စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, January 22, 2012

တရုတ်နှစ်သစ်ကူးပွဲတော် ဘယ်က စတယ်


          ပြောရရင်တော့ ဒီပိုစ့်ဟာ အားနေလို့ ရေးဖြစ်သွားတာပါ။  စီလုတ်ပြည်ကြီးမှာ ရောက်နေသော အကျွန်ုပ်တစ်ယောက် တရုတ်နှစ်သစ်ကူး ပိတ်ရက်အတွင်း အဆိုပါ စီလုတ်ပြည်တွင် ပိတ်မိ၍ ခြေချုပ်မိလေသည်ဖြစ်ရကား သွားစရာ မယ်မယ်ရရမရှိ၊ သွားချင်သော်လည်း ချမ်းလွန်းသဖြင့် အပြင်မထွက်ချင်သေကြောင့် အဆိုပါ စီလုတ်တို့ ဘယ်သို့ ဘယ်ပုံ ဤကဲ့သို့သော နှစ်ကူးပွဲကြီးကို ကျင်းပရသနည်းဆိုတာကို သိချင်ပါသောကြောင့် ၀ိကီပီဒီးယားကို လှန်လှောရှာကြည့်လေသော အခါသမယတွင် တရုတ်နှစ်သစ်ကူးနှင့်ပတ်သတ်သော ပုံပြင်ကလေးကို ဖတ်မိပါလေ သတည်း။  သို့နှင့်ပင် အဆိုပါ တရုတ်နှစ်သစ်ကူးနှင့် ပတ်သတ်သော ပုံပြင်ကလေးကို ပိုစ့်လုပ်၍ ဆားချက်လိုက်ပါသည် ခင်ဗျား။
          နှစ်သစ်ကူး အကြောင်းပုံပြင်ပြောရင် အနီ ရောင်နဲ့ ဟုန်ကျွန်း လောင်ဇူးလို့ခေါ်တဲ့ ဟုန်ကျွန်း ဆရာဘုန်းကြီးကို ဖယ်ပြီးတော့ ပြောလို့မရပါဘူး။  ဘာဖြစ်လို့လည်းဆိုတော့ ဒါက အဓိက အခန်းက ပါဝင်ပြီးတော့ တရုတ်တွေ ဘာကြောင့် အနီရောင်ကို သုံးတယ်ဆိုတာကို တွေ့ရလို့ပါ။  လွန်လေပြီးသော ရှေးနှစ်ပေါင်းများစွာကပေါ….. စီလုတ်ပြည်ကြီးမှာ နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးတဲ့ အချိန်ရောက်လာပြီဆိုရင်ဖြင့် နယန် (Nian, ) ဆိုတဲ့ ဘီလူးလို အကောင်ကြီးလာ ရွာတွေကို လာပြီးတော့ သောင်းကျန်းပါသတဲ့။  အဲ့ဒီ နယန်ဆိုတဲ့ အကောင်ကြီးဟာ တရုတ်နှစ်သစ်ကူးရဲ့ ပထမရက်ဆိုရင် လူတွေရဲ့ သီးနှံတွေ၊ မွေးထားတဲ့ အကောင်တွေကိုသာမက ရွာသားတွေ အထူးသဖြင့် ကလေးတွေကိုပါ စားသောက်ပါလေရောတဲ့။  ဒီတော့ ရွာသားတွေကလည်း ဒီ နယန်ကောင်ကြီးရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ရန် ဟင်းတွေ ချက်ပြုတ်ပြီးသကာလ သူတို့ အိမ်ရှေ့ တံခါးပေါက်မှာ သွားရောက်ချထား ကြပါသတဲ့။  ဒီလို ချထားရင်ဖြင့် ဒီ နယန်ဆိုတဲ့ အကောင်ကြီးဟာ ဟင်းတွေကိုစားပြီး သူတို့ရွာလေးတွေကို မဖျက်စီးတော့ဘူးလို့ ယုံကြည်ကြပါတယ်။ 

