ကျွန်တော့်ကို ဒီလိုလာမေးရင်တော့ ရှိတယ်ဆိုတာဖြစ်နိုင်တယ်။ ယုံလားဆိုတော့ ယုံတယ်လည်း မဟုတ်ဘူး၊ မယုံဘူးလည်းမဟုတ်ဘူး။ သူ့ဟာသူနေသူ နေကြတယ်။ ကိုယ်လည်း ကိုယ်ဟာကိုနေတယ်ပေါ့လေ။ ဥစ္စာစောင့်တွေကြောင့် စီးပွားတက်တာ ဟုတ်လားမေးရင်လည်း
ဟုတ်ချင်လည်းဟုတ်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အလုပ်နဲ့ ရတဲ့
ငွေကိုပဲလိုချင်တယ်။ ဘယ် ပစ္စည်းမှ အလကားမရတာ၊
ဥစ္စစောင့်က စီးပွားတက်အောင်လုပ်ပေးတယ်ဆိုရင်လည်း သူတစ်ခုခုလိုချင်လို့ လုပ်ပေးတာဖြစ်မှာပေါ့။ အဲ့ဒီတော့ ကိုယ်က သူ့အတွက် အလုပ်အပိုတွေလုပ်ပေးရဦးမယ်။ အဲ့ဒီတော့ သူ့ဟာသူနေ ကိုယ်ဟာကိုယ်နေလို့ပဲ ကျွန်တော်က
ခံယူတယ်။
ဥစ္စာစောင့်တစ်ကယ်ရှိတာလား ဆိုတဲ့ မေးခွန်းလေးကို
ကျွန်တော် ငယ်ငယ်လေးထဲက မယုံတာပါ။ ဗိုလ်တစ်ထောင်က မြနန်းနွယ်ဆိုတဲ့ ဥစ္စာစောင့် အကြောင်လည်း
ကြားဖူးပါရဲ့။ ဒါပေမယ့် ကိုယ်တွေမဟုတ်လေတော့
ယုံရခက်ခက်ကြီးရယ်။ ဒါပေမယ့် ကျွန်တော်ထင်တယ်
ကျွန်တော် ၇ တန်းလောက်မှာ ကိုယ်တွေ့အဖြစ်လေးတစ်ခု တွေ့ဖူးပါရဲ့။ ကိုယ်တွေ့ဆိုပေမယ့် အမေက ကျွန်တော်ငယ်သေးတာကို စိုးရိပ်ပြီး
ခေါ်မသွားလို့ နောက်ပိုင်းမှာ အမေ့ဆီက ပြန်ကြားရတာတွေကိုပဲ နားထောင်ရတာပါ။ အဖြစ်ကဒီလို။
ကျွန်တော် က ပုသိမ်ဇာတိ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အားလုံး ပုသိမ်ကကျောင်းတွေမှာပဲ
တက်ခဲ့တာ။ အမေကလည်း ပုသိမ်မှာပဲ ဆေးခန်းဖွင့်တယ်။ အမေဆေးခန်းဖွင့်တဲ့ အိမ်လေးက ကျွန်တော်တို့အိမ်နဲ့
အတော်လေးလှမ်းသဗျ။ တစ်ခါတစ်လေ တစ်ပတ်ကို ၁
ရက် ၂ ရက်လောက်တော့ အမေ့ဆေးခန်းကို လိုက်ပြီး ဆော့လေ့ရှိသဗျ။ ဆေးခန်းက ဆေးဘူးခွံကလေးတွေကို အိမ်ပြန်သယ်လာ၊ အဲ့ဒီဆေးဘူးခွံလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ အဲ့ဒီလိုပေါ့လေ။ အမေ့ဆေးခန်းဖွင့်တဲ့ အိမ်မှာက အပျိုကြီးတစ်ယောက်၊
အပျိုကြီးရဲ့အမေနဲ့ တူမနှစ်ယောက်ရှိသဗျ။ ဥစ္စာစောင့်အဖြစ်က
အဲ့ဒီအိမ်မှာ ဖြစ်တာ။ ဖြစ်ပုံကတော့ ဆန်းသား။ အဲ့ဒီတူမနှစ်ယောက်မှာ အကြီးမက တစ်အိမ်လုံး ကျန်တဲ့လူတွေနဲ့
မတူဘူးခင်ဗျ။ အသားအရည်က ရွှေဝါရောင် ၀င်းဝင်း၊
