စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Monday, November 13, 2017
Thursday, November 9, 2017
လုံဟိုင်ရဲ့ တိုင့်မေ ရွာကလေး
၂၀၁၇ နှစ်ပိုင်းမှာ ရှမန်ကျွန်းဖက်ပိုင်း
ရောက်နေဖြစ်သည်။ အလုပ်က လွှတ်ထားသောကြောင့်ဖြစ်သည်။ ရှမန်ကျွန်းကတော့ ပန်းမြို့တော်ဖြစ်အောင် အတော်လေး
ကြိုးစားနေသည်။ နေရာတိုင်း ပန်းပင်လေးတွေနှင့်
ရေပန်းလေးတွေ၊ ကမ်းခြေလေးတွေ၊ ပန်းခြံလေးတွေနှင့် အတော်လေးကို လှပသည်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ အလုပ်ပါးတော့ ရုံးမသွားဖြစ်ချေ။ ရုံးက ကောင်ကလေးတစ်ယောက်က သူ့အမျိုးတွေရှိတဲ့ ရွာကလေးကို
အလည်ခေါ်သွားမယ်ဆိုလို့ တိုင့်မေ ရွာကလေးကို ရောက်ဖြစ်သည်။ တိုင့်မေရွာကလေးမှာ လုံဟိုင်ဘက်ခြမ်းမှာရှိသည်။ ရှမန်ကနေ ကျန့်ကျိုးဖက်ကို သင်္ဘောဖြင့်မနက်စောစော
ကူးသွား၊ ဟိုရောက်တော့ ကောင်ကလေးရဲ့ ကားနှင့် တစ်နာရီလောက် မောင်းလျှင် လုံဟိုင်ဖက်ကို
ရောက်လေသည်။
Wednesday, November 8, 2017
Tuesday, November 7, 2017
၇နှစ် - ကွာခြားချက်များ
(ဒီပိုစ့်ကို
ကျွန်တော်တင်တာဟာ တရုတ်နိုင်ငံရဲ့ အကောင်းတွေကိုချည်း ဖော်ပြချင်လို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့
ပါတ်သတ်လို့ ကျွန်တော်တို့ အမြင်မှာတစ်မျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့်
သူ့နိုင်ငံ ဘယ်လိုမျိုး တိုးတက်လာတယ်ဆိုတာကို အမြင်တစ်ခုအနေနဲ့ ရှု့မြင်ပြီး ကျွန်တော်တို့
ဘာတွေ လိုအပ်ချက်ရှိနေတယ်ဆိုတာလေးကို မီးမောင်းထိုးပြချင်တဲ့ ရည်ရွယ်ချက်ပါ။ တစ်ဖက်သတ်ကြီး ကောင်းလှချည်ရဲ့ လို့ ဆိုလိုပြီး
ပိုစ့်တင်လိုက်တဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။)
New
York times မှာ Thomas Friedman ရေးထားတဲ့ ဆောင်းပါးလေးကို သဘောကျလို့ ဘာသာပြန်တင်လိုက်တာပါ။ တရုတ်နှင့် အမေရိကန် ခုနှစ်ပိုင်း ၇နှစ် ဆိုတဲ့
အကြောင်းလေးပါ။
ကျွန်တော် တရုတ်နိုင်ငံရဲ့ ပြဇာတ်ရုံကြီးထဲမှာ
ထိုင်နေတုန်း ထောင်ပေါင်းများစွာသော တရုတ် ကချေသည်တွေ၊ ဗုံတီးတဲ့လူတွေ၊ အဆိုတော်တွေ၊
အံသြစရာကောင်းတဲ့ မျက်လှည့် ပညာရှင်တွေရဲ့ ဖျော်ဖြေမှု့တွေ တွေ့ရပါတယ်။ အဲ့ဒီအချိန် ကျွန်တော့်စိတ်ထဲမှာ လွန်ခဲ့တဲ့ ၇နှစ်ဆိုတဲ့
အချိန်ကာလအတွင်းမှာ တရုတ်နဲ့ အမေရိကန် နိုင်ငံနှစ်ခုကြား ခြားနားတဲ့ အတွေ့အကြုံတွေကို
မတွေးပဲ မနေနိုင်ပါဘူး။
တရုတ်နိုင်ငံဟာ ကုန်စည်ထုတ်လုပ်မှု့ လုပ်ငန်းအမျိုးမျိုးအတွက်
အလုပ်ရှုပ်နေတုန်းမှာ ကျွန်တော်တို့ကတော့ အယ်လ်ကိုင်ဒါ (အကြမ်းဖက်အဖွဲ့) တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ တရုတ်တွေဟာ ဇာတ်ရုံကြီးတွေ၊ မြေအောက်ရထားလမ်းတွေ၊
လေဆိပ်တွေ၊ လမ်းမကြီးတွေ၊ ပန်းခြံတွေပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေတဲ့အချိန်မှာ
ကျွန်တော်တို့တွေကတော့ လုံခြုံရေး အာရုံခံ ကိရိယာတွေ၊ စစ်သုံး ဟမ်းမား ကားတွေ၊ မောင်းသူမဲ့
အဝေးထိန်း လေယာဉ်တွေကို ပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေခဲ့တယ်။
ဒီခြားနားမှု့တွေကို အခုစပြီး မြင်နေရပါပြီ။
ခင်ဗျားတို့ နယူးယောက်ရဲ့ ညစ်ပတ်ဟောင်းနွမ်းနေတဲ့
LaGuardia လေဆိပ်နဲ့ ရှန်ဟိုင်းရဲ့ သစ်လွင်နေတဲ့ နိုင်ငံတစ်ကာ လေဆိပ်ကို နှိုင်းယှဉ်ကြည့်ပါ။ ခင်ဗျားတို့ မက်ဟန်တန်လမ်းမှာ ကားမောင်းပြီး ပတ်ဝန်းကျင်ကို
တစ်ချက်လောက်ဝေ့ကြည့်လိုက်၊ အဆောက်အဦးတွေ
ဘယ်လောက် အိုဟောင်းပြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲ ဆိုတာကို။ ရှန်ဟိုင်းမှာ သံလိုက်ရထား တစ်နာရီ ကီလို ၂၂၀ နဲ့
မောင်းနေတယ် (အခု ကီလို ၃၀၀)၊ မျက်စေ့ တစ်မှိတ်အတွင်းမှာ လေဆိပ်ကနေ ရှန်ဟိုင်းမြို့ထဲကို
