စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, September 8, 2012

ယုံချင်ယုံ မယုံချင်နေ ရှန်ဟိုင်း ဖုန်းရွှေပုံပြင်များ ၁


          ရှန်ဟိုင်းဆိုတာကလည်း လူတွေ အုန်းအုန်းထ၊ ကားတွေ အုန်းအုန်းထပြီးတော့ မိုးပျံလမ်းမတွေ ရှုပ်ယှက်ခက်နေတဲ့ မြို့။  ဟိုးတစ်ရက်တုန်းက ရှန်ဟိုင်းရဲ့ The Bun ကအပြန်မှာ ချန်ဒူးလမ်းနဲ့ ရန်အမ်းလမ်းအဆုံနားက မိုးပျံလမ်းရဲ့ ထောက်တိုင်ကြီးတစ်လုံးက အခြားတိုင်တွေနဲ့ မတူပဲနဲ့ ထူးထူးခြားခြား နဂါးရုပ်တွေဘာတွေနဲ့ ကျကျနန လုပ်ထားတာကို သွားတွေ့မိတော့ ဒရိုင်ဘာကို မေးမိတယ်။  ဒါပေမယ့် ဒီတိုင်က အလှအတွက် လူမြင်အောင် လုပ်ထားတာလဲမဟုတ်၊ တစ်ခြားတိုင်တွေလိုပဲ။  နဂါးရုပ်တွေရှိနေတာတစ်ခုပဲ ထူးခြားတာ။  ဒီလိုနဲ့ ဒရိုင်ဘာပြောတဲ့ ပုံပြင်လေးရယ်၊ အင်တာနက်မှာ လျှောက်ရှာကြည့်မိတာလေးရယ်ကို ပြန်ရေးဖြစ်လိုက်တယ်။


          ရှန်ဟိုင်းတိုးတက်လာတော့ မိုးပျံလမ်းမကြီးတွေ ဥဒဟို ဖောက်ကြတယ်။  ၁၉၉၅ တစ်ဝိုက်မှာ ဒီလမ်းမကြီးကိုဖောက်တော့ အားလုံးက ချောချောမွေ့မွေ့၊ ဒါပေမယ့် ဒီလမ်းဆုံနေရာက တိုင်ကိုစိုက်ဖို့ မြေတူးတဲ့အခါကျတော့မှ ဘယ်လိုမှကို တူးလို့မရတော့ဘူးဖြစ်နေတာ။  အင်ဂျင်နီယာတွေ ဘူမိဘေဒ ပညာရှင်တွေက ဒီနေရာကို အထပ်ထပ်စစ်ဆေးတယ်။  ဘာမှ ထူးထူးခြားခြားမရှိဘူး၊  ဒါပေမယ့် တိုင်က စိုက်လို့ကိုမရတာ။  ဒီလိုနဲ့ အချိန်တွေသာကုန်လာတယ်၊ ဒီပြဿနာကို ဖြေရှင်းလို့မရတဲ့အဆုံး တရုတ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းဆီကို သွားပြီး အကြံတောင်းရတယ်လို့ဆိုပါတယ်။  ဘုန်းတော်ကြီးကလဲ ဗေဒင်တွေ၊ ဖုန်းရွှေတွေသုံးပြီးတော့ တွက်ချက်ပြီး အဲ့ဒီ တိုင်စိုက်မယ့်နေရာအောက်မှာ နဂါးကြီးတစ်ကောင် အိပ်နေတယ်လို့ ဆိုပါတယ်။  ဒီတော့ ဒီနဂါးကြီးတစ်ကောင်ကြောင့် မြေတူးလို့မရတာပါတဲ့။  ဒီတော့ နဂါးကြီးကို ပျော်ရွှင်စေဖို့၊ နဂါးကြီးထပ်မံမနှောက်ယှက်စေဖို့၊ သူ့ထက်ပါဝါမြင့်တဲ့ နဂါးကိုးကောင်ကို တိုင်နဲ့အတူ စိုက်ပေးလိုက်ရင် ဒီပြဿနာပြေလည်သွားပါလိမ့်မယ်ဆိုပြီး ဟောလိုက်ပါသတဲ့။ 
          အဲ.. ဒါပေမယ့် မြို့တော် စီမံကိန်းဋ္ဌာနကတော့ ဒီအချက်ကို အတည်မပြုပါဘူး။  သူတို့ကတော့ ဒီလမ်းဆုံဟာ ရှန်ဟိုင်မြို့ရဲ့ အသည်းနှလုံး၊ အချက်အချာနေရာမှာရှိလို့ ဒီတိုင်ကို ထူးထူးခြားခြား နဂါးကိုးကောင်ကပ်ပြီးတော့ စိုက်ထူတာပါတဲ့။  ဒီနဂါးရုပ်ကို ဒီဇိုင်းဆွဲပေးသူကတော့ အခု အငြိမ်းစားယူသွားပြီဖြစ်တဲ့ ရှန်ဟိုင်း ဆီဆေးပန်းချီနှင့် ပန်းပု ကျောင်းက ကျန်းကျိရုန် ဆိုသူဖြစ်ပါသတဲ့။  ဟုတ်သည် မဟုတ်သည်ထား၊ မည်သို့ပင်ဆိုစေကာမူ ဒီနေ့ ဒီအချိန်မှာတော့ ချန်ဒူးလမ်းနဲ့ ရန်အမ်းလမ်းဆုံးက မိုးပျံလမ်းမကြီးရဲ့ ထောက်တိုင်ကတော့ နဂါးကိုးကောင်နဲ့ ထူးထူးခြားခြား တစ်တိုင်ထဲ ရှိနေပါတယ်။


