ဒီအကြောင်းကို ရေးချင်နေတာတော့ ကြာပါပြီ။ သို့ပေမယ့်လည်း ရေးသင့် မရေးသင့်ကို ချိန်နေတာရယ်ကြောင့်
မရေးဖြစ်ပဲ အောင့်ထားမိတာ။ အဓိက ဆိုလိုချင်တာက
ဝိရောဓိတွေ အကြောင်းရေးချင်တာပါ။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ
ကမ္ဘာ့နည်းပညာ၊ စီးပွားရေး၊ သတင်းအချက်အလက် စတဲ့ လှိုင်းလုံးကြီးတွေ အရှိန်အဟုန်နဲ့ စီးဆင်းမှု့
တွေကနေ ကင်းကွာခဲ့ပြီး အခု ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ရှိလာစပြုလာပြီ ဖြစ်တဲ့အတွက်
ဒီ မြန်ဆန်မှု့တွေရဲ့ သက်ရောက်မှု့တွေကို မလွဲမသွေ ခံစားရဖို့ရှိနေပါတယ်။ လောလောဆယ်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲတွေအတွက်
ခေါင်းဆောင်လုပ်မယ့်သူတွေ အလုပ်တွေရှုပ်နေကြတာကို ကျွန်တော်တို့ သတင်းတွေ ဂျာနယ်တွေမှာ
ဖတ်နေ၊ ကြားနေရမှာပါ။
မည်သူမဆို ခေါင်းဆောင်ဖြစ်လာပါစေ၊ မည်သည့်ခေါင်းစဉ်တက်လာပါစေ
နိုင်ငံပေါင်း ၅ နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အန္ဒိယပင်လယ်ကို ထွက်ပေါက်ရှိနေတဲ့၊
အာရှတိုက်ရဲ့ နဂါးကြီးကို ခေါင်းထိုးထားတဲ့၊ အာရှရဲ့ အိုင်တီ နိုင်ငံကြီးကို ဘေးချင်းအပ်နေတဲ့
အရှေ့တောင် အာရှက လူဦးရေ သန်းခြောက်ဆယ်ကျော်ရှိသော ကျွန်တော်တို့နိုင်ငံကို နိုင်ငံပေါင်းများစွာက
အကဲစမ်းဖို့၊ အမြတ်ရဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ များစွာက ရင်းနှီးမြှုပ်နှံရန်အလို့ငှာ
စောင့်ကြည့်နေကြပါတယ်။ ပိုမိုပွင့်လင်းမြင်သာမှု့ရှိလာလေလေ၊
ယုံကြည်စိတ်ချရတဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီလို့ သူတို့ ယူဆတဲ့ တစ်နေ့မှာ သူတို့တစ်တွေ ၀င်ရောက်လာကြပြီဆိုရင် ကျွန်တော်တို့
နိုင်ငံသားတွေဟာ ဒီတိုးတက်လာမှု့ရဲ့ လှိုင်းဒဏ်တွေကို မလွဲမသွေခံယူရမှာဖြစ်ပါတယ်။
သမားရိုးကျ
ဈေးကွက်တို့ ပြိုဆင်းလာခြင်း
ပထမဆုံး ဖြစ်လာနိုင်တာကတော့ သမားရိုးကျ ဈေးကွက်တွေ
ကမောက်ကမဖြစ်မှု့ပါ။ ဒါကတော့ မြင်သာ ထင်သာရှိပါတယ်။ အခုတောင်မှ ကားဈေးတွေ ကမောက်ကမဖြစ်ကုန်ပါပြီ။ ဖုန်းဈေးတွေ ကမောက်ကမဖြစ်ကုန်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အ၀ှမ်းမှာရှိတဲ့ ဈေးတွေထက်
အဆမတန် ဈေးကြီးနေပြီးတော့ ခုလို နည်းနည်းလေး ဖွင့်ချလိုက်တဲ့ အချိန်မှာ လက်ရှိအခြေအနေကနေ
ကမောက်ကမဖြစ်ကုန်တာပါ။ နောက်ပိုင်းမှာဆိုရင်တော့
ကားကုမ္ပဏီတွေက တိုက်ရိုက် အရောင်းပြခန်းတွေ ဖွင့်လာတဲ့ အချိန်မှာ ကားပွဲစားတွေရဲ့ အခြေအနေတွေဟာ
ကပြောင်းကပြန်ဖြစ်သွားနိုင်ပါတယ်။ ဒီအတွက်
သူတို့ဟာ ကားပွဲစားလိုင်စင်ရှိဖို့ လိုအပ်လာမှာဖြစ်သလို လက်ရှိဝန်ဆောင်မှု့မျိုးကိုလည်း
ဆက်လက်ကျင့်သုံးလို့ရမှာ မဟုတ်တော့ပါဘူး။ ဒီအပြင်
ပွဲစားတွေဟာ သီးခြား ပုဂ္ဂလိကတစ်ဦးချင်းစီအနေနဲ့ လုပ်ကိုင်ဖို့ အခွင့်အလမ်း နည်းပါးလာမှာဖြစ်ပြီးတော့
ကုမ္ပဏီ လခစား၊ ဒါမှမဟုတ် ကုမ္ပဏီတွေကနေမှ တစ်ဆင့် ရာခိုင်နှုန်းစားတဲ့ ပုံစံတွေဖြစ်ပေါ်လာမှာပါ။
အိမ်၊ ခြံ၊ မြေ ဈေးကွက် ပြန့်ကားမှု့။ ဘိုးဘွားပိုင် နဲ့ ဂရံမြေတို့ရဲ့ စစ်ပွဲကြီးတွေလည်း
ဖြစ်ဦးမယ်လို့ထင်ပါတယ်။ ဂရံမြေတွေဟာ လောလောဆယ်
အခြေအနေမှာ အသက်မ၀င်သေးတာက တကြောင်း၊ ကန်ထရိုက်အသေးစားလေးတွေက
ကြုံရာကျပန်း ကန်ထရိုက်တိုက်တွေ ဆောက်နေတာက တစ်ကြောင်း မြန်မာနိုင်ငံရဲ့ တိုက်ခန်းတွေဟာ
မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနေကြတာကိုတွေ့ရမှာပါ။
ဒီအပြင် ၀ယ်ယူထားတဲ့ တိုက်ခန်း ၁ ခန်းဟာ နှစ်ပေါင်းဘယ်လောက်အထိ အကျုံးဝင်တယ်
ဆိုတာလည်း မည်သူမျှ အပ်ကျ မတ်ကျ မပြောနိုင်သေးပါဘူး။ သဘာဝ ကျကျတွေးကြည့်ရင် မြန်မာနိုင်ငံသားတစ်ယောက်ဟာ
မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် မြို့ပြဒေသတွေမှာ အိမ် သို့မဟုတ် တိုက်ခန်း ဘယ်နှစ်လုံး