ရောက်ပြီ။ ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ…
ဘယ်သူက တတိယကမ္ဘာထဲမှာ နေထိုင်နေလည်း ဆိုတာကို။
Monday, April 10, 2017
ရန်ကျိုးမြို့ရဲ့ Slender West Lake သို့ တစ်ခေါက်
မြို့ကြီးတွေမှာဆိုရင်တော့
စပေါ်တင်ပြီးရင်၊ မှတ်ပုံတင်၊ Driver လိုင်စင်ပြပြီးရင် ကားမောင်းထွက်ရုံသာ… Qidong
လို မြို့ကလေးမှာတော့ နည်းနည်းလေး စကားပြောရသည်။
စပေါ် ယွမ်၅၀၀၀ တောင်းသည်။ ၁၀ ရက်ကြာမှ
ပြန်ပေးမည်ဟုဆိုသည်.. ဟင် ဆိုပြီး လှည့်ထွက်လာသည်။ နောက်တစ်ဆိုင်ကတော့ အဆင်ပြေသည်.. ယွမ် ၅၀၀၀ စပေါ်တင်၊
တစ်ရက်ကို ယွမ် ၂၅၀ တန်ကားတစ်စီး ကြိုက်သည်။
ဒါပေမယ့် တစ်နေ့ ကီလို ၃၀၀ limit သာဖြစ်သည်။ နောက်တစ်ရက်မှာ ယွမ် ၁၀၀၀ ကလွဲပြီး ကျန်တဲ့ ငွေပြန်ပေးမည်တဲ့။ ရန်ကျိုးက ကျွန်တော်နေတဲ့ ချီဒုံးမြို့နှင့် ကီလို
၂၅၀ ၀န်းကျင်လောက်ဝေးသည်။ အသွားအပြန်ဆိုလျှင်
ကီလို ၅၀၀ လောက်သွားလိမ့်မည်။ ယွမ် ၃၀၀ နှင့်
ဈေးတည့်သည်။ တရုတ်က ကားခပေးမည်၊ ကျွန်တော်က
ဆီ စိုက်မည်။
Tuesday, March 7, 2017
တိုင်ဝမ်၊ Typhoon Nepartak၊ နာဂစ် နှင့် စပ်မိစပ်ရာ
တင်ခဲ့တာတော့ ကြာပါပြီ.. ၂၀၁၆ ၈ လပိုင်းလောက်ကပါ။ .ပြီးတော့ ပြန်ဖျက်လိုက်တယ်.. ခု ပြန်တင်လိုက်ပါတယ်။
ခုလဆန်းပိုင်း
ကျွန်တော်တို့ ကုမ္ပဏီက ထိုင်ဝမ်ကို ရောက်နေတဲ့ သင်္ဘောတွေထဲက သင်္ဘောတစ်စီး ပြဿနာ နည်းနည်းရှိတော့
အဲ့ဒီ သင်္ဘော အလုပ်လုပ်နေတဲ့ တိုင်ဝမ်မြောက်ပိုင်းက ကီလွန်းဆိုတဲ့ မြို့ကလေးကို ခရီးထွက်ဖြစ်ပါတယ်။ ကီလွန်းမြို့ကလေးရောက်တော့ ဘာကို သွားသတိရမိလဲဆိုရင်
မြိတ်မြို့ကလေးကို သွားသတိရမိတယ်။ တိုင်ဝမ်က
ကျွန်းနိုင်ငံဖြစ်သလို တောင်တန်းလေးတွေနဲ့ လမ်းခပ်ကျဉ်းကျဉ်း အကွေ့ အကောက်ကလေးတွေ၊
အိမ်ခပ်စိတ်စိတ်ကလေးတွေ စီစရီ၊ လမ်းဘေးဆိုင်ကလေးတွေ ဟိုနားဒီနား ဆိုတော့ မြိတ်မြို့ကို
တန်းလွမ်းမိတာပဲ။ ကျွန်တော့်သူငယ်ချင်း မြိတ်သားကတော့
ထိုင်ဝမ်ရောက်ရင် သူ့အိမ်ကို သတိရမိတယ်ပြောတာ ခုမှပဲ မျက်စေ့ထဲ တန်းမြင်မိတယ်။ အဲဒီမြို့ကလေး အကြောင်းကိုတော့ အချိန်ရတော့မှ ထပ်ရေးပါဦးမယ်။
ကျွန်တော်
ကီလွန်းမြို့ကို ရောက်ပြီး နောက်တစ်ရက်ကြာတော့ မုန်တိုင်းသတိပေးလာတော့တာပဲ။ ဆိုတော့.. ရှိသမျှ သင်္ဘောနဲ့ ပတ်သတ်တဲ့ ရှိသမျှ
Class၊ အာမခံ တွေနဲ့ တွေ့ဖို့ကိစ္စကို ဖုတ်ပူမီးတိုက်စီစဉ် ပြီးတာနဲ့ မုန်တိုင်းအတွက်
စိတ်ပူရတော့တာပဲ။ အစောပိုင်းတုန်းကတော့ လေဖိအားနည်းရပ်ဝန်း
ဘာညာ အိပဲ့ အိပဲ့နဲ့ သကောင့်သား မုန်တိုင်းက တဖြည်းဖြည်း အားကောင်းလာတာတင်မကဘူး စူပါတိုင်ဖုန်း
ဖြစ်လာပြီဆိုတဲ့ သတင်းရပါတယ်။ ဂျပန်ဖက်က ထုတ်တဲ့
သတင်းကတော့ မုန်တိုင်းကို သူ့ဘက်ကို မ၀င်နိုင်ကြောင်းပြောပြီး တောင်ဖက်ကို အတင်းတွန်းထုတ်၊ ဟောင်ကောင်ဖက်က လာတဲ့သတင်းထဲမှာ မုန်တိုင်းကို မြောက်ဖက်ကို
အတင်းတွန်းထုတ်၊ ကြားထဲက တိုင်ဝမ်သတင်းကတော့ ကျွန်တော်ရောက်နေတဲ့ ကီလွန်းကို တည့်တည့်ဝင်မတဲ့။ ဆိုတော့ လက်ရှိပြသနာ ခဏထား၊ မုန်တိုင်းသတင်းကို
စနည်းနာ၊ ဘယ်နေရာကို ၀င်နိုင်လဲ သေချာအောင် လိုက်မေး၊ ပြီးရင် သင်္ဘော ဘေးကင်းဖို့ အကောင်းဆုံး
ဘယ်ဆိပ်ကမ်းဖြစ်နိုင်လဲ ဆိုတာကို မြေပုံထဲလိုက်ကြည့်။ နောက်ဆုံးတော့ မုန်တိုင်းက တိုင်ဝမ်တောင်ပိုင်း
ကိုဝင်ဖို့သေချာပြီဆိုတော့မှ ကျွန်တော်တို့ သင်္ဘောတွေကို အေးဂျင့်က ကီလွန်း ဆိပ်ကမ်းအတွင်းပိုင်းထဲကို
ပို့ပေးကြပါတယ်။ အဲဒီမှာလဲ ဦးရာလူစနစ်ပဲ၊ နေရာကောင်းတွေက ဦးရာလူစနစ်ဆိုတော့ ခပ်မြန်မြန်လေး
အထဲရောက်ဖို့လိုပါတယ် မဟုတ်ရင် သင်္ဘောတွေ မုန်တိုင်းအတွက် စိတ်မချရပါဘူး။ ထားပါတော့… မုန်တိုင်းအကြောင်းဆက်ပါဦးမယ်။
Tuesday, May 10, 2016
ကျားတို့သည် အင်္ဂါဂြိုလ်မှလာပြီး မ တို့သည် သောကြာ ဂြိုလ်မှလာကြသည်
Phoenix
