စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, February 24, 2013

ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား ၃


          ဥစ္စာစောင့် တကယ်ရှိမရှိကတော့ ကျွန်တော်လည်း သေသေချာချာတော့ မပြောတတ်။  အရင်အပိုင်း ၁ ကတော့ ကျွန်တော့် အမေရဲ့ ဆေးခန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ။  ခုအပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေး ကန်ကြီးဒေါင့်မြို့က အကြောင်းလေး။  ကန်ကြီးဒေါင့်ဆိုတာက ပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။  အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့ ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေက ကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။  ဘာဖြစ်လို့လဲဆိုတော့ ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။  အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့ လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေ ဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။  ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲ အရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။  အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။
          ကန်ကြီးဒေါင့်ရောက်ရင် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော် ရှိမယ်။  ပုဂံခေတ်က ပုံစံကို ယူပြီးတော့ ဆောက်ထားတဲ့ စေတီတော်။  စေတီတော်ထဲမှာ ရွှေ၊ ကျောက်မျက်ရတာနာတွေနဲ့ ပူဇော်ထားတဲ့ ဆင်းတုတော် ရှိတယ်။  ပွဲတော်ရက်တွေဆိုရင်တော့ အပူဇော်ခံပါတယ်။  အနီးကပ် ကြည့်လို့လဲရတယ်။ ဒီ စေတီတော်ကို တည်တုန်းက ထူးထူးခြားခြားလေးတွေတော့ ရှိခဲ့ဖူးတယ်။  ဒါကတော့ သိုက်မောင်နှမ ဇာတ်လမ်းပဲ။  စေတီတော်ကို ဦးစီးဦးဆောင်ပြီးတော့ တည်ထားခဲ့တာက အခု ပျံလွန်တော်မူသွားပြီးတဲ့ ကန်ကြီးဒေါင့်ဆရာတော်ကြီး။  စေတီတော်ကြီးနဲ့ ကပ်ရပ်မှာက မင်္ဂလာရာမ ကျောင်းတိုက်ရှိတယ်။  ပရိယတ္တိစာပေတွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတိုက်။  ကျောင်းတိုက်ကြီးကလည်း တော်တော့်ကို ထည်ဝါတဲ့ မှန်စီရွှေချ ကျောင်းတိုက်ကြီး။  သင်္ကြန်တို့၊ အခါကြီး ရက်ကြီးတွေဆိုရင် မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ နောက်ပြီးတော့ ရှင်ပြု နားသ မင်္ဂလာပွဲတွေလဲ ရွာနီးချုပ်စပ်ကလူတွေ လာပြီးတော့ စုပေါင်းရှင်ပြု ပွဲတွေ လုပ်ကြတယ်။  နောက်ပြီး နှစ်တိုင်း ဘုရားပွဲရှိတယ်။  ဘုရားပွဲတော်ဆိုရင် အရမ်းပျော်ဖို့ ကောင်းသပေါ့။  ဇာတ်ပွဲ၊ စားသောက်ဆိုင်တန်းတွေ၊ ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်တွေ.. စသည် စသည်ဖြင့်။



         ထူးဆန်းတယ်ဆိုတာက ဒီလို စေတီကြီးကို တည်နိုင်တယ်ဆိုတဲ့ အချက်ကိုပါ။  စေတီတော်ကြီးတည်တော့ အနယ်နယ် အရပ်ရပ်က အလှူရှင်တွေ အားတက်သရော လာပြီးတော့ လှူဒါန်းကြတာပဲ။  ဒါပေမယ့် စေတီတော် ကုန်ကျတဲ့ စရိတ်ကို တွက်ကြည်လိုက်ရင် လှူဒါန်းလို့ရတဲ့ ငွေနဲ့ မဖြစ်နိုင်လောက်တဲ့ အနေအထား။  နောက်ပြီးတော့ ဆရာတော်ကြီးကို သိုက်က သိုက်စောင့်ဘိုးဘိုးကြီးနဲ့ သိုက်က မောင်နှမတွေ လာရောက်ပြီးတော့ လှူဒါန်းကြတယ်လို့လဲ ငယ်ငယ်တုန်းကတော့ ကြားဖူးပါရဲ့။  သို့ပေမယ့် ဟိုလူပြော၊ ဒီလူပြောဆိုတော့ ဂဃနဏ သေချာ မကွဲပြားဘူး။  ဒါပေမယ့် ဒီစေတီကြီး တည်တော့ သိုက်မောင်နှမတွေရဲ့ သိုက်နန်းနဲ့ သိုက်စောင့် ဘိုးဘိုးကြီးတို့ရဲ့ ရုပ်တုတွေကတော့ အခုအချိန်ထိရှိတုန်းပဲ။  စေတီတော် တည်တဲ့အချိန်တုန်းကဆိုရင် ညပိုင်းတွေမှာ စေတီတော်ပေါ်မှာ သိုက်စောင့်ဘိုးဘိုးကြီး လမ်းလျှောက်နေပါတယ်ဆိုပြီးတော့ ပြောသံတွေလဲ ကြားဖူးရဲ့။ 