ပိုင်ဆိုင်ခွင့်ရှိပါသလည်း ဆိုတဲ့ မေးခွန်းတွေ နောင်အနာဂတ်မှာ ပလူပျံတက်လာတော့မှာပါ။ ခုအချိန်မှာတော့ မသိသာသေးပေမယ့် တိုးတက်မှု့မြင့်မားလာတဲ့အခါ
အစိုးရမှ တစ်ဆင့်ပေးတဲ့ ကန်ထရိုက်လုပ်ငန်းကြီးတွေ သို့မဟုတ် အစိုးရ၀န်ကြီးဋ္ဌာနတွေရဲ့
စီမံချက်တွေနဲ့ လူနေ အထပ်မြင့် အဆောက်အဦးအသစ်တွေ ဟောတစ်လုံး၊ ဟောတစ်လုံး ဖြစ်လာနိုင်စရာရှိပါတယ်။ ဒီအခြေအနေရောက်ရင်တော့ ဥပမာ- ရန်ကုန် မြို့တွင်း
၆ မြို့နယ်၊ လှည်းတန်း၊ စမ်းချောင်း၊ ကျောက်မြောင်း၊ ကြည့်မြင်တိုင် စတဲ့နေရာတွေမှာရှိနေတဲ့
မြေပိုင်ရှင်တွေ၊ တိုက်ဝယ်ထားတဲ့လူတွေ နဲ့ အဲ့ဒီ ကုမ္ပဏီကြီးတွေရဲ့ ထိပ်တိုက်တွေ့မယ့်
ဂယက်အရှိန်လေးကလည်း အတော်ပြင်းထန်ဦးမယ်ထင်ပါတယ်။
ဆိုတော့ တိုက်ခန်းပိုင်ရှင်တိုင်းကို တိုက်ခန်းတွေ ပြန်ပေးမှာလား ဒါမှမဟုတ်
မှတ်ပုံတင် ကဒ်တစ်ခုကို တိုက်ခန်းတစ်လုံး ပြန်ပေးမှာလားဆိုတဲ့ မေးခွန်းလေးကလည်း အတော်လေးကို
ကြည့်လို့ကောင်းမယ့် ပုံစံတစ်ခုဖြစ်လာနိုင်စရာရှိပါတယ်။ နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဦးနုခေတ်က ကြွေးကြော်ခဲ့တဲ့
လူတစ်ယောက်၊ တိုက်တစ်ခန်း၊ ကားတစ်စီး ဆိုတာမျိုးက မြို့ပြနေ လူတန်းစားတွေ အတွက် အမှန်တကယ်
မလာနိုင်ဘူးလို့ တသမတ်ထဲ မပြောနိုင်ပါဘူး။
ဘယ်နိုင်ငံကို ကြည့်ကြည့် ဒီလို ဖြစ်ရပ်တွေကရှိခဲ့တာပါပဲ။ ဖယ်ခိုင်းမယ် မရရင် လူမိုက်တွေကို မိုက်ကြေးပေးပြီးတော့
မိုက်ကြေးခွဲခိုင်းမယ်။ အသစ်တွေဆောက်မယ်။ နီးစပ်ရာအသိုင်းအ၀ိုင်းတွေက လက်သိပ်ထိုးပြီးတော့
မြို့ထဲက ဈေးကွက်တွေကို ပုံမှန်လူတန်းစားတွေကြားထဲ ထိုးထားခဲ့ပြီး မြေဈေးကွက်ကို
မြို့ပြင်ကို ရွှေ့ယူကြမယ်၊ ဒါဟာပြောင်းလည်းမှု့တစ်ခုမှာ ရှောင်လွှဲလို့မရတဲ့ သာဓကပါ။ နိုင်ငံတော် အနေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်း ပြည်သူလူထုမှာရှိနေတဲ့
ငွေပင်ငွေရင်းဟာ နိုင်ငံတော်ကနေ အဓိက လည်ပတ်မယ့် နိုင်ငံခြားပို့ကုန် ဒါမှမဟုတ် ပြည်တွင်းအတွက်
ရည်ရွယ်တဲ့ ထုတ်ကုန်တွေ ထုတ်လုပ်မယ့် စက်မှု့လုပ်ငန်းတွေအတွက် ငွေပင်ငွေရင်းအဖြစ်မတည်လို့ရတဲ့
ရှယ်ယာ အစုတွေလို့ ရှု့မြင်မှာပါ။ ဒီတော့ ဒီလို
ငွေပင်ငွေရင်းတွေကို အိမ်၊မြေ ဈေးကွက်ထဲ အပုတ်ခံမယ်လို့ မထင်ပါဘူး။ ဒါဟာ ခေါင်းဆောင်ကောင်းလို့ မကောင်းလို့ရယ်မဟုတ်ဘူး၊
ဘယ်ခေါင်းဆောင်ဖြစ်ဖြစ၊် ဘယ်ခေါင်းဆောင်တက်တက် တစ်နေ့နေ့မှာ ဒါမျိုးတွေကို လုပ်ရမှာပါ။
အဲ့ဒီခေါင်းဆောင်ရဲ့ ဘယ်လို လိမ်မာပါးနပ်စွာ ကိုင်တွယ်မလည်းကိုပဲ မူတည်တာပါ။ ဆွေတစ်ရာ၊ မောင်တစ်ကျိပ်တို့ရဲ့ အကျိုးစီးပွားကို
ကွက်ကြည့်မယ့် ခေါင်းဆောင်ဖြစ်နေသေးရင်တော့ ဒီဈေးကွက်က ဆက်လက်အသက်ဝင်နေဦးမှာပေါ့လေ။ နောက်တစ်ခုက အိမ်၊ ခြံ၊ မြေ အလွန်အမင်းကစားမှု့ဟာလည်း
နိုင်ငံစီးပွားရေးအတွက် ကောင်းတဲ့ ပြယုဒ်မဟုတ်ပါဘူး။ ကမ္ဘာ့စီးပွားပျက်ကပ် စဖြစ်တာ ဘယ်ကစတယ်ဆိုတာလည်း အားလုံးအသိပါ။
ကော်လာဖြူ၊
ကော်လာပြာတို့နှင့် ရင်းနှီးမြှုပ်နှံမှု့ လုပ်ငန်းကြီးများ၏ ၀ိရောဓိ
၁၉ ရာစုတုန်းကတော့ စက်မှု့နိုင်ငံကြီးတွေက
ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေ အကြမ်းထည်တွေ ယူကြတယ်။
ပြီးရင် အချောထည်တွေ ပြန်ရောင်းတယ်။
ဒါမျိုးဟာ လက်ရှိမြန်မာနိုင်ငံနဲ့ အသားကျနေတဲ့ စီးပွားရေး၊ ပို့ကုန်၊ သွင်းကုန်
စီးဆင်းမှု့ သဘောသဘာဝပါ။ ဒီမိုကရေစီ အသက်ဝင်လာတာနဲ့
အမျှ လက်ရှိမြင်တွေ့နေရတဲ့ ပို့ကုန်၊ သွင်းကုန် လမ်းကြောင်းဟာ ကပြောင်းကပြန် ဖြစ်သွားဦးမယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အကြမ်းထည်တွေကို မြန်မာနိုင်ငံမှာ
တင်ထုတ်လုပ်တော့မှာဖြစ်သလို၊ အလုပ်သမားတွေရဲ့ လုပ်ခလစာပေါ်မူတည်ပြီးတော့လည်း ဈေးသက်သာမှု့အတိုင်းအတာ