တက္ကသိုလ်က အင်္ဂလိပ်စာ ပါမောက္ခတစ်ယောက်ဟာ သူ့အတန်းသားတွေကို အိမ်စာတစ်ပုဒ်ပေးပါတယ်။ ဒီအထဲမှာ ထူးခြားတဲ့အချက်က ဒီအိမ်စာကို ၂ ယောက်တစ်တွဲလုပ်ရမှာ
ဖြစ်ပြီး စကားရည်လုပွဲပုံစံမျိုး တစ်ဖက်ကို တစ်ပိုဒ် e-mail နဲ့ ပို့ရမှာဖြစ်ပါတယ်။ e-mail
ပို့တဲ့အခါမှာ အဆိုပါနှစ်ယောက် အချင်းချင်း အီးမေးပို့ရမယ့် အပြင် ပါမောက္ခကို
cc ခံပြီး ပေးပို့ရမှာဖြစ်ပါတယ်။
နှစ်ယောက်ထဲက
တစ်ယောက်က မိမိကြိုက်နှစ်သက်ရာ အကြောင်းအရာတစ်ခုကို စာပိုဒ်တစ်ပိုဒ်အနေနဲ့ရေးပြီးတော့
တစ်ခြားတစ်ယောက်ဆီကို အီးမေးလ်နဲ့ပို့ပါ။ ကျန်တဲ့တစ်ယောက်က
အဲ့ဒီစာပိုဒ်ကို ဖတ်ပြီးရင် တစ်ခြားစာပိုဒ်တစ်ပိုဒ်ရေးပြီး အီးမေးလ်နဲ့ ပြန်ပို့ပါ။ ပထမတစ်ယောက်က ဖတ်ပြီး နောက်ထပ်တစ်ပိုဒ်ထပ်ရေး ပြန်ပို့။
ဒီလိုမျိုး အပြန်အလှန်ပို့ရမယ်။ ဒါပေမယ့် ပြန်ပို့တိုင်းမှာ
ရေးခဲ့ပြီးတာတွေကို ပြန်ဖတ်ပြီး ကွင်းဆက်မပြတ်အောင်၊ ဇာတ်လမ်းပြတ်မသွားအောင် ရေးရမယ်။ ဒီလိုပို့နေတဲ့အချိန်အတွင်းမှာ အပြင်မှာ လုံးဝ စကားမပြောရဘူး။ ပြောချင်တာတွေအားလုံးကို အီးမေးလ်ထဲမှာပဲ ရေး။ နှစ်ဖက်စလုံးက ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အချိန်မှာ
ဇာတ်လမ်း အဆုံးသတ်မယ်။
ဒီလိုနဲ့
အတန်းသားတွေထဲက ရေဗက်ကာ ဆိုတဲ့ ကောင်းမလေးနဲ့ ဂရေးဆိုတဲ့ ကောင်လေးနှစ်ယောက် တစ်တွဲကျပါတယ်။
ဇာတ်လမ်းအစကတော့ ဒီလိုပါ
ရေဗက်ကာရဲ့ ပထမ အပိုဒ် : အရင်ဆုံးပေါ့… လော်ရီတစ်ယောက်
ဘယ်လို လက်ဖက်ရည်မျိုးသောက်ရမလဲဆိုတာကို ဝေခွဲလို့ကို မရနိုင်ဖြစ်နေပါတယ်။ သူမရဲ့ ပျင်းရိငြီးငွေ့ဖို့ကောင်းလှတဲ့ ဒီလိုမျိုး
ညနေခင်းမျိုး အိမ်ထဲမှာ chamomile (ဒေစီပန်းလိုမျိုး ပန်းပွင့်အရွက်ကလေးများနှင့် ဖော်စပ်ထားသော
လက်ဖက်ရည်) လက်ဖက်ရည်ကို သူမအကြိုက်တတ်ဆုံးပဲ။ ဒါပေမယ် ခုတော့ ပျော်ရွင်တဲ့အချိန်တွေမှာ
chamomile လက်ဖက်ရည်ကို သောက်လေ့ရှိတဲ့ ကားလ်ဆိုတဲ့ကောင်လေးကို အကြောင်းကို ပြန်ပြောင်းသတိရနေမိပြန်ပြီ။ ဘာတွေဘယ်လိုပဲ တိုက်ဆိုင်တိုက်ဆိုင်လေ… သူမကတော့
ကားလ်အကြောင်းကိုပဲ သတိရနေတာ။ ကားလ်ကတော့ သူမအတွက်
အသက်ရှုမှားလောက်စရာ … အို သူနဲ့တွေ့တိုင်း သူမ ရင်ကျပ်ပန်းနာ ဖြစ်သလိုမျိုး အသက်ရှု့ဖို့
မေ့မေ့သွားတယ်လေ။ ဒီအတွက် ထွေထွေထူးထူး မေးခွန်းထုတ်မနေတော့ပါဘူး.. ဟုတ်တယ်…
chamomile လက်ဖက်ရည်ပဲ။
Sunday, April 3, 2016
Dubai Mall
ဒူဘိုင်းကို
ဆိုင်းမဆင့် ဘုံမဆင့် ရောက်သွားခြင်းဖြစ်သည်။
သူငယ်ချင်းက စင်ကာပူမှာ အရေးကြီးကိစ္စရှိလို့ ခရီးမထွက်နိုင်သောကြောင့် သူ့အစား
သူ့သင်္ဘောကို သွားကြည့်ပေးခြင်းဖြစ်သည်။ သူကတော့
ဟိုရောက်ရင် သင်္ဘော ပြင်စရာ ဆင်စရာတွေအားလုံးအတွက် အဆင့်သင့်လုပ်ပေးထားသည်။ ကျွန်တော်ကတော့ လူလုံး သွားပြရန်ဖြစ်သည်။ သင်္ဘောပြင်ရန် ၃၆ နာရီ အချိန်ရသည်။
လိုလိုမယ်မယ် နောက်ထပ် ၃၆ နာရီ ဆောင်းလိုက်သည်။ အားလုံး ၃ ရက်စာ၊
သို့သော် ၁ ရက်ခွဲနှင့် အလုပ်ပြီးသွားသည်။
ထို့ကြောင့် ကျန်သော ၁ ရက်ခွဲကို ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားသည်။ နံပါ
တ်တစ် လုပ်ရန်မှာ ရုံးကို စာရွက်စာတမ်းတွေ ပို့ရန်ဖြစ်သည်။ ထိုအရာကို နောက်ဆုံးသို့ ရွှေ့လိုက်သည်။
Sunday, February 14, 2016
ကော်ဖီဆိုင်
ငယ်ငယ်တုန်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်လိုက်ရင် ကျောင်းစာအကြောင်းပြောဖြစ်တာက
မရှိသလောက်ရယ်၊ ဂိမ်းအကြောင်း၊ ကောင်မလေးတွေအကြောင်း
ဒါမျိုးတွေပဲများတယ်။ တက္ကသိုလ်ပိုင်းရောက်လာတော့
အဲ…. ကောင်မလေးတွေအကြောင်းကတော့ ပါမြဲပါတာပဲ၊ သို့ပေမယ့် ဘောလုံးပွဲအကြောင်းလဲပါရဲ့၊
စာပေအကြောင်းလေးတွေ နဲနဲပါလာပြီ၊ လှည်းတန်းက စာရေးစရာတွေ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်ကဖြင့်