မျက်နှာကလည်း ချောချောလေးနဲ့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသလို အတော်ချောသဗျ။ ထားပါတော့လေ မမိုးမိုးလို့ပဲ ခေါ်ကြပါစို့။
အဲ့ဒီအချိန်တုန်းက မမိုးမိုးက အထက်တန်းတက်နေတုန်းနဲ့တူတယ်။ အမေကလည်းထုံးစံအတိုင်း ညနေဆိုရင် စက်ဘီးလေးစီးပြီးတော့
ဆေးခန်းသွား ညပိုင်းကျတော့ ပြန်လာပေါ့လေ။ ဒီလိုနဲ့
တစ်နေ့ကျတော့ ဆေးခန်းပိတ်ပြီး ပြန်မယ်လုပ်တော့ ဆေးခန်းရှေ့၊ အိမ်ရှေ့ပေါ့ဗျာ၊ အဲ့ဒီမှာ မြွေသူတောင် (စပါးအုံး
အဖြူရောင် လိုမြွေမျိုး) က ကန့်လန့်ဖြတ်ပြီး ပိတ်နေပါတယ်။ အမေကလည်း ကြောက်တော့ ဆေးခန်းကလည်း မပြန်ရဲ၊ အဲ့ဒါနဲ့
ရွှေလက်စွပ်ကို ရေထဲစိမ် ရွှေရေငွေရေ ဖျန်းတယ်ဆိုပြီး မွေကြီးကို ခြောက်ထုတ်၊ မွေကြီး
အိမ်ရှေ့က ထွက်သွားတော့မှပဲ အိမ်ပြန်ရဲတော့တယ်။
အဲ့ဒီလိုဖြစ်တာက ကြာသာပတေး နေ့တိုင်းခင်ဗျ။ ကြာသာပေးနေ့ ညရောက်ပြီဆိုရင် အဲ့ဒီမြွေကြီးက အချိန်မှန်ပဲ
ဆေးခန်းရှေ့ ပိတ်ပိတ်ပြီးနေတာ။ ပိတ်တိုင်းလည်း
ခြောက်လှန့်ထုတ်ရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့ တစ်လလောက်ကြာလာတော့
မမိုးမိုးက အမေ့ကိုလာပြောတယ်။ သူ တစ်ပတ်ကို
တစ်ခါလောက် အိပ်မက် မက်တယ်တဲ့။ အိပ်မက်ထဲမှာ
သူ့ဆံပင်တွေက အရှည်ကြီးပဲ၊ ရှည်တာမှ ခြေမျက်စိလောက်နားအထိရှည်ပြီးတော့ ဆံပင်အဖျားလေးတွေက
အပေါ်ကို ပြန်ကော့တက်နေပါသတဲ့။ နောက်ပြီး သူ
ရောက်သွားတဲ့ နေရာက တော်တော်ကို ခမ်းခမ်းနားနားနဲ့ တယ်… မဟာဆန်ဆိုပဲ။ ရွှေတိုင်လုံးကြီးတွေနဲ့၊ ရွှေတွေ ငွေတွေဆိုတာ ရွှေအိုးတွေနဲ့ ထည့်ထားတာ တစ်ခန်းလုံး
အပြည့်ဆိုပဲ။ နောက်ပြီးတော့ အိပ်မက်ထဲမှာ သူ့
အကို အမတွေနဲ့ တွေ့တယ်ဆိုပဲ။ ဟိုမှာ သူတို့
ဒန်းစီးပြီးတော့ သီချင်းတွေ ဆိုကြတာ တယ်ပျော်ဖို့ကောင်းဆိုပဲ။
အမေကလည်း အို ညည်းအေ… အိပ်ရေးပျက်တာတို့၊ အားနည်းတာတို့ ဖြစ်ရင် ဒီလိုပဲ အိပ်မက် မက်တယ်ပါတယ်၊ အဟာရညီမျှတဲ့ အစားအစာ များများစားပေး၊ အားဆေးကတော့ လိုအပ်မှသောက်ဆိုပြီးတော့ အားဆေးပေးလိုက်ပါသတဲ့။ ဒါပေမယ့် မမိုးမိုးကတော့ သောကြာနေ့လောက်ဆိုရင် အမေ့ဆီလာပြီး
သူ့အိမ်မက်ကို ပြောပြတတ်ပါတယ်။ အိမ်မက်ထဲမှာ