ကုန်စည်စီးဆင်းနိုင်မှု့ ပထ၀ီမြေအနေအထားကို ကြည့်ပြီးတော့ အခြားသော အချောထည်ထုတ် စက်ရုံအလုပ်ရုံတွေ
ဟောတစ်ရုံ၊ ဟောနှစ်ရုံ ဆိုသလို အစိုးရရဲ့ ပွင့်လင်းမြင်သာမှု့၊ အစိုးရအပေါ် ယုံကြည့်စိတ်ချရမှု့တွေပေါ်မူတည်ပြီးတော့
စက်မှု့ဇုံလိုက်၊ စက်မှု့ဇုံလိုက် ဖြစ်လာတော့မှာပါ။ ဒီအချိန်မှာ ယခင်က အလုပ်အကိုင် ရှာဖွေနေတဲ့ မြန်မာလူငယ်တွေ၊
မြန်မာ အတတ်ပညာရှင်တွေအတွက် အသစ် အသစ်သော အစိုးရတို့ရဲ့ ပေါ်လစီပေါ်မူတည်ပြီးတော့ အလုပ်အကိုင်အသစ်တွေ
ရရှိလာကြဦးမှာပါ။ ဒီအချိန်မှာလည်း တိုးတက်မှု့တွေရဲ့
ဝိရောဓိတွေကို ခံရဖို့ရှိပါတယ်။
ပထမဦးစွာ
နိုင်ငံခြားက ကော်ပိုရေးရှင်းလို့ ခေါ်တဲ့ ကုမ္ပဏီကြီးတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါမှာ အစိုးရဋ္ဌာနတွေ
ဝန်ဆောင်မှု့ကောင်းဖို့လိုပါတယ်။ အရင်တုန်းကလို
မနက် ဂ နာရီခွဲ ရုံးရောက်၊ လက်ဖက်ရည်ဆိုင်သွား၊ နိုင်ငံရေးအကြောင်းပြော၊ ဘောလုံးပွဲ
အကြောင်းပြော၊ ၁၀ နာရီလောက် ရုံးကိုပြန်၊ လုပ်ငန်းစပြီဆိုတာနဲ့
မျက်နှာထားတွေက မှုန်သုန်သွား၊ ဒီနေ့ အလုပ်ကို မနက်ဖြန်ရွှေ့၊ မန်နေဂျာ အစည်းအဝေးထိုင်တယ်ပြော
လက်မှတ်ထိုးမပေးနိုင်ဘူးပြော၊ မနက်ဖြန်မှလာလို့ ဘုတောလွှတ်၊ ၁၂ နာရီ ထမင်းစား ၂ ချက်တီးလောက်
ရုံးပြန်လာ ၀တ္တုဖတ်၊ လေပန်း ၄ နာရီလောက်ဆို ပစ္စည်းသိမ်းပြီး အိမ်ပြန် စနေ၊ တနင်္ဂနွေ
၂ ရက်နား စတဲ့ ပုံမှန်လည်ပတ်နေတဲ့ အသားကျနေတဲ့ ဘ၀တွေကို စွန့်လွှတ်ရတော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လည်ပတ်မှု့ ယန္တယားက ယခင် တံခါးပိတ်ထားထက်
အချိန်ထက် အဆ ၂၀ မက မြန်ဆန်လာမှာဖြစ်တဲ့အတွက် မိမိတို့ မလိုက်နိုင်ဘူးဆိုရင် လိုက်နိုင်တဲ့လူတွေနဲ့
အစားထိုးခံရမှာပါ။ ဒီအတွက် ကမောက်ကမဖြစ်တာတို့၊
အလုပ်ပင်ပန်းလွန်းအားကြီးတယ်တို့ ဆိုတဲ့ အသံတွေ ထွက်လာနိုင်ပါတယ်။ သို့ပေမယ့် ဒါဟာ အခြားသော တိုးတက်ပြီး နိုင်ငံများအတွက်တော့
ပုံမှန် ၀န်ထမ်းတွေရဲ့ သမားရိုးကျ အလုပ်လုပ်ပုံဖြစ်ပါတယ်။ တိုးတက်စမှာ အနည်းငယ်တော့ ပိုမို ပင်ပန်းနိုင်ပါတယ်။ ခံယူထားရမှာကတော့ ကိုယ်တွေဟာ သူတို့တွေဆီကနေ ငွေကြေးအားဖြင့်လည်းကောင်း၊
နည်းပညာအားဖြင့်လည်းကောင်း၊ အတွေ့အကြုံအားဖြင့်လည်းကောင်း၊ အဆက်အသွယ်အားဖြင့်လည်းကောင်း
အမြတ်ရအောင် ကိုယ့်နိုင်ငံအတွက် ကျန်အောင် လုပ်နေတယ်ဆိုတဲ့ စိတ်ဓာတ်ကလေး ထည့်ထားဖို့
အရေးကြီးလှပါတယ်။
နောက်တစ်ခုကတော့ ကော်လာဖြူ၊ ကော်လာပြာ နိုင်ငံသားတွေနဲ့
စက်မှု့လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများရဲ့ ၀ိရောဓိပါ။ အစိုးရသစ်များ အနေနဲ့ ဒီနေရာမှာတော့ အတော်လေးကို
အရေးကြီးပါတယ်။ နိုင်ငံသား အလုပ်သမားတွေရဲ့
ခံစားပိုင်ခွင့်၊ အလုပ်ချိန်၊ အခွင့်အရေးတွေကို တိကျစွာ မျှတစွာ သတ်မှတ်ပေးနိုင်ဖို့အရေးကြီးသလို
ပြသနာ ဖြစ်ပွားလာချိန်မှာလည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အလုပ်သမား သမဂ္ဂလို
အဖွဲ့တွေကို ကောင်းမွန်စွာ ပညာပေး၊ ပို့ချပြီး လိမ်မာ ပါးနပ်စွာ ကိုင်တွယ်နိုင်ဖို့အရေးကြီးလှပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အလုပ်လုပ်တဲ့အခါမှာ
တစ်နေ့မဟုတ် တစ်နေ့တော့ သေချာပေါက် ပြသနာတက်ဖွယ်ရာရှိပါတယ်။ ဒီအချိန်မှာ အစိုးရဘက်ကလည်း အဆင်သင့်မဖြစ်သေးရင်၊
သမဂ္ဂတွေအနေနဲ့လည်း လိမ်မာ ပါးနပ်စွာ မကိုင်တွယ်နိုင်တဲ့ တစ်နေ့မှာ ဆူပူမှု့တွေ၊ သပိတ်တွေ
ထပ်ဆင့်အနေနဲ့ မြင်တွေ့ရဖွယ်ရှိပြီး နိုင်ငံခြားတိုင်းပြည်တွေ အနေနဲ့လည်း ရင်းနှီးမြှုပ်နှံဖို့
တွန့်သွားမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားမှာ
မနှစ်က ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်ကလေးကို ကြည့်နိုင်ပါတယ်။ အရှေ့အလည်ပိုင်းက ကုမ္ပဏီတစ်ခုက ငွေတွေ ဒလဟော သုံးပြီးတော့
