ဖဘ မှာတွေ့တဲ့ ဒီဓာတ်ပုံလေးကြည့်ပြီးတော့
ရေးချင်စိတ်ပေါက်လာတော့ ရေးချလိုက်မိတယ်။ ကျွန်တော်ထင်တာ
ကျွန်တော်ကြိုက်တာ ကျွန်တော်ဟာ ကျွန်တော်ရေးတော့ မှန်ချင်မှလည်း မှန်ပေလိမ့်မပေါ့။ လူတိုင်း ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲကို။ ဒါပေမယ့်လည်း ရေးချင်လာတော့ မတတ်နိုင် ရေးမိသည်။ ပထမ အချက်က ကြိုးနီနီလေးများအကြောင်းကို ရေးချင်မိသည်။ ကျွန်တော့်အလုပ်နဲ့ပါတ်သတ်ပြီး လျှောက်သွားဖြစ်သည်။ ရောက်တဲ့နိုင်ငံတွေမှာ တွေ့တာလေးတွေ မြင်တာလေးတွေ
ကြည့်ပြီးတော့ ကိုယ့်နိုင်ငံနဲ့ ယှဉ်ကြည့်ဖြစ်သည်။ ဘာတွေ တွေ့လည်းဆိုတော့ ကြိုးနီနီလေးတွေ တွေ့သည်။ ဘာကြောင့် ကြိုးနီနေတုန်းလဲ၊ ကြိုးနီတွေ အရမ်းတင်းနေလဲ ဆိုတာကို တွေးဖြစ်သည်။
ကြိုးနီဆိုတာ ဗဟိုမှ ချုပ်ကိုင်မှု့အရမ်းတင်းလွန်းတဲ့
နိုင်ငံတွေဖြစ်သည်။ အရာရာကို ချုပ်ကိုင်သည်။ ဗဟိုကနေပြီးတော့ ၀န်ကြီးဋ္ဌာတွေပေါ် ချုပ်ကိုင်မှု့
အရမ်းတင်းသည်။ ၀န်ကြီးဋ္ဌာနတွေအားလုံးကနေပြီးတော့
ဋ္ဌာနခွဲအသေးလေးတွေအပေါ်မှာ ချုပ်ကိုင်လွန်းအားကြီးသည်။ ဋ္ဌာနခွဲလေးတွေရဲ့ လုပ်ပိုင်ခွင့်က ဘာမှမရှိတော့။ သူတို့အစိုးရက စိုးရိမ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ပြည်သူတွေကို
ဝါးသွားမှာ၊ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ လုပ်ပိုင်ခွင့်တွေ လျှော့လာမှာ စိုးရိမ်သည်။ ဒါပေမယ့် ပြည်တွင်းမှာ ဘာတွေထုတ်နေလဲ ဆိုတာကို နံပါတ်တစ်
စဉ်းစားစရာဖြစ်သည်။ ကိုယ့်နိုင်ငံက ကားထုတ်လား၊
မော်တော်ဆိုင်ကယ်ထုတ်လား၊ သင်္ဘောတွေ အများကြီးဆောက်နေလား၊ စက်မှု့လုပ်ငန်းနဲ့ပါတ်သတ်တဲ့
အစိတ်အပိုင်းပစ္စည်းတွေထုတ်နေလား၊ ဒါတွေကို ပြည်ပကို တင်ပို့ရောင်းချနေလား? စိုက်ပျိုးရေး မွေးမြူရေးနဲ့ ပါတ်သတ်တဲ့ ထုတ်ကုန်တွေကို
နိုင်ငံတစ်ကာ အဆင့်မှီ အရည်သွေးပြည့် ဒေါင်ဒေါင်မည်နဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေက ထုတ်လုပ်တင်ပို့နေတာလား၊
ပြည်တွင်းကို ဖြန့်ဖြူးနေတာလား၊ ဒါမှမဟုတ်
ပြန်ဖန်တီးယူလို့မရတော့တဲ့ သယံဇာတတွေကို ထုတ်ရောင်းနေတာလား? စသည် စသည်။
ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် နိုင်ငံခြားက ငွေလုံးငွေရင်းဝင်ရောက်ခြယ်လှယ်နိုင်တဲ့
ရေလုပ်ငန်းလို၊ သစ်လုပ်ငန်းလိုမျိုး နေရာတွေမှာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ငဲ့ရမည်။ သို့ပေမယ့် ခရိုနီတွေကိုပဲ ဇောင်းပေးထားတဲ့ ဥပဒေမျိုးကိုတော့
မဆိုလို။ ခရိုနီတွေက ရေနံ၊ သစ် စတဲ့ သဘာဝ သယံဇာတတွေအပေါ်မှာ