သူ့အစ်ကို အမတွေက သူ့တို့နဲ့ လာနေမလားလို့ ခေါ်နေကြောင်း။ သူလည်း ဟိုမှာနေရတာ ပျော်ကြောင်း ပြောပါတယ်။ အမေက နင့်အိမ်မက်ထဲမှာနဲ့ အပြင်မှာ ဘယ်ဟာ ပိုပျော်လည်း
မေးတော့ သူက ဟိုမှာနေရတာ ပိုပျော်တယ်လို့ ပြောပါတယ်။
ဒီလိုနဲ့ တစ်လကျော်ကျော်လောက်ထင်တယ် အဲ့ဒီလို အဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာတော့ မမိုးမိုးတစ်ယောက်
သတိလစ်သွားပါတော့တယ်။ အိမ်ကို ဖုန်းဆက်ပြီး
လှမ်းခေါ်တော့ အမေကလည်း အဲ ဒီကောင်မလေး စိတ်ညစ်စရာတွေရှိလား၊ ရည်းစားသညာတွေ ရပြီးတော့များ
တစ်ခုခုဖြစ်လေသလားဆိုပြီး နေ့ခင်းကြီး ဆေးခန်းကလေးကို သွားပါတယ်။ ဟိုရောက်တော့ သွေးပေါင်ချိန်ကြည့်၊ မျက်ခွံလှန်ကြည့်၊စသည်အားဖြင့်
သူ စစ်ဆေးကြည့်ပါတယ်။ အားလုံးက ပုံမှန်၊ သို့ပေမယ့် သတိကတော့ လစ်နေတာပါပဲ။ အစက သတိလစ်ချင်ယောင်ဆောင်တယ်ထင်ပေမယ့် တစ်ကယ်သတိလစ်နေလေတော့
ဘာရယ်ကြောင့် သတိလစ်ရတယ်ဆိုတာကို သူလည်း ရေရေရာရာမသိပါဘူး။ ဒီလိုနဲ့ နောက်တစ်နေ့ရောက် မမိုးမိုးလည်း ပြန်သတိရလာတော့
ရှိုက်ကြီး တစ်ငင်ကို ငိုတော့တာပဲ။ သူ့ကို သူ့အစ်ကိုနဲ့
အမတွေက ဟိုမှာ အပြီးလိုက်နေဖို့ခေါ်ကြောင်း။
သူတို့မှာ စုစုပေါင်း ညီအစ်ကို မောင်နှစ်မ ငါးယောက်ရှိကြောင်း။ အစ်ကိုက တစ်ယောက်၊ အမက ၃ ယောက်ရှိပြီး သူက အငယ်ဆုံးဖြစ်ကြောင်း။ အငယ်ဆုံးဖြစ်သောကြောင့် သူ့ကို အားလုံးက ချစ်ကြကြောင်း။
ဒါပေမယ့် သူလည်း အိမ်ကလူကြီးတွေ စိတ်ပူမှာစိုးလို့ အိမ်ခဏ ပြန်ဦးမယ်ဆိုပြီးတော့ ပြန်လာတဲ့အခါမှာ
ခုလို သတိရလာတာဖြစ်ကြောင်း တစ်ငိုငို တစ်ယိုယိုနဲ့ ပြောပါတယ်။
ဘယ်သူက သူပြောတာ ယုံမှာတုန်း။ လျှောက်ပြောနေတယ်လို့ပဲ ထင်တာပါပဲ။ ဒီလိုနဲ့ မမိုးမိုးတစ်ယောက်ဟာ တစ်ခါတစ်လေ သုံး နာရီလောက်
သတိလစ်သွားလိုက်၊ တစ်ခါတစ်လေ တစ်ရက်လောက် သတိလစ်သွားလိုက်၊ နိုးလာရင် တစ်မှိုင်မှိုင်း
တစ်တွေတွေနဲ့ သူ ရွေးရခက်နေကြောင်း ဟိုမှာလည်း ပျော်ပေမယ့် ဒီမှာလည်း ပျော်ကြောင်း
စတဲ့ တောင်တောင်အီအီတွေ လျှောက်ပြေနေပါတယ်။
အဲ့ဒီကစပြီး အမေက ကျွန်တော့်ကို ဆေးခန်းမခေါ်တော့တာနဲ့ပဲ အိမ်ကနေပြီး အမေပြန်လာတိုင်း
ပြန်ပြောပြတဲ့ အဖြစ်အပျက်ကလေးတွေကိုပဲ စောင့်ပြီး နားထောင်ရတာပါပဲ။