ကမ်းလွန်ရေနံ နဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေ အင်ဒိုနီးရှားမှာ လာအခြေစိုက်တယ်။ အရှေ့အလည်ပိုင်းက လူတွေက အန္ဒိယတွေကို စီမံခန့်ခွဲရေးအတွက်
ခန့်ထားတယ်။ အလုပ်ထဲမှာ အပြောအဆိုရိုင်းတော့
အင်ဒိုနီးရှားတွေက ဒီအန္ဒိယက ကောင်တွေ ငါ့တို့နိုင်ငံမှာလာပြီးတော့ ဒီလိုချိုးတယ်ဆိုပြီး
ကားတွေကို မီးရှို့၊ အန္ဒိယတွေ တွေ့ရင်ရိုက် နဲ့ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်သွားတာ စက်ရုံပါ
ခဏပိတ်ထားလိုက်ရပါတယ်။ ဒါဟာ ကမူးရှုးထိုးနိုင်တာကို
ပြသရာရောက်ပါတယ်။ နိုင်ငံတစ်ခုရဲ့ မရင့်ကျက်မှု့ကို
ပြသရာရောက်ပါတယ်။ အန္ဒိယတွေကို မကြိုက်ရင် သူတို့ရဲ့ ရာထူးကို ရအောင်ကြိုးစားပြီးယူပေါ့။ သူ့တို့နေရာမှာ ကိုယ်ကိုတိုင်ဖြစ်လာရင် ဘယ်သူကမှ
ကိုယ်တွေကို လာပြီး အနိုင်ကျင့်လို့မရပါဘူး။
ဒါအပြင် ဒီလိုအခြေအနေတွေကို အလုပ်သမား သမဂ္ဂတွေက ၀င်ရောက်ထိန်းသိမ်းပြီးတော့
ရင်းနှီးမြှုပ်နှံသူတွေကို ဒီလိုမျိုးဖြစ်ရပ်တွေ နောက်ထပ်ဖြစ်မလာအောင် ဖိအားပေး၊ အပြောအဆို
ရိုင်းစိုင်းတဲ့ သူတွေကို သတ်သတ်မှတ်မှတ် ဆုပေး ဒဏ်ပေး စနစ်တွေ ကျင့်သုံးပေးရင် ပြသနာက
အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားမှာပါ။ ဒါမျိုးတွေဟာ
ကျွန်တော်တို့ဆီမှာ ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။
အခွန်အခ ၀ိရောဓိ
ဒါကတော့ ဖြစ်နိုင်ချေ နည်းပေမယ့် ဖြစ်မလာဘူးလို့
တသမတ်ထဲ ပြောလို့မရသေးပါဘူး။ ဒါဟာ ကျွန်တော်တို့အစိုးရရဲ့
ကြွယ်လာချမ်းသာလာနိုင်မှု့ပေါ် အများကြီးမူတည်ပါတယ်။ အစိုးရမှာပါဝင်တဲ့ လွှတ်တော်အမတ်များ၊ ၀န်ကြီးများရဲ့
အိတ်ထဲကို ၀င်သွားမယ့် ပိုက်ဆံကို ဆိုလိုတာမဟုတ်ပါဘူး။ ပြည်သူကို ကိုယ်စားပြုမယ့် အစိုးရမှာရှိမယ့် ၀င်ငွေကို
ဆိုလိုတာပါ။ သယံဇာတ၊ ပို့ကုန် နဲ့ ပြည်သူတွေဆီက
အခွန်အခတွေဟာ နိုင်ငံတော်ရဲ့ အဓိက ၀င်ငွေတွေဖြစ်ပါတယ်။ နိုင်ငံတိုးတက်လာရင် ပြည်သူတွေရဲ့ စား၊ ၀တ်၊ နေ
ရေးတွေကို မြှင့်တင်ရတော့မှာဖြစ်ပါတယ်။ ဒီအချိန်မှာ
နေထိုင်ရေးအတွက် အဆောက်အဦးတွေကို အဆင့်မြှင့်တင်မှု့၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး
စတဲ့နေရာတွေ အတွက် ငွေကြေးများစွာ အကုန်အကျခံရဦးမှာပါ။ ဒီတော့ အစိုးရဟာ ဘယ်ဘက်ကနေ ၀င်ငွေကို အဓိက ယူမလည်းရယ်
ပြည်သူတွေရဲ့ GDP ပေါ်မူတည်ပြီးတော့ အခွန်အခတွေဟာ အပြောင်းအလည်း ရှိလာနိုင်ပါတယ်။ လောလောဆယ်မှာတော့ အလယ်အလတ်တန်းစားနဲ့ အောက်ခြေပြည်သူလူထုဆီတွေကို
တိုးတက်လာအောင် လုပ်မပေးနိုင်သေးတဲ့အတွက် အခွန်ကိစ္စဟာ စဉ်းစားစရာသိပ်မဟုတ်သေးပေမယ့်၊ လူတိုင်း ကိုယ်စီအလုပ်ရလာတဲ့ တစ်နေ့မှာတော့ အခွန်ကိစ္စတွေအတွက်
ခေါင်းစားစရာ ပြသနာ တစ်ခုဖြစ်လာဦးမှာပါ။ ကျွန်တော်တို့ဆီမှာ
စနစ်ကျတဲ့ အခွန်စနစ်မရှိသေးပါဘူး။
ဆိုင်းဘုတ်
အရွယ်ကို ကြည့်ပြီးတော့ အခွန်ဖြတ်တာတို့၊ ဈေးကောက် ကောက်တာတို့ ကို အစိုးရ၀န်ထမ်းများရဲ့
နေ့စဉ် အသုံးစရိတ်အဖြစ် ပြောင်းလည်းပြီးတော့ ဒီဝင်ငွေတွေဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေထဲကို
စီးဆင်းခြင်း မရှိသလို၊ အခြားအရပ်ရပ်သော အခွန်တွေဟာလည်း အခွန်ဝန်ကြီးဋ္ဌာနရဲ့ အစိုးရ၀န်ထမ်းတွေ
လက်ထဲမှာ ပျောက်သွားတာ အများကြီးရှိနေပါသေးတယ်။
ကျွန်တော်တို့တွေ အနေနဲ့လည်း ၀င်ငွေခွန်တို့၊ တီဗီခွန်တို့၊ ကုန်စည်ခွန်တို့
စတဲ့ အခွန်တွေကို မှန်မှန်ထမ်းဆောင်ဖူးတဲ့ အလေ့အထ မရှိသေးပါဘူး။ နင်မကောင်းလို့ ငါလည်းဘာကောင်းစရာလိုလည်းဆိုပြီးတော့
ဂျာအေး သူ့အမေရိုက်နေတုန်းပါဘဲ။ သင်ကောင်းလျှင်
ကျွန်ုပ်မဆိုးပါဆိုတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီအချိန်မှာတော့ အခွန်စည်းကျပ်မှု့ စနစ်တွေ ပိုမို
