ပြီးတော့ ယောင်တောင် ပေါင်တောင်နဲ့ တက္ကသိုလ်တွေ ရွေးဖို့ အချိန်ရောက်လာရော။ ဘာကိုရည်မှန်းလည်းဆို ငယ်ငယ်ကလေးကထည်းက အင်ဂျင်နီယာဖြစ်ချင်တာ။ သို့ပေမယ့် RIT ကလည်းမရှိတော့၊ နီးစပ်ရာ သူများနိုင်ငံက
ပိုလီ တက်နလစ် လိုဟာမျိုးကျတော့လည်း ပိုက်ဆံကုန်တာနဲ့၊ ရတဲ့ဘွဲ့နဲ့ ချိန်ကြည့်ရင် မတန်ဘူးလို့
ခံစားရတယ်။ ရချင်တာက ဒီဂရီ ဆိုတော့ ပိုလီကို
မတက်ချင်။ ဆိုတော့ GTC ကျပြန်တော့လည်း သာပြီးတော့
မတက်ချင် အင်ဂျင်နီယာဖြစ်ဖို့ ၅ နှစ်ကို ဆန့်ငင် ဆန့်ငင်ကြီး တက်ရမှာကို ဘယ်လိုမှ ဖီးလ်မလာ။ မာတာမိခင်ကတော့ စစ်ဆေး ဆိုတဲ့ဟာကိုလျှောက်ခိုင်းတယ်။ ကျွန်တော်အမြင်ကတော့ စစ်သားလုပ်ချင်ရင် စစ်ထဲကိုဝင်။ ဆရာဝန် လုပ်ချင်ရင် ဆေးကျောင်းတက်။ စစ်သားဆိုရင်လည်း ရွပ်ရွပ်ချွံချွံနဲ့ တိုက်ပွဲမှာ
ကျပြီး သေချင်သေ၊ မသေရင်လည်း ရာထူးအမြင့်ကြီးရ။
ဘယ့်နှယ် ရာထူးကျတော့လည်း တောင်မရောက် မြောက်မရောက် အမြင့်ဆုံးဖြစ်နိုင်မှ ဗိုလ်မှုးကြီးပေါ့၊
ဆရာဝန်ဖြစ်ပြီး စစ်ဝတ်စုံကြီးလည်း တစ်သက်လုံးဝတ်ရဦးမယ်။ စစ်သားဆို
သေနတ်ကိုင်မှ ငယ်ငယ်လေးကထည်းက ရုပ်ရှင်တွေထဲမှာ အဲ့ဒီအတိုင်းကိုး။ အဲဒီ စစ်ဆေး ဆိုတဲ့ဟာကြီး တက်လိုက်ရင် စစ်ဝတ်စုံကြီးနဲ့
ကိုင်ရတော့ လူနာထိုးတဲ့ အပ်။ အဲ့ဒီ မထော်မလန်းဘ၀ကြီးကို ဘယ်လိုမှ ကိုယ်နဲ့ စပ်ဟပ်လို့မရတာနဲ့
သွားမလျှောက်၊ မာတာမိခင်ကြီးလည်း အဲ့ဒီမှာ ငိုတော့တာပဲ။ ဟင် နင့်ကို ပညာသင်ပေးတာ ဘာလုပ်ဖို့လည်း၊
ခု အဲ့ဒါက တစ်သက်မှာ တစ်ခါရတာ နင်က သွားမလျှောက်ဘူး။ ဘယ်လိုလုပ်မလဲ ဘာလဲနဲ့ပေါ့လေ။ အဲ့ဒီလိုနဲ့ စစ်နဲ့ ပတ်သတ်တဲ့ ကျောင်းတွေဘက်ကို
ခြေဦးမလှည့်ဖြစ်တော့ပါ။ အဲ့ဒါနဲ့ တက္ကသိုလ်လည်း
လျှောက်ဖို့ရွေးရော စီးပွားရေး တက္ကသိုလ်ကို အဝေးသင်နဲ့ လျှောက်လိုက်တယ်။ စိတ်ဝင်စားတဲ့ တက္ကသိုလ်မှ ရွေးစရာမရှိတော့တာ။ အဝေးသင်ဆိုတော့ တက်ချင်တက် မတက်ချင်နေ အိုကေတယ်။ ကျလာတော့ ကျောင်းသွားမအပ်တော့ဘူး။ ရန်ကုန်လာပြီးတော့ ပရိုဂရမ်းမင်း ဆိုတဲ့ ပလောက်
ပလောက်နဲ့ ပရိုဂရမ်ရေးတဲ့ဟာကို စိတ်ဝင်စားလို့ အဲ့ဒါသွားပြီး သင်နေတာနဲ့ပဲ တစ်နှစ်လောက်ကြာသွားရော။ အဲ့ဒီအချိန်မှာပဲ ရေကြောင်း တက္ကသိုလ်ဆိုပြီး အင်ဂျင်နီယာကျောင်းပေါ်လာတာနဲ့
သွားလျှောက်ပြီး တက်ဖြစ်သွားတာ။ ပျော်စရာကောင်းပါတယ်။ ရေကြောင်းတက္ကသိုလ်မှာ ကျောင်းတက်ရတဲ့ ဘ၀ လေးကတော့
ဘယ်တော့မှ မမေ့ဘူး။ အဲ့ဒီကျောင်းသားဘ၀လေးလည်း
နောက်များကြုံတော့မှ ထပ်ရေးပါတော့မယ်။
စာအကြောင်းများတော့လာမပြောနဲ့အေ
ReplyDeleteစာသိုက်ထဲပြန်ရောက်ကုန်ဘီး)
လင်ရခါနီးအထိတက်နေရတဲ့ကျောင်း
ခုလဲတက်ရပြန်ဦးမယ့်ကျောင်း
ဘာသံမှမကြားချင်တော့ဘူး
ခုတော့စာဆိုစာကလေးတောင်မကြည့်ချင်တော့ဘူး
ခင်မင်လျှက်
မဒိုးကန်
ရွေးချယ်မှု မှန်ကန်ပါတယ်။ အချိန်က အဆုံးအဖြတ် ပေးသွားခဲ့ပြီ မဟုတ်လား။ အဲ့သည် အချိန်တုန်းကတော့ အများကြီး တိုက်ခိုက်ခဲ့ရလိမ့်မယ် လို့  ထင်ပါတယ်။ ကွန်ဂရယ်ကျူလေးချင်း ပါ ကိုအေအိတ်ခ်ျ။ ခင်ဗျားနဲ့  ကျုပ်ဇတ်ကောင်နဲ့  ကွက်တိဗျ။ သန့် စင်က အင်ဂျင်နီယာရယ်။ ပွန်းစ်ပေါင်ဒါ တွေ ၀ယ်စု ထားတယ် စိတ်သာချ။ မျက်နှာဖွေးဖွေးလေး နဲ့  သရုပ်ဆောင်ရမယ်။
ReplyDeleteစီးပွားရေးတက္ကသိုလ်လျှောက်၊မတတ်ပဲပရိုဂရမ်းမင်းလုပ်...၊ဟော....နောက်တော့ သင်္ဘောပေါ်ရောက်.....တော်တော်နောက်တဲ့ ကိုအားထောင်.....:)))
ReplyDeleteကိုယ့်စိတ်တိုင်းကျ လုပ်ခွင့်ရတာပဲ...အားကျဖို့ ကောင်းလိုက်တာနော်...။
ReplyDelete