ဒီလိုနဲ့ တစ်နေ့တော့ ကရင်ကျောင်းဆရာမတစ်ယောက်
အိမ်ကိုလာလည်ပါသတဲ့။ အဲ့ဒီဆရာမက သိုက်တို့
ဥစ္စာစောင့်တို့နဲ့ဆိုရင် စကားတွေဘာတွေ ပြောဆိုပဲ။
ပြောတယ်ဆိုတာက သူကလည်း အဆက်ပါဆိုပဲ။
အဆက်ဆိုတာက သိုက်နဲ့ အဆက်ရှိတယ်လို့ ဆိုပါတယ်။ ဟုတ်မှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဖြစ်ပေမယ့် အဲ့ဒီဆရာမနဲ့တွေ့တော့
တစ်သက်လုံး ဗမာစကားပြောနေတဲ့ မမိုးမိုးဟာ ကရင်လို ထပြီးရောတော့တာပါဘဲ။ အမေတို့လည်း မျက်လုံး အကြောင်သားနဲ့ ထိုင်ကြည့်နေရတယ်လို့
ဆိုပါတယ်။ နောက်တစ်ခုက အသံနေ အသံထားနဲ့ စကားပြောပုံက
ခဏနေ တစ်ယောက်၊ ခဏနေ တစ်ယောက်က ပြောနေသလို မမိုးမိုးရဲ့ အသံတွေက ပြောင်းနေပါတယ်တဲ့။ သူတို့ဟာ သူတို့ ပတွတ် ပတွတ်နဲ့ ပြောလို့လဲဝရော
မမိုးမိုးလည်း သတိပြန်လစ်သွားရောတဲ့။ ကရင်ဆရာမက
သူဟာ မမိုးမိုးရဲ့ အမသုံးယောက်နဲ့ စကားပြောဖြစ်ကြောင်း ပြန်ပြောပြပါတယ်။
အဲ့ဒီကျောင်းဆရာမ ပြန်ပြောပြတာကတော့ မမိုးမိုးဟာ
ခုချိန်အထိ သိုက်ထဲမှာပဲရှိနေကြောင်း၊ စောစောက သူပြောသွားတာတွေဟာ သူ့အစ်မ သုံးယောက်က
သူ့ကိုယ်ထဲ ၀င်ပြီး ပူပြောတာဖြစ်ကြောင်း။ သူတို့
ညီမလေးကို အပြီးခေါ်ထားချင်ကြောင်း။ သိုက်စောင့်
ဘိုးဘိုးကြီးနဲ့ ဆွေးနွေးဦးမှာဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး သူတို့ သိုက်က ပုသိမ် ရွှေမုဋ္ဌော ဘုရားအောက်မှာ
ရှိကြောင်းလည်း ပါပါတယ်။ ဒီလိုနဲ့ အဲ့ဒါ ပြီးကထဲက
မမိုးမိုးလည်း သတိလစ်သွားတာ သတိကို ပြန်လည်မလာတော့ပါဘူး။ ကြံရာမရတဲ့ အဆုံး ကြံခင်း က သိုက်နိုင်တယ်ဆိုတဲ့
ဆရာတော်ကို အိမ်သားတွေ သွားပင့်ကြပါတယ်။
ဆိုးထှာ သတိ ပြန်လည်လာတာတောင် မတင်ဘူး။ ဘိုးတော်သွားပင့်တာ စောင့်ရဦးမယ်။ လူဇိုး
ReplyDeleteသတိမေ့တဲ့နေရာရောက်မှ ရပ်စရာလားဟယ်
ReplyDeleteတော်တော်ညစ်တာပဲ
အမြန်တင်---ဒါဗြဲ
ခင်ခင်မင်မင် jasmine
လုပ်ပီ ....
ReplyDeleteမီးမပြတ် ....
ကြော်ငြာ မလာပဲ ...
အပိုင်း ၂ တဲ့ ဆိုးးးးထှာာာာ.....
တော်သေးတယ်..အခုမှလာဖတ်ရလို့
ReplyDeleteစောင့်စရာမလိုတော့ဘူး
နို့မို့ဆိုဆန့်တငန့်ငန့်စောင့်နေရဦးမယ်..
စိတ်ဝင်စားလို့  အပိုင်း၂ ထပ်ဖတ်လိုက်ဦးမယ်ဗျို့ 
ReplyDelete