ကျွန်တော်ရဲ့ဘ၀ကို နောက်ပြန်ကြည့်လိုက်ရင်
နောင်တကြီးကြီးမားမား ရစရာ အရာတွေတော့ သိပ်မရှိပါဘူး။ “ယောက်ျားတစ်ယောက်ကို ဘယ်လိုတိုင်းတာသလဲဆိုတာဟာ အလုပ်တစ်ခုကို သူဘယ်လို ကောင်းကောင်း စတင်ခဲ့တယ်ဆိုတာ နဲ့ မဟုတ်ဘူး။ ဒါပေမယ့် သူဘယ်လို အဆုံးသတ်သလဲဆိုတာနဲ့ တိုင်းတာတယ်”
ဆိုတဲ့ စကားလေးနဲ့ ကျွန်တော့် ဘ၀ကို တည်ဆောက်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့် ဘ၀မှာ နောင်တရစရာ တစ်ခုတော့ရှိတယ်။ အဲ့ဒါဟာ ကျွန်တော့်ရဲ့ သရုပ်ဆောင်ဘ၀ကို အောင်မြင်စွာ
အဆုံးမသတ်နိုင်ခဲ့တာပဲ။ ကျွန်တော် အောင်မြင်ဖို့
အခွင့်အလမ်းကောင်းတွေ ရခဲ့တယ်၊ အောင်မြင်ဖို့ နီးစပ်နေတဲ့ အချိန်မှာ ကျွန်တော် လက်မြှောက်ပြီး
သရုပ်ဆောင်ဘ၀ကနေ ထွက်ခဲ့တာ။
၁၉၉၇ ခုနှစ်တုန်းကပေါ့ ကျွန်တော့် အသက်က
၂၀ ၀န်းကျင်။ အဲ့ဒီအချိန်မှာ ကျွန်တော်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့
အသက်မွေးဝမ်းကြောင်းစခဲ့တယ်။ ကျွန်တော့်ဘ၀တစ်ခုလုံးကို
သရုပ်ဆောင် လောကထဲကို မြှုပ်နှံခဲ့တယ်။ ကျွန်တော့်တိုင်းပြည်က
အကောင်းဆုံး ကျောင်းမှာ ကျွန်တော်တက်ခဲ့တယ်။
ကျွန်တော့်မှာ အရမ်းကောင်းတဲ့ အေးဂျင့်ရှိတယ်။ ခင်ဗျားတို့ သိတဲ့ တီဗီ အစီအစဉ်တွေတိုင်းမှာ ကျွန်တော်ဟာ
ဧည့်သည်အဖြစ် ပါဝင်ခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သရုပ်ဆောင်လောကကို
ကျောခိုင်းခဲ့တယ်။ ကျွန်တော် ငြင်းပယ်မှု့တွေကို
မခံနိုင်ဘူး။ ကျွန်တော် တစ်စုံတစ်ရာကို စောင့်နေရတာမျိုး
ဒါမှမဟုတ် ကျွန်တော့်ဘ၀ကြီးတစ်ခုလုံးကို တစ်ခြားလူတွေရဲ့ လက်ထဲမှာ ထည့်ထားရတာကို မကြိုက်ဘူး။ ဒါနဲ့ပဲ ကျွန်တော်ဟာ လက်မြှောက်အရှုံးပေးခဲ့တယ်၊
ကျောခိုင်းခဲ့တယ်။
မှတ်မိသေးတယ် အဲ့ဒီနေ့က ကျွန်တော့်အေးဂျင့်ကို
အဲ့ဒီအကြောင်းပြောတုန်းကပေါ့။ ကျွန်တော့် အေးဂျင့်ပါးစပ်ကြီးအဟောင်းသားဖြစ်သွားတာ
အောက်မေးရိုးကြီး ကြမ်းပြင်နဲ့ ထိသွားတဲ့ အသံတောင် ကျွန်တော် ကြားမိသလားပဲ။ ကျွန်တော် ပေါက်တော့မယ်ဆိုတာကို ကျွန်တော့် အေးဂျင့်ကသိနေတယ်။ နာမည်ကြီး သရုပ်ဆောင်ဖြစ်လာဖို့ အချိန်လေးနည်းနည်းလောက်ပဲစောင့်ရတော့မယ်
ဆိုတာကို သူသိနေတယ်။ ဒါပေမယ့် ကျွန်တော်ဟာ
ကျွန်တော် စတင်ခဲ့တဲ့ အလုပ်တစ်ခုကို အဆုံးမသတ်ခဲ့ဘူး။
ဒီအကြောင်းကို ကျွန်တော် ဘယ်သူ့ကိုမှ ပြောပြလေ့မရှိပေမယ့်