စနစ်ကျလာပြီး အခွန်တွေလည်း မှန်မှန်ထမ်းဆောင်တတ်တဲ့ အလေ့အကျင့်တွေ ရကောင်း ရလာနိုင်ပါရဲ့။ ခုအခွန် လျှော့တယ်ဆိုတာက ဒီမိုကရေစီ ကန့်လန်ကာအဖွင့်မှာမို့လိုပါ
ဘယ်အစိုးရမှ အခွန်အခ မရရှိပဲနဲ့ မရပ်တည်နိုင်ပါဘူး။ နောက်အစိုးရ အသစ်တက်လာလည်း လျှော့ဖို့ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခွန်ဆိုတာက နိုင်ငံတော်
လည်ပတ်ဖို့အတွက် ချောဆီ ဖြစ်နေလို့ပါ။
အလှူတော်ပေး
နတ်ရေးငဲ့ငင် နဲ့ ဘဏ်တို့ရဲ့ ကဏ္ဍ
ဒါကတော့ အသစ် အသစ်သော ၀င်ရောက်လာမယ့် နိုင်ငံခြားက
ဘဏ်တွေရဲ့ ကိစ္စပါ။ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ လက်ခံမယ့် ဘဏ်တွေရဲ့ သမိုင်းကြောင်း၊
လာမယ့် အနည်းဆုံး နှစ် ၂၀ အတွက် ဒီဘဏ်ရဲ့ ရပ်တည်နိုင်ခြေ၊ အခြေအနေကောင်း မကောင်း စတာတွေကို
ကြိုတင်တွက်စဖို့လိုပါတယ်။ မဟုတ်ရင်တော့ အပ်ငွေတွေအားလုံးက
အလှူကြီးပေးသလိုပါပဲ ဘဏ်တွေ ကျဆုံးတာနဲ့ အကုန်လုံး ပါသွားမှပါ။ ဒီတော့ မှန်ကန်လှတဲ့ နိုင်ငံတစ်ကာက ဘဏ်တွေကို ရွေးချယ်
ဖွင့်လှစ်ခွင့်ပေးဖို့ဟာ အစိုးရအတွက် အရေးကြီးလှတဲ့ ကိစ္စတစ်ရပ်ပါ။ နောက်တစ်ခုက အကြွေးဝယ်ကဒ် ကိစ္စတွေဟာ ဒီလို ဘဏ်တွေဝင်လာတာနဲ့
လူထုနဲ့ ဘဏ်တွေကြားက ပြသနာတွေဟာ အစိုးရအနေနဲ့ ခေါင်းခဲနိုင်စရာဖြစ်သလို ဒီကနေပြီးတော့
ဘဏ်တွေက သပိတ်ဝင်အိတ်ဝင် ငွေတွေသိပ်ယူပြီး မြန်မာနိုင်ငံက ပြည်သူတွေကတော့ အလုပ်လုပ်လိုက်
အကြွေးတွေ ဆပ်လိုက်နဲ့ ဖြစ်သွားနိုင်ခြေရှိပါတယ်။
ဒီတော့ ဒီလို ဘဏ်တွေ စတင်မဖွင့်ခင်ကထည်းက အကြွေးဝယ်ကဒ် (Credit Card) တွေရဲ့
ဆိုးကျိုးတွေကို သေသေချာချာသိအောင် ပညာပေးထားသင့်ပါတယ်။ အပြောချိုလှတဲ့ ဘဏ်တွေရဲ့ စည်းရုံးသိမ်းသွင်းမှု့အောက်မှာ
အကြွေးဝယ်ကဒ်ရဲ့ ပိုက်ဆံသဲ့ယူတဲ့ နည်းစနစ်က ပင့်ကူတွေ အကောင်ပလောင်တွေကို ပင့်ကူမျှင်မှာ
ပိတ်ဖမ်းသလိုကို အလွန့်ကို ကြောက်စရာကောင်းလှပါတယ်။ ကျွန်တော်တို့တွေ အနေနဲကလည်း အကြွေးဝယ်ကဒ်ဆိုတာကို
မြင်ခဲ့ဖူးတာကမဟုတ်၊ ရလာတဲ့ အချိန်မှာလည်း အတိုးအနေနဲ့ ကြည့်လိုက်ရင် ပြောပလောက်တာကမဟုတ်၊
နောက်ကျကြေးလေးလောက်ပဲ ပေးစရာရှိတာ ဘာမှုစရာရှိသလည်း စသည်အားဖြင့် တွေးနိုင်သလို လက်ထဲမှာလည်း
ကိုယ်ပိုက်ဆံမဟုတ်သော ဘဏ်ကချေးထားတဲ့ ငွေတွေရှိလာမှာဖြစ်တော့ သုံးချင်တာသုံး၊ ပြီးရင်
မဆပ်နိုင်နဲ့ ဒုက္ခရောက်ရတတ်ပါတယ်။
အကြွေးဝယ်ကဒ်ရဲ့ အတိုးဟာ ချစ်တီးတိုးထက်
ဆိုးဝါးလှပါတယ်။ အကြွေးမဆပ်နိုင်လို့ ထောင်ကျမလား၊
မကျပါဘူး။ အကြွေးဝယ်ကဒ်ကြောင့် ထောင်မကျပါဘူး။ သို့ပေမယ့် အမယ်မင်းရဲ့ ဆပ်လို့ကိုမှ မကုန်နိုင် တောင်မင်းက မြောက်မင်း မကယ်နိုင် ဆိုတဲ့ အခြေအနေကို ရောက်ပြီး တစ်ဘ၀လုံးအလုပ်လုပ်သမျှဟာ ဘဏ်ကြွေးအတွက်ဆိုတာမျိုးဖြစ်သွားနိုင်ပါတယ်။ မဆပ်နိုင်လို့ လူမွဲစာရင်းကြေညာမယ်ဆိုလည်း ထင်သလောက်မလွယ်လှပါဘူး။ သင့်ကို အလုပ်မနားမနေ လုပ်ခိုင်းပြီးတော့ သင့်လခကို
အကြွေးဝယ်ကဒ်က အမြိုင့်သား ထိုင်စားသွားမှာပါ။
ဒါဟာ အကြွေးဝယ်ကဒ်တွေကို စနစ်တကျ မသုံးတတ်သေးတဲ့ လူတွေကို ရည်ရွယ်တာပါ။ ဒါတွေကြောင့် စိတ်တွေဖိစီးပြီး မိမိကိုယ်ကို သတ်သေသွားကြတဲ့
လူတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါဟာ နိုင်ငံတိုးတက်လာနှင့်အမျှ
ပြည်သူတွေ ခံစားလာနိုင်ရတဲ့ ဆိုးကျိုးပါ။ သို့ပေမယ့်
သုံးတတ်ရင်တော့ အကြွေးဝယ်ကဒ်ဟာ အလွန်ကို အသုံးတည့်လှပါတယ်။ ဘဏ်တွေကလည်း သင့်ကို အခွင့်အရေးနည်းနည်းလေးပဲ ပေးပြီးတော့
သင်မှားတဲ့ အချိန်ကို စောင့်ကြည့်နေပြီး သင့်ကို အကြွေးဝယ်ကဒ်ကို ထုတ်ပေးထားတယ်ဆိုတာ
မမေ့ပါနဲ့။ ဒါကြောင့် သင်ဘယ်လောက် ပါးနပ်မှု့ရှိလို့
အကြွေးဝယ်ကဒ်ကို ကိုင်ထားတာလည်းဆိုတာ သင်ကိုယ်တိုင်ပဲ စဉ်းစားပါ။