ဖုန်းရွှေနဲ့ ပါတ်သတ်တဲ ပုံပြင်လေးတွေ စိတ်ဝင်စားရင် အရင်တုန်းက

Ref : (Link 1, Link 2)

3 comments:

  1. တစ်ခါတစ်ရံ ဆန်းပြားတဲ့ ဖြစ်ရပ်မှန်တွေ ရှိတယ် မောင်အောင်ထွဋ်ရေ။ တစ်လောက ကချင်ပြည်နယ်မှာ တွေ့ခဲ့တဲ့ မြွေနဂါးလိုသတ္တဝါကြီးတောင် ရှိသေးတယ်ဆိုတော့ မယုံလို့မရပြန်ဘူးပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. လူမျိုးတမျိုး ယုံကြည်သက်ဝင်မှုတမျိုးပေါ့နော်ဒါလဲ
    ဗဟုသုတရတာပါပဲ

    ReplyDelete
  3. ဒါမျိုးတွေက ဆန်းကြယ်တယ်ဗျ ... မြန်မာမှာလည်း တံတားဦးလေဆိပ်ဖောက်တော့
    ကွင်းအလည်မှာ အမေကြမ်းတောင်က ခံနေတယ် .... ဒါနဲ့ အဲ့တောင်ကိုမဖြိုမဖြစ်ဖြိုရမယ်ပေါ့ဗျာ
    ..ဒေသခံတွေကတော့ အမေကြမ်းပိုင်တဲ့တောင်ဆိုတော့ ပွဲတွေဘာတွေပေးပြီး ဖြိုစေချင်တယ်...
    ဒါပေမဲ့ နိုင်ငံခြားသားအင်ဂျင်နီယာတွေက သူတို့မှာ အဲ့လိုအယူမ၇ှိဘူးဆိုပြီ ဘော်တူဇာတွေနဲ့
    ဝင်ထိုးတာ စက်တွေရပ်လို့ရပ် မှောက်လို့မှောက် ဖြစ်ကုန်ရော...ဒါနဲ့ ၇ ရက်လောက် အမေကြမ်းကို
    ပွဲပေးလိုက်ရော ဖြိုလို့ရသွားရောဗျာ....ကျတော်တို့မြန်မာမှာလည်း အဲ့လိုထူးဆန်းတာလေးတွေ ရှိသဗျ

    ReplyDelete