ကျောင်းသားဘ၀ဆိုရင် ပြေးမြင်တာက စာမေးပွဲဖြေချိန်လေးတွေကိုပါ။ ရေကြောင်း တက္ကသိုလ် ၅ နှစ်တစ်လျှောက် စာမေးပွဲဖြေနိုင်သလားမေးရင်
ဟင့်အင်းပဲ။ ဘယ်ဖြေနိုင်မလဲ စာမှ မလုပ်တာကိုး။ ကျွန်တော်က စာတော်တဲ့လူမဟုတ်သလို၊ အတန်းမှန်သူလည်းမဟုတ်ပါဘူး။ ပထမနှစ်ကျောင်းစတက်တော့ အဲ့ဒီတုန်းက ရန်ကုန် ဆင်မလိုက်
ရေကြောင်းသိပ္ပံမှာ တစ်ဝန်းထဲတူတူတက်ရပါတယ်။
အဲ့ဒီမှာ တင် ကင်း၊ကွင်း၊ဂျက် ပေါင်းစုံကို မျိုးစုံ သိသွားတာပါပဲ။ ရှမ်း နဲ့ ရှိုးကတော့ အများဆုံး ရိုက်တာပေါ့လေ။ အဲ့ဒီတုန်းက PS2 သေအောင်ဆော့ခဲ့တာပေါ့။ သူငယ်ချင်းတွေ စုံရင်လဲ ဂိမ်းဆိုင်သွားတယ်။ ဖလားလည်းလုတယ်။ ဖလားလုတယ်ဆိုတာက ပိုက်ဆံသွင်းပြီးတော့ ဗိုလ်လုပွဲအထိ
ရောက်အောင်တက် ဖလားရအောင် ကန်ရတာပါ။ ဆိုတော့
တစ်ခါကန်လိုက်ရင် တစ်နေကိုကုန်တာပဲ။ ကျောင်းတက်ဖို့တောင်
အချိန်ကမရပါဘူး။ စမ်းချောင်း၊ ကြည့်မြင်တိုင်၊
လှည်းတန်း၊ ဆင်ရေတွင်း၊ အင်းစိန် ရှိရှိသမျှ ဂိမ်းဆိုတဲ့အသံကြားတာနဲ့ မရောက်ရောက်အောင်သွား
ဂိမ်းထဲမှာကန် တာပါပဲ။
ပထမနှစ်မှာက
ထူးထူးထွေထွေမှမရှိတာ မြန်မာစာ၊ အင်္ဂလိပ်၊ သချာင်္၊ ရူပ၊ ဓာတု၊ ကွန်ပျူတာ၊ ပုံဆွဲ ဒီလောက်ပဲပါလေတော့
သင်္ချာကလွဲလို့ ကျန်တဲ့ ဘာသာတွေက ထူးလှမဟုတ်ပါဘူး။
၁၀ တန်းက ဟာတွေ တော်တော်များများ ပြန်ပါလေတော့ စာကျက်စရာကို မလိုလှတာ။ မထူးလှဖူးဆိုပေမယ့် ထူးတာလေးတစ်ခုတော့မှတ်မိတယ်
ပထမဆုံး စာမေးပွဲစစ်လိုက်တော့ တက္ကသိုလ်တစ်ခုလုံး ဘာသာစုံအောင်တာ လူ ၂၆၀ကျော်မှာ ၆ ယောက်
အောင်ပါတယ်၊ ကျွန်တော်က ၃ ဘာသာကျတယ်။ ပါချုပ်က
ခေါ်တွေ့တယ် တစ်ယောက်ချင်းစီကို၊ ဘာဖြစ်လို့ ကျသလဲပေါ့လေ။ အဲ့ဒီမှ စတာပဲ၊ ဘောလုံးကန်နေလို့၊ ပိုက်ဆံမရှိလို့ စုံနေတာပါပဲ
တစ်ယောက်တစ်မျိုး ပါချုပ်ကိုလျှောက်ပြောကြတာ။
အဲ့ဒီအထဲမှာ မှတ်မိတာက ကျွန်တော့် သူငယ်ချင်း တွတ်ပီ ပြောတာပါ။