အကြွေးဝယ်ကဒ်တွေဟာ ဘ၀တစ်လျှောက်လုံးအထိလည်း လိုက်ဒုက္ခပေးတတ်ပါသေးတယ်။ တစ်ကယ်လို့ ဘဏ်ပေါင်းစုံမှာ အကြွေးတွေတင်၊ အကြွေးကျေအောင်မဆပ်နိုင်ရင် ညှိပေးတဲ့ အဖွဲ့အစည်းနဲ့တွေ့ပြီး ဒီအကြွေးတွေ ကျေအောင်ဆိုပြီးတော့ အဲ့ဒီ အဖွဲ့အစည်းက ဘဏ်တွေနဲ့ အကြွေးရှင်တွေကို ညှိနှိုင်းပေးပြီး နှစ်ကာလ အပိုင်းအခြားနဲ့ အကြွေး ကျေတဲ့အထိ ဆပ်ခိုင်းပါတယ်။ သို့ပေမယ့်လည်း ထိုလူကို အဆိုပါ ဘဏ်တွေမှ ချေးငွေ၊ သို့မဟုတ် အကြွေးဝယ်ကဒ်ပြား ထပ်ထုတ်ပေးဖို့တော့ ရာခိုင်နှုန်းတော်တော်နည်းသွားပါပြီ။ ဒီတော့ စီးပွားရေးလုပ်ငန်း လုပ်ချင်တယ်ဆိုဦး အဆိုပါ ဘဏ်တွေကနေ ထပ်မံ ချေးငွေမရတော့ပါဘူး။
ရွှေအိုးပညာ
ဖြစ်လာမှာလား
ခုလည်း ရွှေအိုးရှိမှ ပညာရဆိုပြီး အသံတွေ
မြိုင်မြိုင်ထွက်ခဲ့တာကြာပါပြီ။ အခုဆိုလိုတာက
လက်ရှိဖြစ်နေတဲ့ ဆရာ၊ ဆရာမတွေကို ကန်တော့မှ ကလေးတွေ အတန်းထဲမှာ အဆင့်ကောင်းတာ၊ မျက်နှာသာရတာမျိုးကိုဆိုလိုတာမဟုတ်သလို
မေးခွန်း၊ စပေါ့ စတာတွေအတွက်လည်း လေးစားသမှု့နဲ့ ကန်တော့ရလို့ ပိုက်ဆံတွေကုန်ရတာကို ဆိုလိုတာ
မဟုတ်ပါဘူး။ ဒါတွေက အစိုးရရဲ့ လစာ၊ ၀င်ငွေမြှင့်တင်ပေးနိုင်မှု့ရယ်၊
တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရင် ကိုင်တွယ်နိုင်သလောက် ပါးလျှားသွားနိုင်ခြေရှိပါတယ်။ အခုဆိုလိုတာက ပညာရေး ပါရာဒိုင်း ရွှေ့ရှားလာနိုင်ခြေရှိမှု့ကိုဆိုလိုတာဖြစ်ပြီး
အဲ့ဒီကနေ ဖြစ်လာနိုင်ခြေရှိတဲ့ ပဋိပက္ခတွေကို ဆိုလိုတာပါ။ နိုင်ငံ တိုးတက်လာမှု့၊ တံခါးတွေ ဖွင့်လှစ်လာမှု့နဲ့အတူ
ဝင်ရောက်လာမယ် နိုင်ငံခြားအခြေစိုက် ပညာရေး ၀န်ဆောင်မှု့နဲ့ တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေကို
ပြောတာပါ။ အခြားအခြားသော ပညာရေး ကောင်းလှပါတယ်ဆိုတဲ့
နိုင်ငံတွေက ဒီကျွန်တော်တို့နိုင်ငံမှာ လာပြီးတော့ ကျောင်းတွေကို Joint Program အနေနဲ့
ဖွင့်လှစ်နိုင်ခြေရှိတာကို ပြောတာပါ။ ကောင်းပါတယ်၊
ပညာရေး တိုးတက်လာတာ ကြိုဆိုရမယ့် ကိစ္စတစ်ခုပါ။
ဒါပေမယ့် ဘယ်အလွှာက လူတန်းစားတွေသာ အဲ့ဒီလို ကျောင်းတွေကို တက်ရောက်ခွင့်ရှိမလည်းဆိုတာက
ပြသနာတစ်ခုအဖြစ်ရှိလာနိုင်ပြီး အဲ့ဒီကျောင်းထွက်တွေနဲ့ သမရိုးကျ ယခင်ကရှိခဲ့တဲ့ ကျောင်းထွက်လူငယ်
မျိုးဆက်သစ်တို့ရဲ့ အလုပ်အကိုင်ရရှိလာနိုင်မှု့ အနာဂတ်ဟာ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ ဒီအချိန်မှာ အစိုးရရဲ့ ပညာရေးပေါ်လစီဟာ အရမ်းအရေးကြီးပါတယ်။ ဒီအပြင် နိုင်ငံသားတွေရဲ့ ပညာရေးနဲ့ပတ်သတ်ပြီးတော့
ထောက်ပံကြေး၊ ကြိုတင်ချေးငွေတွေမှ ပြင်ဆင်မထားနိုင်ခဲ့ဘူးဆိုရင် တိုးတက်လာတဲ့ပညာရေးဟာ
ရွှေအိုးရှိမှ ပညာရဆိုသလို ရေပေါ်ဆီတွေအတွက် ရည်ရွယ်တဲ့ ပညာရေးအဖြစ်ကို မရည်ရွယ်သည်ဖြစ်စေ၊
ရည်ရွယ်ထားသည်ဖြစ်စေ အလိုအလျှောက် ရောက်ရှိသွားမှာဖြစ်ပြီး ဒီအတွက် နောင်အနာဂတ်မှာ
ကြီးမားလှတဲ့ ပြသနာတွေကို အချိန်ကုန်ခံပြီး
နိုင်ငံသားတွေ လမ်းကြောင်းအရှည်ကြီးနဲ့ ဖြေရှင်းရဦးမှာပါ။
ပညာရေးကို နိုင်ငံတိုးတက်မှု့ရဲ့ အထိက မဏ္ဍိုင်အဖြစ်
ရည်ရွယ်တယ်ဆိုရင်တော့ အစိုးရရဲ့ ပါးနပ်လိမ်မာမှု့ဟာ အဓိက ကျပါတယ်။ ဒီလိုမှမဟုတ်ပဲ ပညာရေးကို အစိုးရချုပ်ကိုင်မှု့မှ
အလုံးစုံ လက်လွှတ်လိုက်ပြီး ပုဂ္ဂလိကတွေရဲ့ ချယ်လှယ်မှု့ကို လွတ်လပ်စွာပေးလိုက်မယ်ဆိုရင်တော့
ရှေ့ရေးဟာ မတွေးရဲစရာပါ။ ပညာတတ် လူ့မလိုင်
လက်တစ်ဆုပ်နဲ့ နိုင်ငံကို ဆွဲတင်ရတာထက် အားလုံးစုပေါင်းပြီး ဆွဲတင်ရတာ ဘယ်ဟာ ပိုလွယ်မယ်လို့ထင်ပါလဲ
ဆိုတာကတော့ ငယ်ငယ်တုန်းက ကျောင်းမှာ အဘိုးအိုက မြေးကလေးကို ထင်းစီးချိုးခိုင်းတဲ့ ပုံပြင်သင်ခဲ့တာသာ
ပြန်ကြည့်ပါတော့။ သို့ပေမယ့် ထိုလက်တစ်ဆုပ်သော
ဖြစ်လာမည် မျိုးဆက်ကရော ဘယ်လောက်အထိ ကိုယ်ကျိုးစွန့်နိုင်မည်၊ ကိုယ်ကျိုးကြည့်ကြမည်ကို
မမှန်းဆနိုင်။ မည်သို့ပင်ဆိုစေ လာမည့် အနာဂတ်မှာ