          ဒီလိုနဲ့ တစ်နေ့မှာတော့ အဲ့ဒီရွာကလေးကို ဟုန်ကျွမ်း ဆရာတော်ဆိုတဲ့ ဆရာတော်တစ်ပါး ကြွလာပါသတဲ့။  အဲ့ဒီအချိန်မှာ တစ်ရွာလုံးက ကြောက်ကြောက်လန့်လန့်နဲ့ စိတ်ပူပန်ဆင်းရဲ့နေတာကို ဟုန်ကျွမ်း ဆရာတော်ကတွေ့တော့ ရွာက ကလေးငယ်ကလေးကို မေးကြည့်ပါတယ်။  “သူငယ်၊ ဘာကြောင့်ရွာသားတွေဟာ နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင်နဲ့ မဆင်နွှဲကြပဲ ၀မ်းနည်းပက်လက်ဖြစ်နေကြတာလဲ” လို့မေးပါတယ်။
          သူငယ်လေးက “ဆရာတော် မသိဘူးလား၊ ခုဒီရွာမှာ နယန် ဆိုတဲ့ ဘီးလူးကြီး သောင်းကျန်းလှပါတယ်။  နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးပြီဆိုတာနဲ့ ဒီအကောင်ကြီး ရောက်ရောက်လာပြီး ကျွန်တော်တို့ရွာကို ဖျက်ဆီးပါတယ်။  လူတွေကိုလည်း စားသောက်ပါတယ်” လို့ ဆရာတော်ကြီးကို ပြန်ဖြေသတဲ့။
          ဒါနဲ့ ဟုန်ကျွမ်းဆရာတော်က “အေး… ကောင်းပြီ၊ ဒါဆိုရင် ငါအဲ့ဒီ နယန်ဆိုတဲ့ ဘီလူး သဘက်ကြီးနဲ့ သွားတွေ့ပြီး ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုတာကို သွားပြီး မေးမယ်” လို့ဆိုပြီးတော့ ဘီလူးကြီးနဲ့ သွားတွေ့ပါသတဲ့။
          ဘီလူးကြီး နယန်နဲ့ တွေ့တဲ့အခါမှာတော့ ဆရာတော်က “နယန်၊ ငါဟာ မင်းနဲ့ ညှိနှိုင်းရအောင်လာခဲ့၊  ဘာဖြစ်လို့များ တရုတ်ပြည်သူတွေကို စားသောက်ပြီး သူတို့ရဲ့ အိုးအိမ်တွေကို ဖျက်စီးရတာလဲ၊  ဒါတွေကို ရပ်တန်းက ရပ်ပါတော့” လို့ ဆိုပါသတဲ့။
          ဒီမှာတင် ဘီလူးကြီးဟာ “ဟား ဟား ဟား….. အို အဘိုးအိုကြီးရယ်… မင်းဟာ မင်းသေတွင်းကို မင်းတူးပြီးတော့ ငါ့ဆီကိုလာတာပဲ၊ ကောင်းပြီ မင်းကို ငါအခုစားတော့မယ်” လို့ဆိုပါသတဲ့။
          ဆရာတော် ဟုန်ကျွမ်းက “ အို… နယန် ငါ့လို အဖိုးကြီးကို စားရတယ် တယ်မနိပ်ပေလှဘူး၊  မင်းဘယ်လောက်စွမ်းသလည်းဆိုတာ ကြည့်ချင်လှတယ်…. ကဲ ဟိုးတောင်တွေပေါ်မှာနေတဲ့ အဆိပ်ပြင်းလှတဲ့ မြွေတွေကို မင်းစားရဲပါ့မလား နယန်” လို့မေးပါသတဲ့။
          ဒါနဲ့ နယန် ဘီလူးကြီးလည်း တောင်တွေပေါ်သွားပြီးတော့ အဆိပ်ပြင်လှတဲ့မြွေတွေကို စားပြီးသကာလမှာတော့ ကဲဘယ့်နှယ်လဲ ငါ့ အစွမ်းအစကို မြင်ရဲ့လားဆိုပြီးဆရာတော်ကို မေးလေတော့ ဆရာတော်က “အို နယန် တောင်တွေရဲ့ နောက်မှာတော့ ဘီလူးကြီးတွေ အများကြီးရှိလေရဲ့၊  ငါ့ကို အရင်စားဖို့ မင်းခွန်အားနဲ့ ဒီလို ဘီလူးကြီးတွေကို နိုင်အောင် တိုက်နိုင်ပါ့မလား” လို့မေးပြန်ပါတယ်။
          ဒါနဲ့ နယန်လည်း အဲ့ဒီ တောင်နောက်ဖက်မှာရှိတဲ့ အန္တရာယ်များလှ ဘီလူးကြီးတွေကို အောင်နိုင်အောင် စွမ်းဆောင်နိုင်ပါသတဲ့။  ဒါနဲ့ဘဲ “ကဲ အဖိုးကြီး ခုတော့ မင်းကိုစားဖို့ အချိန်တန်ပြီလို့” ကြုံးဝါးပါတော့တယ်။
          ဒါနဲ့ ဘုန်းတော်ကြီးကလည်း “ကောင်းလှပြီ နယန် နေပါဦး ငါဝတ်ထားတဲ့ အင်္ကျီတွေကို ချွတ်ပါ့ရစေဦး” ဆိုပြီး အကျီကို ချွတ်လိုက်တဲ့အခါမှာတော့ အတွင်းခံအကျီ အနီရောင် ထွက်ပေါ်လာလေသတဲ့။  ဘုန်းတော်ကြီးက “ကောင်းပြီ နယန် ငါ့ကိုအခု စားလေတော့” လို့တော့ နယန်ကြီးက “အိုး…. အနီရောင်ကြီးပါလား… ငါ အနီရောင်တွေကို မုန်းတယ်… ငါ့မျက်စိရှေ့က အမြန်ထွက်သွားစမ်း” လို့ အော်ပါတော့တယ်။
          ဒါနဲ့ ဘုန်းတော်ကြီးကလည်း “ဟား ဟား ဟား .. ဒီမှာ နယန် မင်းအနီရောင်ကို ကြောက်တယ်ဆိုတာကို ငါသိပြီသား….” ဟုဆိုကာ နယန်ကြီးကို အနိုင်ယူပြီး အဲ့ဒီ နယန်ကြီးကို စီးကာ မြို့ထဲကို ၀င်သွားပါသတဲ့။  မြို့ထဲကို ရောက်တဲ့အခါမှာတော့ ကဲ ရွာသူရွာသားတို့ နယန်ကြီးနဲ့ ပတ်သတ်ပြီးတော့ ဘာမှ မကြောက်လေနှင့်တော့….  ဒီ ဘီလူးကြီးဟာ အနီရောင်ကို ကြောက်တယ်။  ဒီတော့ ဒီကနေ့ကစပြီးတော့ အိမ်က တံခါး နှစ်ချပ်ရှေ့မှာ အနီရောင် စာရွက်တွေကို ကပ်ကြလေလော့။  ဒါဆိုရင်တော့ ဒီကောင်ကြီးဟာ မင်းတို့ကို ဖျက်ဆီးစေခြင်းငှာ မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
          အဲ့ဒီကနေစပြီးတော့ တရုတ်နှစ်သစ်ကူး မတိုင်ခင်နေ့မှာ တရုတ်အိမ်တွေမှာ စက္ကူအနီရောင်ကပ်တဲ့ အလေ့အထ ပေါ်ပေါက်လာပါတယ်လို့ ဆိုပါတယ်။  ဒီအပြင် တရုတ်နှစ်သစ်ကူး မတိုင်မှီကာလမှာ အညံဆိုးတွေ၊ ကံဆိုး၊ ကံညံတွေ ပါသွားအောင်ဆိုပြီး အိမ်တွေကို လှည်းကျင်းလေ့ရှိပါသတဲ့။ 
          စိတ်ဝင်စားစရာ တစ်ချက်က တရုတ်နှစ်သစ်ကူးကို ရက်ပေါင်း ၁၅ ရက်ဆင်နွှဲတာပါ။ 