          နောက်တစ်ခုက စေတီရဲ့ မုဒ်တစ်ခုမှာ အမည်မဖော်လိုသူ ပါရမီရှင် အမျိုးသမီးတစ်ဦး ကောင်းမှု့ဆိုပြီး ခုချိန်အထိ ရေးထိုးထားတဲ့ မုဒ်ဦးတစ်ခုပါပဲ။  အဲဒီအချိန်တုန်းကတော့ အစိမ်းရောင်ဝတ်စုံ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးက ဆရာတော်ကြီးဆီကို လာပြီးတော့ မုဒ်ဦးအတွက် ရွှေငွေ ရတနာတွေ လာပြီးတော့ လှူဒါန်းသွားတယ် လို့ကြားဖူးတယ်။  တချို့ကလဲ နဂါးသိုက်ကလာတယ်လို့ ပြောကြသလို၊ တချို့ကလဲ ဥစ္စာစောင့်လို့ ပြောကြတာပဲ။  မည်သို့ပင်ဖြစ်စေ ကျွန်တော် ဒီစေတီကြီးဆီကို သွားပြီးတော့ ဖူးတိုင်း ထူးခြားတဲ့ ခံစားမှု့တစ်ခုကို အမြဲတမ်းခံစားရတယ်။  အဲဒီမှာ ကျွန်တော့်အဖေကို ရည်စူးပြီးတော့ အန္ဒိယက ဗောဓိညောင်ပင်ကို လှူထားတာရှိတယ်။  ပြန်ရောက်တိုင်း သွားပြီးတော့ ကြည့်ဖြစ်တယ်။  ညောင်ရေသွန်းပွဲတော်နဲ့ ကြုံရင်လဲ သွားပြီးတော့ ညောင်ရေသွန်းဖြစ်တယ်။  ခု ဗောဓိညောင်ပင်လဲ တော်တော်လေးကြီးလာပြီဆိုတော့ ငုံထားတဲ့ ပတ်လည်က အုတ်တွေကို ချဲ့ရဦးမယ်။

          နောက်ထပ်စေတီတစ်ခုကတော့ ရွှေလိပ်ပြာ စေတီပါ။  အဲဒီမှာလဲ ဇာတ်လမ်းလေးရှိတာပဲ။  အပိုင်း ၁ နဲ့ ၂ မှာ ကျွန်တော် ထဲ့ပြီးတော့ ရေးခဲ့ဖူးတယ်ထင်ပါတယ်။  မည်သို့ပင်ဖြစ်စေ ဥစ္စာစောင့် တစ်ကယ်ရှိမရှိကတော့ ကျွန်တော်လည်း သေသေချာချာ ရှိပါတယ်လို့ မပြောနိုင်သလို၊ မရှိပါဘူးလို့လဲ မပြောနိုင်ပါဘူး။  ထူးခြားတာလေးတွေကတော့ ရှိနေတာပါပဲ။

စိတ်ဝင်စားသူများ အရင်ပိုင်းလေးတွေကိုလဲ အောက်ကလင့်မှာ ဖတ်နိုင်ပါတယ်။

11 comments:

  1. အဲ့ဒီမှာ သူတို့ကိုရည်စူးပြီး အမျှဝေခဲ့သေးတယ် :)

    ReplyDelete
  2. ကန်ကြီးဒေါင့်ရွာက အတော်ခန်းနားသကိုး။ ဘုရားနဲ့ ပြီးတော့ မှန်စီရွှေချ ဘုန်းတော်ကြီးကျောင်းနဲ့။
    ဥစ္စာစောင့်က တကယ်ရှိကောင်းရှိနိုင်ပါတယ်။ ဘုရားတည်ကျောင်းဆောက်ဖို့ဆိုရင် သူတို့ ကူညီကြဖို့ များပါတယ်။
    ဘုရားပွင့်လာတဲ့အခါမှာမှ ရွှေအိုးကြီးတွေ ပေါ်ပေါက်လာရသလိုမျိုးပေါ့။