ပညာရေးဟာ ငွေကုန်ကြေးကျ ပိုများလာမှာ ဖြစ်တယ်လို့ ထင်ပါတယ်။
မီးအိမ်နီ
ယဉ်ကျေးမှု့၊ စပွန်ဆာ နှင့် Brand တို့ရဲ့ ၀ိရောဓိ
ဒါကလည်း မျက်ဝါးထင်ထင်ကို မြင်လာနိုင်ချေရှိတဲ့
ယဉ်ကျေးမှု့တစ်ရပ်ပါ။ အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမှု့တွေ
ဝင်ရောက်လာမယ်၊ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံမှု့အနေနဲ့ရော၊ အလည်အပတ် အနေနဲ့ပါ
ဝင်ရောက်လာမယ်ဆိုရင်တော့ အပျော်မယ်တွေကို လက်လွတ်စပယ်ထားလို့မရတော့ပါဘူး။ အပျော်မယ်ဆိုတာကလည်း တားဆီးလို့ရတဲ့ ကိစ္စမျိုးမဟုတ်တော့
ဖိနှိပ်လေ ခိုးချောင်ခိုးဝှက်တွေ များလာနိုင်ပါတယ်။ ခုလည်း ရန်ကုန်၊ မန္တလေး အပါအ၀င် နယ်စပ်မြို့တွေမှာ
KTV, မာဆက်, ဘာညာ စတဲ့ နေရာတွေ ဘယ်လောက်အတိုင်းအတာ အထိရောက်ကုန်ကြပြီလည်းဆိုတာ တွေ့နိုင်သလို၊
အချို့ ဟိုတယ်တွေအသက်ဆက်ဖို့ကလည်း ဒီလို အပျော်မယ်တွေကို ချိတ်ဆက်ပြီး အချိန်ပိုင်း
အငှားသွင်းကာ စီးပွားရှာတဲ့ ပုံစံတွေ ဖြစ်နေပါပြီ။ ဒီအခြေအနေကို လက်မခံလို့ မရပါဘူး။ လူ့အဖွဲ့အစည်းမှာ
ဒီလိုမျိုးတွေဟာ ရှိကိုရှိနေမှာပါ။ ဒီတော့
အစိုးရ အနေနဲ့ ဘယ်လိုကိုင်တွယ်မလည်းဆိုတာကို မူတည်တာပါ။ စနစ်တကျ မကိုင်တွယ်ရင်တော့ ထိုင်းနိုင်ငံပြီးရင်
AIDS အဖြစ်အများဆုံး နိုင်ငံအဖြစ်ကို တစ်နေ့ရောက်မသွားနိုင်ဘူးလို့ အပ်ကျမတ်ကျ မပြောနိုင်ပါဘူး။ ဒီတော့ စနစ်ကျတဲ့၊ လိုင်စင်တရားဝင်ကိုင်ပြီး ပုံမှန်ဆေးစစ်ရတဲ့
အပျော်မယ်တွေနဲ့ မီးအိမ်နီ အခန်းလေးတွေ တစ်နေ့ တွေ့မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
ဒီလိုမှ မဟုတ်ရင် ရောဂါတွေ မှိုလိုထလာနိုင်ပါတယ်။
အရင်တုန်းကမှ ပြည်တွင်းက လူတွေ အချင်းချင်းရောဂါ ဖြန့်ဖြူးယုံလောက်ရှိပေမယ့်၊
တိုးတက်လာတဲ့ အခါမှာတော့ ပြည်ပက လူတွေပါ ရောနှောလာတဲ့ အတွက် စနစ်တကျ မချုပ်ကိုင်ဘူးဆိုရင်
တပြည်လုံး ၀ဲကိုက်ကုန်တော့မှာပါ။
Branded အသုံးအဆောင်တွေကလည်း တိုးတက်မှု့နှင့်အတူ
ဝင်ရောက်လာဦးမှာပါ။ Gucci, LV, Prada စတာတွေ
အပါအ၀င် များပြာလှစွာသော သွားရည်ယိုစရာ အသုံးအဆောင် ပစ္စည်းရောင်းတဲ့ဆိုင်တွေ ပေါ်မလာဘူးလို့
ဘယ်သူပြောနိုင်ပါသလဲ။ လူငယ်တွေ ဘယ်လောက်များများ
အဲ့ဒီ အသုံးအဆောင်တွေရဲ့ သားကောင်တွေ ဖြစ်သွားနိုင်သလည်း ဘယ်သူမှ မပြောနိုင်ပါသေးပါဘူး။ ဒါကို မသုံးနဲ့လို့ ပြောလို့ရလားဆိုတော့ ဟင့်အင်း
ဆိုတဲ့ အဖြေပဲ ထွက်လာဦးမှာပါ။ ဆိုတော့ စပွန်ဆာ
ယဉ်ကျေးမှု့ဆိုတာကြီးက လူငယ်တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာနိုင်စရာ ရှိနေပါသေးတယ်။ အရင်တုန်းကမှ ပြည်တွင် စီးပွားရေးလုပ်ငန်းရှင် ဦးလေးကြီးတွေရဲ့
လက်မောင်းကို ချိတ်တာက မျက်စေ့ထဲမှာ မြင်သာပါသေးတယ်။ နိုင်ငံခြားသားတွေ လက်မောင်းကို တွဲချိတ်လာတဲ့ မြန်မာမျိုးဆက်သစ်
ကလေးမလေးတွေ ကိုမြင်လာရင်ရော ကျွန်တော်တို့ မျက်စေ့ထဲမှာ ဘယ်လိုနေမလည်း။ ဖြစ်လာဦးမှာပါ၊ အဲ့ဒီအချိန်ကျတော့မှ စားပြီးနားမလည်တို့ ဘာတို့ ပြောနေလည်း အချိန်ကလွန်သွားပါပြီ။ ဆန်ပေး၊ ဆီယူသဘောနဲ့ တွဲခဲ့ပြီးတော့မှ တာဝန်မယူတာ ဘာညာ ဖြစ်လာနိုင်စရာတွေရှိပါတယ်။ တည်တည်တံတံ ဖြစ်သွားရင်တော့ တစ်မျိုးပေါ့လေ။ ဘ၀ပေးအခြေအနေလို့ အမည်တပ်ရင်တပ်၊ ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်ဖို့ ခက်ခဲတယ်လို့ အမည်တပ်ရင်တပ်၊ ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရပဲ စီးပွားရှာလို့ရတာ
ဒါမျိုးပဲရှိတယ်လို့ ဆိုဆို ဒါမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် မြင်လာရဖွယ်ရှိပါတယ်။ ဒါမျိုးတွေ ကို မည်သို့ပင် ပညာပေး၊ လူနေမှု့အဆင့်အတန်း
မြှင့်တင်ပေးသည်ဖြစ်စေ အလွယ်ကြိုက်သောလူများသည် အလွယ်လမ်းကို လိုက်ဦးမည်သာဖြစ်သည်။
အီး ကောင်များ၊
အိုင်တီနှင့် ကော်ပီရိုက်