ပထမနေ့
          ပထမနေ့ဟာဆိုရင်တော့ ကောင်းကင်နဲ့ ကမ္ဘာမြေက နတ်ဒေ၀ါတွေကို ကြိုဆိုတဲ့ နေ့ပါတဲ့။  အဲ့ဒီနေ့ကို ညသန်းခေါင်ယံ အချိန်မှာ ဆင်နွဲလေ့ရှိပါသတဲ့။  များစွာသော တရုတ်တွေ၊ အထူးသဖြင့် ဗုဒ္ဓဘာသာတွေကတော့ အဲ့ဒီနေ့မှာ အသားစားခြင်းမှ ရှောင်ကျဉ်ကြပါသတဲ့။  ဒီလိုရှောင်ကျဉ်ခြင်းအားဖြင့် အသက်ရှည်စေတယ်လို့ ယုံကြည်ကြပါတယ်။  ဒီအပြင် ဓါးသုံးစွဲခြင်း၊ ဟင်းချက်ခြင်းများဟာလည်း ကံမကောင်းစေဘူးလို့ အယူရှိကြလို့ ဟင်းတွေအားလုံးကို ပထမနေ့ မတိုင်ခင်တစ်ရက်မှာ ချက်ပြုတ်ပြီးတော့ အဲ့ဒီရက်မှာတော့ မီးခိုးတိတ် နေလေ့ရှိပါတယ်။  အရေးအကြီးဆုံးကတော့ အဲ့ဒီနေ့မှာ မိသားစုထဲက အသက်ကြီးသူများ၊ အဘိုး၊ အဘွား၊ အဘေး စသည်တို့ကို သွားရောက် ဂါရ၀ပြုရပါတယ်။
          ဗုဒ္ဓဘာသာဝင်များအတွက်တော့ အဲ့ဒီပထမနေ့ဟာ နောင်ပွင့်တော်မူမယ့် အရိမေတ္တေယျ မြတ်စွာဘုရားရဲ့ မွေးနေ့အဖြစ်ယူဆပြီး အဲ့ဒီနေ့မှာ တရိစ္ဆာန်များကို သတ်ဖြတ်ခြင်းမှ လည်း ရှောင်ကျဉ်ကြပါတယ်။
          အချို့ အိမ်တွေကတော့ ခြင်္သေ့အက ကပွဲတွေကို တရုတ်နှစ်သစ်ကူးတို့ရဲ့ ထုံးစံအတိုင်း နေအိမ်တွေမှာ ကျင်းပစေပြီးတော့ အိမ်ဝန်းထဲကနေပြီးတော့ မကောင်းဆိုးဝါးတွေကိုပါ နှင်ထုတ်တဲ့ အနေနဲ့ ကပြစေပါသတဲ့။  လက်ထပ်ပြီးတဲ့ သူများကတော့ သူတို့ရဲ့ မိသားစုဝင်ထဲက အငယ်ကလေးတွေကို အနီရောင်စာအိတ်လေးထဲမှာ ငွေစကြေးစလေးတွေထည့်ပြီးတော့ အန်ပေါင်းဆို ပေးကြပါတယ်။  စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အလုပ်သမားတွေကို ဆုကြေးငွေအဖြစ် အနီရောင်စာအိတ်လေးထဲထည့်ကာ ကျန်းမာရေးကောင်းမွန်စေရန်နှင့် ချမ်းသာစေရန် ရည်ရွယ်ချက်ဖြင့် ပေးကြပါတယ်။
          ဗျောက်အိုးဖောက်တာ၊ မီးရှုးမီးပန်းလွှတ်တာတွေကတော့ အလွန်ကို ခေတ်စားလှပေမယ့် အချို့နေရာတွေမှာတော့ အလွန်အကျွံဖောက်လွန်းလို့ မီးလောင်တတ်ပါတယ်။  ဒီအချိန်ရောက်တိုင်း မြို့တွေရဲ့ မီးသတ်ဋ္ဌာနတွေနဲ့ မီးရှုးမီးပန်းတွေ အားပြိုင်တဲ့ အချိန်လို့တောင်ဆိုကြပါတယ်။  ဒါကြောင့် ဘေဂျင်းလို၊ ဟောင်ကောင်လို မြို့ကြီးတွေမှာတော့ ရပ်ကွက်ထဲမှာ မီးရှုးမီးပန်း၊ ဗျောက်အိုး စတာတွေကို ဖောက်ဖို့ တားမြစ်ထားပြီးတော့ အစားထိုးအနေနဲ့ ဟောင်ကောင်လို မြို့တွေမှာ အစိုးရက ကြီးမှုးပြီးတော့ မီးရှုးမီးပန်း ဖောက်ပွဲကြီးတွေ ဆင်နွဲပေးပါတယ်။