ဘယ်လို၊ လေထန်ကုန်းကဖြင့် ဘယ်လို စသည်အားဖြင့်တွေ ပါလာသလို၊ နိုင်ငံရေးအကြောင့် ပြောတဲ့
ဝိုင်းမျိုးလဲ တွေ့ဖူးရဲ့။ လက်ဖက်ရည်ဆိုင်ပိတ်ချိန်ရောက်လို့
စကားစ မပြတ်တာနဲ့ အလင်းဆိုင်မှာလည်း မိုးလင်းဖူးရဲ့။ ဘာသာရေးနွှယ်တာလေးတွေလည်း တွေ့ဖူးရဲ့။ သို့ပေမယ့် လက်ဖက်ရည်ဆိုင်ရဲ့ အရသာဆိုတာက လက်ဖက်ရည်ကောင်းတာလည်းပါမယ်၊
ထိုင်တဲ့ ပတ်ဝန်းကျင်လည်း အရေးကြီးတယ်။ ဒီပတ်ဝန်းကျင်ဟာ
ကိုယ်နဲ့လည်း သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်မျိုး၊ ကိုယ်နဲက ပြောနေကျဆိုနေကျ လူမျိုးတွေနဲ့
တွေ့ရင် လက်ဖက်ရည်ဆိုင်ထိုင်ရတာ တော်တော်လေး အဆင်ပြေတယ်။ ပတ်ဝန်းကျင်ဆိုလို့ ကျွန်တော့်မိန်းမကို ပိုးတုန်းကတောင်
လက်ဖက်ရည်ဆိုင်ကနေ ပိုးခဲ့တာ။ သူ့အိမ်ရှေ့မှာက ဟိုဘက်အိမ်က ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်လေ။ အဲ့ဒီကို သွားသွားပြီးတော့ ငုတ်တုတ်ထိုင်ခဲ့တာ မှတ်မိသေးတယ်။ သူ ကျောင်းပိတ်၊ ကျွန်တော် ကျောင်းပိတ်လို့ ပြန်လာတဲ့
ရက်ဆိုရင် အဲ့ဒီ လက်ဖက်ရည်ဆိုင်သွားပြီး သူ့အခန်း တံခါးပေါက်က မြင်ရလောက်တဲ့ နေရာ ခုံကလေးကို
ရွေးပြီးတော့ တစ်ယောက်ထဲ လက်ဖက်ရည်တစ်ခွက်နဲ့ ငုတ်တုတ်ထိုင်ခဲ့တာ။ သို့ပေတည့် ပါလာတဲ့ စာအုပ်က စိတ်ဝင်စားဖို့ ကောင်းရင်
အဲ့ဒီစာအုပ်ဖတ်ရင်းနဲ့ အချိန်က ဘယ်လို ကုန်လို့ ကုန်သွားမှန်းတောင်မသိတော့ တစ်ခါတစ်လေ
သူ့ကို မတွေ့ရတဲ့ ရက်တွေလည်း ရှိရဲ့။ သို့ပေတည့်
ယောက်ခမလောင်းများကတော့ ကျွန်တော့်ဆို အမြင်ကပ်မကပ်တော့မသိ အတော့်ကို မှတ်မိလောက်သော
မျက်နှာရှိတဲ့ အခြေအနေကို ရောက်သွားပါတယ်။
မည်သို့ပင်ဖြစ်စေ ခုတော့ အဲ့ဒီ လက်ဖက်ရည်ဆိုင်က ပိတ်သွားပါပြီ။
Friday, February 12, 2016
နန်တုန် လန်စန်းတောင်
နန်တုန်လို မြေပြန့်မှာ မယ်မယ်ရရ တက်စရာတောင်ဆိုလို့
လန်စန်းတောင် တစ်တောင်သာရှိသည်။ မြတ်စွာဘုရား၏
၃၈ဖြာ မင်္ဂလာတရားတော်ထဲမှာ ပတိရူပဒေသာဝါသောစ ဆိုပြီး သင့်တင့်လျှောက်ပတ်သော ဒေသတွင်
နေထိုင်ရခြင်း သည် မင်္ဂလာတရားတစ်ခုဖြစ်သည်ကို သေသေချာချာကြီး သဘောပေါက်သွားသည်။ နန်တုန်ဒေသတွင်
ဘုရားဖူးရန်မှာ အတော့်ကို ခက်ခဲချေ၏။ ကိုးကွယ်ဆည်းကပ်ဖို့ရာ သံဃာတော်မြတ်များကိုလည်း
လွန်စွာမှ တွေ့ရန် ခက်ခဲချေ၏။ ထို့ကြောင့်
တစ်ခါတစ်ရံ လန်စန်းတောင်သို့သွားပြီး ဘုရားဖူးသည်။ သံဃာတစ်ချို့ကို လန်စန်းတောင်မှာ Part Time တွေ့ရသည်။ ညနေ ၅ နာရီလောက်ဆို လူဝတ်လဲပြီး အိမ်ပြန်လေသတည်း။ ရံဖန်ရံခါ ဆုတောင်းပွဲတွေဘာတွေဆိုလျှင် လာပြီး ဆုတောင်းပေးတတ်သည်။ မနှစ်
သင်္ဘောရေချတော့ သင်္ဘောကျင်းမှ လန်စန်းမှ သံဃာတစ်ချို့ပင့်ပြီး ဆုတောင်းပွဲလုပ်သေးသည်။
ဆောင်းဦးသည် သာယာလှပေစွတကား… မြက်ခင်းစိမ်းစိမ်းနှင့်
ပန်းတို့ဝေနေကြပြီဖြစ်သည်။ ထိုအချိန်မျိုးတွင်
လန်စန်းတောင်သည် အတော့်ကို သာယာလေသည်။
Tuesday, February 2, 2016
အဟမ်း… အဟမ်း
ဘလော့
မဂင်းဖြစ်သည်မှာ ကြာလေပြီ။ အဘယ့်ကြောင့်ဆိုသော
မဂင်းဖြစ်သောကြောင့်ဖြစ်သည်။ မဂင်းရသည်မှာ
အချိန်မရခြင်းသည် တစ်ကြောင်း၊ အလုပ်ရှုပ်ခြင်းသည် တစ်ကြောင်း၊ ရသောအချိန်တွင် ဂိမ်းဆော့ခြင်းသည် တစ်ကြောင်း၊ ဘလော့ဂင်းဖို့
စိတ်အားထက်သန်မှု့ မရှိခြင်းသည် တစ်ကြောင်း အစရှိသော ဆင်ခြေများကြောင့် ဖြစ်သည်။ ထိုအခါ ကျွန်တော့် ဘလော့မှာ ဘလော့ အသေကြီးဖြစ်သွားလေသတည်း။
နောက်တစ်ခုမှာ
ဝင်းဒိုးမှ ပန်းသီးကို ပြောင်းလိုက်လေသော် မက်ဘုတ်၏ မြန်မာကီးဘုတ်မှာ ဟထိုးတွေ ယပင်းတွေ
ယရစ်တွေမှာ တစ်ခုစီပိုပိုပြီး ပါနေပြန်သည်။
ထိုအရာသည် စာရိုက်ရာတွင် အတော့်ကို စိတ်မသက်မသာ ဖြစ်စေသည်။ စိတ်ရှည်သော အချိန်မှာ အပိုတွေကို တစ်ခုချင်းစီ
လိုက်ရှာပြီး ပြန်ပြန်ဖျက်ဖြစ်သော်လည်း ကြာလေသော် စာရေးခြင်းအမှု့ထက် ကွန်ပျူတာကို လက်နှင့်