အခုကျွန်တော် ခင်ဗျားတို့ကို ပြောပြဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ဘ၀မှာ နောက်ကြောင်းပြန်လှည့်ကြည်ရင် နောင်တဆိုတဲ့
အမိုးအောက်မှာ ပိတ်မိမနေစေချင်လို့။ ကျွန်တော်
ခင်ဗျားတို့စတဲ့ အလုပ်တစ်ခုကို မပြီးဆုံးခင် လက်မြှောက်အရှုံးပေးလိုက်တာမျိုး မဖြစ်စေချင်ဘူး။ ခင်ဗျားမှာ ခုလုပ်နေတဲ့ အရာထက် ပိုပြီးတော့ကို ကြီးမားတဲ့
အိပ်မက်ရှိရှိ၊ ခင်ဗျားဘာပဲလုပ်လုပ် အလွယ်တကူနဲ့တော့ အရှုံးမပေးလိုက်ပါနဲ့။ အရှုံးပေးလိုက်ခြင်းဟာ တန်ဖိုးမရှိတဲ့ ရလဒ်တစ်ခုကိုပဲ
ရလာမှာပါ။ နောက်တစ်ခုက အရှုံးပေးလိုက်ခြင်းကြောင့်
တန်ဖိုးရှိတဲ့ အရာတစ်ခုကို လက်လွှတ်လိုက်ရတာပါ။
တစ်ကယ်တော့ လူတိုင်းမှာ ဇွဲဆိုတဲ့ အရာကို
လိုအပ်တယ်။ အလုပ်တစ်ခုကို စတင်တာထက် အလုပ်တစ်ခုကို
ပြီးဆုံးအောင်လုပ်ဖို့ဇွဲဟာ ပိုခက်ခဲတယ်။
ကဲ ဆိုပါဆို့ အခု ခင်ဗျားစခဲ့တဲ့ စီးပွားရေးလုပ်ငန်းမှာ
ဖိအားတွေ၊ အခက်အခဲတွေ ရှိနေတယ်ဆိုပါစို့။ ခင်ဗျား
သိမ်ငယ်သလို ခံစားရမယ်၊ တစ်စုံတစ်ရာကို စောင့်နေမယ်။ အပြောင်းအလဲ အကြီးကြီး ခင်ဗျားတို့ဆီကို
လာတော့မယ်လို့ မျှော်လင့်နေမယ်။ ဒါပေမယ့် စီးပွားရေးဆိုတာမှာ
ဒါမျိုးက ရှိတာမဟုတ်ဘူး။ စီးပွားရေးလုပ်တဲ့
လူတိုင်း ခက်ခဲတဲ့ အခြေအနေမှာ ပင်ပန်းမယ်၊ စိတ်ဆင်းရဲမှု့တွေ ရှိနေမှာပဲ။ ဒါပေမယ့် ခင်ဗျားကတော့ ခက်ခဲတယ်ဆိုပြီးတော့ လက်မြှောက်
လှည့်ထွက်သွားလို့မရဘူး။
ဒါပေမယ့် ခင်ဗျားတို့ကတော့ ကျွန်တော့်ကိုပြောမယ်….
“ခင်ဗျားအတွက်ကတော့ လွယ်မှာပေါ့။ ခင်ဗျား စီးပွားရေးလောကမှာ
ကျင်လည်နေတာကြာပြီပဲ၊ နောက်ပြီးတော့ Brand တစ်ခုကိုလည်း ပိုင်နေတဲ့လူ” ဆိုပြီးတော့
ခင်ဗျားတို့ ကျွန်တော့်ကို ပြောချင်ပြောလိမ့်မယ်။
ဒါပေမယ့် ကျွန်တော်လည်း အစပိုင်းမှာ ရုန်းကန်ခဲ့ရတာပဲ၊ ကျွန်တော့်ဘ၀မှာ အရင်က မကြုံတွေ့ခဲ့ရဖူးတဲ့ ခက်ခဲမှု့ပေါင်းမျိုးစုံကို
ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီးတော့ ရုန်းကန်ခဲ့ရတာပဲ။ ခက်ခက်ခဲခဲ ဖန်တီးခဲ့ရတယ်၊ ဒီလိုနဲ့ စီးပွားရေးလုပ်ငန်းကို
စတင်ခဲ့ရတယ်၊ ခင်ဗျားတို့ ၀ယ်ယူသူတွေ လက်ထဲအထိ ကျွန်တော့် ထုတ်ကုန်တွေရောက်လာအောင်
ကြိုးစားခဲ့ရတယ်။ ခင်ဗျားတို့ကိုလည်း ကျွန်တော်
ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကို ပြောပြပြီးတော့ ကူညီချင်တယ်။
၈၀% နှုန်းသော လုပ်ငန်းငယ်လေးတွေဟာ ၅ နှစ်အတွင်းမှာ