ဒုတိယနေ့
          ဒုတိယမြောက်နေ့ဟာတော့ နှစ်သစ်ရဲ့ အစနေ့လို့ သတ်မှတ်ကြပါတယ်။  တရုတ်လိုတော့ ခိုင်းညန် လို့ သံထွက်မယ်ထင်ပါတယ်။  အဲ့ဒီနေ့မှာတော့ အိမ်ထောင်သည် ဇနီးတွေဟာ သူမရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေကို လည်ခွင့်ရပါသတဲ့။ (ဟိုးရှေးတုန်းကတော့ လက်ထပ်လိုက်ပြီဆိုတာနဲ့ ယောင်နောက် ဆံထုံးပါ ဆိုသလို သတို့သမီးဟာ သတို့သား မိသားစု ဘက်ကို လိုက်ပါရပြီးတော့ သူ့ရဲ့ မိဘတွေ ဆွေမျိုးတွေနဲ့တောင် တွေ့ဖို့ အခွင့်အရေး သိပ်မရှိတော့ဘူး လို့ ဆိုပါတယ်)။  ဒုတိယနေ့ဟာလည်း ချမ်းသာမှု့ကို ပေးနိုင်တဲ့ ဘုရားသခင်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်မှာတော့ အချို့သော သူတောင်းစားတွေ၊ အခြားသော အလုပ်မယ့် အကိုင်မယ့်တွေဟာ ချမ်းသာမှု့ပေးနိုင်တဲ့ ဘုရားသခင်ပုံတွေကို ကိုင်ပြီးတော့ မိသားစုတွေ တစ်ခုပြီး တစ်ခုဆီသို့လှည့်လည်ကာ တရုတ်လိုတော့ “ဆိုင်… ရှန်း…. သောက်….” ဆိုပြီးအော်ကြပါတယ်။  မြန်မာလိုကတော့ ပြောင်းပြန်မရွတ်နဲ့ပေါ့လေ.. မြန်မာလို အဓိပ္ပာယ်ကတော့ “ချမ်းသာမှု့ကိုပေးတဲ့ ဘုရားသခင် (သို့မဟုတ်)ချမ်းသာခြင်း နတ်ဘုရား ကြွချီလာပါပြီ” လို့ အော်ကြပါသတဲ့။  အဲ့ဒီလိုအော်တဲ့အခါမှာတော့ အထဲကလူတွေက ကံကောင်းစေရန် ကံကောင်းစေတဲ့ ငွေဆိုပြီး ငွေစ ကြေးစလေးတွေ ပေးတတ်ကြပါသတဲ့။ ကန်တုန်နယ်ကလူတွေများကြတော့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒုတိယမြောက်နေ့ကျတော့မှ စတင်ပြီး လုပ်ကြပါတဲ့။ 
ဒါကြောင့် အခု တရုတ်နှစ်သစ်ကူးရက်မှာ အားနေတဲ့ ကျွန်တော်လည်း ဒုတိယမြောက်ရက်ကျရင် ရှန်ဟိုင်းမြို့ထဲလှည့်ပြီး “ဆိုင်…. ရှန်း……….. သောက်……….” ဆိုလိုက်အော်ရင် မဆိုးလှဘူးလို့ တွက်နေတာပဲ။  တော်ကြာ ကံမကောင်းပဲ အချုပ်ထဲ အိပ်ရင် အိပ်နေရဦးမယ်။  ကဲထားပါတော့ ဆက်လိုက်ဦးမယ်… အချို့လူတွေကျတော့ အဲ့ဒီနေ့ဟာ ခွေးတွေအားလုံးအတွက် မွေးနေ့လို့ ယူဆကြတဲ့အတွက် အဲ့ဒီနေ့မှာခွေးတွေကို ကျကျနန ကျွေးမွေးပြုစုပါသတဲ့။