ထိုင်ပြီးတော့ အဆီရစ်နေတာမျိုးကို ဒီတိုင်းကြည့်မနေသင့်။ သူတို့မှာ စုဆောင်းမိလာတဲ့ ငွေပင်ငွေရင်းတွေကို
ကျစ်ယူပြီးတော့ စက်မှု့နဲ့ ကုန်စည်ပို့ဆောင်မှု့အတွက် လိုအပ်တဲ့ infrastructure တွေဆီကို
ရွှေ့ပြောင်းပစ်ရမည်၊ ဒီ infrastructure တွေကို Public listed အသွင်ပြောင်းပြီး ခရိုနီတွေလက်ထဲကနေ
Share အသွင်နဲ့ ပြည်သူတွေပါ ပူးတွဲပိုင်ဆိုင်လာအောင် ဖြည်းဖြည်းချင်းပြောင်းယူရမည်။
ဒီလိုနှင့် ခရိုနီတွေရဲ့ ပြည်တွင်း လက်ဝါးကြီးအုပ်မှု့ကို
အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်တွေအတွက် ပါအခွင့်အရေးရလာအောင် တဖြည်းဖြည်းချင်း
လွှဲပေးနိုင်မည့် အစိုးရကို လိုအပ်သည်။ ဒီအတွက်
ဥပဒေကလည်း မားမားမတ်မတ်၊ တိတိကျကျ ရပ်တည်ရမည်။
ဒီတော့မှ နိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက် နေရာထိုင်ခင်းရလာမည်။
နိုင်ငံထုတ်ကုန်များလာပြီးတော့ စီးပွားရေး ဦးမော့လာမည်။ စက်မှု့လုပ်ငန်း၊ နည်းပညာနဲ့
ပါတ်သတ်တဲ့ လုပ်ငန်းတွေမှာတော့ ကိုယ့်မှာ လူ့အရင်းအမြစ်၊ ပညာအရင်းအမြစ်မလုံလောက်လျှင်
ရင်းနှီးမြှုပ်နှံသူများကို ခေါ်သွင်းရမည်။ ပြည်သူတွေအတွက်
အလုပ်ဖန်တီးပေးဖို့လိုသည်၊ ၀င်ငွေရရှိဖို့လိုသည်။
ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာရင် မဖြစ်မနေ ပြင်ဖို့လိုအပ်တာက သွင်းကုန်၊
ထုတ်ကုန်နှင့် အကောက်ခွန်စနစ်က အဓိကဖြစ်သည်။
ခက်သည်က ကြိုးနီက တင်းလွန်းသည်၊ ဒါပေမယ့် ကြိုးနီနီမှာ ခြတွေက အဖွေးသား။ ဒီလိုဆိုလျှင် တစ်ခြားနိုင်ငံကရော၊ ပြည်တွင်းကပါ
ရင်းနှီးမြှုပ်နှံမည်သူတွေ အတွက်အတော့်ကို ကသိ ကအောက်ရောက်မည့် ကိစ္စ။ ထုတ်ကုန်လေးတစ်ခု နိုင်ငံထဲက ထွက်ဖို့အတွက် ခြတွေကို
ကျွေးလိုက်မွေးလိုက်၊ လိုတဲ့ ပစ္စည်းလေးမှာဖို့အတွက် ခြတွေကို ကျွေးလိုက်မွေးလိုက်နဲ့ဆိုလျှင်
လုပ်ငန်းဘယ်တော့မှ မတွင်၊ ကုန်စည်ရဲ့ အ၀င်၊အထွက်
စီးကြောင်းက ဥပဒေအတိုင်းမသွားပဲ ခြတွေရဲ့ လက်ထဲမှာ Bottle Neck ဖြစ်ကုန်တော့မည်။ အင်ဒိုမှာလည်း ဒါမျိုးတွေက ရှိနေတုန်း။ ဒီတော့ လာတော့ လာချင်ပါရဲ့၊ ရင်းနှီးမြှုပ်နှံချင်ပါရဲ့၊ သို့ပေမယ့်
ကြိုးနီနီနဲ့ ခြကြောက်တယ်ဆိုတယ် သံသရာ တစ်ပတ်ပြန်လည်လိမ့်မည်။ ခံရမည်မှာ အောက်ခြေ ပြည်သူများသာဖြစ်သည်။
နောက်တစ်ခုက ၀န်ကြီးဋ္ဌာနများရဲ့ ချုပ်ကိုင်မှု့ဖြစ်သည်။ ပဓာနကျတဲ့ စီမံချက်တွေကိုတော့ ချုပ်ကိုင်တာမှန်သည်။ ဒါပေမယ့် စီးပွားရေးအသွင်ပြောင်းလျှင် အစိုးရမှ
ကွပ်ကဲသော စီးပွားရေးလုပ်ငန်းစုများသည် မအောင်မြင်သည်မှာ များသည်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရလက်အောက်ခံ စီးပွားရေးလုပ်ငန်းစုတွေရဲ့
