စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Friday, April 13, 2012
Anno 2070
          ခုရက်ပိုင်း ဆော့ဖြစ်နေတာကတော့ Anno 2070 ဆိုတဲ့ ဂိမ်းပါ။  ဖြေးဖြေးလေးနဲ့ အကြာကြီး ဆော့လို့ရလို့ ကြိုက်ပါတယ်။  Age of Empire၊ General၊ Red Alert လိုမျိုး စစ်တိုက်တာမျိုးနဲ့ Sim City လို မြို့တည်ဆောက်တာမျိုး ပေါင်းစပ်ထားလို့ ဆော့လို့ တော်တော်ကောင်းပါတယ်။  အချိန်ယူပြီးတော့ မြို့တွေကို ၁ လ လောက် တည်လို့ရတော့ မငြီးငွေ့မခြင်း Game က မပြီးပါဘူး။ 
          Mission တွေလည်း ရှိသလို Continuous ဆော့ချင်ရင်လည်း ဆော့လို့ရပါတယ်။  တစ်ခုရှိတာကတော့ ဒီဂိမ်းက Ubisoft က လိုင်စင်ထုတ်ထားတဲ့အတွက် online ဖြစ်နေတော့မှ ဆော့ရတာ ပိုအဆင်ပြေပါတယ်။  မဟုတ်ရင် ဂိမ်းထဲက Feature တွေ အပြည့်သုံးလို့ မရပါဘူး။  အွန်လိုင်း အဖွဲ့လိုက်လည်း ဆော့လို့ရတဲ့ Feature ပါဝင်ပါတယ်။
          ဂိမ်းအစပျိုးပုံကတော့ သက္ကရာဇ် ၂၀၇၀ ခုနှစ် ကို အခြေခံထားပါတယ်။  အဲ့ဒီအချိန်မှာ ကမ္ဘာကြီး ပူနွေးလာမှု့ကြောင့် အာတိတ်ဒေသက ရေခဲတွေ အရေပျော်ကုန်ပြီးတော့ ပင်လယ်ရေမျက်နှာပြင် အလွန်အမင်း မြင့်တက်လာပါတယ်။  ဒီအတွက် ကမ္ဘာ့တိုက်ကြီးတွေက ကုန်းမြေတွေဟာ အရည်ပျော်ကုန်ပြီးတော့ တောင်ထိပ်တွေလောက်ပဲ ရေပေါ်မှာ ကျန်ပါတော့တယ်။  ဒီအချိန်မှာတော့ လူသားတွေဟာ သူတို့ရဲ့ နည်းပညာတွေနဲ့ ကျန်ရှိနေတဲ့ ကုန်းမြေတွေပေါ်မှာ အသက်ဆက်ဖို့ ကြိုးစားရပါတော့တယ်။  ဒါကတော့ Anno 2070 ရဲ့ အစဖြစ်ပါတယ်။
          Anno 2070 မှာက အဖွဲ့ပေါင်း ၃ ဖွဲ့ရှိပါတယ်။  မိမိနှစ်သက်ရာ အဖွဲ့ကို ရွေးချယ်ပြီး ဆော့လို့ရပါတယ်။ 
Tycoon
Skylar Banes ကတော့ ဒီအဖွဲ့ရဲ့ CEO ဖြစ်ပါတယ်။  ၂၀၇၀ ခုနှစ်မှာတော့ Tycoon တွေရဲ့ Global Trust Inc. ဆိုတဲ့ ကုမ္ပဏီဟာ ကမ္ဘာ့နံပါတ်တစ် စွမ်းအင် ရောင်းချတဲ့ ကုမ္ပဏီကြီး တစ်ခုဖြစ်လာပါတယ်။  Tycoon ကို ရွေးချယ်ရင်တော့ မြို့အတွက်လိုအပ်တဲ့ အစိတ်အပိုင်းတွေအားလုံးကို လွယ်လွယ်ကူကူနဲ့ လျှင်မြန်စွာ အသုံးချနိုင်ပါတယ်။  ဒါကြောင့် Tycoon အဖွဲ့ကို ရွေးချယ်လိုက်ရင်တော့ မြို့တွေ လျှင်မြန်စွာ တည်ဆောက်နိုင်ပါတယ်။  ဒါပေမယ့် ဒီအဖွဲ့ရဲ့ နည်းပညာပိုင်း၊ လျှင်မြန်စွာ သယံဇာတတွေကို ထုတ်ဖော်မှု့ တွေကြောင့် နောက်ပိုင်းမှာ သယံဇာတ ပြတ်လတ်မှု့နဲ့ ကြုံနိုင်ပါတယ်။  နောက်တစ်ခုကတော့ သူတို့ရဲ့ မြန်ဆန်တဲ့ သယံဇာတ ထုတ်ဖော်မှု့တွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု့ အလျှင်အမြန် ဖြစ်ပေါ်လာနိုင်တာပါ။  Tycoon အဖွဲ့ကို ရွေးမယ်ဆိုရင်တော့ Tycoon မြို့သားတွေလိုအပ်တဲ့ ကာစီနိုရုံတွေ၊ ဟမ်ဘာဂါ ဆိုင်တွေ၊ ၀ိုင်အရက်တွေ မြို့ထဲမှအားလုံး ပြည့်စုံနေအောင် တည်ဆောက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။  Tycoon တို့ရဲ့ စစ်သင်္ဘောတွေကတော့ စွမ်းအား အမြင့်ဆုံး ဖြစ်ပါတယ်။
Eco
          Seamus Green ကတော့ ဒီအဖွဲ့ကြီးရဲ့ ခေါင်းဆောင်ပဲဖြစ်ပါတယ်။  ဒီအဖွဲ့မှာတော့ Eden Initiative အဖွဲ့ကြီးဟာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကြီးပါ။  Ecos တွေဟာ Green Technology ပေါ်မှာ အခြေခံပြီးတော့ မြို့ရွာတွေကို တည်ဆောက်ရပါတယ်။  သဘာဝ ပတ်ဝန်းကျင် ထိန်းညှိနိုင်ဖို့ ကြိုးပမ်းရပါတယ်။  ဒီတော့မှ သီနှံတွေ အထွက်တိုးတက်ပါတယ်။  Eco နဲ့ မြို့ဆောက်မယ်ဆိုရင်တော့ လေရဟတ် လျှပ်စစ်တိုင်တွေ၊ မြို့အဆောက်အဦးတွေက ရရှိတဲ့ အပူကနေ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေကတော့ Eco ရဲ့ အဓိက မောင်းနှင်အားပဲဖြစ်ပါတယ်။  အဓိကကတော့ သဘာဝပတ်ဝန်းကျင် အမြဲတမ်းတက်နေစေဖို့အတွက် Eco Balance Develop ဖြစ်စေမယ့် အဆောက်အဦးတွေကို ဆောက်ပေးနေရတာပါ။  Eco နဲ့ မြို့ဆောက်မယ်ဆိုရင်တော့ အစပိုင်းမှာ တိုးတက်မှု့ အနည်းငယ်နှေးပေမယ့် နောက်ပိုင်းမှာတော့ သယံဇာတ အများကြီး မသုံးစွဲလို့ သယံဇာတ ရှားပါးမှု့ ပြသနာ ဖြေရှင်းရတာပိုလွယ်ပါတယ်။
Tech
          F.A.T.H.E.R ဆိုတဲ့ ကွန်ပျူတာ ပရိုဂရမ် ထည့်သွင်းထားတဲ့ နည်းပညာမြင့် အဆောက်အဦးကြီးကတော့ Tech တွေရဲ့ အထွဋ်အထိပ်ပဲ ဖြစ်ပါတယ်။  Tech တွေမှာတော့ S.A.A.T (Scientific Academy for Advanced Technologies) ဆိုတဲ့ အဖွဲ့ကို ယူပြီးတော့ မြိုရွာတွေ တည်ဆောက်လို့ရပါတယ်။  ဒါပေမယ့် Tech ဟာ Support အဖွဲ့တစ်ခုသာဖြစ်ပြီးတော့ အဓိကမြို့တည်ဆောက်လို့ရတဲ့ အဖွဲ့တော့ မဟုတ်ပါဘူး။  Eco ယူယူ၊ Tycon ယူယူ နောက်ပိုင်း မြို့တွေကြီးလာမယ်၊ လူဦးရေတိုးတက်လာမယ်၊ လူနေမှု့အဆင့်အတန်းတွေ မြင့်မားလာရင် လူတွေရဲ့ လိုအပ်ချက်လည်း များလာပါတယ်။  ဒီအတွက် သယံဇာတတွေဟာ မြေပေါ်မှာတင် မရရှိနိုင်တော့ပါဘူး။  