တွတ်ပီဆိုတာက အဲ့ဒီနှစ်မိုးတွင်းတုန်းက တွတ်ပီ ဘွတ်နဲ့ ကျောင်းတက်လို့။ အဲ့ သူပြောတာက တရုတ်ကား အရမ်းကောင်းလို့ပါတယ်။ အဲ့ဒါနဲ့ ပါချုပ်က သားရယ် အဲ့ဒါဆိုလဲ နောက်တစ်ခါ
စာမေးပွဲအောင်ဖို့ တရုတ်ကားတွေ မကြည့်နဲကတော့ဆိုတော့ ဟ ဘယ်ဖြစ်မလဲဗျ ဇတ်ရှိန်က တက်နေပြီးဆိုပြီး
စိတ်ဆိုးမာန်ဆိုးနဲ့ သူ့တရုတ်ကားကို မကြည့်ခိုင်းလို့ အော်သဗျ။ ပျော်စရာ အချိန်လေးတွေပါ။ အဲ့ဒီတုန်းက ကျဆို မေးခွန်းကလည်း မြင်မှ မမြင်ဖူးတာကိုး။
ပရီမီးယာလိဂ် ကျတော့လည်း လွတ်လားဆိုတော့
မလွတ်ပါဘူး။ ဘောပွဲမလာခင် ဂိမ်းထဲမှာ ဘောလုံးကန်
ပြီးရင် လက်ဖက်ရည်သောက် အာချောင် ဘောပွဲကြည့် ဘီယာသောက် အိမ်ပြန်၊ အိပ်။ ရှိသမျှ လာလီဂါ၊ ပရီးမီးယား၊ စီးရီးအေ အကုန်လုံးကို
ဟိုဘက်ကထိုင်၊ ဒီဘက်ကထိုင်၊ မောင်းဆိုလဲထိုး၊ ဖိုးကပ်လဲမလွတ်၊ အားမရသေးရင် အချိန်ပိုမှာ
ဖုန်းဆက်ပြီးတော့ ဗုံးကျဲသေးတာ။ စာအုပ်သာ မစုံတယ်ရှိမယ် ထွက်သမျှ ဘောလုံးဂျာနယ်ကတော့
အဆောင်မှာ အပြည့်။ ဘယ်အချိန်စာလုပ်သလဲမေးရင်
သူငယ်ချင်းတွေနဲ့ စကားပြော၊ စာအကြောင်းရောက်သွားရင် ခေါင်းထဲမှာ လိုက်မှတ် နည်းနည်း
စိတ်ဝင်စားတဲ့ ဘာသာရပ်ဆိုရင် စာရွက်ပေါ်မှာ ဟိုကုပ် ဒီကုပ်လုပ်လိုက်တယ် ပြီးဒါပဲ။ ဒုတိယနှစ်စတော့ သံလျှင်ကို တက္ကသိုလ် အသစ်ရွှေ့ရတယ်။ ဘယ်ပြောကောင်းလိုက်မလဲ လွတ်တာမှာ အသားကုန်လွတ်။ ပါချုပ်ကလည်း သဘောကောင်းလှပါတယ်။ ကျောင်းသားစုစုပေါင်းမှ အယောက် ၂၆၀ ကျော်ကျော်ရှိတာ
မေဂျာခွဲလိုက်တော့ အယောက် ၃၀ ကျော်ကျော်ရယ် ကျွန်တော့်တို့ ရေယာဉ်ဗိသုကာ မေဂျာမှာ။ ဆရာမတွေကလည်း လူတွေမှတ်မိတော့ ဒီမျက်နှာ အတန်းထဲမမြင်ရင်
တန်းသိတာပါပဲ။ သိတော့လည်း သိပေါ့ ဘယ်တတ်နိုင်မလဲ။ သံလျှင် ဂျီတီစီ၊ အရှေ့ပိုင်တက္ကသိုလ်ကို အတန်းလစ်ပြီးသွားတယ်၊ ထမင်းစားတယ်။ ပြီးရင် ဒဂုံစင်တာမှာ စနူကာ သွားထိုးတယ်။ ကျွန်တော်က မထိုးတတ်ဘူး ကျွင်းဝမှာ တေ့နေတာကိုတောင်