အီးဆိုတာကတော့ အီလက်ထရောနစ် နည်းပညာများ
ကျယ်ပြန့်လာဖွယ်ရှိတာပါ။ ရုံးလုပ်ငန်းတွေမှာလဲ
အီးမေးလ်၊ အီး စီမံခန့်ခွဲမှု့ စတာတွေ ဖြစ်လာနိုင်ခြေရှိသလို၊ ရုံးလုပ်ငန်းတွေလည်း ဒါတွေနဲ့အတူ မြန်ဆန်လာဖွယ်ရှိပါတယ်။ အီလက်ထရောနစ် အသုံးအဆောင်တွေလည်း ပေါပေါများများကို
တွေ့မြင်လာနိုင်ခြေရှိပါတယ်။ အကယ်၍ မီးတွေဘာတွေ
မှန်လာတဲ့ တစ်နေ့ပေါ့လေ။ ဒီအပြင် ဒါတွေနဲ့
အတူစီးဝင်လာမှာက နိုင်ငံခြားက အိုင်တီ ကုမ္ပဏီတွေ အီလက်ထရောနစ်ကုမ္ပဏီတွေနဲ့ ကော်ပီရိုက်
ကိစ္စတွေပါ။ ကော်ပီရိုက်မရှိခဲ့တဲ့ ကျွန်တော်တို့ဆီမှာတော့
အတော်လေးကို ဂယက်ရိုက်ခတ်ဖွယ်ရှိပါတယ်။ ကွန်ပျူတာတွေမှာ
ခိုးကူးခွေတွေနဲ့သာ အသက်ဆက်ခဲ့ရတဲ့ ကျွန်တော်တို့အတွက် ၀င်းဒိုး အိုအက်စ်ကို ဒေါ်လာ
၅၀ လောက်ပေးပြီး ၀ယ်သုံးရမယ်ဆိုရင် တော်တော်လေး ရင်ခံရဖွယ်ရှိပါတယ်။ သို့ပေမယ့်လည်း တစ်ကမ္ဘာလုံးက ဒါမျိုးသုံးနေတာဆိုလေတော့လည်း
ကျွန်တော်တို့လည်း ဒါမျိုးကို တဖြည်းဖြည်း ကျင့်ယူရဖွယ် ရှိနေပါတယ်။ နောက်တစ်ခုက ကော်ပီရိုက် ဥပဒေတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရင်
မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ ဂယက်အတော်လေး ထနိုင်ဖွယ်ရှိပါတယ်။ ကိုယ်ပိုင်သံစဉ်လေးတွေလည်း အများအပြား နားသောတ ဆင်လာရဖွယ်ရှိပါတယ်။ ခုလို ပေါက်ကရလျှောက်ရေးနေတဲ့ ကျွန်တော့် ဘလော့ဂ်လည်း
ကော်ပီရိုက်နဲ့ ငြိချင် ငြိလာဖွယ်ရှိနေပါတယ်။
မည်သို့ပင်ဆိုစေ
ဒါတွေ ဘယ်တော့ဖြစ်လာမလည်း၊ ဒီအထိ ကျွန်တော်တို့
အသက်ရှင်မှာလားဆိုတာ မသိရသေးပေမယ့် အဲ့ဒီအချိန်ကျရင်တော့ ခါတိုင်းလို မနက် ကျဆိမ့်လေးသောက်ပြီး
Red Ruby လေးဖွာ၊ ဘောလုံးဂျာနယ်လေးဖတ်ပြီး
လေကန်ရမယ့် အချိန်မှာ အိပ်မူးစ၀ါးနဲ့ အိပ်ယာထ အ၀တ်အစားဝတ်ပြီးတော့ ရုံးတက်၊ ည ၈ နာရီလောက်မှ
အိမ်ပြန်ရောက်။ သား၊ သမီးလေးတွေကို အဲ့ဒီအချိန်မှ
စကားပြော ၁၁ နာရီလောက်အိပ်ယာဝင် နောက်တစ်နေ့ အလုပ်တက်ရတဲ့ ဘ၀တွေကို ကျွန်တော်တို့ အသားကျနေလောက်ပါပြီ။ လူတစ်ကိုယ် အကြိုက်တစ်မျိုး အမျိုးမျိုး အတွေးအခေါ်တွေ
ကွဲလွဲနိုင်ပေမယ့် ဒါလေးက ကျွန်တော်မြင်တာလေးတွေကို ကျွန်တော် ရေးထားတာဖြစ်လို့ ဒီအထိ
သည်းခံပြီး ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ မကြိုက်လို့ ဝေဖန်ချင်ရင်လည်း အောက်မှာ ပွင့်ပွင့်လင်းလင်း
အားမနာစတမ်း ဝေဖန်သွားနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့တွေဟာ
လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးမှု့တွေမှာ အတော်လေးကို အားနည်းနေတယ်လို့ မြင်မိပါတယ်။ ကိစ္စတစ်ခုကို ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့တွေ
များလာတာမျိုး၊ ဆွေးနွေးချက်ကနေ ချော်ထွက်သွားတာမျိုးကို
မကြာခဏ တွေ့မြင်နေရလို့ပါ။ ကျွန်တော်လည်း တစ်ခါတစ်လေ
ဒါမျိုး ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ရဲ့
မာန်တွေကို ချပြီးတော့ အပြုသဘောဆောင်နိုင်တဲ့အထိ၊
ကျွန်တော်တို့မှာ မှားယွင်းတဲ့ အမြင်တွေရှိခဲ့ရင်လည်း အမှားကို ၀န်ခံနိုင်တဲ့အထိ၊
အမှန်ကို လက်ခံနိုင်တဲ့အထိ၊ အများစုရဲ့ သဘောဆန္ဒကို လေးစားတဲ့ အလေ့အထ ရရှိလာတဲ့အထိ ကျင့်ယူကြရဦးမှာပါ။ ဒါမှ အပြုသဘောဆောင်နိုင်တဲ့ တွေးခေါ်မှု့တွေကို လက်ခံနိုင်လာသလို၊
ပေါင်းစုဆောင်ရွက်ခြင်း အလေ့အထလည်း ပိုမိုပီပြင်လာမယ် ထင်ပါကြောင်းနဲ့ အဆုံးသတ်လိုက်ပါတယ်။
စိတ်အရမ်းဝင်စားတယ်.. ခေါင်အေးအေးနဲ့ အချိန်ယူပြီ ဖတ်မှ ကောင်းမှမို့ ပြီးမှ အေးဆေး ဖတ်မယ်.. :P
ReplyDeleteအပြုသဘောနဲ့ ပြည့်ပြည့်စုံစုံ ရေးထားတာမို့ ကြိုဆိုလိုက်ပါတယ်။
ReplyDeleteVery good post lets me share bro, thanksssss you so much for sharing your nice opinions.
ReplyDelete