စီမံခန့်ခွဲမှု့ကို ဦးစီးသော ခေါင်းကိုင်များတွင် လုပ်ပိုင်ခွင့် တစ်စုံတစ်ရာမရှိအောင်
ဗဟိုက တင်းကျပ်လွန်းသောကြောင့်ဖြစ်သည်။
Marketing အတွက် ပွင့်လင်းစွာ လုပ်ပိုင်ခွင့်မရှိ ဗဟိုရဲ့ အမိန့်ကို စောင့်ရသည်၊ ထိုအမိန့်က ၁၀ နှစ်လောက်နေတောင် ပြန်ကျချင်မှ ကျလာမည်။
export အတွက် တိကျတဲ့ လုပ်ထုံးလုပ်နည်း မရှိ၊
စက်ရုံတိုးချဲ့မှု့၊ ပြုပြင်မှု့ စတာတွေအတွက် ဘက်ဂျက်ကို ဗဟိုမှ ချုပ်ကိုင်သည်။ Research and Development ကတော့ ဝေလာဝေး၊ ဘယ်နားနေမှန်းမသိ၊
ထိုအတွက် ဘက်ဂျက်က သုည။ ဒီတော့ ထိုလုပ်ငန်းခွဲရဲ့
ဦးစီးသူ ဘာလုပ်မည်နည်း။ မနက်ရုံးလာ ညနေရုံးပြန်
မှန်မှန်လစာယူ၊ ဒါဆိုရင် ပြီးတာပဲ။ တိုးတက်အောင်
လုပ်ဖို့ အခွင့်အလမ်းတွေက သံတံခါး အကြီးကြီးခံနေသည်။ စက်ရုံရဲ့ ခေါင်းဆောင်က ဒီလိုလုပ်မှတော့ အောက်ခြေက
အလုပ်သမားတွေကလည်း စက်ရုံရဲ့ သံတိုင်ကို ချွတ်ရောင်းရုံသာရှိသည်။ ထိုစက်ရုံမှ ဘာမှမထွက်၊ ဘာဈေးကွက် ပြိုင်ဆိုင်မှု့မှမရှိ၊
ဒါပေမယ့် အစိုးရကတော့ လစဉ် ၀န်ထမ်းတွေကို လာစာပေးရသည်။ ထိုကဲ့သို့သော ဗဟိုချုပ်ကိုင်မှု့ကို
လျှော့ချပေးသင့်သည်။ ဈေးကွက်ပြိုင်ဆိုင်မှု့ရှိလာအောင်၊
အရည်အသွေးပြိုင်ဆိုင်မှု့ရှိလာအောင် ပြည်တွင်း၊ ပြည်ပ အပြိုင်အဆိုင်ဖြစ်လာအောင်၊ အလုပ်သမားတွေရဲ့
experience တက်လာအောင် အသွင်ပြောင်းပြီး ပြည်တွင်းစက်မှု့လုပ်ငန်းတွေမှာလိုအပ်တဲ့ intelligence
မြင့်တဲ့ အလုပ်သမားတွေရလာအောင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ အလုပ်ရုံတွေမှာ ကိုယ့်နိုင်ငံသားတွေသွင်း
အတွေ့အကြုံရအောင်ယူ ပြီးတော့ ပြည်တွင်း လုပ်ငန်းတွေကို ရွှေ့ပြောင်းယူရမည်။ ဒီလိုနှင့် တဖြည်းဖြည်း ပြည်တွင်းထုတ်ကုန်က ပြည်ပထုတ်ကုန်ရဲ့
အရည်အသွေးကို မှီလာအောင် ပြုပြင်ယူရမည်။ ဒီတော့မှ
သံသရာ တစ်ပတ်လည်နိုင်သည်။
နောက်တစ်ခုက
ငှက်ကလေးများ အကြောင်းဖြစ်သည်။ ငှက်ကလေးတွေရဲ့ သဘာဝမှာ ပျံသန်းဖို့ဖြစ်သည်။ လွတ်လပ်စွာပျံသန်းဖို့ဖြစ်သည်။ သူတို့ရဲ့ ပျံသန်းရာ ဦးတည်ချက်ကို သိရှိဖို့ဖြစ်သည်။ ဒါပေမယ့် ဟိုနေ့က ဖဘ မှာဓာတ်ပုံလေး တစ်ပုံတွေလိုက်ရသည်။ ပြည်သူ့ဆေးရုံတွေမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက်
ဆေးတက္ကသိုလ်မှ ဆင်းတဲ့ ဆရာဝန်ဘွဲ့ရပြီးသော လူငယ်တွေ ဖြေရတဲ့ ကျန်းမာရေး ဦးစီးဋ္ဌာနမှ
ဝင်ခွင့်စာမေးပွဲမေးခွန်းကိုဖြစ်သည်။ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့
ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်ဘာသာ ကျွန်တော် အဓိပ္ပာယ်ဖွင့်ကြည့်သည်။ ၀န်ထမ်းဆိုသည်မှာ ပြည်သူ့ဝန်ထမ်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်းသည် ပြည်သူများ၏ တာဝန်ကို ထမ်းဆောင်မည့်သူများကို
ဆိုလိုသည်။ ၀န်ထမ်းသည် ၀န်ဆောင်မှု့ပေးရမည့်
သူများဖြစ်သည်။ ပြည်သူတွေကို ၀န်ဆောင်မှု့ပေးရမည့်
မျိုးဆက်သစ်ကလေးများကို ရွေးချယ်မှု့အတွက် ဒီအဖွဲ့အစဉ်းကို ဖွဲ့စည်းသည်ဟု ကျွန်တော်ကမြင်သည်။ ထို့ကြောင့် ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ပြည်သူတွေရဲ့
အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်မည့် နိုင်ငံရဲ့ မျိုးဆက်သစ်ကလေးများကို လုပ်ငန်းခွင်မ၀င်ခင်မှာ
လေ့ကျင့်သင်ကြား၊ ညွှန်ကြားပြသပေးသော အဖွဲ့အစည်းဖြစ်ပြီး ပြည်သူတွေကို ဘယ်လိုမျိုး ၀န်ဆောင်မှု့ပေးရမည်၊ ၀န်ထမ်းတွေအတွက် ပြည်သူတို့သည် ထမင်းရှင်ဖြစ်သည်၊
ဝန်ဆောင်မှု့ဆိုရာတွင် customer ဆိုတဲ့ သဘောသဘာဝ၊ customer တွေရဲ့ လိုအပ်ချက်၊
customer တွေရဲ့ စိတ်ကျေနပ်မှု့ စတာတွေကို သိရှိလာအောင် customer service အကြောင်းကို
သိရှိလာအောင်၊ ၀န်ထမ်းကောင်းပီသအောင် တက္ကသိုလ်ဆင်း မျိုးဆက်သစ်ကလေးတွေ ဆုံးမပဲပြင်ရမည့်
ဋ္ဌာနကြီးဖြစ်သည်။ တစ်နည်းအားဖြင့် ၀န်းထမ်းကောင်းတစ်ယောက်ဖြစ်လာအောင်
ပထမအဆင့်အနေနဲ့ သွတ်သွင်းပေးရမည့် ဋ္ဌာနကြီးဖြစ်သည်။ ဆရာဝန်တစ်ယောက်သည် နိုင်ငံရေးသမားတစ်ယောက်မဟုတ်၊
အင်ဂျင်နီယာတစ်ယောက်သည် နိုင်ငံရေးအကြောင်းသိချင်မှသိမည်၊ ကျောင်းတွင် တပည့်များကို သင်ကြားပို့ချမည့် ဆရာတစ်ယောက်သည်
တပည့်များကို ကိုယ့်သား၊သမီးနှင့်မခြား ပဲ့ပြင်ဆုံးမ၊ သိပ္ပံ၊၀ိဇ္ဇာပညာရပ်များကို သင်ကြားပေးမည့်
ဆရာဖြစ်သည်။ သူသည် သမ္မတကြီးပြောသမျှ၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသမျှစကားလုံးတွေကို
ဤသည်မရွေုး အလွတ်ရနေဖို့မလိုအပ်။ သူတို့လိုအပ်သည်မှာ
ethic ဟုခေါ်သည် ကိုယ်ကျင့်စာရိတ္တ၊ service ဟုခေါ်သည် ပြည်သူ့တွေအပေါ်မှာ တာဝန်ကျေအောင်
ထမ်းဆောင်ရမည့် စသည်တို့ကို နားလည်လာအောင်၊ သတိရလာအောင်၊ ၀န်ထမ်းကောင်းတစ်ယောက်အဖြစ်
ဘယ်လိုထမ်းဆောင်မည်ဆိုသည်ကို သူ့ရဲ့ ကိုယ်ပိုင်အမြင်နှင့် ၀န်ထမ်းရွေးချယ်ရေးအဖွဲ့တွေကို
ဖြေဆိုသင့်သည့် စာမေးပွဲသာဖြစ်သည်။ ဒါပေမယ့်
မေးခွန်းစာရွက်ကို ကြည့်လိုက်တော့ အတော်လေးကိုထင်တာနှင့် လွဲနေသည်။ ထူးအိမ်သင်ရဲ့ သီချင်းလေးပဲ ဆိုနေတာကောင်းမည်… “နဲနဲလေးတော့
လွဲနေတယ်… လွဲလွဲလေးပဲ ကောင်းပါတယ်……”
No comments:
Post a Comment