ဝင်အောင် မသွင်းတတ်တာ။ အဲ့ဒီတော့ သူများထိုးတာ
ထိုင်ကြည့်တယ်။ သံလျှင်နားက ကျိုက်ခေါက်ဘုရားဝန်းနားမှာ
ရောင်းတဲ့ ၀က်သားဒုတ်ထိုးသွားစားတယ်၊ ပြီးရင် ကျောင်းနားမှာ ထန်းရေဆိုင်မရှိလေတော့
ထန်းရည်ရောင်းတဲ့ ရွာတွေကိုသွား ထန်းရေသောက်တယ်။ မူးတယ်၊ ကျောင်းဘေးက အဆောင်ကိုပြန်တယ်။
သီချင်းတွေ ညလုံးပေါက်ဆိုချင်ဆိုမယ်။ ကျောင်းက
ဘောလုံးကွင်းထဲမှာ ညနေတိုင်း ဘောလုံးကန်ချင်ကန်မယ်။ တစ်ခုကောင်းတာက ယောင်္ကျားလေးတွေချည်းဆိုတော့ အရမ်းလွတ်လပ်တာပါ။ အခန်းထဲမှာ ဖဲရိုက်တယ်၊ အရက်သောက်တယ်၊ ဂိမ်းဆော့တယ်၊
တစ်ခါတစ်လေ ည ၁၂ နာရီလောက်ထပြီး ဘောလုံးကန်တယ်။
အဲ စာမေးပွဲနားနီးလို့ ကျောင်းပိတ်ပြီမှ
အကုန်လုံး ပြူးပြဲနေကြပါပြီ။ အတန်းမှန်တဲ့လူတွေဆီက
လက်ချာတွေကို အုပ်လိုက် ကော်ပီဆွဲ ပြီးရင် သူငယ်ချင်းတွေကို ဝေ။ အဲ့ စာကျက်ပုံကျတော့ တစ်မျိုးခင်ဗျ။ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုမှာ တစ်ခုကောင်းတာက
လူညီတာပါ။ အားလုံး စည်းစည်းလုံးလုံးရှိပါတယ်။ စာအရှင်းကောင်းတာက ကျွန်တော့်သူငယ်ချင်း ပြောင်ကြီး
(အခုတော့ သင်္ဘောလိုက်နေလေရဲ့) နဲ့ ကျွန်တော်နဲ့ မေဂျာတူ သူရစိုး (အခုတော့ Jay Ray McDermott
မှာ လုပ်နေတယ်) သူတို့ နှစ်ယောက်က ကျွန်တော့် ကျေးဇူးရှင်။ သူတို့နှစ်ယောက် အရှင်းကောင်းလို့ စာမေးပွဲအောင်လာတာ။ ကဲထားပါတော့။ ကျွန်တော့်တို့ သူငယ်ချင်းတွေ စာအုပ်တွေဝေ၊
မနက်နိုးတာနဲ့ နိုးတယ်ဆိုတာက ၁၂ နာရီ တစ်ချက်တီးကိုပြောတာ။
အဲ့ဒါနိုးရင် ထမင်းတွေဘာတွေစား ပြီးရင် တစ်ယောက်တစ်ခန်း ဖတ်ရတယ်။ အဲ့ဒီအချိန်ဆို ကျွန်တော်တို့ အဆောင်မှာ လူကိုစည်ကားနေတာ
၁၀ ယောက်လောက်ရှိမယ်။ အဲ့ ဖတ်လို့ပြီးရင် ညစာသွားစား၊
ဂိမ်းဆော့၊ ဘောလုံးပွဲရှိရင် ဘောလုံးပွဲကြည့်၊ ပြီးရင် အဆောင်ပေါ်ပြန်တက် ပြီးရင် ညလုံးပေါက် ငြင်းကြတော့တာဘဲ။ ကိုယ်ဖတ်တဲ့ အခန်းကို ကိုယ်က ရှင်းပြရတယ်။ အဲ့ဒီမှာ ဟိုအကောင်က ထောက် ဒီအကောင်ကထောက် အဲ့ဒီလို