တတိယမြောက်နေ့
          တတိယမြောက်နေ့ကတော့ ချွတ်ခို လို့တရုတ်လို အသံထွက်မယ်ထင်ပါတယ်။  တိုက်ရိုက် အဓိပ္ပာယ်ကတော့ အနီရောင်ပါးစပ်ပါတဲ့။  ဒါပေမယ့် ဒီမှာတော့ ဒေါသကြီးလှတဲ့ မီးတောက်မီးလျှံ နတ်ဘုရားလို့ ယူရပါတယ်တဲ့။  အဲ့ဒီနေ့မှာတော့ မိဘဆွေမျိုးတွေဆီကို အလည်သွားဖို့ သင်လျှော်လှတဲ့ နေ့မဟုတ်လှပါဘူးတဲ့။  ဒီနေ့မှတော့ ချမ်းသာခြင်း နတ်ဘုရားရဲ့ ဘုံကျောင်းဆီကိုသွားပြီး ဆုတောင်းကြတယ်လို့လည်း ဆိုကြပါတယ်။

လေးရက်မြောက်နေ့
          ဒီနေ့ကတော့ ၀ါးတီးနေ့ပါ။  “Spring Dinner” လို့ခေါ်တဲ့ နွေဦး ညစာစားပွဲတွေကို ချိမ့်ချိမ့်သည်း ဆင်နွှဲ အမူးသောက်ပြီး လေပေးဖြောင့်တဲ့ ညစာစားပွဲတွေပါ။  မြို့ကြီးပြကြီးတွေမှာတော့ တရုတ်နှစ်သစ်ကူးကို ၃ ၄ရက်လောက်သာ ဆင်နွှဲပြီး နောက်တစ်နေ့ ၅ ရက်မြောက်မှာတော့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန် ပြန်လည် လည်ပတ်ပါတယ်။

ငါးရက်မြောက်နေ့
          ပြည်ကြီးက မြောက်ပိုင်းမှာတော့ ကျောင်းကျီ လို့ခေါ်တဲ့ဟာတွေကို စားကြပြီး၊ အချို့ကတော့ ပိုဝူလို့ခေါ်တဲ့ ဖက်ထုတ်တွေကို မနက်ပိုင်းမှာ စားကြပါသတဲ့။  ထိုင်ဝမ်မှာတော့ အဲ့ဒီနေ့ပြီး နောက်တစ်နေ့ ၆ရက်မြောက်မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ပြီးတော့ ဗျောက်အိုးတွေ သောက်သောက်လဲ ဖောက်ကြပါသတဲ့။
          ဗျောက်အိုးဖောက်တာကတော့ ကျွန်တော်တို့ ကြိုက်တဲ့ တရုတ်ကားထဲက ကွမ်းရီ လို့ခေါ်တဲ့ Guan Yu’ ကြီး သူတို့ကို သတိထားမိအောင်လို့ပါတဲ့။  အဲ့ဒီလို သတိထားမိရင် သူ့ရဲ့ မျက်နှာသာပေးတာတို့ဘာတို့ ခံရနိုင်ပြီး နှစ်သစ်မှာ ကံကောင်းစေတယ်လို့ ဆိုပါတယ်။