ထုခြင်းအမှုကို ပိုမိုပြုမိချင်သလိုဖြစ်လာသည်။ အခု ရုံးမှ အလုပ်လုပ်ရန်ပေးထားသော လက်ပဒေါကို
ဘလော့ဂင်းရန် မြန်မာဖောင့်ရော ကီးဘုတ်ပါ သွင်းလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ရုံးချိန်တွင်
ဘလော့ဂ်ဂင်းပြီး အိမ်ပြန်ချိန်မှာ ဂိမ်းဆော့ရန် အခွင့်ကောင်းများ ရရှိပြီဖြစ်သည်။ အလုပ်ကိုမူကား အိပ်ချိန်တွင် အိပ်မက်ထဲတွင် လုပ်ရန်
လျှာထားသည်။ သို့သော် အိပ်မက်ထဲတွင် မအားလျှင်
နောက်နေ့မှ ထပ်မက်ရန် အစီအစဉ်ရှိသည်။
အရင်က
သင်္ဘောအသစ်ဆောက်သည်၊ အခု သင်္ဘောအဟောင်းပြင်သည်။ လက်ရှိ သင်္ဘောလောက စီးပွားရေးကျနေသည်။ ရေနံတွေကို နိုင်ငံပေါင်းစုံမှ လှိမ့်ထုတ်ပြီး၊
စက်ရုံအလုပ်ရုံတွေက ကုန်အောင် မဖြုန်းနိုင်ပေ။
ရေနံဈေးကျနေသမျှကာလပတ်လုံး ကမ်းလွန်ရေနံ အသစ်များဆောက်သည်ကို ဆိုင်းထားဦးမည်။ ကမ္ဘာ့အရေးကို ကျွန်တော်သည် ထိုမျှလောက် စိတ်ဝင်စားသည်မဟုတ်။ သို့သော် ထိုအခြေအနေက ကျွန်တော့်ကို ၂ မျိုးဖြစ်ရန်
တွန်းအားပေးသည်။ တစ်မျိုးမှာ အလုပ်ပြုတ်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ယခုကဲ့သို့ ရုံးတွင် အလုပ်မရှိ
အကိုင်မရှိ ဒီအတိုင်းထိုင်ပြီး ဘလော့ဂင်းရန် အခြေအနေပေးသည်။ ကံကောင်းစွာဖြင့် အလုပ်မပြုတ်ဘဲ ဘလော့ဂင်းရသည်။ တွတ်ပီ အနည်းငယ် ကံကောင်းသွားသည်။ မဟုတ်လျှင် အလုပ်ပြုတ်ပြီ ဖြစ်သည်။ ရေနံဈေးကျခြင်းကို ကျေးဇူးအများကြီးတင်သည်။ သို့သော် ဓာတ်ဆီနှင့် ဒီဇယ်ဈေးမှာ ပိုနေမြဲ ကျားနေမြဲဖြစ်သည်။ ထို့ကြောင့် ကားစီးရန်ထက် ဘက်စ်ကားနှင့် ရထားစီးခြင်းသည်
ပိုက်ပိုက်ကို အိပ်ထောင်ထဲမှာ ပိုပြီး ခပ်ကြာကြာရှိစေသည်။ သို့သော် နိုင်ငံပေါင်းစုံက စီးကရက်၊ အရက်နှင့်
ဘီယာများကို လှိမ့်ကန် ထုတ်နေသော်လည်း ဈေးမကျခြေ။ သောက်သုံးသူတွေက ထုတ်သလောက်ကို နိုင်အောင် သောက်နိုင်သည့်
သဘောမှာ ရှိသည်ဟု ယူဆသည်။ ထိုအခြေအနေကို ထိုအတိုင်း
ရှိစေရန် ကျွန်တော်တက်နိုင်သလောက် ကူညီမည်ဟု ဆုံးဖြတ်ထားသည်။
Monday, March 23, 2015
လီကွမ်ယူး (သို့) စင်ကာပူ၏ ပဲ့ကိုင်ရှင်
မလေးရှားမှခွဲထွက် တံငါရွာဖြစ်ခဲ့တဲ့
စင်ကာပူကျွန်းလေးကို ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် ပုံသွင်းယူ၊ တည်ဆောက်ပေးခဲ့တဲ့
စင်ကာပူနိုင်ငံရဲ့ ဗိသုကာ လီကွမ်ယူးကတော့ ဒီနေ့ (၂၃ရက် မတ်လ ၂၀၁၅ ခုနှစ် တနင်္လာနေ့ မနက်
၃နာရီ ၁၈ မိနစ်) စင်ကာပူ အထွေထွေဆေးရုံကြီးမှာ
ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်ခဲ့ချိန်မှာတော့
အသက် ၉၁ နှစ်ရှိပြီဖြစ်ပါတယ်။ လီကွမ်ယူးရဲ့
စကားစုလေးတွေကို အမှတ်တရအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
၁၉၄၂ ဂျပန်တို့ စင်ကာပူကျွန်းက ဗြိသျှတို့ကို
တိုက်ခိုက်သိမ်းပိုက်ချိန်
“အမှောင်ခေတ်ကြီးကတော့
ကျွန်တော်တို့ဆီကို ဆင်းသက်ကျရောက်လာခဲ့ပါပြီ။
အရမ်းကို ကြမ်းကျုတ်၊ စက်ဆုပ်၊ ရွံရှာဖွယ်ကောင်းလှပါတယ်။ အဲ့ဒီ ၃နှစ်ခွဲဆိုတဲ့ အချိန်ကို ပြန်ကြည့်လိုက်ရင်
ကျွန်တော့်ဘ၀အတွက်တော့ ကြီးမားတဲ့ နိုင်ငံရေး သင်ခန်းစာတစ်ခုကို ရရှိလိုက်တာပါဘဲ။ ကျနော်ဟာ အာဏာ ရဲ့ အဓိပ္ပာယ်၊ အာဏာဆိုတာဘာကြီးလဲ၊
အစိုးရနဲ့ နိုင်ငံရေးသမားတွေ အဲ့ဒီ အာဏာဆိုတဲ့အရာကြီးနောက်ကို ဘယ်လိုလိုက်ကြတယ်ဆိုတာကို
တွေ့ရှိခဲ့လို့ပါပဲ။ နောက်ပြီးတော့ လူတွေဟာ
အဲ့ဒီအာဏာဆိုတဲ့အရာကြီးရဲ့ ထောင်ချောက်ပိတ်မိနေတဲ့အချိန်မှာ သူတို့ အသက်ရှင်ဖို့အတွက်
ဘယ်လိုမျိုးတုံ့ပြန် ကြတယ်ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။ တစ်ချိန်က အရှင်သခင်လို ခစားခဲ့ရတဲ့၊ ဖြိုချလို့မရနိုင်ဘူးလို့
ထင်ခဲ့တဲ့ ဗြိသျှတွေ ဒီကျွန်းမှာ။ ဟော နောက်နေ့ ကျနော်တို့ဟာ မျက်ပေါက်ကျဉ်းကျဉ်းနဲ့