မဟုတ်ဘူး၊ ဟိုလို၊ ဒီလို အဲ့ဒီလိုမျိုးငြင်းရင်း ငြင်းရင်းနဲ့ ခေါင်းထဲကို စာရောက်သွားရော။ အဲ့ အားလုံးကို လုံးစေ့ပတ်စေ့ နားလည်ပြီဆိုရင် မအိပ်ခင်
နဲနဲလေး တောင်ခြစ်မြောက်ခြစ် ကယ်ကူလေတာလေးနဲ့ ဟိုခေါက်ဒီခေါက်၊ ဖော်မြူလာတွေဆိုရင်
derivation ကိုမျက်စေ့မှိတ်ပြီး ပြန်ယူကြည့် နည်းနည်းလွဲသွားတဲ့နေရာကို တစ်ခေါက်လောက်
တော်ခြစ် မြောက်ခြစ်၊ အဲ့သလို။ တစ်ချို့ဘာသာတွေကျတော့ မနက်ဖြန်စာမေးပွဲဆို ဒီညမှ
စဖြစ်တဲ့ ဟာတွေလည်းရှိတယ်။ စာမေးပွဲဖြေ ပြန်လာ
ခဏအိပ်၊ ပြန်ထ ငြင်းခုန်၊ တစ်ယောက်တစ်ပေါက်ပြော ပြီးရင် ခဏလောက် ပြန်ကြည့်၊ ဖော်မြူလာတွေ
ပြန်ချရေးကြည့်၊ အိုကေရင် အိပ် တစ်ခါတစ်လေ မအိုကေရင်လည်း မအိပ်ဖြစ်တော့ဘူး မနက်ကျတော့
စာမေးပွဲဖြေ။ ပြီးရင် အဖြေတွေက တစ်ယောက်နဲ့
တစ်ယောက်တူတယ်ကို မကြားမိပါဘူး။ သူ့ဟာမှန်တယ်
ငါ့ဟာမှန်တယ်။ တစ်ခုကောင်းတာက ကျွန်တော်တို့မှာ
ကျက်စာသိပ်မရှိတာပါ။ သာမို၊ ဟိုက်ဒရို၊
Naval Arch 1၊ 2၊ 3၊ သင်္ချာ၊ လျှပ်စစ်၊ ရှိရှိသမျှတော်တော်များများက တွက်စာတွေပဲဆိုတော့
တွက်နေနိုင်ရင် ပြီးတာပါဘဲ။ အဲ့ဒီလိုနဲ့ တစ်ချို့နှစ်တွေ
ကွင်းလုံးကျွတ်လိုက် တစ်ချို့နှစ်တွေ ဆပ်ပလီ လိုက်နဲ့ ၅ နှစ်ပြီးသွားတာပါဘဲ။ တစ်ခုကောင်းတာက ခိုးချတယ်ဆိုတာ မရှိတာပါ။ ခိုးရအောင်လဲ ဘာခိုးရမှန်းကို မသိတာ။ မေးလိုက်တာနဲ့ သင်လိုက်တာနဲ့က တစ်ခါတစ်လေ အပေါက်အလမ်းတဲ့ချင်မှ
တည့်တာကိုး။ အဲ့ဒီတော့ ကိုထင်တာကိုဖြေ။ စာမေးပွဲချချက်ကတော့ ရက်စက်သဗျ ကျွန်တော်တို့ မေဂျာမှာ
အယောက် ၃၀ ကျော်ရှိတာ ၅ နှစ်ပြီးတော့ ၁၉ ယောက်သာကျန်တယ်။ တစ်ကျောင်းလုံး ၂၆၀ ကျော်ရှိတာ ၅နှစ်လည်းပြီး ဘွဲယူတော့
၁ ကျော်ကျော်လေးပဲ ပါလာတယ်။ ဒါပေမယ့်လည်း ကောင်းပါတယ်။