ခုနှစ်ရက်မြောက်နေ့
          ခုနှစ်ရက်မြောက်နေ့ဆိုလို့ ခြောက်ရက်မြောက်နေ့ကို လိုက်ရှာ မဖတ်ပါနဲ့ ၀ိကီထဲမှာ မပါလို့ ကျွန်တော့်ဆီမှာလည်း မပါပါဘူး။  ဘာကြောင့် မပါတာလည်း မေးရင်တော့ မသိပါဘူး။  ခုနှစ်ရက်မြောက်နေ့ဟာတော့ ယောင်္ကျားတွေရဲ့ မွေးနေ့ပါတဲ့။  စင်ကာပူလို၊ မလေးလိုဒေသတွေမှာတော့ ငါးသုတ်စားကြပါသတဲ့။  အဲ့သလိုစားရင် ကျန်းမာ ချမ်းသာစေတယ်လို့ ဆိုပါတယ်။
          အချို့ ဗုဒ္ဓဘာသာဝင်တွေကတော့ ၇ ရက်မြောက်နေ့မှာ အသားစားခြင်းမှ ရှောင်ကျဉ်ကြပါသတဲ့။  ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီနေ့ဟာ ကောင်းကင်ဘုံက ကျောက်စိမ်း အရှင်သခင်ကြီးနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ အရှင်သခင်ဖြစ်သူ Sakra (ဆာကရ) လို့ အသံထွက်ရမလားမသိဘူး၊ အဲ့ဒီ နတ်ကြီးရဲ့ မွေးနေ့ဖြစ်လို့ပါတဲ့။

၈ ရက်မြောက်နေ့
          ဒီနေ့ဟာတော့ ကောင်းကင်ဘုံက ကျောက်စိမ်း ဧကရာဇ်ကြီးရဲ့ မွေးနေ့ အကြိုနေ့ဖြစ်ပါတယ်။  ဒါပေမယ့် အဲ့ဒီနေ့မှာတော့ ဧကရာဇ်ကြီးမွေးနေ့ဆိုပြီး ရောယောင်ပြီး အလုပ်မလုပ်လို့မရပါဘူး။  အလုပ်သမားတွေအားလုံးကို အစိုးရတွေက အလုပ်မဖြစ်မနေပြန်လုပ်စေပါသတဲ့။  အဲ့ဒီနေ့မှတော့ အလုပ်ရှင်တွေက အလုပ်သမားတွေကို ပြီးခဲ့တဲ့ တစ်နှစ်လုံး အလုပ်လုပ်ပေးခဲ့တာကို ကျေးဇူးတင်တဲ့ အနေနဲ့ ညစာ ၀ါးတီး ဒင်နာ ပေးပါသတဲ့။



၉ ရက်မြောက်နေ့
          ဒီနေ့ဟာတော့ တရုတ် တိုင်အို ဘာသာဝင်တို့ရဲ့ ယုံကြည်မှု့ ကောင်းကင်ဘုံရဲ့ ကျောက်စိမ်း ဧကရာဇ်ကြီးရဲ့ မွေးနေ့ဖြစ်ပါတယ်။  မြန်မာပြည်မှာတော့ ဟုတ်ကျန်လို့ခေါ်တဲ့ (Hokkiens) တွေအတွက်တော့ ဒီနေ့ဟာ အလွန် အရေးကြီးပါတယ်။  ဒီနေ့ရဲ့ ညသန်းခေါင်ယံမှာတော့ ဟုတ်ကျန်လူမျိုးတို့ဟာ ကောင်းကင်ဘုံက ကျောက်စိမ်း ဧကရာဇ်ကြီးကို ကျေးဇူးတင်ကြောင်းဘာကြောင်း ကန်တော့ကြပါတယ်။  ပြီးရင်တော့ သွားလေသူများကို ရည်စူးပြီး ဟင်းတွေဘာတွေ ချက်ပြုတ်ပြီး စက္ကူပိုက်ဆံတွေကို မီးရှို့ပါတယ်။

၁၀ ရက်မြောက်နေ့
          ဒီနေ့မှာတော့ ကျောက်စိမ်း ဧကရာဇ် ပါတီပွဲကို ဆင်နွှဲကြပါသတဲ့။