ဂျပန်ငပုတွေရဲ့ အညှင်းဆဲ၊ အနိုင်ကျင့်မှု့တွေကို ခဲ့ကြရပါပကော”
ဒုတိယ ကမ္ဘာစစ်အပြီး ဗြိသျှတို့ စင်ကာပူကို
ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားချိန်
“အိုဟောင်းနေတဲ့
ယန္တယားကြီးကတော့ လွန်သွားပြီ… အရင်ခေတ်ကလိုမျိုး ဗြိသျှတွေကို ဦးနှိမ်၊ နာခံ၊ လေးစားခဲ့
အကျင့်လည်း လွန်ခဲ့ပြီ။ ဘာဖြစ်လို့လဲဆိုတော့
ဂျပန်တွေဝင်လာတုန်းက ဗြိသျှတွေ ဘယ်လို အထုပ်ပြင်ပြီး ထွက်ပြေးခဲ့တယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်ခဲ့လို့ပါပဲ။
ဗြိသျှတွေဟာ
ဂျပန်တွေ ဗုံးမိုးရွာချတော့ ကျနော်တို့၊ စင်ကာပူကျွန်းမှာနေထိုင်တဲ့
လူတွေ ကြောက်ရွံထိတ်လန့် စိုးရိမ်တာထက်ပိုပြီးတော့ကို ကြောက်ရွံထိတ်လန့် ခဲ့ကြတာလေ”
Wednesday, July 23, 2014
ခမ်းနားသော ဖွင့်ပွဲ
[ဒီဝတ္တုတိုလေးကို
ဆရာ မြင့်သန်းဘာသာပြန်ထားပြီးတော့ မူရင်းကတော့ တရုတ်စာရေးဆရာ လောဝ်ရှု ရေးသားထားတာဖြစ်ပါတယ်။ သူ့ခေတ်၊သူ့အခါက လူ့အဖွဲ့အစည်းမှာ ဖြစ်ပျက်နေတာကို
သရော်ပြီးရေးထားတဲ့ ၀တ္တုတိုလေးဖြစ်ပါတယ်။]
ဝါန်းရယ်၊ ချူရယ်၊ ကျွန်တော်ရယ် စပ်ပြီး
ဆေးရုံတစ်ခု ဖွင့်ကြတယ်။ ၀ါန်းရဲ့ မိန်းမက
သူနာပြုဆရာမချုပ်ဖြစ်လာမယ်။ အလျင်ကတော့ ရိုးရိုးသူနာပြုဆရာမပဲ။ ယောက်ျားရတော့ ဆရာဝန်ကတော်ရယ်လို့ အဆင့်တက်သွားရာက
အခု သူနာပြုဆရာမချုပ်ဖြစ်လာမှာ။ ချူရဲ့ ယောက္ခမအထီးကြီးကတော့
လုပ်ငန်းပိုင်းဆိုင်ရာ မန်နေဂျာနဲ့ စာရင်းကိုင်အဖြစ် တာဝန်ယူမယ်။ ဒီိကိစ္စ အားလုံးအတွက် ၀ါန်းနဲ့ ကျွန်တော် ညှိပြီးပြီ။ တကယ်လို့များ ချူရဲ့ ယောက္ခမကြီး စာရင်းလိမ်တာတို့၊ အလွဲသုံးစားလုပ်တာတို့များ လုပ်လာခဲ့ရင် ၀ါန်းနဲ့
ကျွန်တော်က အဘိုးကြီးရဲ့ သမက်ကို ပညာပေးရုံပဲ။
အပြတ်ကိုင်ရုံပဲ။ ဒီတော့ ချူက သူ့ယောက္ခမကြီး
အတွက် အာမခံတင်ထားရတာမျိုး။ ၀ါန်းနဲ့ ကျွန်တော်က
ဒီကိစ္စမှာ အမာခံတွေ။ ဆေးရုံဖွင့်ကြမယ်ဆိုတဲ့
အကြံကိုက ကျွန်တော်တို့နှစ်ယောက်ရဲ့ အကြံ။
ကျွန်တော်တို့ခေါ်လို့ ချူက နောက်မှ ပါလာတာ။ သူ့ကိုတော့ မျက်စိဒေါက်ထောက် ကြည့်ရမှာပဲ။
ဘယ်လိုစီးပွားရေးလုပ်ငန်းကိုပဲ
လုပ်လုပ်။ လုပ်ကိုင်ကြတဲ့ လူအရေအတွက်က
ဘယ်လောက်ပဲ နည်းနည်း၊ သူ့လူ ကိုယ့်လူ ရယ်လို့ အုပ်စုခွဲတာကလေးကတော့ ရှိမှာပဲ။ အဲဒီလိုမှမဟုတ်ရင် လုပ်ငန်းတစ်ခုလုံးအပေါ် သိပ်ပြီး
ဂရုမစိုက်သလိုမျိုး ဖြစ်နေမှာပဲ။ မဟုတ်ပေဘူးလား။ ဒီတော့ ကျွန်တော်တို့ ဘယ်လို အုပ်စုခွဲမယ် ဆိုတာကို
တင်ကူးပြီး စီမံထားလိုက်ကြတယ်။ ၀ါန်းနဲ့ကျွန်တော့်
အုပ်စုထဲမှာ ချူ မိန်းမကို ထည့်ရမယ်။ ဒါမှ
တစ်ခုခုအပေါ် မဲခွဲကြရင် ကျွန်တော်တို့က သုံးမဲ၊ သူက တစ်မဲတည်း။ သူ့ယောက္ခမကြီးက ၀ါးန်ဘက်က ပါကောင်း ပါမယ်။ အဘိုးကြီးက အိုလှပြီ။ ၀ါန်း မိန်းမက ကျွန်တော်တို့အုပ်စုထဲ ပါနေမှတော့
အဘိုးကြီး ကိစ္စကို သူ့စရိတ်နဲ့သူ ရှင်းပါလိမ့်မယ်။
ချူနဲ့
ပတ်သက်လို့ ချီမွမ်းစရာ ရှိတာကလေးကိုတော့လည်း ချီးမွမ်းရဦးမယ်။ သူ့ဟာနဲ့သူ တော်တဲ့အပို်င်း ရှိတယ်။ လိပ်ခေါင်းဖြတ်ရာမှာ တော်တယ်။ ဓားကိုင်ကောင်းတဲ့ လူတစ်ယောက် သူ့အလုပ်မှာ သူတော်တယ်ဆိုတာကဖြင့်
ဝမ်းမြောက်စရာပဲ။ ဒါကြောင့်မို့ပဲ သူ့ကို
ကျွန်တော်တို့ လုပ်ငန်းထဲကို ဖိတ်ခေါ်ခဲ့တာ။
တကယ်လို့များ သင်းက လူလည် ကျလာခဲ့ရင်တော့ သူ့ရဲ့ ခွဲစိတ်ကုသရာမှာ ကျွမ်းကျင်တာတွေ
အသာမေ့ထား၊ ကောင်းကောင်းချည်း ဆုံးမပေးရလိမ့်မယ်။
Thursday, May 8, 2014
Apple ကွန်ပျူတာများနှင့် နှစ်၃၀
၁၉၇၆ ခုနှစ်မှာ
Apple ကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobs နဲ့ Steve Wozniak တို့ရဲ့ ပထမဦးဆုံး ကွန်ပျူတာလေးပါ။ ဒါကို Apple 1 လို့ အမည်တပ်ခဲ့ကြပါတယ်။ ဒီကွန်ပျူတာလေး လုပ်ဖို့အတွက် Steve Jobs က သူ့ရဲ့