    ReplyDelete
  3. စိတ်ဝင်စားစရာပဲဗျာ ... ။ ပန်းတာင်းမြို့  နယ်ထဲက ငါးမျက်နှာ ဘုရားကိုရောက်ဘူးတယ် ... ။ ဘူရာမှာ မမြစိမ်း ဆိုတဲ့ ဥစ္စစောင့် သိုက်နန်း လုပ်ထားပါတယ် ။
    မမြစိမ်း ပုံတူ လုပ်ထားတဲ့ ရုပ်ထု မှာ လူဘဝ တုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေ သေသေချာချာ ဆင်ထားတော့ သေချာကြည့်လေ လူတစ်ယောက်ထိုင်နေသလိုပဲ ... အနားကပ်ပြီ သေချာကြည့်တော့ စိတ်ထဲမှာ တစ်မျိုးပဲ ဗျာ ... ။ မပြောပြတက်ဘူး ဗျာ ... ။
    ဘုရာတွေမှာ သိုက်ဘိုးဘိုး တို့  တခြား ထွက်ရပ်ပေါက် ဘိုးဘိုး ရုပ်ထုတွေ ခဏခဏ တွေ ဘူးပါတယ် ... ။
    ငါးမျက်နှာ ဘုရာမှာ တွေ့ ခဲ့တဲ့ ဥစ္စာစောင့် သိုက်နန်းကိုတော့ စိတ်ထဲ အမြဲ အမှတ်တရ ဖြစ်နေတယ် .... ဗျာ ... ။

    ReplyDelete
  4. စိတ်ဝင်စားစရာကောင်းတယ် မောင်အောင်ထွဋ်ရေ တစ်ဘရိတ်ထဲ ၁ ၂ ၃ ဖတ်သွားတယ်။
    လိုက်လို့မမှီနိုင်လောက်အောင် ထူးဆန်းလှတဲ့ ဖြစ်ရပ်ဆန်းတွေဟာ ဒီလောကကြီးထဲမှာ ဒုနဲ့ဒေးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မယုံဘူးလည်း မဟုတ်၊ ယုံတယ်လည်း မဟုတ်..ကိုယ်မသိနိုင်တယ့် ဆန်းကြယ်တယ့်အရာတွေ ရှိတာတော့ အသေအချာ..း)

    ReplyDelete
  6. ကန်ကြီးဒေါင့်သူတွေ ချောတယ်ဆိုတာ ယုံပြီး)
    အဲဒီလို ဥစ္စာစောင့်ဇာတ်လမ်းတွေကို စိတ်ဝင်စားတယ်
    အဲဒီဘုရားကိုလည်း ဖူးချင်သေးတယ်
    ပုသိမ်ရောက်ပေမဲ့ ကန်ကြီးဒေါင့်မရောက်ခဲ့ရဘူး
    နောက်တစ်ကြိမ်တော့ သွားဦးမှ

    ReplyDelete
  7. အလုပ်အားကာမှ ၁နဲ့ ၂ကိုလာဖတ်ဦးမယ်ဗျာ။

    ReplyDelete
  8. ညလေးလဲ ယုံတယ် မယုံတယ်ဟုတ်ဘူးးးးးးးး
    ဒီလိုပဲ ဗဟုသုတရစရာတစ်ခုလို့ပဲ တွေးရင်း
    ကိုယ်မသိသေးတဲ့ ဆန်းကြယ်တဲ့အရာတွေလို့
    စိတ်ထဲ မှတ်ယူမိပါတယ်...ဘာပဲဖြစ်ဖြစ်
    စိတ်ဝင်စားတယ် အကိုရ...အာ့ကြောင့်
    နောက်နေ့အားရင် ၁ နဲ့ ၂ ကိုလာဖတ်အုံးမယ်ရှင်..:)

    ReplyDelete
  9. ဥစ္စာစောင့်တွေ၊ သိုက်သမိုင်းတွေအကြောင်း စိတ်ဝင်စားတယ်။
    ငယ်ငယ်တုန်းက အဘွားရဲ့ စာအုပ်စင်က မြစင်္ကြာရဲ့ သိုက်ဝတ္တုတွေ ခိုးဖတ်တာ အခုဖတ်ရင်းက ပြန်သတိရမိတယ်..။

    ReplyDelete
  10. ပရလောကဆိုတော့ ကိုယ်နဲ့ လက်လှမ်းမမီပေမယ့် ပေါက်ကရတော့ မပြောရဲဘူး ကိုအောင်ထွဋ်ရေ...တော်ကြာ ကိုင်ထည့်လိုက်မှဖြင့် အကျိုးနည်းရချေရဲ့း)

    ဒါပေမယ့် ဥစ္စာစောင့်မလေးတွေတော့ ရုပ်အတော်လှဆိုကိုးး) ခပ်ငယ်ငယ်က သူငယ်ချင်းရဲ့ ညီမတစ်ယောက် ဥစ္စာစောင့်ဝင်စားတာဆိုလို့ သူ့အိမ်လိုက်ကြည့်လိုက်မိပ...သောက်ကျိုးနည်း ရုပ်ဆိုးချက်ရယ် ခွက်ခွက်ကိုလန်ရော...

    တော်မှ တောင်ရေး မြောက်ရေးနဲ့ သောက်ညင်ကတ်ပြီး ကိုင်ထည့်လိုက်ရင် ညကြီးမင်းကြီး ကြောက်ပါ့း)

    ReplyDelete
  11. ပုသိမ် ကန်ကြီးဒေါင့်ဆိုတော့
    ကိုဂျာအေးအကြောင်းရော သိပါသလားခင်ဗျာ?

    ReplyDelete