၁၃ ရက်မြောက်နေ့
          ဒီနေ့ဟာ တရုတ်ပြည်ရဲ့ ထင်ရှားလှတဲ့ ဟန်မင်းဆက်က ဗိုလ်ချုပ် ကွမ်းရီ ရဲ့မွေးနေ့ပါတဲ့။  ကွမ်းရီကို တရုတ်တွေဟာ စစ်ပွဲတို့ရဲ့ နတ်ဘုရားလို့လည်း ကိုးကွယ် ယုံကြည်ကြပါတယ်။  ဗိုလ်ချုပ်ကြီး ကွမ်းရီဟာ သစ္စာစောင့်သိမှု့၊ ခွန်အားကြီးမားမှု့၊ အမှန်တရားကို မြတ်နိုးမှု့၊ မျှတစွာ ဆုံးဖြတ်နိုင်မှု့တွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။  သမိုင်းအရတော့ ကွမ်းရီဟာ ရန်သူထောင်ချောက်ဆင်တာခံရပြီးတော့ ခေါင်းဖြတ်အသတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။
          ကွမ်းရီရဲ့ သက်တမ်းတစ်လျှောက်မှာ စစ်ပွဲပေါင်း ၁၀၀ ကျော်အောင်မြင်ခဲ့ပြီး စီးပွားရေးသမားတွေဟာလည်း ကွမ်းရီလို စီးပွားရေးလုပ်ငန်းပေါင်း ၁၀၀ ကျော်ကို အောင်မြင်စေဖို့ ကိုးကွယ်ကြပါသတဲ့။  ကွမ်းရီကို ချမ်းသာခြင်း နတ်ဘုရား ဒါမှမဟုတ် အောင်မြင်မှု့ကို ဆောင်ကျဉ်းပေးနိုင်တဲ့ နတ်ဘုရားအဖြစ်လည်း ယူဆကြပါသတဲ့။   
          အဲ့ဒီနေ့မှာတော့ တရုတ်တွေဟာ ပြီးခဲ့တဲ့ ၂ ပတ်လုံးက အစားသောင်းကျန်းထားတာတွေကြောင့် အစာအိမ်သန့်ရှင်းစေရန်ရည်ရွယ်ပြီးတော့ အသီးအရွက်သက်သက်ကို သာ စားသုံးကြပါသတဲ့။ 




၁၅ ရက်မြောက်နေ့
          ဒီနေ့ဟာတော့ မီးပုံးနေ့လို့ ဆိုရမလိုပါပဲ။  မီးပုံးပျံတွေလွှတ်၊ မီးပုံးလေးတွေထွန်း၊ မီးပုံးလေးတွေ ရေထဲမျှော နေရာတကာမှာ မီးပုံးလေးတွေ မြင်ရတဲ့နေ့ပါတဲ့။  ဒီနေ့မှာတော့ ဆန်နဲ့လုပ်ထားတဲ့ ဖက်ထုတ်တို့၊ အချိုကဲတဲ့ မုန့်လုံးရေပေါ် စွတ်ပြုတ်တို့ ဘာတို့ စားကြပါသတဲ့။ 
          နောက်တစ်ခုကတော့ စင်ကာပူတို့၊ မလေးရှားတို့မှာတော့ ဒီနေ့ဟာ ဗယ်လင်တိုင်းနေ့လိုမျိုး တရုတ် ချစ်သူများနေ့ လို့ ဆိုပါတယ်။  အပျို၊ လူပျိုများကတော့ ဒီနေ့မှာ ချစ်ပန်းပွင့်အောင် ချစ်သူရွေးကြပါသတဲ့။  ရွေးပုံကလည်း အဆန်းလေး၊ မိန်းကလေးတွေက လိမ္မော်သီးပေါ်မှာ လိပ်စာရေးပြီးတော့ ရေထဲမျှောပါသတဲ့။  ယောင်္ကျားလေးတွေကတော့ အဲ့ဒီလိမ္မော်သီးရေပေါ်လေးတွေကို ကောင်လေးတွေက လိုက်ကောက်ပြီးတော့ စားကြည့် ချိုရင် ဖူးစာပါတယ်၊ ချဉ်ရင်တော့ ဖူးစာဖက်မဟုတ်ဘူးလို့ ဆိုကြပါတယ်။




အဲ့ဒီတော့ ၁၅ ရက်မြောက်နေ့မှာ စလုံးမှာ နေကြသူများ Lake Side တို့၊ Bedok က ရေလှောင်ကန်တို့ဘာတို့ သွားကြည့်ကြရင် သွားကြည့်ကြပေါ့လေ…. ဟုတ်တာမဟုတ်တာထက် လိမ္မော်သီး အလကား စားရနည်းလားလို့ပေါ့နော်….။  မိန်းကလေးများလည်း လိမ္မော်သီးပေါ်မှာ ဖုန်းနံပါတ်လေးဘာလေးရေးပြီးတော့ ရေထဲမျှောရင် မျှောကြည့်ပေါ့လေ… ။  အလကားပြောတာနော်… တာဝန်မယူဘူး ဟီး ဟီး။  တော်ကြာ ဖုန်းနံပါတ် မဟုတ်မဟတ်လူတွေဆီကို ရောက်သွားပြီး ဇယားတွေ ကပ်ကုန်ဦးမယ်။  ကဲ အခုတော့ ဒီပိုစ့်လေးကို ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါခင်ဗျာ။  ပျော်ရွှင်သော တရုတ်နှစ်သစ်ကူး အခါသမလေး ဖြစ်ကြပါစေ။