VW ကားလေးကို ရောင်းခဲ့ပြီးတော့၊ Steve
Wozniak ကတော့ သူ့ရဲ့ HP-65 calculator လေးကို ရောင်းချခဲ့ပါတယ်။ ဒီကွန်ပျူတာကို Steve Waozniak ကိုယ်တိုင် လက်နဲ့
လုပ်ခဲ့တာဖြစ်ပါတယ်။
Wednesday, February 12, 2014
အံရောသော်ဝ်.... မြောက်ကိုရီးယား ၂၀
မြောက်ကိုရီးယားရဲ့
တရားဝင် မှတ်တမ်းမှာတော့ သွားလေသူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးဟာ အမိဝမ်းက ကျွတ်လို့
၃ ပတ်သားအရွယ်မှာတင် လမ်းလျှောက်နိုင်ပါသတဲ့။
၈ ပတ်သားအရွယ်မှာ စကားစတင်ပြောနိုင်ပါသတဲ့။ သူ ကင်မ်အီလ်ဆုံ တက္ကသိုလ်မှာ ၃ နှစ်ကျောင်းနေခဲ့စဉ်အတွင်း
စာအုပ်ပေါင်း ၁၅၀၀ လောက် ရေးသားခဲ့ပြီး အော်ပရာပြဇာတ် ၆ ပုဒ်ပါ ရေးပါသတဲ့။ သူ့ရဲ့ အတ္တုပတ္တိ စာအုပ်ထဲမှာတော့ သူရေးခဲ့တဲ့ အော်ပရာ
ပြဇာတ်တွေဟာ ဂီတ သမိုင်းအဆက်ဆက်က ဇာတ်ထုပ်တွေထက်တောင် ပိုကောင်းပါသတဲ့။ သူ့ရဲ့ အားကစားထူးချွန်ပုံကလည်း အံမခန်းပါတဲ့ဗျာ။ ၁၉၉၄ မြောက်ကိုရီးယားရဲ့ တစ်ခုတည်းသောရှိတဲ့ ဂေါက်ကျင်းမှာ ဂေါက်ရိုက်သင်ပြီးပြီးချင် ၃၈ ကျင်းရိုက်တော့ ၁၁ ကျင်းမှာ hole-in-one ရတယ်လို့ ပြုံယမ်း မီဒီယာတွေမှာ ဖော်ပြသွားပါတယ်။ သူ့ရဲ့ ကိုယ်ရံတော် ၁၇ယောက်က ဒီလိုမျိုး စံချိန်တွေချိုးတာကို
မှတ်တမ်းတင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး
လက်စွမ်းပြပြီးကထဲက ကင်မ်ဂျုံအီးတစ်ယောက် ဂေါက်လောကကို လက်ပြနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။
Tuesday, February 11, 2014
Monday, February 10, 2014
Thursday, January 23, 2014
Troy (သို့) ပျောက်ဆုံးခဲ့သော မြို့တော် (၁)
စင်ကာပူပြန်ရောက်နေတဲ့ ရက်ပိုင်းတုန်းက ထရွိုင်မြို့အကြောင်း
ရုပ်ရှင်ကြည့်ဖြစ်တယ်… နောက်ပြီး စိတ်ဝင်စားလို့ ဟိုရှာဖတ် ဒီရှာဖတ်နဲ့။ Troy မြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားပုံတွေက ကိုယ့်မျက်စေ့ရှေ့မှာ
မြင်နေရသလိုပဲ။ မြန်မာ Sea Game ဖွင့်ပွဲတုန်းက
“မဟာ….ကြီးမြတ်လေသော သမိုင်းကြောင်းများ.. ဒီမြေကြီးထက်မှာဆိုပြီး” ကျွန်တော်တို့ ပုဂံအကြောင်း သရုပ်ဖော်တော့ ရဲစိတ်
ရဲမာန်တွေ တက်ကြွလာသလိုပဲ… ထရွိုင်မြို့အကြောင်းဖတ်လိုက်ရင် လည်းဒီလိုပဲ စိတ်ဝင်စားစရာတွေနဲ့
တွေးစရာတွေ အများကြီးကျန်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်က ကြေးခေတ်လူသားတွေရဲ့
ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ခဲ့တဲ့ မြို့တော်ကြီး၊
ကမ္ဘာ့အလှဆုံးဆိုတဲ့ ဂုဏ်ဒြပ်နဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါး အလား ဖမ်းစားနိုင်ခဲ့တဲ့
မင်းသမီး ဟယ်လင်၊ ရာဇမာန်ကို ထိလာခဲ့ရင် ဆတ်ဆတ်ထိမခံခဲ့တဲ့
စပါတာ(ဂရိ) လူမျိုးတွေထဲက ဘုရင်းတပါး ဖြစ်တဲ့ မန်နီလော့စ်၊ အချစ်အတွက် အသက်ပင်ပေးခဲ့ရတဲ့ ထရွိုင်မြို့ရဲ့ အိမ်ရှေ့သခင်
ပဲရစ်၊ သမိုင်းတွင်ခဲ့တဲ့ ထရိုဂျန် စစ်ပွဲကြီးပွား ခဲ့တဲ့ မြို့တော်… အာခီလီစ်၊ ဟက်တာ၊ အိုင်းယက်စ် စတာတွေ အပြင် သူရဲကောင်းတွေ
များစွာရဲ့ သွေး မြေကျခဲ့ရတဲ့ နေရာ၊ ရန်သူတွေကို
ပရိယာယ်ဆင် အောင်ပွဲခံတုန်းက အဓိက အသုံးပြုခဲ့တဲ့ ထရိုဂျန် မြင်းရုပ်ကြီး၊ ဂရိတွေ ဘယ်လိုမှ တိုက်လို့မရပဲ တပ်ဆုတ်ပြီး သင်္ဘောတွေ
ပြန်လည်ထွက်ခွာသွားတော့ ထရွိုင်မြို့သားတွေ အောင်ပွဲခံ သတိလွတ်နေတုန်း မြင်းရုပ်ဗိုက်ထဲက
ဂရိစစ်သည်ထွက်၊ မြို့တံခါးကို ဖွင့်လို့ ၁၀
နှစ်ကြာ တိုက်ယူလို့မရခဲ့တဲ့ ထရွိုင်မြို့ကြီးဟာ ညတွင်းချင်းမှာပဲ မြေပေါ် ပြားပြားဝပ်သွားခဲ့ရတဲ့
အဖြစ်…..စသည်အားဖြင့် ရေးထားတဲ့ ဟိုးမားရဲ့ ILIAD ကဗျာရှည်ကြီးထဲမှာ ဇာတ်ကောင်များစွာ
သက်ဝင်လှုပ်ရှားနေတုန်း။ ဒါပေမယ့် ဒီ ကဗျာရှည်(၀တ္တု)
ကြီးထဲက ထရွိုင်မြို့ကြီးဟာ တစ်ကယ်ရှိခဲ့တာလား?