ဒီအတွက် အချို့ ရှားပါ သယံဇာတတွေကို ရေအောက်မှာ မြို့တည်ပြီးတော့ ထုတ်ယူရပါတယ်။  ဒါကို Tech ရဲ့ အကူအညီနဲ့သာ ရရှိနိုင်ပါတယ်။  ဒါကြောင့် Eco ဖြစ်ဖြစ်၊ Tycoon ဖြစ်ဖြစ် ဘယ်အဖွဲ့နဲ့ ဆော့ဆော့ မြို့တွေ တိုးတက်လာပြီဆိုတာနဲ့ Tech အဖွဲ့ကိုပါ ပူးတွဲပြီးတော့ တည်ဆောက်မှသာ မြို့တွေ ထပ်မံ ဖွံဖြိုးလာမှာ ဖြစ်ပါတယ်။
          Graphic လည်း တော်တော်လေးကောင်းပြီးတော့ အထူးသဖြင့် ရေအောက်ကမ္ဘာမှာ သင်ကိုယ်တိုင် မြို့တွေ တည်ဆောက်ရတာလောက် စိတ်ဝင်စားစရာ ကောင်းတာ မရှိပါဘူး။  စင်ကာပူမှာ ၀ယ်ရင်တော့ ၆၀ ၀န်းကျင်လောက်ရှိပါတယ်။  ခိုးကူးခွေကတော့ ရှိလား မရှိလား ကျွန်တော်လည်း သေချာတော့မသိပါဘူး။  ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာလောက်က ထွက်လာတဲ့ ဂိမ်းဆိုတော့ ရှိချင်လည်း ရှိမှာပေါ့လေ။  မည်သို့ပင်ဆိုစေ စိတ်ဝင်စားသူများ ဆော့ကြည့်ကြပါလို့။
5 comments:
  1. ကြိုက်တယ် ဗျာ ... ဆိုင်ရောက်ရင် ရှာ ကြည့်အုံးမယ် ...
    Age of Empire နဲ့  Red Alert ကို တော့ အရမ်း ကြိုက်တယ်
    အဲ့လို မျိုး ဆို၇င်တော့ ကြိုက်တယ် ဗျာ ...
    ReplyDelete
  2. ဖုံးထဲကဂိမ်းတောင်မဆော့အားဘူးဗျာ.....၊ဒီလိုဂိမ်းမျိုးတော့ဝေးရော.....၊ဆော့တော့ဆော့ချင်သား...၊ခက်တာက ဘယ်လိုဆော့ရမယ်မှန်းလည်းမသိဘူး...၊
    အချိန်ကလည်းမရ....၊အဲ့လို....အဲ့လို...။
    ReplyDelete
  3. တရားထိုင်ရင်၁၅မိနစ်အာရုံမစိုက်နိုင်ပေမယ့် ဂိမ်းများဆော့နေရရင် နာရီနဲ့ချီကြာတာတောင်
    အာရုံစူးစိုက်မှုကမြဲတယ်နော် :P တီတင့်သားငယ်ဂိမ်းဆော့တာကိုကြည့်ပြီး တွေးဘူးခဲ့တာပါး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  4. ဟန်ကြည်April 16, 2012 at 12:49 PM
    စမ်းကြည့်ဦးမှ...ကိုအောင်ထွဋ်ညွှန်းတာ စိတ်ဝင်စားစရာ ကောင်းသကိုး...အင်း ဒါပေမယ့် တစ်ရက်ကို ၂ နာရီ ၃ နာရီလောက် ပုံမှန်ဆော့ဖို့ကတော့ သိပ်မလွယ်လှဘူး...ဘာဖြစ်လို့လဲဆိုတော့ ဂိမ်းကစားရင် အချိန်က ဘယ်လိုကနေ ဘယ်လိုကုန်သွားမှန်းမသိလို့ဗျို့...
    ReplyDelete
  5. တော်ပါပြီ အကိုရာ ရိုးရိုး www.gamezer.com ထဲမှာ
    ချက်ဝင်ထိုးနေရင်တောင်
    ၇.၈ နာရီလောက်ကြာတာ.ဒါမျိုးဆိုရင်..ဆီးချုပ်ဝမ်းချုပ်အပြင်
    လေးဘက်နာပါ ရနေပါအုံးမယ်း)
    (ဒုတိယ)
    ReplyDelete