အလုပ်ထဲရောက်တော့ ကျွန်တော်တို့အားလုံး သက်ဆိုင်ရာ နယ်ပယ်မှာ နိုင်နိုင်နင်းနင်းတော့
လုပ်နိုင်နေတာပါပဲ။ နောက်ကြုံမှပဲ ထူးခြားတဲ့
အမှတ်တရလေးတွေ ထပ်ရေးဦးမယ်။ ကျွန်တော်တို့ လူ့လောကမှာ ရပ်တည်နိုင်အောင် သင်ကြားပေးခဲ့တဲ့ တက္ကသိုလ်ကြီးနဲ့ ပါချုပ်၊ ဒုပါချုပ် အပါအ၀င် ဆရာဆရာမများအားလုံးကိုတော့ ရင်ထဲ ကနေပြီးတော့ ကျေးဇူးတင် မဆုံးပါဘူး ခင်ဗျာ။ ကျွန်တော်ရဲ့ ကျေးဇူးရှင်တွေပါ။
စာရေးတက်တဲ့လူများကျတော့လဲ ကျောင်းလစ်တာလဲ ဖတ်ကောင်း စာမေးပွဲကျတာလဲဖတ်ကောင်း ဂိမ်းကစားတာလဲ ဖတ်ကောင်း တော်ထှာ.....ဖြောင်း ဖြောင်း ဖြောင်း (လက်ခုပ်တီးသည်) :)
ReplyDeleteတော်ချက် တော်ချက်
ReplyDeleteစာသေချာမကျက်ဘဲနဲ့စာမေးပွဲတွေအောင်လာတာ..
သူများတို့နဲ့များကွာပါ့ ..။။
အကို့ပို့စ်ကိုဖတ်ပြီး ရေကြောင်းကသူငယ်ချင်းတွေကို သတိရသွားတယ်။
ReplyDeleteကိုယ်ကအဲကျောင်းကမဟုတ်ပေမယ့်လဲ ရေကြောင်းအဆောင်မှာလိုက်အိပ်ဖူးတယ်။ ပျော်ဖို့ကောင်းသား။
မကျူတီ၊ မဂျယ်ရီပစ်ပစ်နဲ့ ကိုကြယ်စင်အလင်းတို့ကို လာလည်တဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ကျောင်းသားဘ၀ကတော့ ပြောမဆုံးပေါင်၊ တောသုံးထောင်ပါပဲ အမှတ်ရစရာတွေအများကြီးနဲ့..... :)
ReplyDeleteဘယ်ကျောင်းသားမဆို ဒီလိုချည်းပါပဲ...၀ိုးတိုးဝါးတားနဲ့ပဲ ကျောင်းပြီးကြရတာပေါ့...ပျော်စရာကလည်း အင်မတန်ကောင်းသကိုး...အလုပ်ထဲရောက်မှပဲ သင်လိုက်တဲ့ ပညာတွေက ဘယ်လောက်တန်ဖိုးရှိမှန်းသိတော့တာ...ကျောင်းသားဘ၀ကို ပြန်လွမ်းနေတုန်းဖတ်မိတော့ တစ်လွမ်းပေါ် တစ်လွမ်းဆင့်သွားရော...
ReplyDeleteကျောင်းသား ဘ၀အမှတ်တရတွေကတော့ ဘယ်တော့မှမပြောင်းပဲ ကြည်နူးစရာတွေအဖြစ်နဲ့ ကျန်နေခဲ့တာ ။
ReplyDeleteရေးပါအုံး စိတ်ဝင်စားတယ် ။
အင်း ကိုAH တို့ က တကွက်တော့ ချန်သွားတယ်ဗျ ဒါကတော့ သူ့ မဟေသီကို ပဲ လက်တို့ပြီးပြောလိုက်ပါတော့မယ်
ReplyDelete