Monday, January 6, 2014
အလုပ်ထဲမှာ ဒီလိုရှိတယ် (၃)
အဟက်
အဟက်
မနှစ်က ဆောက်ခဲ့တဲ့ သင်္ဘော နှစ်စီးကကျတော့
အတော်လေး အကုန်အကျအများသား။ သင်္ဘောကျင်းကို
စာချုပ်နဲ့အပြီး အပ်လိုက်ပေမယ့် အဲ့ဒီ တရုတ်သင်္ဘောကျင်းက သင်္ဘော မဆောက်တတ်ပေါင်။ ဒီတော့ နောက်ဆုံး လိုချင်တဲ့ အရည်အသွေးမရတာနဲ့၊ ပြန်ပြင်ရတာနဲ့၊ နှေးတာနဲ့ လုံးလည်ချာလပတ်တွေလိုက်ပြီးတော့
ကျွန်တော့်တို့ ကုမ္ပဏီက လူတွေထပ်ခေါ်၊ ကျွန်တော်တို့
Contractor တွေကို သင်္ဘောကျင်းထဲထည့်ပြီး ကိုယ့်သင်္ဘော ကိုယ်ပြန်ဆောက်ရတဲ့ အခြေအနေကို
ရောက်ရော။
အဲ….ပြဿနာက အဲ့ဒီ တစ်ပြုံတစ်မကြီးရဲ့ စားစရိတ်၊
အထွေထွေသုံးစရိတ် ဒါတွေက Delay ဖြစ်ရင်ဖြစ်သလောက် Overhead cost ကတက်လာပါပရော။ ဒါ့အပြင် ကိုယ်ထည့်ချင်တဲ့ ပစ္စည်းတွေ တရုတ်မှာ
Custom clear လုပ်တာတွေ၊ Transport စရိတ်တွေ ဒါတွေအားလုံးပေါင်းလိုက်တော့ ဘေဂျင်းက
ကျွန်တော်တို့ရုံးလည်း ၁နှစ်ခွဲလောက် ရော့ရော့ ကြိုက်သလောက်သာယူပေတော့ ဆိုပြီး ပေးလိုက်၊
ပေးလိုက်နဲ့ ငွေလုံးလုံးမရှိတဲ့ ဘ၀ကိုရောက်သွားရော။
ဒီလိုနဲ့ အေးဂျင့်တစ်ယောက်နဲ့ တွဲလုပ်ဖြစ်လိုက်တယ်။ ဒီအေးဂျင့်က ကော်ဖီမှုန့်ကစလို့၊ Contractor ဖိုးတွေ၊ Custom Clearance တွေ၊
Transport စရိတ်တွေအားလုံး ကြားထဲက အကျိုးဆောင်ပြီး ရှင်းပေးသပေါ့လေ။ ဒါပေမယ့် ရာခိုင်နှုန်းလေးတော့ ကြားထဲက သူကစားတယ်ပေါ့။ အားလုံး အဆင်ပြေပါတယ်။ နောက်ဆုံး သင်္ဘောပြီး ပရောဂျက် စရင်းသိမ်းတော့ ငွေရှင်းတမ်းလုပ်ပါလေရောလား။ ဘယ်၍ဘယ်မျှကျတယ်၊ ဘယ်လိုမျိုးခွဲပေးကြမယ် စတာတွေကို
အီးမေးနဲ့ ပို့ကြသပေါ့။ အဲ့ဒီမှာ အေးဂျင့်ရဲ့ အီးမေးလ်က အဟက်ခံထားရပါသကောလား။ ကျွန်တော်တို့ ဘက်ကပို့လိုက်တဲ့ အီးမေးလ်တွေကို
ဟို ဟက်ကာကောင်က စောင့်ဖတ်ပြီးတော့ နောက်ဆုံး ဘယ်ဘဏ်ကို ငွေလွှဲရမလဲ၊ ဘဏ့်အကောင့်ပေးပါဆိုပြီး တောင်းတဲ့ စာလည်းရောက်ရော
ကြားထဲက ဖျောင်လိုက်တာပဲ။ ပြီးတော့ သူက ကျွန်တော်တို့
ဆီကို မေးလ်ပြန်ပို့သဗျ၊ သူ့ ဟောင်ကောင်က ဘဏ်နဲ့
သူ့အကောင့် ကို။ ကျွန်တော်တို့ကလည်း မသိဘူးလေ
အဲ့ဒီကို လွှဲဆိုတော့ လွှဲလိုက်တာ။ လွှဲပေမယ့်
စလုံးက ကျွန်တော်တို့ ကုမ္ပဏီက ကျွန်တော်တို့ အေးဂျင့်နာမည်တပ်ပြီး အဲ့ဒီအကောင့်ကို
လွှဲပေးလိုက်တာ။ ဒီအတွက် ဟိုအကောင်တွေက ဘဏ်ထဲက
ထုတ်လို့မရဘူးဖြစ်နေရော။ ဒီလိုနဲ့ ဘဏ်က
Transition ကို Cancel လုပ်ပစ်လိုက်တယ်။
Saturday, January 4, 2014
ကျွန်တော်နှင့် ဆာယိုနာရား ၂၀၁၃
၂၀၁၃ ကြီးသည် လက်ပြကျန်ခဲ့ပြီဖြစ်သည်။ လက်ပြမပြတော့ မသိ၊ ကိုယ့်စိတ်ထဲမှာ ကိုယ့်ဟာကိုယ် လက်ပြပြီး ထားခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ က စခဲ့သော သင်္ဘောနှစ်စီးသည်၊ ၂၀၁၃ ဒီဇင်ဘာတွင် ထွက်သွားခဲ့ပြီ ဖြစ်သည်။ တစ်စီးက မီးထိုးဖို့ တစ်စီးက ကက်ဆက်ဖွင့်ဖို့ အဲလေ…
တစ်စီးက လျှပ်စစ်မီးကြိုးတွေ ပင်လယ်ထဲ ဆွဲပြီး သွယ်ဖို့၊ နောက်တစ်စီးက Offshore စင်အသစ်ဆောက်တဲ့နေရာမှာ
ပင်လယ်ထဲ ပနက်ရိုက်ဖို့ ဘာဖို့ လုပ်တဲ့ Rock Dumping လုပ်ပစ်လိုက်ကြသည်။ ကောင်း၏။
နှုတ်ဆက်ပါသည် ရှန်ဟိုင်း၊ လမ်းခွဲခဲ့ပြီ။ ကိုပီတာကြီး ပြောသလို နန်ကျင်းလမ်းကိုလွမ်းသည်၊ The Bund ကိုလွမ်းမည်၊ ယောင်ချာချာနှင့် ရှင်ထျန်ဒီး ကိုလွမ်းပြီး ကျန်ခဲ့မည်။ ဒီလိုနှင့် ၂၀၁၃ သည်ကုန်သွားလေ၏။ ဘလော့ဂ်မတင်ဖြစ်။ သူကြီးမင်း၏ တစ် လိုဖြစ်နေပြီ။
Subscribe to:
Posts (Atom)