အားလုံးကို ခင်မင်စွာဖြင့်
AH


Source : (Wikipedia 12)
Photo Credits : ပုံတွေကတော့ Google ကယူသုံးထားတာဖြစ်ပြီးတော့ မူရင်း ဓာတ်ပုံရှင်တွေကို Credit ပေးပါတယ် ခင်ဗျာ။

13 comments:

  1.ီကွမ်ရီက သူတောင်သူများသတ်လို့သေတာနော် ကျနော်တို့ရုံးခန်းမှာလဲအကြီးကြီးဘဲ ကျနော့်အရပ်လောက်နီးပါးကိုရှိတယ်
    ဖုံး နာပါတ်ကတော့ ချမလို့ဘဲ ကိုရင်ဒားမနဲ့လိုက်မှာဆိုးလို့း)

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  2. အခုမှပဲ ပြည့်ပြည့်စုံစု့လေး သိရတယ်..ကျေးဇူး...:):)

    ReplyDelete
  3. တရုတ်တွေနဲ့တူတူ အလုပ်လုပ်နေတာကြာပေါ့ခုမှသိတယ်
    ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)January 23, 2012 at 2:31 AM

    သိန်းမြစ်နား သွားထိုင်နေဦးမှဘဲ။ ဘယ်သူများ လိမ်မော်သီး မျောချခဲ့မလဲလို့။း)

    ReplyDelete
  5. မနေ့က တစ်နေ့လုံးမရီနာဘေးသွားပြီး လိမ္မော်သီးစောင့်နေတာပဲ ကိုအားထောင်ရာ....၊ရပါဘူးတစ်လုံးမှ.....:)))
    ကြည့်ရတာ တရုတ်မလေးတွေလည်း လိမ္မော်သီးမမျောတော့ပဲ....သူရို့ဘာသာစားပလိုက်ကြပြီထင်ရဲ့......:P

    ReplyDelete
  6. ကိုအောင်ထွတ် က အခုလိုရေးလိုက်တော့
    လူပျိုကြီးတွေနှစ်သစ်ကူးရောက်တိုင်းလိမော်သီးမျှော်နေတော့မှာပေါ့
    အခုတောင် ကြည့်ပါလား
    လူပျိုကြီးနှစ်ယောက် ကညိမ်းနိုင်နဲ့ ကကိုမောင်
    လိမော်သီးမျှော်နေကြပြီ... ဟီးးဟီးး

    ReplyDelete
  7. အခုမှပဲ ပြည့်ပြည့်စုံစုံသိရတော့တယ် ကျေးဇူးပါနော်

    ReplyDelete
  8. အခုမှ တရုပ်နှစ်ကူးတဲ့ ရာဇ၀င်ကို သေချာသိရတော့တယ်...
    ဗဟုတ်သုတရတာမို့ ကျေးဇူးပါရှင်..

    ReplyDelete
  9. စိတ်ရှည်စွာနဲ့ တရုတ်နှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံကို လုံးစေ့ပတ်စေ့
    ရှင်းပြသွားတာ ကျေးဇူးပါ မောင်အောင်ထွဋ်ရေ။
    ပုံပြင်တစ်ခုဖတ်ရသလိုပဲ စိတ်ဝင်စားဘို့ကောင်းတယ်။
    နံပါတ်(၆)မပါတာလည်း ဇာတ်လမ်းတစ်ခုတော့ ရှိမဲ့ပုံပဲနော်။ မမေးပါဘူးး)ညီမလေးယောက်ျားက ကလေးတွေကို မုန့်ဘိုးပေးတာ
    လိမ္မော်သီးနှစ်လုံးယူလာပြီး နှုတ်ဆက်မှပေးတတ်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. လိမ္မော်သီးတွေ ပလူပျံနေလို့ မျှော်တော့ဖူးဝူးး
    ဟိး)
    ဗဟုသတရစေတယ်ဗျာ
    ကျေးဇူးပါ

    မောင်ဘကြိုင်

    ReplyDelete
  11. လိမ္မော်သီးကို ရေထဲမျှောမယ့်အစား စားပစ်လိုက်တယ်..းP

    ReplyDelete
  12. မနှစ်ကတော့ ဖတ်ပြီးပြီ။ ဒါပေမဲ့ ထပ်လာဖတ်တယ်။ မမှတ်မိတော့ အသစ်ဘဲပေါ့။း)

    နှစ်သစ်ကူး ၁၅ ရက်ဆိုတော့ ရွှေနိုင်ငံထက်တောင် ရက်တွေ အတော်များနေပါလား။

    လိမ်မော်သီးကတော့ မျှောကြတော့ဘူး ထင်ပါရဲ့။ ဆိုင်သွားဝယ်တာကမှ ကံကောင်းရင် ဖုန်းနံပါတ်လေး ပါလာဦးမယ်။း)

    ReplyDelete