ပြိုလဲလေ့ရှိတယ်ဆိုတဲ့ အချက်အလက်တွေအောက်မှာ ခင်ဗျားတို့ကို အကြောက်တရားက ဖုန်းလွှမ်းချင်ဖုန်းလွှမ်းနေမယ်။ ဒါဟာအမှန်ပဲ။ ဘာဖြစ်လို့ ပြိုလဲရလဲ ဆိုတော့ ဈေးကွက်
စီးပွားရေးဟာ အပြိုင်မှု့ ပြင်းထန်လွန်းပြီးတော့ အောင်မြင်ဖို့ဆိုတာက မိုးကုပ်စက်ဝိုင်းထိပ်က
အစက်အပျောက်လေး တစ်ခုလိုပဲ။ ဒါပေမယ့် ဒီအတိုင်းလက်ခံလို့ရမလား? ခင်ဗျားတို့ရဲ့ အတွေးကို ပြောင်းပစ်လိုက်ပါ။
ဘာဖြစ်လို့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဟာ
၅ နှစ်အတွင်းပြိုလဲရလဲဆိုတော့ သူတို့ဟာ သူတို့စတင်ခဲ့တဲ့ အလုပ်တစ်ခုကို အောင်မြင်တဲ့
အထိ အဆုံးသတ်ဖို့ကို နောက်ကြောင်းပြန်မလှည့်ဖို့၊ ဘာဖြစ်ဖြစ်လုပ်မယ်၊ ဘာအတားအဆီးတွေ့တွေ့
မရှောင်ဘူး၊ သံသယတွေရဲ့ လောင်းရိပ်တွေအောက်ကနေ ရုန်းထွက်မယ်၊ ဘယ်တော့မှ နောက်ကြောင်းပြန်မသွားဘူး၊
ဆုံးဖြတ်ချက်တစ်ခုကို ဘယ်တော့မှ မပြင်ဘူးဆိုတဲ့ အရာတွေကို မလုပ်ခဲ့လို့ပဲ။
ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်း ဘယ်လိုစမယ်၊
ဘယ်လို အဆုံးသတ်မယ်ဆိုတာကို ခပ်ကြီးကြီး တွေးပါ။
ဆက်လုပ်ပါ။ ဖောက်သည် များများရအောင်ရှာပါ။ ခင်ဗျား ဆန္ဒရှိသလောက် ပမာဏ ရတဲ့အထိ
ငွေရှာပါ။ ခင်ဗျားတို့ လုပ်နိုင်တယ်ဆိုတာကို
ကျွန်တော်သိတယ်။ ဒါပေမယ့် တစ်ခုပဲလိုတယ်… ခင်ဗျားတို့
စတင်တဲ့ အလုပ်တစ်ခုကို ဘယ်တော့မှ နောက်ကြောင်းပြန်မလှည်ပါဘူးဆိုပြီး ခင်ဗျားကိုယ် ခင်ဗျားရော၊
ခင်ဗျားရဲ့ မိသားစုကိုရော၊ ခင်ဗျားရဲ့ အလုပ်ကိုရော ခုချက်ခြင်း ကတိပေးဖို့ပဲ။
Michael Port ရဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို သဘောကျလို့ ဘာသာပြန်ပြီး တင်လိုက်တာပါ။
Source : (NO IDLING by the book from Steven Pressfield and The Domino Project)
ဘာသာပြန်လေးဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။ ကိုယ့်ရဲ့သက်တမ်း တစ်လျှောက်မှာ အလုပ်တွေ ဘယ်လောက်လုပ်လုပ် ပြီးဆုံးအောင်မြင်တဲ့ အလုပ်ကိုမှ အလုပ်လုပ်တယ်လို့ ခေါ်တာမှန်တာပေါ့နော်။ အလုပ်တိုင်းမှာ အခက်အခဲရှိသလို ကြုံတွေ့ရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဘို့လိုပါတယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်ကဲ့ ကျွန်တော် လွယ်လွယ်နဲ့ အရှုံးမပေးတော့ဘူး
ReplyDeleteအရမ်းတန်ဖိုးရှိတဲ့ စာကိုဖတ်နေရတယ် ဒီလိုစာမျိုးတွေများများဘာသာပြန်ပေးပါ စောင့်မျော်ပြီးဖတ်ရှုချင်ပါတယ်ကျေးဇူးကမ္ဘာပါပဲ
ReplyDelete